Part two of a Burmese translation of "Tragedy of Myanmar", by Fred Weston.
[Source]
ပြင်းထန်တဲ့သက်ရောက်မှုတွေရုတ်တရက်ပေါ်ပေါက်စေခဲ့တဲ့လူထုလှုပ်ရှားမှု
--------------------------------------------------------------------------------
ဒီလို ဆိုးဝါးပြီးသားအခြေအနေမှာ စစ်အစိုးရက အင်မတန်တင်းကြပ်ဖိနှိပ်တဲ့ စီးပွားရေးဆိုင်ရာအစီအမံတွေကို အောဂတ်(စ်)လထဲမှာ ကြေညာလိုက်တယ်။ အဲဒီအချိန်မှာပဲ လောင်စာဆီအတွက် အစိုးရစိုက်ထုတ်ငွေကို ရုတ် တရက်ဖြတ်တောက်လိုက်တယ်။ အောဂတ်(စ်) လ ၁၅ရက်နေ့မှာ ကြိုတင်သတိပေးမှု ဘာတခုမှမရှိပဲ လောင်စာ ဆီဈေးတွေ ၅၀၀% အထိထောင်တက်သွားပြီဖြစ်ကြောင်း စစ်အစိုးရက ကြေညာခဲ့တယ်။
ဓာတ်ဆီဈေးက ငါးဆတက်သွားတယ်။ ရေနံနဲ့ဒီဇယ်ဈေးက ၂ဆတက်သွားတယ်။ ကားခတွေလည်း ၂ဆတက် သွားတယ်။ နိုင်ငံတော် ဘတ်ဂျတ်အလိုပြမှုကို စစ်အစိုးရက အင်မတန်ဆိုးဝါးလှတဲ့နည်းတွေသုံးပြီး လျှော့ချဖို့ လုပ်တယ်။ ဒီလိုတွေလုပ်ခြင်းဟာ နဂိုကတည်းက ဆင်းရဲခြင်းဝေဒနာသည်းထန်နေတဲ့ ဗမာလူထုရဲ့ အရှိုက်ကို ထိုးလိုက်ခြင်းပဲ။ ဒီလိုအချိန်မှာလိုနေတာ မီးပွားလေးတစပဲ။ လူထုအုံကြွမှု မီးတောက်ကြီးထတောက်ဖို့လိုနေတဲ့ မီးစကို စစ်ဗိုလ်ချုပ်တွေက ရက်စက်တင်းကြပ်တဲ့စီးပွားရေး နည်းလမ်းတွေပြုလုပ်ပြီး ပေးလိုက်တယ်။
ဒီကနေစလို့ လူထုလှုပ်ရှားမှု အခုအခြေအနေရောက်တဲ့အထိ စတင်ခဲ့တော့တာပဲ။ အောဂတ်(စ်)လ ၁၉ရက်နေ့ မှာ "ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူ" ၄၀၀ဝန်းကျင်က ကုန်ဈေးနှုန်းတွေတက်ခြင်းကို ဆန့်ကျင်တဲ့အ နေနဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြ ခဲ့ကြတယ်။ စစ်အစိုးရကတော့ သူလုပ်နေကျအတိုင်း တုံ့ပြန်ခဲ့တယ်။ ဆန္ဒပြသူ ၁၅၀ ကို ဖမ်းလိုက်တယ်။ စက်တင်လအစောပိုင်းမှာ ဗုဒ္ဓဘာသာဘုန်းကြီးတွေ အင်တိုက်အားတိုက် ပါဝင်လာ တဲ့အတွက် ဒီလှုပ်ရှားမှုဟာ ပိုအားကောင်းလာခဲ့တယ်။
ရဟန်းပျိုတွေက လှုပ်ရှားမှုရဲ့ ဗဟိုချက်မအဖြစ်ပါဝင်လာခြင်းအားဖြင့် လစ်နေတဲ့ကွက်လပ်ကို ဖြည့်ပေးခဲ့တယ်။ ဒါပေမယ့် သူတို့မှာ ကိုယ်ပိုင်နိုင်ငံရေးထုတ်ဖော်ချက် မရှိဘူး။ ဒါ့ကြောင့်မို့ စက်တင်ဘာ ၂၂ရက်နေ့မှာ နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ အတိုက်အခံ ခေါင်းဆောင် အောင်ဆန်းစုကြည် ရဲ့အိမ်ကို လမ်းလျှောက်ချီတက် ခဲ့ကြတယ်။ အဲဒီနောက် စက်တင်ဘာ ၂၄ရက်နေ့မှာတော့ လူပေါင်းတသိန်းဟာ ရန်ကုန်မြို့လမ်းတွေပေါ် ထွက်လာခဲ့ကြတယ်။
