ကိုဘာသာပြန်ထားခြင်း ဖြစ်ပါတယ်] ဗမာပြည်ရဲ့အဖြစ်ဆိုး (အပိုင်း-၁)

Part one of a Burmese translation of "Tragedy of Myanmar", by Fred Weston.

[Source]

အောဂတ်စ်လတုန်းက ဗမာပြည်မှာ လောင်စာဆီဈေးတွေ ရုတ်တရက်ထောင်တက်သွားတဲ့အတွက်နဂိုက တည်းကမွဲတေနေပြီးသား ဗမာလူထုကို ပိုဆိုးတဲ့အခြေအနေဆီ တွန်းပို့လိုက်တယ်။ အခုအချိန်မှာ လူထုလှုပ် ရှားမှုတခုက အင်မတန်ဆိုးဝါးတဲ့ စစ်အာဏာရှင်စနစ်ကို ဖြိုချဖို့ခြိမ်းခြောက်နေတယ်။ ဒါပေမယ့်လည်း စစ်မှန်တဲ့ အလုပ်သမားလူတန်းစားခေါင်းဆောင်မှုကင်းမဲ့နေခြင်းဟာ ဘူဇွှာအတိုက်အခံ ၀င်လာနိုင်စေဖို့ ဟာကွက်တခုကို ချန်ထားပေးရာရောက်တယ်။

ဗမာနိုင်ငံက နောက်ဆုံးရတဲ့သတင်းတွေအရဆိုရင် စစ်သားတွေက ဆန္ဒပြလူအုပ်ကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ် ဖောက်ခဲ့ကြတယ်။ မနေ့ကလာတဲ့ အစီရင်ခံစာတွေအရဆိုရင် အနည်းဆုံး ဆန္ဒပြသူတယောက် အသတ်ခံရ တယ်။ တခြားသူတွေလည်း အပြင်းအထန်ဒဏ်ရာရခဲ့ကြတယ်။ ဘုန်းကြီးကျောင်းတွေအတော်များများကို လုံခြုံ ရေးအင်အားစုတွေက အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ကြတယ်။ စစ်အစိုးရက ဘုန်းကြီးကျောင်းတွေကို အခု လက်ရှိဖြစ်နေတဲ့ မတည်ငြိမ်မှုတွေရဲ့ ဗဟိုချက်အဖြစ်မြင်ထားလို့ပဲ။

စစ်အစိုးရက လူထုကို အကြမ်းဖက်အင်အားသုံး ထိန်းချုပ်ဖို့ကြိုးစားနေတယ်။ ရနိုင်သမျှအစီရင်ခံစာတွေလေ့ လာကြည့်တဲ့အခါ ပြီးခဲ့တဲ့ ၁၉၈၈ အရေးတော်ပုံတုန်းက ဆန္ဒပြပြည်သူ၃၀၀၀လောက်ကို သတ်ပစ်ခဲ့တယ်။ ဒါ့ကြောင့်မို့ စစ်အစိုးရရဲ့ရက်စက်ကြမ်းကြုတ်မှုနဲ့ ဆန္ဒပြလှိုင်းလုံးကို နောက်ပြန်တွန်းပို့ဖို့ကြိုးစားတဲ့ အတိုင်းအ ဆတွေအပေါ်ဘယ်သူကမှ ယုံမှားသံသဝင်ဝင်မယ်မထင်ဘူး။

စောင့်ကြည့်ဖို့ကျန်နေတာကတော့ အခုလက်ရှိအင်အားမျှခြေက စစ်အစိုးရဘက်ကနေ ၈၈တုန်းကလို အရေးယူ ဖိနှိပ်မှုမျိုး ထပ်လုပ်လာမှာကို ခွင့်ပြုပါ့မလား ဆိုတဲ့အချက်ပဲ။ ၈၈အရေးတော်ပုံဖြစ်လာတဲ့နောက် တော်တော် များများပြောင်းလဲသွားခဲ့ပြီ။ အတိတ်တုန်းကတော့ စစ်အစိုးရက တရုတ်နိုင်ငံရဲ့စတာလင်နစ်ဇင်ပုံစံပေါ် အခြေ ပြုတည်ဆောက်ထားခဲ့တယ်။ ဒါပေမယ့် အခုတော့ ဆိုဗီယက်ယူနီယံ လည်းပြိုကွဲသွားပြီဖြစ်သလို တရုတ်က လည်း အရင်းရှင်စနစ်အတိုင်း ခုတ်မောင်းသွားနေပြီ။ ဒိထက်ပိုအရေးကြီးတာက ဗမာနိုင်ငံအတွင်းမှာ အတော် များများပြောင်းလဲရွေ့လျားနေခြင်းပဲ။ ဆိုးသထက်ဆိုးလာတဲ့ ဗမာ့စီးပွားရေး လူမှုရေးအခြေအနေတွေနဲ့အတူ…

နယ်ချဲ့ဝါဒီတွေရဲ့ကြောင်သူတော်ဆန်မှု
------------------------------------------
လူထုအုံကြွမှုတွေနဲ့ စစ်အစိုးရရဲ့ ရက်ရက်စက်စက်နှိပ်ကွပ်မှုအန္တရာယ်တွေ ငြိမ်သက်သွားချိန်မှာတော့ (ကြိုတင် တွက်ဆထားသလိုပါပဲ) ဂျော့ ဒဗလျူ ဘွတ်(ရှ်) နဲ့ ဂေါဒဲင် ဘရောင်း(န်) တို့က "ဒီမိုကရေစီ" နဲ့ "လူ့အခွင့် အရေး" ဆိုတဲ့ ဒရမ်ကို ခပ်ဆဆလေး တီးလိုက်ကြပါပြီ။ (အဲဒီအချိန်က ယူအက်စ်သမ္မတ) ဘွတ်(ရှ်)က ဗမာ နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်သွားမယ်လို့ ဒီတပတ်အစောပိုင်းလေးကတင် ကြေညာမောင်းခတ် လိုက်တယ်။ လူထုအပေါ် လွတ်လပ်ပြောဆိုခွင့် စုရုံးခွင့် ကိုးကွယ်ခွင့် စတဲ့အခြေခံလွတ်လပ်မှုတွေ ငြင်းပယ်ပြီး "နှစ်ပေါင်း ၁၉နှစ်ကြာ အကြောက်တရားကြီးစိုးကာလ" ဖိစီးစေခဲ့လို့ စစ်အစိုးရကို အပြစ်တင်လိုက်သေးတယ်။

မကြာသေးခင်က နျူးယော့(ခ်)က ကုလသမဂ္ဂအထွေထွေညီလာခံမှာဆိုရင်လည်း "ဗမာပြည်ကအခြေအနေ တွေကြောင့် အမေရိကန်တွေထိတ်လန့်တုန်လှုပ်ရ" ကြောင်း ဘွတ်(ရှ်)က ပြောကြားခဲ့သေးတယ်။ "တကမ္ဘာလုံးက ဗမာနိုင်ငံကို စောင့်ကြည့်နေတယ်။ ဗမာနိုင်ငံရဲ့ မတရားဖိနှိပ်နေသူ အစိုးရအနေနဲ့ တာဝန်ခံမှုရှိ အောင် တကမ္ဘာလုံးက လုပ်ဆောင်တော့မှာကို သိထားသင့်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လစ်လျူရှုမှု တွေကို လက်ပိုက်ကြည့်နေတဲ့ခေတ် ကုန်ဆုံးသွားပြီ" လို့ ဘရစ်တစ်(ရှ်) ဝန်ကြီးချုပ် ဂေါဒဲင် ဘရောင်း(န်) ကြေညာလိုက်တဲ့အပေါ် ယူးရပ်သမဂ္ဂကလည်း ထပ်လောင်း အသံထွက်ခဲ့သေးတယ်။ အနောက်မီဒီယာ တွေကလည်း ဗမာပြည်မှာ ဒီမိုကရေစီကင်းမဲ့နေခြင်းကို ဆောင်းပါးတပုဒ်ပြီးတပုဒ် ရေးသားဝေဖန်နေကြပြန် တယ်။

