Part two of a Burmese translation of Reason and Revolt by Ted Grant and Alan Woods
[Source]
သိပ္ပံပညာ ရပ်လောကဟာ အရင်းရှင်လူ့အဖွဲ့အစည်းရဲ့ ပြိုကွဲပျက်စီးမှုကနေ လွတ်ကင်းနေသေးတယ်လို့ မကြာသေးခင်အချိန်ထိ ထင်မြင်ခဲ့ရပါသေးတယ်။ ခေတ်သစ် နည်းပညာရဲ့ ထူးထွေဆန်းပြားမှုတွေ က သိပ္ပံပညာ ရှင်တွေကို ကြီးမားတဲ့စွမ်းအားတွေပေးထားပါတယ်။ သူတို့ကို မှော်ဆန်ဆန် အစွမ်းတွေ ပိုင်ဆိုင်ထားတယ်လို့တောင်ထင်မြင်လာစေပါတယ်။ လူများစု ပညာတတ်တွေတောင်မှ နားမလည်နိုင်တော့အောင် သူတို့ရဲ့ သီအိုရီတွေက ရှုပ်ထွေးလာတာနဲ့အမျှ သိပ္ပံပညာရပ်အသိုက်အဝန်းဟာလည်း ပိုမိုအထင်ကြီးလေးစားခံလာရပါတယ်။ ဒါပေမဲ့ သိပ္ပံပညာ ရှင်ဆိုတာကလည်း ကျနော်တို့လိုပဲ ဒီကမ္ဘာမှာရှင်သန်နေထိုင်ကြတဲ့ သာမန် သေနိုင်တဲ့ လူသားတွေပါပဲ။ ဒါကြောင့်မို့ အသာစီးရနေတဲ့ အတွေးအခေါ်၊ ဒဿနတွေ ၊ နိုင်ငံရေး၊ လူအုပ်စုတစုပေါ်ထားတဲ့ အမြင်တွေ စတဲ့အရာတွေအပြင် တခါတရံမှာ ဥစ္စာပစ္စည်း အကျိုးအမြတ်တွေကပါ သူတို့အပေါ် လွှမ်းမိုးမှုရှိနိုင်ပါတယ်။
သိပ္ပံပညာ ရှင်တွေ ၊ အထူးသဖြင့် သီအိုရီ ရူပဗေဒပညာရှင်တွေဟာ သာမန်လူသားတွေရဲ့အထက်မှာ ရှိနေတဲ့ အထူးလူတန်းစားတမျိုးဖြစ်ပြီး သူတို့ဟာ သာမန်လူသားတွေကို စကြ၀ဠာ ကပေးမသိတဲ့ လျို့ဝှက်ချက်တွေကို သိခွင့်ရထားတယ်လို့ အချိန်အတော်ကြာအောင် ယူဆထားခဲ့ကြပါတယ်။ ဒီ နှစ်ဆယ်ရာစု ဒဏ္ဍာရီ ကြီးကို ကမ္ဘာ ကြီးဟာ ပြင်ပက ဂြိုဟ်သားတွေရဲ့ တိုက်ခိုက်မှုနဲ့ အမြဲခြိမ်းခြောက်ခံနေရသယောင် ပုံဖော်ထားတဲ့ သိပ္ပံ ဝတ္ထု ရုပ်ရှင်ဟောင်းတွေကနေ ကောင်းကောင်းဖော်ပြပေးထားပါတယ်။ (တကယ်တမ်းတော့ လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်က အနီးအနားမှာပဲရှိနေတာပါ၊ ဒါက တပိုင်းထားလိုက်ကြရအောင်ပါ။) ရုပ်ရှင် နောက်ဆုံးခန်းမှာ အဖြူ ရောင်ကုတ်အကျီင်္နဲ့ လူတယောက်က ထွက်လာပြီး ကျောက်သင်ပုန်းမှာ ရှုပ်ထွေးတဲ့ ညီမျှခြင်းတခုရေးချလိုက်ပါတယ်။ ပြီးရင်တော့အားလုံး အဆင်ပြေသွားပါတယ်။