စစ်အစိုးရအတွင်းအကွဲအပြဲများ
---------------------------------
ကျနော်တို့ရေးသားနေချိန်မှာပဲ လူဖမ်းပွဲကြီးတွေ၊ လူထုကိုပစ်ခတ်မှုတွေ လုပ်ပြီး ပိုဖိနှိပ်လာတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်တွေအကြောင်း သတင်းအစီရင်ခံစာတွေ ထွက်လာနေတယ်။ ဒါပေမယ့် ဒီအခြေအနေကနေ ဘယ်လို စခန်းဆက်သွားမလဲ ဆိုတဲ့အချက်နဲ့ပတ်သက်လို့ စစ်အစိုးရအတွင်း သဘောထားကွဲပြားမှုတွေရှိနေတဲ့ လက္ခ ဏာတွေပြလာတယ်။ ၈၈အရေးတော်ပုံတုန်းကလိုမျိုး စစ်အစိုးရ ထပ်လုပ်မလား။ အဲ့သလို ထပ်လုပ်မယ်ဆိုရင် စစ်အုပ်စုအတွက်တောင် ရေရှည်မှာ အကျိုးမဖြစ်နိုင်ဘူး။ ၈၈အရေးတော်ပုံတုန်းက စစ်အုပ်စု လျှောက်ခဲ့တဲ့လမ်း အတိုင်း အခုထပ်လျှောက်မယ်ဆိုရင် စစ်အစိုးရကိုဖြိုချနိုင်လောက်တဲ့အထိ ပိုမိုကြီးမားတဲ့လှုပ်ရှားမှု ပေါ်ပေါက် လာအောင် ဇက်ကုန်ဖွင့်ပေးရာ ရောက်သွားနိုင်တယ်။ အဲ့သလို ကြီးမားတဲ့လူထုလှုပ်ရှားမှုကြီးကြောင့် စစ်အစိုးရ ပြုတ်ကျသွားမယ်ဆိုရင် ကြီးမားတဲ့ ပါဝါဟာကွက်တခု ထွက်ပေါ်လာမယ်။ အဲ့သလိုဖြစ်သွားမှာကို စစ်အုပ်စုက လည်း မလိုလားသလို (နယ်ချဲ့အရင်းရှင်နိုင်ငံတွေ စင်တင်ပေးနေတဲ့ စုကြည်ခေါင်းဆောင်တဲ့ ) ဘူဇွှာ အတိုက် အခံအင်အားစုကလည်း မလိုလားဘူး။ စစ်အုပ်စုကော ဘူဇွှာအတိုက်အခံ အုပ်စုကောက အဲ့သလိုအခြေအနေ (စစ်အစိုးရကိုလူထုကဖြုတ်ချလိုက်တဲ့အခြေအနေ) ကို အင်မတန်အန္တရာယ်ကြီးမားတယ်လို့ မြင်ထားကြတာ။
ဒါ့ကြောင့်မို့ စစ်အုပ်စုဘက်က အောင်ဆန်းစုကြည်နဲ့ စကားပြောဖို့ လမ်းဖွင့်ချင်လာတာ။ စုကြည်မှာ လူထုအ ပေါ် ကိုယ်ကျင့်တရား ပိုင်းဆိုင်ရာ သြဇာသက်ရောက်နိုင်မှု ရှိတယ်။ စုကြည်အနေနဲ့ အဲ့သလိုလုပ်ဖို့ဆိုရင် အမြတ်ထွက်နိုင်ကြောင်း ပြရလိမ့်မယ်။ အဲဒီအခါ စစ်အစိုးရက "ဒီမိုကရေစီ" အသွင်ကူးပြောင်းမှုအတွက် လမ်းဖွင့်ပေးနေပါလားလို့ လူထုထင်မြင်လာစေမယ်။ ("democracy" ကိုအဖွင့်အပိတ်နဲ့ ရေးပြီး စစ်မှန်တဲ့ပြည် သူ့ဒီမိုကရေစီမဟုတ်ပုံ တင်ပြထားတယ်။ --ဘာသာပြန်သူ)။ စုကြည်နဲ့စကားပြောပြပြီး လူထုကို လှည့်ဖျားခြင်း နည်းနဲ့ လူထုအပေါ်ဖိစီးထားတဲ့ မွဲတေမှုဒဏ်တွေကို အတန်အသင့်သက်သာအောင် လုပ်တဲ့ စီးပွားရေးနည်း ၂နည်းကို စစ်အစိုးရ ပေါင်းစပ်အသုံးပြုရလိမ့်မယ်။