ယူခေဝန်ကြီးချုပ် ဂေါဒဲင် ဘရောင်း(န်) က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ဗမာပြည်ရဲ့ အခြေအနေ (အကြပ် အတည်း)နဲ့ပတ်သက်လို့ တွေ့ဆုံဆွေးနွေးကြဖို့လည်း ဆော်သြလိုက်သေးတယ်။ ဒီကိစ္စကို ကုလသမဂ္ဂက ကြား ဝင်ဖြေရှင်းဖို့ အဆိုတင်မှာလည်း သေချာပေါက်ပဲ။ ဗမာနိုင်ငံကို ကုလသမဂ္ဂကိုယ်စားလှယ်လွှတ်ဖို့လည်း ဘရောင်း(န်) ဆော်သြခဲ့သေးတယ်။

ဒီလို ကုလသမဂ္ဂဆီ တိုက်တွန်းချက်ဟာ ဖြစ်နေတဲ့အခြေအနေတွေကို ရှုပ်ထွေးသွားစေဖို့ ကြိုးပမ်းချက် ဖြစ်သလို ကုလသမဂ္ဂက ဒီလို အကြပ်အတည်း ပဋိပက္ခတွေကို ဖြေရှင်းနိုင်တဲ့ လွတ်လပ်သော ဆုံးဖြတ်စီရင် ခွင့်ရှိသူဖြစ်တယ် ဆိုတဲ့ အယူအဆနဲ့အတူ ကမ္ဘာ့"လူထုအမြင်" ကိုတင်ပြဖို့ ကြိုးစားချက်ပဲ။ (ဒီနေရာမှာ မူရင်းဆောင်းပါးရှင်က world "public opinion" လို့ အဖွင့်အပိတ်နဲ့ ရေးသားထားတယ်။ ဘရောင်း(န်) တို့လို အုပ်ချုပ်သူလူတန်းစားရဲ့အမြင်ကို လူထုအမြင် လိုလို တင်ပြတာမို့ အဖွင့်အပိတ်နဲ့ "public opinion" ဆိုပြီး ထေ့ထားပုံပေါ်တယ် --ဘာသာပြန်သူ)။ ကုလသမဂ္ဂက လွတ်လွတ်လပ်လပ်ဆောင်ရွက်နိုင်တဲ့အနေအထား မရှိ ကြောင်း ကျနော်တို့ ထပ်တလဲလဲတွေ့ခဲ့ရပြီးပြီ။ ကုလသမဂ္ဂဟာ ငြိမ်းချမ်းရေးကို အာမ မခံနိုင်သလို ပဋိပက္ခ တွေကို ဖြေရှင်းနိုင်စွမ်းလည်း မရှိဘူး။ အကြောင်းကတော့ ကုလသမဂ္ဂဟာ အင်အားကြီးနိုင်ငံတွေရဲ့ အကျိုးစီး ပွားကိုသာ ဆောင်ကြဉ်းနိုင်လို့ပဲ။ အင်အားကြီးနိုင်ငံတွေကြား အကြောင်းကိစ္စတခုအပေါ် သဘောတူညီမှုတ ခုခုရသွားပြီဆိုရင် ကုလသမဂ္ဂကို "ကြားနေ" အဖြစ်ပုံဖော်လိုက်ကြတယ်။ နယ်ချဲ့ပါဝါတွေအချင်းချင်း သဘော တူညီမှုမရနိုင်တဲ့အခါမျိုးမှာတော့ ကုလသမဂ္ဂမှာ ဘာပါဝါမှမရှိတော့ဘူး။ မြင်သာတဲ့နမူနာအနေနဲ့ အီရတ်စစ်ပွဲ ကိုသာကြည့်။ တကယ်ဆုံးဖြတ်တာ အကြီးဆုံးပါဝါပဲ။ တကယ်လို့ အခုဖြစ်နေတဲ့ ဗမာနိုင်ငံ ရဲ့အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကတစုံတရာပြောခဲ့ရင်လည်း ဒါဟာ အင်အားကြီးနိုင်ငံတွေ ချထားတဲ့ ဆုံးဖြတ်ချက် အပေါ် အတည်ပြုတံဆိပ်ခေါင်း ကပ်လိုက်တာထက် မပိုဘူး။

ရက်စက်တဲ့အစိုးရ
--------------------

ဗမာစစ်အစိုးရရဲ့ရက်စက်ကြမ်းကြုတ်မှုအပေါ် ဘယ်သူမှ သံသယဝင်မှာမဟုတ်ဘူး။ ဗမာစစ်အစိုးရဟာ ကမ္ဘာ ပေါ်မှာ အရက်စက်ဆုံး အကျင့်ပျက်ချစားမှုအဆိုးဆုံး အစိုးရတွေထဲက တခုပဲ။ ဒီတော့ ဗမာလူထုအနေနဲ့ ဆန္ဒပြအုံကြွဖို့ အကြောင်းတရားတွေက လုံလောက်တာထက်တောင် ပိုနေသေးတယ်။ နဂိုကတည်းက အင်မ တန်နိမ့်ကျတဲ့ ဗမာလူထုရဲ့ လူနေမှုဘဝအခြေအနေဟာ ရုတ်တရက် ထိုးဆင်းကျသွားခဲ့ပြီ။ ဒါပေမယ့်လည်း ဘွတ်(ရှ်)နဲ့ ဘရောင်း(န်)တို့ကတော့ ဂုဏ်သိက္ခာကင်းမဲ့ကြောင်း ဖော်ပြနေတဲ့ သူတို့သဘောထားထုတ်ပြန် ချက်တွေအပေါ် ရှက်ရကောင်း မသိဘူးထင်ပါရဲ့။ အီရတ်နဲ့ အဲ(ဖ်)ဂန်နစ်(စ်)တန်လူထု အတိဒုက္ခရောက်အောင် မွှေထားချိန်၊ စစ်အာဏာသိမ်းမှုတွေ တခုပြီးတခု ဆယ်စုနှစ်ပေါင်းများစွာ ထောက်ပံ့ပေးထားခဲ့ပြီးနောက် ဆောင်းဒီအရေးဘီးယ လိုနိုင်ငံက ရက်စက်တဲ့ အစိုးရတွေနဲ့ ပလူးပလဲလုပ်နေချိန် ရုတ်တရက်ဆိုသလိုပဲ ဗမာပြည်မှာ ဒီမိုကရေစီချစ်မြတ်နိုးမှုကို သူတို့ရှာကြသတဲ့။

စစ်မှန်တဲ့ဆိုရှယ်လစ်တွေက ဗမာပြည်သူလူထုရဲ့ သူတို့ကြမ္မာသူတို့စီရင်ပြဌာန်းခွင့်ကို ကာကွယ်ကြတယ်။ ဖိနှိပ် တဲ့အစိုးရကိုဖြုတ်ချပြီး လူထုအကျိုးစီးပွားကို တကယ်ကာကွယ်ပေးတဲ့ အစိုးရတရပ်နဲ့အစားထိုးဖို့ ရပ်တည်ကြတယ်။ ဗမာပြည်သူလူထုအနေနဲ့ ဒီအရာတွေကို ယူအက်(စ်)ဆီကရမှာမဟုတ်သလို ဘရစ်တိန် ဆီကလည်း ရမှာမဟုတ်ဘူး။ ယူးရပ်သမဂ္ဂဆီကနေ မျှော်ကိုးလို့ မရနိုင်သလို တခြား နယ်ချဲ့ပါဝါ (နိုင်ငံ တွေ)ဆီကလည်း တောင့်တနေလို့မရနိုင်ဘူး။ လက်ရှိ "ဆန့်ကျင်လှုပ်ရှားမှု" ဟာ လူထုရဲ့ ဆန္ဒတွေကို အာမခံ ချက် ပေးနိုင်မှာမဟုတ်ဘူး။ လူထုရဲ့စစ်မှန်တဲ့ မကျေနပ်ချက်ကို ပါဝါရဖို့ အသုံးချနေကြရုံသက်သက်ပဲ။ သူတို့ ဟာ လူထုကို ကိုယ်စားပြုသူတွေ မဟုတ်ဘူး။

အခုကျနော်တို့တွေ့နေရတာဟာ အဓိကကတော့ အမေရိကန်နဲ့တရုတ်ကြားက သြဇာလွှမ်းနိုင်ရေး လွန်ဆွဲ ပွဲတခုပဲ။ အင်းဒီယကလည်း အရေးကြီးတဲ့အခန်းကဏ္ဍက ပါနေပြန်တယ်။ သူကလည်း တရုတ်နဲ့အပြိုင် ဗမာ နိုင်ငံကကြွယ်ဝလှတဲ့ ကုန်ကြမ်းတွေကို လိုချင်တယ်။ ယူကရိန်း၊ ဂျော်ဂျာ နဲ့ တခြားအလားတူ အခြေအနေ တွေလိုပဲ ဗမာပြည်မှာလဲ ရုပ်သေးအစိုးရတရပ်တင်ဖို့ အမေရိကန်ပြင်နေတယ်။ အမေရိကန်က တရုတ်သြဇာ တန့်သွားအောင် လုပ်ချင်တယ်။ အဲ့လိုလုပ်ပြီးရင်တော့ (အမေရိကန်) နယ်ချဲ့စနစ်ရဲ့ တောင်းဆိုချက်တွေ ကိုအ သာတကြည်ဖော်ဆောင်ပေးမယ့် "ဒီမိုကရက်တစ်(ခ်)" အစိုးရတရပ်တင်မယ်။ (ဒီနေရာမှာလည်း မစစ်မှန်တဲ့ ဒီမိုကရေစီကို ပြောချင် လို့ အဖွင့်အပိတ်နဲ့ "democratic" ရယ်လို့ မူရင်းရေးသူက ထေ့ပြန်တယ်။ --ဘာသာပြန်သူ)။ အဲ့သလို "ဒီမိုကရက်တစ်ခ် အစိုးရမျိုးက ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံ ငွေအဖွဲ့ (IMF) တို့ရဲ့ ပေါ်လစီကို နာခံကျင့်သုံးလိမ့်မယ်။ ဆိုလိုတာကတော့ နယ်ချဲ့အရင်းရှင်နိုင်ငံတွေရဲ့ ပေါ်လစီတွေပဲ။ နေရာတော်တော်များများမှာ ပုဂ္ဂလိကပိုင်ပြုလာခြင်း၊ လူထုသာယာဝပြောရေးကိစ္စရပ်တွေမှာ အသုံးစရိတ်ဖြတ်တောက်ခြင်းတွေနဲ့ နဂိုကတည်းက ဆိုးဝါးပြီးသား လူနေမှုအဆင့်အတန်းကို ပိုဆိုးအောင် တိုက်ခိုက်ခြင်း စတဲ့ ပေါ်လစီ တွေပဲ။ ဒါကိုနားလည်ဖို့ အမည်ခံ "လိမ္မော်ရောင်တော်လှန်ရေး" ပြီးတဲ့နောက် ယူကရိန်းမှာ ဖြစ်ခဲ့တာတွေကြည့်ပါ။ (ဒီဆောင်းပါး မူရင်းကို ၂၀၀၇ ကရေးခဲ့တာ။ ဒီခန့်မှန်းချက်တွေ အခုဗမာ ပြည်မှာ လက်တွေ့ဖြစ်နေတာ ကြည့်ပါ။ --ဘာသာပြန်သူ)

ဒါ့ကြောင့် ကျနော်တို့အနေနဲ့ လူထုရဲ့ ဆန္ဒအစစ်အမှန်နဲ့ အနောက်အုပ်စုကျောထောက်နောက်ခံပြု "အတိုက်အ ခံ" အင်အားစုဆိုသူတွေရဲ့ ရည်ရွယ်ချက်တွေ မတူပုံကို ခွဲမြင်ရမယ်။ ဒီလို ခွဲခြားမြင်နိုင်ဖို့ ပြီးခဲ့တဲ့ဆယ်စု နှစ်တွေမှာ ဗမာပြည်ထဲ ဘာတွေတိုးတက်လာခဲ့သလဲ ဖျင်ကြည့်ဖို့လိုလာတယ်။

သမိုင်းနောက်ခံ
-----------------

၁၉၆၂ခုနှစ်မှာ နေဝင်းက အာဏာသိမ်းတယ်။ မြေယာတွေ၊ စက်ရုံလုပ်ငန်းတွေ ပြည်သူပိုင်သိမ်းပြီး တပါတီအာ ဏာရှင်စနစ်အသက်သွင်းခဲ့တယ်။ နေဝင်းက မော်ရဲ့တရုတ်ပုံစံကို ဖော်ဆောင်သူအဖြစ် သူ့ကိုယ်သူ ပုံဖော် တယ်။ အခုလက်ရှိအစိုးရက ၁၉၆၂ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်တွေမှာ မြစ်ဖျားခံတယ်။ နေဝင်းက ပါတီ "ဥက္ကဌ" နာမည်တောင် ခံခဲ့သေးတယ်။ အရင်းရှင်စနစ်ကိုပယ်ဖျက်ပြီး စီမံကိန်းစီးပွားရေးစနစ်တခုကို စတင်ခဲ့ တယ်။ ဖြစ်နိုင်တဲ့အချက်ကတော့ ဒါဟာ အဲဒီခေတ်ဗမာပြည်ကဘူဇွှာတွေ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးအောင် မစွမ်း ဆောင်နိုင်ခြင်းကို ထင်ဟပ်ချက်တခုပဲ။ ဗမာနိုင်ငံကို လက်အောက်ခံကိုလိုနီအဖြစ် ထိန်းချုပ်ထားခဲ့တုန်းက ဘရစ်တစ်(ရှ်)နယ်ချဲ့စနစ်ရဲ့ အခန်ကဏ္ဍကိုလည်း ထင်ဟပ်ပြနေပြန်တယ်။ ဘရစ်တစ်(ရှ်)နယ်ချဲ့တွေက ဗမာတပြည်လုံးကို သိမ်းဖို့ ၁၈၂၄ကနေ ၁၈၈၆ ခုနှစ်အထိ ၆၂ကြာ တိုက်ခဲ့တယ်။ အဲဒီနောက် ၁၉၄၈အထိ ကျွန်ပြုထားခဲ့တယ်။ အဲဒီကာလတလျှောက်လုံး ဗမာနိုင်ငံကို တိုးတက်အောင် ဘယ်ဘက်ကမှ မလုပ်နိုင်ခဲ့ဘူး။