ဒီနေရာမှာ တရုတ်ကလည်း အရေးကြီးတဲ့ အခန်းကဝင်ကနိုင်တယ်။ တရုတ်က ဗမာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးလုပ်ထား ခဲ့တယ်။ သူစိုက်ထုတ်ထားရတာတွေ သဲထဲရေသွန်ဖြစ်မှာကိုတော့ တရုတ် မလိုလားဘူး။ စက်တင်ဘာ ၂၅ ရက်တုန်းက Financial Times မှာဖော်ပြချက်အရဆိုရင်
"အမေရိကနဲ့သီးသန့်ပြောဆိုခဲ့တာတွေ၊ လတ်တလောသီတင်းပတ်တွေတုန်းက လူသိရှင်ကြားပြောဆိုခဲ့တာ တွေထဲမှာ တရုတ်က ဗမာလူထုကို မသိမသာတိုက်တွန်းထားတာ ရှိတယ်။ စုကြည်ရဲ့ ဒီမိုကရေစီဖော်ဆောင် နိုင်မယ့်အာဏာကို အသိအမှတ်ပြုတဲ့အနေနဲ့ ထိန်းသိမ်းခံထားရတဲ့ ငြိမ်းချမ်းရေးဆုရှင် အောင်ဆန်းစုကြည်ကို ဗမာလူထုက တိုက်ရိုက်ထိတွေ့ကြဖို့"
"ဘေဂျင်းကနေ ကိုယ်စားလှယ်အနေနဲ့စေလွှတ်ခံရသူ နိုင်ငံခြားရေးဝန်ကြီးဟောင်း Tang Jiaxuan က တရုတ်နိုင်ငံဟာ ဗမာနိုင်ငံအနေနဲ့ သင့်တော်တဲ့ ဒီမိုကရေစီဖြစ်စဉ်တခု ပေါ်ပေါက်အောင် အားထုတ်လိမ့်မယ်လို့ နှစ်နှစ်ကာကာမျှော်လင့်ထားကြောင်း ဗမာခေါင်းဆောင်တွေကို စက်တင်ဘာလထဲမှာပြောခဲ့တယ်။
တရုတ်အစိုးရအာဘော် စင်ဟွာသတင်းဌာနကလည်း ထပ်လောင်းပြောလိုက်သေးတယ်။ မိတ်ဆွေအိမ်နီးချင်း နိုင်ငံ တရုတ်အနေနဲ့ ဗမာပြည် တည်ငြိမ်အေးချမ်းမှု အမြန်ဆုံးပြန်ရစေဖို့ မျှော်လင့်ကြောင်း၊ ပြဿနာတွေကို သေချာကိုင်တွယ်နိုင်ပြီး အမျိုးသားရင်ကြား စေ့ရေးကို ထိထိရောက်ရောက် တိုးမြှင့်နိုင်လိမ့်မယ် မျှော်လင့် ကြောင်း"
"စစ်အစိုးရကနေ ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အကြမ်းဖက်ဖြိုခွဲခြင်းဟာ စစ်အာဏာရှင်စနစ်ကို ဘေဂျင်းရဲ့ ထောက်ပံ့လိုမှုနဲ့ ဘေဂျင်း ကိုယ်တိုင်အပေါ် ဆိုးဆိုးဝါးဝါး ထင်ဟပ်လာမှာကို တရုတ်အစိုးရ ကြောက်တယ်"
"တရုတ်က အင်းဒီယနဲ့အပြိုင် ဗမာ့ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားတယ်။ ဗမာနိုင်ငံမှာ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကိုလည်း တည်ဆောက်နေတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းနဲ့ ကျောက်ဖြူရေ နက်ဆိပ်ကမ်းကို ကီလိုမီတာ ၁၉၅၀ ရှိတဲ့ အဝေးပြေးလမ်းမနဲ့ ဆက်သွယ်ဖို့ စီမံထားတယ်။"