စာရွက်ပေါ်မှာလွတ်လပ်ရေးရပြီးတဲ့နောက်မှာတောင် ဗမာကို နယ်ချဲ့စနစ်က လုံးဝလွှမ်းမိုးချုပ်ကိုင်ထားခဲ့တယ်။ ၁၉၆၄ခုနှစ်က အဲဒီအခြေအနေတွေမှာ ရှိနေတဲ့ ဗမာနိုင်ငံရဲ့တိုးတက်ဖွံ့ဖြိုးမှုကို တက်(ဒ်) ဂရန့်(ထ်) ကခွဲခြမ်း လေ့လာပြီး အခုလို ရှင်းပြခဲ့တယ်--
"ဒီအလုပ်တွေကို ဘူဇွှာတွေ အထက်တန်းလွှာကလူတွေ မြေပိုင်ရှင်တွေ နဲ့ လူလတ်တန်းစားတွေ ဖြေရှင်းနိုင်မှု မရှိခြင်းပဲ။ ရာသက်ပန် တော်လှန်ရေးကို ပုံပျက်သွားစေတဲ့ပြဿနာပဲ။ တကယ်လို့သာ ကမ္ဘာ့ကိုလိုနီ ဒေသတွေမှာ ခိုင်မာအားကောင်းတဲ့ မာ့(ခ်)စစ် ပါတီတွေ၊ မာ့(ခ်)စစ်နိုင်ငံရေးအင်အားစုတွေ တည်ရှိခဲ့မယ်ဆိုရင် ပါဝါပြဿနာက တမျိုးတဖုံဖြစ်သွားလိမ့်မယ်။ နိုင်ငံတကာအမြင်နဲ့ ကြည့်လာလိမ့်မယ်။ အနောက်ကစက် မှုဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့စာရင် နိုင်ငံတနိုင်ငံ (ဒါမှမဟုတ် ထပ်တိုးချင်သေးရင်) ခေတ်နောက်ပြန်ဆွဲ နိုင်ငံတစုမှာပဲ ဆိုရှယ်လစ်စနစ်ကို ကျင့်သုံးခြင်းဟာ ပိုလို့တောင် မဖြစ်နိုင်တဲ့စိတ်ကူးသက်သက်ပဲ။ ဘာပဲဖြစ်ဖြစ် ဒီနိုင်ငံတွေမှာ ဖွံ့ဖြိုးမှုလုပ်ငန်းတွေလုပ်ဖို့ အထက်စီးကနေ ခိုင်းခံထားရပြီ။ ကမ္ဘာ့အင်းအားချိန်ခွင်လျှာညီနေခြင်း၊ အနောက်နိုင် ငံတွေမှာ တော်လှန်ရေးပေါ်ပေါက်ဖို့ ဖင့်လေးနေခြင်း အဲဒီနိုင်ငံတွေမှာ မာ့(ခ်)စစ်ပါတီတွေ မရှိခြင်း နဲ့ လူမှုလူ တန်းစားတွေရဲ့ အခြေအနေနဲ့အတူ ထူးခြားတဲ့ ဖြစ်ရပ်အသစ်တွေ မလွဲမသွေ ပေါ်ပေါက်လာရတယ်။

ဗမာနိုင်ငံရဲ့နယ်စပ်ခြံစည်းရိုးနားမှာ အားကြီးလှတဲ့ တရုတ်တော်လှန်ရေးဖြစ်ပေါ်ခြင်းနဲ့အတူ ဗမာနိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေဟာ ထူးခြားတဲ့အသွင်ကို ဆောင်ခဲ့တယ်။ (ဒုတိယကမ္ဘာ)စစ်ပြီးကတည်းက ဗမာလူ့အဖွဲ့အစည်းဟာ စည်းလုံးမှုပြိုကွဲခဲ့တယ်။ တိုင်းရင်းသားလူနည်းစုတွေက ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ သူတို့ ပြည်နယ်တွေ (ကချင်၊ ရှမ်း စသဖြင့်)အတွင်း အမျိုးသားရေးလွပ်လပ်ခွင့်အတွက် တောက်လျှောက် တိုက်ပွဲ ဝင်ခဲ့ကြတယ်။ တချိန်တည်းမှာပဲ စတာလင်လမ်းစဉ်ပါတီရဲ့ အဖွဲ့ခွဲအသီးသီးကလည်း ကြီးမားတဲ့ ပြောက်ကျား တော်လှန်ရေးစစ်ကို ဆင်နွှဲခဲ့တယ်။ အစိုးရတဆက်ပြီးတဆက်ပြောင်းသွားတယ်။ လူ့အဖွဲ့အစည်းကို မစုစည်း နိုင်ခဲ့ဘူး။ ရှေ့မှာဖြစ်ခဲ့တဲ့ တရုတ်ဘူဇွှာတွေလိုပဲ ဗမာအစိုးရ (အဆက်ဆက်)ဟာလည်း လူ့အဖွဲ့အစည်းကို စည်းလုံးအောင်လုပ်ပြီး လူမှုပေါင်းစည်းမှုကို ဆောင်ကျဉ်းတာမျိုးမလုပ်နိုင်ဘူး။ ဒီတော့ လယ်သမားထုရဲ့ လယ် ယာမြေဆာလောင်မှုကို ပြေပျောက်အောင် မလုပ်ပေးနိုင်ဘူး။ ဒါမှမဟုတ် နယ်ချဲ့စနစ်ရဲ့ စီးပွားရေးပါဝါကို ဖြိုမပစ်နိုင်ဘူး။ ဒါဟာ ခေတ်နောက်ကျတိုင်းပြည်တွေ ရင်ဆိုင်နေရတဲ့ ဖွံ့ဖြိုးမှုအခြေအနေအသစ်ရဲ့ သိသာထင် ရှားလှတဲ့ ရောဂါလက္ခဏာ တရပ်ပဲ။ ဗမာပြည်မှာဆိုရင် အင်အားစုအသီးသီးက "ဆိုရှယ်လစ်" တွေပါလို့ကင် ပွန်းတပ်ထားကြတယ်။ ("socialist" ကိုအဖွင့်အပိတ်နဲ့ရေးပြီး စစ်မှန်တဲ့ဆိုရှယ်လစ်မဟုတ်ကြောင်း သရော်ထား တယ်။--ဘာသာပြန်သူ) နယ်ချဲ့စနစ်က စီးပွားရေးကို အုပ်စီးလွှမ်းမိုးထားတယ်။ ဘာစက်မှုလုပ်ငန်းပဲရှိရှိ ပိုင်ဆိုင်ထားတာ နယ်ချဲ့အရင်းရှင်တွေပဲ။ ဗမာရဲ့ အဓိကစီးပွားရေးအင်အားစုတွေဖြစ်တဲ့ ကျွန်းသစ်၊ လောင်စာ ဆီ နဲ့ ပို့ဆောင်ရေး အားလုံးဟာ နယ်ချဲ့စနစ်အောက်မှာပဲ။

ဗမာနယ်စပ်မှာရှိတဲ့ တရုတ်ဥပမာနဲ့အတူ၊ ဗမာနိုင်ငံ ဘူဇွှာလူအဖွဲ့အစည်းတည်ဆောက်ရေးဟာ လမ်းပျောက် နေပြီဖြစ်ကြောင်း (ဗမာ့)လူလတ်တန်းစားအပေါ်လွှာကလူတွေ ပိုပိုပြီးမြင်လာတယ်။ တော်လှန်ရေးမဖြစ်ခင်က တရုတ်မှာလိုပဲ (ဗမာ့)ဘူဇွှာတွေ ပြောက်ကျား တော်လှန်ရေးစစ်ကို အဆုံးသတ်အောင်လုပ်နိုင်ခြင်း မရှိဘူး။ တည်ငြိမ်အေးချမ်းတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင်လုပ်ပြီး စက်မှုထွန်းကားအောင် မလုပ်နိုင်တော့ ခေတ်သစ်နိုင်ငံ တော်တရပ်ကိုလည်း မတည်ဆောက်နိုင်ကြဘူး။

တက်လာသမျှ ဗမာပြည်အစိုးရတိုင်းဟာ စီးပွားရေးဖွံ့ဖြိုးလာအောင် ဘာမှဟုတ်တိပတ်တိမကြိုးစားခဲ့ကြဘူး။ နယ်ချဲ့စနစ်ရဲ့အားနည်းချက်၊ နိုင်ငံတွင်း နဲ့ နိုင်ငံတကာမှာပါ အင်အားစုတွေ ချိန်ခွင်လျှာမျှနေခြင်းကြောင့် (စစ်ထိပ်ပိုင်း) အရာရှိအလွှာက လူ့အဖွဲ့အစည်းအတွင်း စုစည်းပြေပြစ်မှုကို မရှာခဲ့ပဲ ပြဿနာကိုမီးထွန်းရှာတဲ့ အခြေအနေဆီ ဦးတည်သွားခဲ့တယ်။ အဲဒီလို နိုင်ငံတွေအားလုံးမှာ ဘူဇွှာတော်လှန်ရေး၊ ဘူဇွှာဒီမိုက ရက်တစ်နိုင်ငံတော်တည်ဆောက်ဖို့၊ ခေတ်သစ်ဘူဇွှာဒီမိုကရေစီဖွံ့ဖြိုးဖို့ ရေရှည်မှာ မဖြစ်နိုင်ဘူး။ ကမ္ဘာ့စီးပွား ရေးရဲ့ဖိအားရယ်၊ လူထုလူတန်းစားအင်အားစုတွေနဲ့ အစိုးရအလွှာပိုင်းအင်အားစုတွေကြား တည်ရှိဆဲဆက်ဆံ ရေးရယ်ကြောင့် ရေရှည်မှာ မဖြစ်နိုင်ဘူး။

ဒီအတွက်အကျိုးဆက်ကတော့ ဗမာနိုင်ငံမှာ (စစ်ဘုရင်နပိုလီယံ)ဘိုနာပတ်ဝါဒပုံစံတမျိုးမျိုး၊ စစ်တပ်-ရဲ ဖိနှိပ် တဲ့နိုင်ငံတော်ပုံစံတမျိုးမျိုး မလွဲမသွေပေါ်ပေါက်လာလိမ့်မယ်။ ဘာမှဖြစ်မြောက်အောင်မလုပ်နိုင်တဲ့ ဘူဇွှာတွေ က ဗမာ့လူ့အဖွဲ့အစည်းရဲ့ပြဿနာကို အဖြေမပေး နိုင်တဲ့အခါ (စစ်တပ်ရဲ့) အရာရှိအလွှာပိုင်းက သူတို့သာလျှင် လူ့အဖွဲ့အစည်းမပြိုလဲ မပျက်စီးအောင်"ကယ်တင်"နိုင်တဲ့ တခုတည်းသော အလွှာအဖြစ်မြင်ခဲ့ကြတယ်။ (ဒီမှာလည်း "save" ကိုအဖွင့်အပိတ်နဲ့ရေးပြီး ထေ့ထားပြန်တယ်။ အခုကိုးကားဖော်ပြနေတဲ့ Ted Grant ရဲ့လေ့လာသုံးသပ်ချက်ဟာ ၁၉၆၄ ခုနှစ်က ရေးခဲ့တဲ့စာတမ်းထဲမှာပါတယ်။ ဗမာပြည်ရဲ့ဘူဇွှာတွေဆိုတာ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးကာလကနေ ၁၉၆၂ခုနှစ်အတွင်း အာဏာရခဲ့သူ အစိုးရအဆက်ဆက်ကို အဓိက ရည်ညွှန်းထားပုံရတယ်။ အရာရှိအလွှာပိုင်းဆိုတာကတော့ နေဝင်းတို့စစ်အုပ်စုကို ရည်ညွှန်းသုံးစွဲပုံရတယ်။ --ဘာသာပြန်သူ)။ "ဆိုရှယ်လစ်" အုပ်စုတစုအဖြစ် ပါဝင်ခဲ့တဲ့ စစ်အရာရှိအလွှာပိုင်းဟာ တိုးတက်နိုင်တဲ့တ ခုတည်းသောလမ်းက တရုတ် "ဆိုရှယ်လစ်"ပုံစံပဲလို့ တွက်ဆခဲ့ကြတယ်။ ဒါပေမယ့် "ဗမာ့နည်းဗမာဟန်" "ဆိုရှယ်လစ်" လို့ခေါ်ခဲ့တယ်။ အတွေ့ရများတဲ့လမ်းကြောင်းတွေအတိုင်း သူတို့မြန်မြန်ဆန်ဆန် လုပ်ခဲ့ကြတယ်။ အဲဒါတွေကတော့ တပါတီအာဏာရှင်စနစ် နဲ့ လောင်စာဆီ၊ ကျွန်းနဲ့ ပို့ဆောင်ရေးတွေအပါအဝင် ပြည်ပပိုင် လုပ်ငန်းတွေကို နိုင်ငံပိုင်သိမ်းခြင်းတို့ပဲ။ အိမ်ဆိုင်ပေါက်စလေးတွေကိုတောင် အစိုးရပိုင်လုပ်လာတဲ့အထိပဲ။ သူတို့ကိုယ်သူတို့တော့ လယ်သမား၊ အလုပ်သမားထု အခြေခံတယ် ဆိုတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ ဆိုရှယ်လစ်စနစ်ကို သူတို့နားမလည်ဘူး။ အဲဒါနဲ့ဆန့်ကျင်ဘက်ပဲ။ သူတို့အစီအမံက "ဗမာ-ဗုဒ္ဓဝါဒ ဆိုရှယ်လစ် စနစ်" တမျိုးပဲ။" [from The Colonial Revolution and the Sino-Soviet Dispute, By Ted Grant, August 1964]