အခုဖော်ပြလိုက်တဲ့ ကိုးကားချက်တွေကိုကြည့်လိုက်ရင် ဗမာပြည်ရဲ့အခြေအနေမှာ တရုတ်အစိုးရရဲ့ အရေးပါမှု ကို တွေ့ရမယ်။ ဗမာနိုင်ငံရဲ့တင်သွင်းကုန် ၃၅%ဟာ တရုတ်ဆီကနေလာတယ် ဆိုတဲ့အချက်က တရုတ်ရဲ့ သြဇာ ဗမာစစ်အစိုးရပေါ် ရှိနိုင်ပုံကို မီးမောင်းထိုးပြ နေတယ်။
ဒါဟာ စစ်ဗိုလ်ချုပ်တွေကို ချုပ်နှောင်ဖို့ အင်အားလုံလောက်မှုရှိ/မရှိ ကျနော်တို့မကြာခင်တွေ့ရလိမ့်မယ်။ သေချာ တာတခုကတော့ စစ်အစိုးရ သေမယ့်ရက်ကို လက်ချိုးရေနေပြီ။ မကြာခင် ဒါမှမဟုတ် နောင်အခါ ပြုတ်ကျ လိမ့်မယ်။ ဗမာပြည်ရဲ့ အဖြစ်ဆိုးက အလုပ်သ မားထုမှာ စစ်မှန်တဲ့ တခြားဦးတည်ရာ မရှိဖြစ်နေခြင်းပဲ။ အလုပ် သမားထုရဲ့ လွတ်လပ်တဲ့အသံ မရှိဖြစ်နေတယ်။ [ဖိနှိပ်မှုတွေ၊ ဆင်းရဲ ကြပ်တည်းမှုတွေကြောင့် ဗမာလူထု ကအုံကြွလာပေမယ့် ခေါင်းဆောင်မှုကို အရင်းရှင်နယ်ချဲ့လက်ဝေခံ စုကြည်တို့လို့ ဘူဇွှာ အတိုက်အခံအမည်ခံ ဒီမိုကရေစီလိုလားသူ ခေါင်းစဉ်တပ်အုပ်စုက ရယူထားတယ်။ အလုပ်သမားထုလွတ်မြောက်ရေးအတွက် တခြား စစ်မှန်တဲ့ ဆိုရှယ်လစ် အင်အားစုတွေ ခေါင်းဆောင်မှုမပေးနိုင်ခြင်း ကိုရည်ညွှန်းပြောဆိုပုံရတယ်။ -ဘာသာ ပြန်သူ] ။မီဒီယာတွေက စတာလင်ပုံစံ ဗမာ့အစိုးရဟောင်း (မဆလ နေဝင်းအစိုးရကို ရည်ညွှန်းပြီး Stalinist Regime လို့သုံးထားတယ်။ --ဘာသာပြန် သူ) ရဲ့ ကျရှုံးမှုတွေကို အသုံးချပြီး ဆိုရှယ်လစ်စနစ်ရဲ့ စစ်မှန်တဲ့ အယူအဆတွေကို ပုံဖျက်ကြတယ်။ ဆိုရှယ်လစ်စနစ်အပေါ် ဒီလိုပုံဖျက်ထားမှုတွေကို တိုက်ဖျက် ရလိမ့်မယ်။
အတိုက်အခံရဲ့သဘောသဘာဝ
----------------------------------
အစကတော့ ဒီလှုပ်ရှားမှုကိုဦးဆောင်တဲ့ ရဟန်းပျိုတွေကို ဗဟိုပြုပြီး လူထုကပူးပေါင်းပါလာတဲ့ ပုံစံပဲ။ ဒါပေမယ့် သူတို့မှာ ကိုယ်ပိုင်နိုင်ငံရေးအသံမရှိဘူး။ အဲဒီအခါ အောင်ဆန်းစုကြည် နဲ့ NLD ဆီကို သူတို့ဦးတည်သွား ကြတယ်။ အကျယ်ချုပ် ကျခံထားရတဲ့အတွက် အဲဒီမိန်းမဟာ လူထုလှုပ်ရှားမှုရဲ့ "ခေါင်းဆောင်" အဖြစ်ထွက် ပေါ်လာဖို့ ကိုယ်ကျင့်တရားဆိုင်ရာ အာဏာကို တည်ဆောက်ထားနိုင် ခဲ့တယ်။ ("leader" ဆိုပြီး အဖွင့်အပိတ်နဲ့ ခေါင်းဆောင်အစစ်မဟုတ်ကြောင်း ထေ့ထားတယ်။ --ဘာသာပြန်သူ)
ကျနော်တို့သေချာဂရုစိုက်ရမယ့်အချက်က စုကြည်နဲ့ သူ့ပါတီဟာ ဒီလှုပ်ရှားမှုကို အားကောင်းအောင် လုံ့လစိုက် ထုတ်သူတွေ မဟုတ်ဘူး ဆိုတာပဲ။ ဒီလှုပ်ရှားမှုဟာ လူထုရင်ဆိုင်နေရတဲ့ အရှင်လတ်လတ်လူ့ငရဲကို တုံ့ပြန် ချက်တခုပဲ။ ဒီလှုပ်ရှားမှုအားကောင်း လာအောင် အားထုတ်ကြိုးပမ်းခြင်း ဘာမှမလုပ်ခဲ့ပေမယ့် ဒီလှုပ်ရှားမှုက နေ အမြတ်အထွက်ဆုံးကတော့ စုကြည်ပဲဖြစ်လိမ့်မယ်။
အောင်ဆန်းစုကြည်ဟာ ဗမာ့ "လွတ်လပ်ရေးသူရဲကောင်းတွေ"ထဲကတယောက်ရဲ့ သမီးလည်းဖြစ်တယ်။ Financial Times ကရေးသားဖော်ပြခဲ့သလိုပဲ "ဗမာပြည်သူလူထု ပိုကောင်းတဲ့အနာဂတ်ဖန်တီးဖို့ စိတ်အား တက်စေတဲ့ သက်ရှိသင်္ကေတ" အဖြစ် သူမကို ပုံဖော်လာခဲ့ကြတယ်။ ဒါပေမယ့်လည်း တချို့သမိုင်းအချက်အ လက်တွေက သူ့ရဲ့နောက်ကြောင်း တစေ့တစောင်း မီးမောင်းထိုးပြ နိုင်တယ်။ သူ့အဖေ (အောင်ဆန်း)က ဒုတိယကမ္ဘာစစ်ကာလမှာ ဘရစ်တစ်(ရှ်)ကိုဆန့်ကျင်ဖို့ (ဖက်ဆစ်)ဂျပန်နဲ့ တကယ်ပေါင်း ခဲ့တယ်။ အဲဒီတုန်းက အောင်ဆန်းဘက်မှာ နေဝင်းရှိခဲ့တယ်။ နေဝင်းဆိုတာ ၁၉၆၂ အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ။ ဂျပန်တွေစစ် ရှုံးတော့ ဒီ "သူရဲကောင်း" ၂ယောက်ဟာ ဘက်ပြောင်းပြီး ဘရစ်တစ်(ရှ်)နဲ့ပေါင်းခဲ့ပြန်တယ်။ ဒီလူကြီးလူ ကောင်း၂ယောက်ရဲ့ "နယ်ချဲ့စနစ်ဆန့်ကျင်ရေး" ဆိုပါတော့။ နှစ်ပေါင်းများစွာကြာတဲ့နောက်မှတော့ အောင်ဆန်းရဲ့သမီး စုကြည်ကို နယ်ချဲ့ပေါ်လစီရဲ့ ကိရိယာအဖြစ်အသုံးချနေတာ ကျနော်တို့တွေ့ရတယ်။ ဒီတခါနယ်ချဲ့ကတော့ အမေရိကန်နယ်ချဲ့အရင်းရှင်စနစ်။
နယ်ချဲ့စနစ်နဲ့ လက်ဝေခံမဟာဗျူဟာသမားတွေရဲ့ (လူထုအပေါ်) အဆိုးမြင်မှုကို Financial Times မှာ လတ်တလောဖော်ပြခဲ့တဲ့ အောက်ပါရေးသားဆန်းစစ်ချက်မှာ တွေ့နိုင်တယ်။
"ဟောင်ကောင်စီးတီးတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ကျော်ရင်လှိုင်က အခုလိုပြောတယ်။ လူထုရဲ့ နေ့စဉ် ဘဝအခက်အခဲတွေ လျော့ပါးသက်သာစေမယ့် လက်ငင်း(ရေတို)လုပ်ဆောင်ချက်တွေလိုမျိုး လိုက်လျော ချက်တချို့ (အစိုးရဘက်ကပေးလိုက်မယ်ဆိုရင်) ဆန္ဒပြမှုတွေရဲ့ အရှိန်အဟုန်ကို လျော့ကျအောင် လုပ်ပစ်နိုင် တယ်။ လူတွေက အပြောင်းအလဲကို တောင်းဆိုနေတယ်။ ဒီလို လူထုတောင်းဆိုဆန္ဒပြနေတာတွေ ငြိမ်ကျသွားအောင်အလွယ်ဆုံးနည်းက လူထုစိတ်ထဲအပြောင်းအလဲတချို့ရှိလာပြီ ခံစားလာအောင်၊ နောင် လည်း အပြောင်းအလဲတွေဆက်ဖြစ်လာမှာပဲ ထင်သွားအောင် တစုံတရာလုပ်ပြဖို့ပဲ" တဲ့။