ဘူဇွှာမီဒီယာတွေ ပုံဖော်ခဲ့သလို ဗမာနိုင်ငံဟာ ဘယ်တုန်းကမှ ဆိုရှယ်လစ်နိုင်ငံမဖြစ်ခဲ့ဘူး။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ဆိုတာ ဆိုရှယ်လစ်စနစ်ကို ဆိုးဆိုးဝါးဝါးပုံဖျက်ထားခြင်းပဲ။ ဗမာ့နည်းဗမာ့ဟန်ဆိုရှယ်စနစ်မှာ ကုန် ထုတ်ကြိယာတွေအားလုံးကို အစိုးရက သိမ်းယူလိုက်ပေမယ့် ပါဝါက အလုပ်သမားနဲ့လယ်သမားထု လက်ထဲမှာ မရှိခဲ့ဘူး။ ပါဝါတကယ်ရှိ(ခဲ့)တာ ဗျူရိုခရက်တစ်(ခ်)စစ်အုပ်စုထပ်ပိုင်းလက်ထဲ မှာပဲ။

ပါဝါရလာတဲ့ စစ်အစိုးရမှာ စီးပွားရေးဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမလဲ ဘာမှရှင်းရှင်းလင်းလင်းနားမလည်ခဲ့ဘူး။ စီးပွားရေးလုပ်ငန်း အကြီးစားတွေတင် အစိုးရပိုင်လုပ်ခဲ့တာမဟုတ်ဘူး။ မြေကွက်သေးသေး၊ ဆိုင်သေးသေး လေးတွေပါမကျန် အစိုးရကသိမ်းယူခဲ့တယ်။ ဒီလို လုပ်လိုက်တဲ့အတွက် စီးပွားရေးတိုးတက်ဖို့အလားအလာ ဝေးသထက်ဝေးသွားရုံမက ဆိုးသထက်ဆိုးသွားစေခဲ့တယ်။ စစ်အစိုးရက ဘယ်လောက်ထိ ချုပ်ခြယ်ဖိနှိပ်ခဲ့ သလဲဆိုရင် အကခန်းမတွေပိတ်၊ ခရီးသွားလုပ်ငန်းတွေဖျက်သိမ်း၊ နိုင်ငံခြားသားတွေမောင်းထုတ် ဆိုတဲ့အထိပဲ။ ကျနော်တို့တွေ့ဖူးသမျှ အဆိုးဝါးဆုံးအာဏာရှင်အစိုးရတွေထဲကတခုပဲ။ နေရာတော်တော်များများမှာ မြောက်ကို ရီးယား အစိုးရနဲ့ ပုံစံတူတယ်။

စီးပွားရေးဖွံ့ဖြိုးမှုနည်းနည်းပါးပါးရှိခဲ့ပေမယ့် ဗျူရိုခရက်တစ်(ခ်)ချုပ်ခြယ်မှုတွေက စီးပွားရေးကို လည်မျိုက ညှစ်ထားခဲ့တယ်။ အထူးသဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ။ ဗမာပြည်ဟာ ကမ္ဘာပေါ်မှာ ဆန်တင် ပို့မှုအများဆုံးနိုင်ငံဖြစ်ခဲ့တယ်။ ဒါပေမယ့် ၁၉၇၀ဝန်းကျင် ကာလတွေ မှာ ဗမာလူထု ထမင်းဝဝလင်လင် စားနိုင် အောင်ပင် ဆန်မထုတ်နိုင်တော့။ (စစ်တပ်ကအာဏာမသိမ်းခင်)၁၉၆၀ နိုင်ငံသားတဦးချင်း တနှစ်ပျှမ်းမျှဝင်ငွေ ဒေါ်လာ ၆၇၀ ရှိခဲ့ရာကနေ ၁၉၈၉မှာ ဒေါ်လာ ၂၀၀အထိ လျော့ကျသွားခဲ့တယ်။ စစ်ဗျူရိုခရက်အလွှာဟာ ကုန်ထုတ်အင်အားစုတွေ ဖွံ့ဖြိုးတိုးတက်မှုကို ပြိုင်စံရှားပိတ်ပင်ဟန့်တားချုပ်ခြယ်သူ မြန်မြန်ဆန်ဆန်ဖြစ် လာခဲ့တယ်။ အင်မတန်ကြွယ်ဝချမ်းသာတဲ့ တိုင်းပြည်ဖြစ်နိုင်တဲ့ နိုင်ငံတခုဟာ ကမ္ဘာပေါ်မွဲတကာ့ ထွတ်ခေါင် နိုင်ငံစာရင်းဝင် ဖြစ်ခဲ့ရတော့တယ်။

၁၉၈၀ကာလတွေမှာ အခြေအနေတွေက ဆိုးသထက်ဆိုးလာတယ်။ ၁၉၈၇မှာ စစ်အစိုးရက ငွေစက္ကူ အမြောက်အမြားကို တရားမဝင်တော့ကြောင်း ကြေညာခဲ့တယ်။ သာမန်လူထုရဲ့ ရှိစုမဲ့စုလေးတွေ ဖျက်ဆီးခံ လိုက်ရတယ်။ ရလဒ်ကတော့ ၁၉၈၈ အရေးတော်ပုံ ပေါ်ပေါက်ခဲ့တာပဲ။ နောက်ဆုံးတော့ စစ်တပ်က သွေးထွက် သံယိုဖြစ်အောင် အကြမ်းဖက်ဖြိုခွဲခဲ့တယ်။ အဲဒီနှစ်မှာ စစ်ဗိုလ်ချုပ်ဟောင်း နေဝင်း အနားယူသွားပြီး စစ်ဗိုလ်ချုပ် တစုက အာဏာထပ်သိမ်းတယ်။ နေဝင်းလက်ထက်က နိုင်ငံကို ခြယ်လှယ်ခဲ့တဲ့ အုပ်စုကိုလည်း တွန်းထုတ်ဖယ် ရှားပစ်လိုက်တယ်။ ဗမာနိုင်ငံကို "မြန်မာ"အဖြစ်ပြောင်းခဲ့တာလည်း အဲဒီ စစ်အစိုးရအသစ်ပဲ။ "ပြည်ထောင်စုဗမာ့ဆိုရှယ်လစ်သမ္မတနိုင်ငံတော်" လို့ခေါ်ဆိုခြင်းကို ဖျက်သိမ်းလိုက်တယ်။ ၁၉၉၀မှာ ရွေး ကောက်ပွဲလုပ်ခဲ့တယ်။ အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လူထုထောက်ခံမှု ၈၀%နဲ့ အပြတ်အသတ်နိုင်ခဲ့တယ်။