အခုလက်ရှိ လူထုရဲ့မကျေနပ်ချက် အတိုင်းအဆတွေကိုကြည့်လိုက်မယ်ဆိုရင် ပိုပြီးအခြေခံကျတဲ့ နိုင်ငံရေးအပြောင်းအလဲ အတွက် ကတိကဝတ်မပေးပဲ စီးပွားရေးဆိုင်ရာအနည်းအကျဉ်းလောက် လုပ်ရုံ လောက်နဲ့ ဆန္ဒပြမှုတွေကို မငြိမ်းသက်နိုင်ကြောင်း တွေ့ရမယ်။ ဒါ့အပြင် နိုင်ငံရေးတိုးတက်မှုဖြစ်စေနိုင်တဲ့ ငြိမ်းချမ်းသော စေ့စပ်ပြေလည်မှုရဖို့ဆိုရင် နှစ်ဖက်လုံးမှာ အားကောင်းတဲ့ခေါင်းဆောင် တယောက်စီ ရှိဖို့လို တယ်။ အဲဒီခေါင်းဆောင်တွေက အလျှော့ပေးသင့်တာအလျှော့ပေး ညှိနှိုင်းဖို့အဆင်သင့်ဖြစ်နေပြီး ကိုယ့်အုပ်စု ကိုယ် ထိန်းနိုင်ရမယ် လို့ ဘန်ကောက်အခြေစိုက် အနောက်သံအမတ်၊ ဗမာ့အရေးစောင့်ကြည့်သူက ပြော တယ်။ (Financial Times, စက်တင်ဘာ ၅ရက်)
ဒီလို (ဟောင်ကောင်ကပါမောက္ခနဲ့ အနောက်သံအမတ်ဆိုသူတွေလို ဘူဇွှာပညာတတ် နယ်ချဲ့အရင်းရှင်လက်ဝေခံတွေ) ပြောစကားကို ဆန်းစစ်လိုက်ရင် လိုနေတာ လုပ်ပြီးပြီ "ထင်စေဖို့" နဲ့ "သူတို့ သက်ဆိုင်ရာအုပ်စု" ကိုထိန်းချုပ်နိုင်ဖို့ပဲ။ တကယ့်အပြောင်းအလဲ မဟုတ်ဘူး။ လူထုရဲ့ပြဿနာတွေ တကယ် ပြေလည်စေရေးမဟုတ်ဘူး။ (စစ်အစိုးရဘက် နဲ့ လူထုဘက်။ လူထုဘက်ကို ထိန်းချုပ်သူက စုကြည်။ စစ်အစိုးရက အပြောင်းအလဲဖော်ဆောင်တော့မယ်ထင်လာအောင် စုကြည်က သူ့အုပ်စုဝင် တွေဖြစ်တဲ့ ဆန္ဒပြသူ တွေကို လှည့်ဖျားလိုက်တယ်။--ဘာသာပြန်သူ)။ ဒါဟာ အထူးအဆန်းတော့မဟုတ်ဘူး။ စစ်ထိပ်ပိုင်းက သူတို့အခွင့်ထူးတွေ လက်လွှတ်လိုက်ရမှာ ကြောက်တဲ့ အတွက် ပါဝါကို ဆက်ကိုင်ထားချင်တယ်။ စစ်အုပ်စုကပဲ လက်ဝါးကြီး အုပ်ထားတဲ့ အရင်းရှင်စနစ်ကို လိုလားတယ်။ ဒါမှသာ စစ်အုပ်စုက လူ့အဖွဲ့အစည်းရဲ့ လူ့မလိုင်အ လွှာအဖြစ်ဆက်ရှိနိုင်မယ်။ (စုကြည်ခေါင်းဆောင်တဲ့) အတိုက်အခံဘက်ကျတော့ နယ်ချဲ့စနစ် အကျိုးစီးပွားတွေနဲ့ကိုက်ညီတဲ့ အရင်းရှင်စနစ်ကို လိုလားတယ်။ ဒီအခြေခံပေါ်မှာရပ်တဲ့ နှစ်ဖက်လုံး (စစ်အုပ်စုနဲ့ နယ်ချဲ့စနစ် လက်ဝေခံ စုကြည်တို့လို ဘူဇွှာအုပ်စု) က လူထုတရပ်လုံးရဲ့ အကျိုးစီးပွားအမှန်ကို ဆန့်ကျင်ကြ တယ်။
ဆိုရှယ်လစ်အမြင်
-------------------
၁၉၈၈တုန်းက စစ်မှန်သော တော်လှန်ရေးနဲ့ ဆိုရှယ်လစ်အမြင်ရှိတဲ့ ခါင်းဆောင်မှုသာပေးနိုင်ခဲ့ရင် လူထုလှုပ် ရှားမှုက စစ်အာဏာရှင်စနစ် ကိုဖြိုချနိုင်ခဲ့လိမ့်မယ်။ အဖြေက "ဈေးကွက်" ဆိုတဲ့ထင်ယောင်ထင်မှားဖြစ်မှုတွေ လူထုခေါင်းထဲ ရိုက်သွင်းဖို့မဟုတ်ဘူး။ စစ်အုပ်စု မတရားသိမ်းယူထားတဲ့ ပါဝါကို လူထုအင်အားနဲ့ ပြန်ရယူပြီး စစ်မှန်တဲ့ အလုပ်သမား ၊လယ်သမားထုရဲ့ ပါဝါနဲ့ အစားထိုးရမှာ။ ဒီလိုလုပ်ရာမှာ ပုဂ္ဂလိကပိုင်ပြုခြင်း လုပ်စရာ မလိုဘူး။ ဒီမိုခရေစီနည်းကျ ရွေးကောက်ထားတဲ့ အဖွဲ့ကနေတဆင့် အလုပ်သမား၊ လယ်သမားထုရဲ့ ဒီမိုခ ရက်တစ်(ခ်)ထိန်းချုပ်မှုအောက်က စီမံကိန်းစီးပွားရေးစနစ်ဖြစ်ရမယ်။
အဲ့သလို ခေါင်းဆောင်မှု (စစ်မှန်သော တော်လှန်ရေးအမြင်၊ဆိုရှယ်လစ်အမြင်ရှိတဲ့ ခေါင်းဆောင်မှု) မရှိခဲ့တဲ့ အတွက် အဲဒီအချိန်က တည်းက အောင်ဆန်းစုကြည်နဲ့ သူ့ပါတီက သူတို့ရဲ့သြဇာအာဏာကို တည်ဆောက်လာ ခဲ့တယ်။ အခုတော့ လစ်နေတဲ့ ခေါင်းဆောင်မှု ကွက်လပ် ကိုဝင်ယူလာနိုင်ပြီ။ ဆိုတော့ ဗမာလူထုအနေနဲ့ အင်မ တန်ကြီးလေးတဲ့ တန်ဖိုးကိုပေးရမယ့် သဘောပဲ။ အခုလက်ရှိအာ ဏာရနေတဲ့ ဖောက်ပြန်ပျက်စီးနေတဲ့ စစ်အာ ဏာရှင်စနစ်ကို နောက်ဆုံးဖြိုချမှာ ဗမာလူထုရဲ့ ထကြွလှုပ်ရှားမှုပဲ။ ဒီလူထုလှုပ်ရှားမှု ကျောထောက် နောက်ခံပြုမှုနဲ့အတူ ဘူဇွှာအတိုက်အခံအုပ်စု ပါဝါရလာလိမ့်မယ်။ အဲသလို ဘူဇွှာအတိုက်အခံတွေပါဝါရလာရင် ပုဂ္ဂလိကပိုင်ပြုမှုတွေ ပိုအရှိန်မြှင့်လုပ်လာလိမ့်မယ်။ ကမ္ဘာ့ဈေးကွက်ကို အတားအဆီးမရှိဖွင့်ကြိုလိမ့်မယ်။ (၂၀၀၇ တုန်းက ရေးခဲ့တဲ့ အခုဆောင်းပါးထဲမှာ ပါသလိုပဲ ၂၀၁၅မှာ ဘူဇွှာအတိုက်အခံ စုကြည်ခေါင်းဆောင်တဲ့ NLD မဲအပြတ်အသတ်နိုင်ပြီး အစိုးရဖွဲ့နိုင်လာတယ်။ ပုဂ္ဂလိကပိုင်ပြုမှုတွေ နေရာတကာမှာလုပ်လာတာ အထင်းသားပဲ။ ကမ္ဘာ့အရင်းရှင်တွေကို လာစေချင်တာ လည်း တပိုင်းသေနေပြီ။ ဒီလို စုကြည်နဲ့ သူ့ပါတီ စင်ပေါ် ရောက်လာတာ လူထုလှုပ်ရှားမှုတွေကို နင်းတက်လာလို့။ --ဘာသာပြန်သူ)။ ဗမာနိုင်ငံရဲ့ သယံဇာတအရင်း အမြစ်တွေကို ပြည်ပ ပါဝါကြီးနိုင်ငံတွေက ခိုးယူခဲ့ကြပြီးပြီ။ အထူးသဖြင့် တရုတ်။ ဒီလို ခိုးယူမှုဟာ ထောင်နဲ့ချီဆ ပွားများလာလိမ့်မယ်။ ဗမာလူထုဘဝတော့ ပိုကောင်းလာဖို့မရှိ။