အဲဒီအချိန် တရုတ်မှာဖြစ်နေတာတွေနဲ့အညီ၊ ဗမာပြည်ရဲ့အခြေအနေတွေ ညွှန်ပြနေတာက စစ်ထိပ်ပိုင်းအုပ်စု အနေနဲ့ စီးပွားရေးကို ဖွင့်ဖို့ ဖိအားပေးခံနေရပြီ ဆိုတာပဲ။ ဒါပေမယ့် စစ်ထိပ်ပိုင်းအုပ်စုအနေနဲ့ စီးပွားရေးအပေါ် မောင်ပိုင်စီးလက်ဝါးကြီးအုပ်ထားတာတွေ လက်လွှတ်လိုက်ရတာ အဖြစ်မခံနိုင်ဘူး။ အဲဒီအပေါ်အခြေခံပြီး သူတို့ အခွင့်ထူးတွေစံစားနေတာ။ စစ်အုပ်စုအနေနဲ့ "လစ်ဘရယ်လိုက်ဇေးရှင်း" ဆိုတာကို မဆန့်ကျင်ဘူး။ ဆိုလိုတာ က အရင် အစိုးရပိုင် စီမံကိန်းစီးပွားရေးစနစ်ကို ဖျက်ပြီး ပုဂ္ဂလိကပိုင်ပြုခြင်းပဲ။ ဒါပေမယ့် အဲ့သလို ပုဂ္ဂလိက ပိုင်ပြုရာမှာလည်း ကုန်ထုတ်ကြိယာအားလုံး (အလွယ်ပြောရရင် ဗမာ့စီးပွားရေးလုပ်ငန်းအားလုံး) ရဲ့ပိုင်ရှင်ဟာ သူတို့ဖြစ်ချင်တာပဲ။ ဒီနေရာမှာ သူတို့သွားတဲ့ပုံစံက တရုတ်ပုံစံနဲ့တူနေတုန်းပဲ။ တရုတ်ရဲ့ နိုင်ငံရေးစနစ်ဟောင်း ကတော့ နဂိုအတိုင်းရှိနေတုန်းပဲ။ ဒါပေမယ့် စီးပွားရေးအခြေခံက အရင်းရှင်စနစ်ဆီ ရှေးရှုခုတ်မောင်းနေပြီ။

ဒါ့ကြောင့်မို့ စစ်အုပ်စုက၁၉၉၀ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ပြီး ၉၀ခုနှစ်အစောပိုင်းကာလတွေမှာပဲ တံခါးဖွင့် စနစ်ကို ချဉ်းနင်းဝင်ရောက်ခဲ့တယ်။ ဈေးကွက်ဖွံ့ဖြိုးမှုကို အတော်အသင့်ခွင့်ပြုခဲ့တယ်။ နယ်ချဲ့အရင်းရှင်တွေအ မြင်မှာတော့ စစ်အုပ်စုသွားတာ ခရီးတွင်တယ် မထင်လှဘူး။ စစ်အစိုးရ လမ်းခုလတ်မှာ။ (ဈေးကွက်စီးပွား ရေးစနစ်ကို ထိရောက်အောင်မလုပ်ပဲ ဟိုမရောက်ဒီမရောက်ဖြစ်နေတာ --ဘာသာပြန်သူ)။ ဒါ နယ်ချဲ့အရင်းရှင် တွေ တကယ်စိုးရိမ်တဲ့အချက်ပဲ။ ဒီမိုကရေစီမရှိတာကို စိုးရိမ်တာမဟုတ်ဘူး။ နောက်ဆုံးမှာတော့ (ဒီမိုကရေစီ ချစ်လှပါချည်ရဲ့အော်နေတဲ့) နယ်ချဲ့အရင်းရှင်တွေဟာ တပါတီအာဏာရှင်စနစ်ကြီးစိုးတဲ့ တရုတ်နဲ့ စီးပွားရေး လုပ်ငန်းတွေ တပျော်တပါးကြီးလုပ်နေတာပဲ။ ဗမာပြည်အတွက် "ဒီမိုကရေစီ" ကို နယ်ချဲ့အရင်းရှင်တွေ ဟစ်ကြွေးနေရတဲ့ တကယ့်အကြောင်းက ဘူဇွှာဒီမိုခရက်တစ်(ခ်)အစိုးရတရပ်ဆိုရင် (နယ်ချဲ့အရင်းရှင်တွေ) ချမှတ်တဲ့ စီးပွားရေးပေါ်လစီကို ပိုပြီး လွယ်လင့်တကူ နာခံမယ်လို့ မြင်ထားတာကြောင့်ပဲ။
[တရုတ်နဲ့စီးပွားရေးတွဲလုပ်နေတဲ့ စစ်အစိုးရဆိုရင် အမေရိကန်တို့လို နယ်ချဲ့အရင်းရှင်တွေရဲ့ စီးပွားရေး ပေါ်လစီတွေကို သိပ်ပြီး လွယ်လွယ်နဲ့နာခံမှာမဟုတ်ဘူး။ ဒါ့ကြောင့်ပဲ အမေရိကန်နဲ့ အနောက်အုပ်စု ဆုတွေတ ဆုပြီးတဆုပေးပြီး စင်တင်ပေးခဲ့တဲ့ စုကြည်ရဲ့ ဘူဇွှာဒီမိုခရက်တစ်(ခ်)အစိုးရတက်လာလာချင်း အမေရိကန်က အရေးယူပိတ်ဆို့မှုတွေရုတ်သိမ်းတယ်။ IMF တို့လို ကမ္ဘာ့ဘဏ်တို့လို နယ်ချဲ့အရင်းရှင်အုပ်စု ချမှတ်တဲ့ စီးပွားရေးပေါ်လစီတွေကို စုကြည်အစိုးရ ကောင်းကောင်းကြီး နာခံလုပ်ဆောင်နေပြီ။-ဘာသာပြန်သူ]

မွဲပြာကျစီးပွားရေး
-------------------

ဗမာပြည်ရဲ့စီးပွားရေးဟာ ဖွံ့ဖြိုးမှုမရှိသေးဘူး။ ၁၉၈၈အရေးတော်ပုံကို ဖြိုခွဲပြီး စစ်တပ်က ၉၀ရွေးကောက်ပွဲရ လဒ်ကိုလည်း ငြင်းဆန်ပြီးတဲ့နောက် ပြည်ပအကူအညီနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်သွားခဲ့တယ်။ ၂၀၀၃ခုနှစ်မှာ အောင်ဆန်းစုကြည်ရဲ့ကားတန်းကို စစ်အစိုးရက တိုက်ခိုက်ပြီးတဲ့နောက် ပြည်ပစီးပွားရေးဖိအားတွေ ပြင်းသ ထက်ပြင်းလာတယ်။ အမေရိကန်က အရေးယူပိတ်ဆို့မှုတွေ ထပ်လုပ်ခဲ့တယ်။ စီးပွားရေးကို လည်မြိုထပ် ညှစ်ခံရပြန်တယ်။

ဗမာ့စီးပွားရေးနဲ့ဆိုင်တဲ့ စာရင်းအင်းတွေရဖို့ မလွယ်လှဘူး။ ၁၉၉၇ခုနှစ်ကစလို့ စစ်ဗိုလ်ချုပ်တွေက နိုင်ငံ့ဘတ် ဂျတ်ကို တရားဝင်မထုတ်ပြန်တော့ဘူး။ ပြီးတော့ သူတို့ထုတ်တဲ့ ကိန်းဂဏန်းတွေကိုလည်း ယုံလို့မရဘူး။ အဲ့သလိုကာလမှာ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ ကဏ္ဍတွေမှာလည်း ကိန်းဂဏန်းတွေထုတ်ပြန်တာ အတော်ရှားတယ်။ ဒါပေမယ့် ခန့်မှန်းချက်တွေကတော့ စစ်အစိုးရက ကာကွယ်ရေးနဲ့ လက်နက်အသုံး စရိတ်အတွက် တနှစ်ကို ဘတ်ဂျတ်၄၀%အထက် သုံးတယ်လို့ ဆိုတယ်။ ဒါပေမယ့် ပညာရေးနဲ့ ကျန်းမာရေး ၂ခုပေါင်း အတွက်တော့ ဂျီဒီပီရဲ့ ၁%အောက်သာ သုံးတယ်။