တချိန်ချိန်မှာ ဗမာလူထုက ဘူဇွှာအတိုက်အခံတွေ ကြွေးကြော်မှုရဲ့ အနှစ်မဲ့ဗလာသက်သက်ကို မြင်လာကြလိမ့် မယ်။ အောင်ဆန်း စုကြည် နဲ့ သူ့ပါတီလည်း လူတွေရဲ့လိုလားနှစ်သက်မှုကို ဆုံးရှုံးသွားလိမ့်မယ်။ (အခု ၂၀၁၈ ဆိုရင် လူထုက စုကြည်နဲ့ သူ့ပါတီရဲ့ အနှစ် မဲ့ပုံကို ပိုပိုပြီးသိမြင်လာကြပြီ။ --ဘာသာပြန်သူ)။ အဲသလိုအခြေ အနေမှာ စစ်မှန်တဲ့ဆိုရှယ်လစ်အင်အားစုက လူထုရဲ့ ထောက်ခံမှုကို ရလာနိုင် တယ်။ လုပ်ရမယ့်အလုပ်က စစ်မှန်တဲ့ဆိုရှစ်လစ်အင်အားစုကို တည်ဆောက်ဖို့ပဲ။
ဒီလိုတည်ဆောက်တဲ့အလုပ်ကို အင်းဒီယနဲ့ တရုတ်လိုမျိုး အိမ်နီးချင်းနိုင်ငံတွေရဲ့ ဖြစ်ရပ်တွေကနေ ကူညီ ပေးနိုင်တယ်။ အဲဒီ၂နိုင်ငံမှာ အားကောင်းလှတဲ့ အလုပ်သမားလူတန်းစားရှိနေတယ်။ ဗမာဟာ အင်မတန်ခေတ် နောက်ကျန်နေတဲ့အတွက် လက်ရှိပြဿနာတွေရဲ့ အဖြေကို ဗမာ့ပိုင်နက်အတွင်းမှာပဲ ရှာလို့မတွေ့နိုင်ဘူး။ ဗမာ ပြည်မှာ စစ်မှန်တဲ့ အလုပ်သမားထုဒီမိုခရေစီနဲ့အတူ ခိုင်မာအားကောင်းတဲ့ ဆိုရှယ်လစ်စနစ်တခု ပေါ်ပေါက်လာ ခဲ့ရင်တောင် ပြင်းထန်တဲ့နိုင်ငံတကာဖိအားဒဏ်တွေ ခံရနိုင်တယ်။ ဆိုဗီယက်ပြည်ထောင်စုမှာ တည်ရှိခဲ့တဲ့ ကနဦး အလုပ်သမားထုဒီမိုခရေစီဟာ (ရပ်ရှားမှာပဲ) တနေရာတည်းမှာပဲ တော်လှန်ရေးပေါ်ပေါက်ခဲ့ခြင်းကြောင့် ပြိုကွဲခဲ့ ရတယ်။ ဗမာလည်း (ဗမာတနိုင်ငံထဲ တော်လှန်ရေးဖြစ်ရုံနဲ့) ပိုကောင်းလာဖို့ မမျှော်လင့်နိုင်ဘူး။
ဗမာနိုင်ငံရဲ့လက်ရှိအထွေထွေအကြပ်အတည်းကို အေးရှဆိုရှယ်လစ်အဖွဲ့ချုပ်အနေနဲ့ တိုက်ပွဲဝင်မှ ဖြေရှင်းနိုင် မယ်။ အေးရှဆိုရှယ်လစ် အဖွဲ့ချုပ်အတွင်းမှာ ဗမာ့အလုပ်သမား၊ လယ်သမားထုဟာ သူတို့ရဲ့အခန်းကဏ္ဍကို ရှာတွေ့လာမယ်။ လူထုကို အမှန်ပြောဖို့မာ့(ခ်)စစ် တွေမှာ တာဝန်ရှိတယ်။ ဗမာနိုင်ငံက လက်ရှိအတိုက် အခံနဲ့ပတ်သက်လို့ ထင်ယောင်ထင်မှားဖြစ်တဲ့ ထောင်ချောက်ထဲ အကျခံလို့ မဖြစ်ဘူး။ ကျနော်တို့အနေနဲ့ ဗမာ လူထုရဲ့ ပြင်းထန်တဲ့တော်လှန်ရေးစိတ်ကို အသိအမှတ်ပြုတယ်။ လူထုရဲ့ အားတက်သရောဖြစ်မှု တွေကို ထောက်ခံတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဗမာလူထုကို ပြောရလိမ့်မယ်။ ဗမာလူထုရဲ့ ကိုယ်ပိုင်အင်အား ကို အခြေပြုပြီး၊ လူထုကိုယ်တိုင် ပါဝါရယူခြင်း (အာဏာသိမ်းခြင်း)၊ အေးရှဒေသတခုလုံးမှာ ရှိတဲ့အလုပ်သ မားထုတွေနဲ့ ချိတ်ဆက်ပူးပေါင်းခြင်းအားဖြင့် သာ ရေရှည်ခံတဲ့အဖြေကို တွေ့နိုင်မှာဖြစ်ကြောင်း။
ဘာသာပြန်သူ = ဆွေသက်ဇော်