ရနိုင်သမျှအချက်အလက်တွေက ဖော်ပြနေတာကတော့ ဗမာပြည်သူလူထုရဲ့ ဘဝတွေ ဘယ်လောက် အခြေအ နေဆိုးနေသလဲ ဖော်ပြနေတယ်။ စီးပွားရေး အင်မတန်နိမ့်ကျနေတာကိုလည်း ဖော်ပြနေတယ်။ လူဦးရေ သန်း ငါးဆယ်နီးပါးရှိတဲ့အထဲက လုပ်သားအင်အား ၂၉သန်းရှိတယ်။ ဒါပေမယ့် ဒီလုပ်သားအင်အားထုရဲ့ ၇၀%က လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ။ လယ်ယာစိုက်ပျိုးရေးက ဂျီဒီပီရဲ့ ၅၀%ရှိတယ်။ စက်မှုလုပ်ငန်းက ၁၅%ပဲ။ အလုပ်လက်မဲ့နှုန်းက ၁၀%အထက်မှာ။ ၂၀၀၆ခုနှစ်မှာ လူတဦးချင်း တနှစ်ပျှမ်းမျှဂျီဒီပီက ဒေါ်လာ ၁၈၀၀ ဝန်းကျင်ပဲရှိတယ်။

ဒါပေမယ့် ဒီကိန်းဂဏန်းတွေက ဥစ္စာဓနခွဲဝေမှု အစစ်အမှန်ကို ဖုံးကွယ်ထားတယ်။ လူဦးရေရဲ့ အဆင်းရဲဆုံး ၁၀%က နိုင်ငံ့ဥစ္စာဓနရဲ့ ၂.၈% ကိုပဲ စားသုံးရတယ်။ အချမ်းသာဆုံး ၁၀%ကတော့ နိုင်ငံ့ဥစ္စာဓနရဲ့ ၃၂.၄% ကိုသုံးဖြုန်းနေကြတယ်။ (၁၉၉၈ ကိန်းဂဏန်းတွေ)။ ၂၀%အထက် တဆင့်ပြီးတဆင့် ဖောင်းပွလာနေတဲ့ ငွေကြေးဖောင်းပွမှုက ဒီအခြေအနေကို ပိုဆိုးစေတယ်။ ဒါ့ကြောင့် လူဦးရေရဲ့ ၂၅% က မွဲပြာကျအခြေအနေ အောက်ရောက်နေရတာ။ ဝမ်းလျှောဝမ်းပျက်၊ အသည်းရောင်၊ အူရောင်ငန်းဖျား၊ သွေးလွန်တုပ်ကွေး နဲ့ ငှက်ဖျား လိုရောဂါတွေ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကလည်း အင်မတန်ကြီးမားတယ်။ HIV လည်းပေါတယ်။ ပြီးခဲ့တဲ့နှစ်အ နည်းငယ်ထိ ဗမာပြည်ရဲ့ ပျမ်းမျှလူ့သက်တမ်းက ၆၂နှစ်။ ဒိထက်မြန်မြန်ဆန်ဆန်ထိုးဆင်းသွားလိမ့်မယ်လို့ တွက်ဆနေကြတယ်။ တချို့ခန့်မှန်းချက်တွေကဆိုရင် ငါးဆယ်အောက်တောင် ရောက်နိုင်တယ်လို့ ဆိုကြတယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း လူတိုင်းခံစားရမယ့် အခြေခံစနစ်တွေ၊ ဝန်ဆောင်မှုတွေ နေရာတိုင်းမှာ လျော့ရဲကျဆင်းလာခြင်းကို ညွှန်ပြနေတယ်။

ဒီလို အထွေထွေစီးပွားရေး၊ လူမှုရေးယိုယွင်းပျက်စီးမှုနဲ့အတူ တိုင်းပြည်ရဲ့ပြဿနာဟာ ဆိုးသထက်ဆိုးလာ တယ်။ လူဦးရေအများစု (၆၈ %ဝန်းကျင်)က ဗမာတွေ။ ကျန်တာကတော့ တိုင်းရင်းသားလူနည်းစုတွေ။ ရှမ်း၊ ကရင်၊ ရခိုင်၊ တရုတ်၊ အင်းဒီယ၊ မွန် နဲ့ တခြားတိုင်းရင်းသားလူနည်းစုတွေ။ ပဋိပက္ခတွေလည်းရှိနေတယ်။ အထူးသဖြင့် အရှေ့ဘက်နယ်ခြားစည်း တလျှောက်မှာ။ အစိုးရထိုးစစ်ဆင်မှုတွေကြောင့် စစ်ဘေးရှောင်ဒုက္ခ သည်တွေ အမြောက်အမြားရှိလာတယ်။ ကရင်၊ ကရင်နီ၊ ရှမ်း၊ တဗိုယန်း နဲ့ မွန် လူမျိုးတွေ နေရပ်စွန့်ခွာ တိမ်း ရှောင်ကြရတယ်။

စီးပွားရေးနဲ့ အခြေခံဝန်ဆောင်မှုစနစ်တွေ ဘယ်လောက်တောင် ပြိုလဲကုန်သလဲ ဆိုတာကို လူကုန်ကူးမှုတွေ ဗမာနိုင်ငံရဲ့ အဓိက ပို့ကုန်ဖြစ်လာနေတဲ့ အချက်ကို ကြည့်ပြီးသိနိုင်တယ်။ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေကို လိင်လုပ်ငန်းမှာ အမြတ်ထုတ် သွေးစုပ်ခံရဖို့၊ အိမ်တွင်းကျွန်ပြုခိုင်းစေခံရဖို့၊ ဈေးကွက်မှာ အတင်းအကြပ်လုပ်အားကိုညှစ်ခိုင်းဖို့အတွက် အရှေ့နဲ့ အရှေ့တောင် အေးရှဒေသကို မှောင်ခိုတင်ပို့ကြတယ်။ ဗမာ့ရွှေ့ပြောင်းလုပ်သားအများစုဟာ အတင်းအကြပ် လုပ်အားခိုင်းစေခံရတဲ့ ဘဝနဲ့ အဆုံးသတ်ရတယ်။ အမျိုး သမီးအများစုကတော့ အတင်းအဓမ္မ လိင်ကျွန်ပြုခံရတယ်။ ကုန်ကြမ်းကြွယ်ဝတဲ့ နိုင်ငံတခုဖြစ်ပေမယ့် ကမ္ဘာ ပေါ်မှာ ဘိန်းဒုတိယအများဆုံးထုတ်တဲ့ တိုင်းပြည်တခုဖြစ်လာတယ်။ သန်းနဲ့ချီတဲ့ဗမာလူထုက ဆင်းရဲတွင်း နက်နေချိန် ပုဂ္ဂလိကဥစ္စာဓန များသထက်များအောင်စုပ်ယူရင်း အလုပ်ရှုပ်နေတဲ့ အင်မတန်ဖောက်ပြန်ပျက်စီး နေတဲ့ စစ်အုပ်စုကတော့ ဒီအခြေအနေတွေကို မျက်စိမှတ်ဇွတ်ငြင်းနေ လေရဲ့။

(ဆက်လက်ဖော်ပြပါမယ်)

ဘာသာပြန်သူ = ဆွေသက်ဇော်