အမှန်တရားကတော့ ဒါနဲ့တော်တော်လေးကွာခြားပါတယ်။ သိပ္ပံပညာရှင်တွေနဲ့ တခြား ပညာရှင်တွေဟာ လူ့အဖွဲ့အစည်း မှာဖြစ်ပျက်နေတဲ့ ယေဘုယျ အလားအလာဖြစ်နိုင်ခြေတွေကနေ မလွတ်ကင်းနိုင်ပါဘူး။ သူတို့ဟာ နိုင်ငံရေးနဲ့ ဒဿနအတွေးအခေါ်တွေနဲ့ လွတ်ကင်းတယ် ဆိုတဲ့အချက်က သူတို့ဟာ လက်ရှိဖြစ်တည်ဆဲ အယူအဆ အမြင်သဘောထားတွေထဲ လွယ်လွယ်ကူကူ ပျော်ဝင် သွားနိုင်တာကို ဖော်ပြနေတာပါ။ သူတိုရဲ့ အတွေးအခေါ်တွေကို ခေတ်နောက်ပြန်အဆွဲဆုံး ( အပြောင်းအလဲကို လိုလားမှုမရှိဆုံး) နိုင်ငံရေးရပ်တည်ချက်တွေ အတွက်ထောက်ပံ့ပေးဖို့အသုံးချနိုင်ပါတယ်။ သိသာထင်ရှားတဲ့ တန်ပြန်တော်လှန်ရေးကြီး (အထူးသဖြင့် အမေရိကန် မှာ) ဖြစ်ပေါ်ခဲ့တဲ့ မျိုးဗီဇဆိုင်ရာ ပညာရပ်နယ်ပယ်မှာဆိုရင် ဒီအချက်ကိုထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။ သိပ္ပံ နည်းကျ တဲ့ သီအိုရီလို့မှတ်ယူထားတဲ့ အရာတွေကိုအသုံးပြု ပြီး 'ပြစ်မှုကျူးလွန်မှု' တွေဟာ လူမှုရေးအခြေအနေတွေကြောင့်မဟုတ်ဘဲ 'ပြစ်မှုကျူးလွန်တဲ့ ဗီဇ' ကြောင့်ဖြစ်ရတယ်လို့ သက်သေပြဖို့ လုပ်ခဲ့ကြပါတယ်။ လူမည်းတွေဟာ ခွဲခြားဆက်ဆံခံရတာကြောင့်မဟုတ်ဘဲ သူတို့ရဲ့ မျိးဗီဇတည်ဆောက်မှုကြောင့် နိမ့်ပါးဆင်းရဲနေရတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။ ဆင်းရဲသားတွေ၊ လင်ယောက်ျားမရှိတဲ့ မိခင်တွေ၊ အမျိုသမီးတွေ၊ လိင်တူဆက်ဆံသူတွေ ကိုလည်း ဒီလိုပုံစံနဲ့ပဲ စွပ်စွဲပြစ်တင်ကြပါတယ်။ အမှန်ပြောရရင် ဒီလိုသိပ္ပံပညာ မျိုးဟာ လူမှုဖူလုံရေးရန်ပုံငွေတွေကို ဖြတ်တောက်ပစ်ဖို့ ရည်ရွယ်နေတဲ့ ရီပတ်ဘလစ်ကန် စိုးမိုးတဲ့ လွှတ်တော်အတွက် တော့ အလွန်ကိုက်ညီ ကောင်းမွန်လှပါတယ်။
ဒီစာအုပ်ဟာ ဒဿနအကြောင်းပါ၊ တိတိကျကျပြောရရင် မာ့စ်ဝါဒရဲ့ ဒဿနဖြစ်တဲ့ ဒိုင်ယာလက်တစ် ရုပ်ဝါဒအကြောင်းဖြစ်ပါတယ်။ သိပ္ပံပညာ ရှင်တွေကို ဘယ်လိုတွေးရမယ် ဘာတွေရေးရမယ် ဆိုတာ ဝေဖန်ထောက်ပြနေဖို့က ဒဿနရဲ့ အလုပ်မဟုတ်ပါဘူး၊ အနည်းဆုံး သူတို့က သိပ္ပံပညာ အကြောင်းပဲရေးခဲ့ရင်ပေါ့။ ဒါပေမဲ့ သိပ္ပံပညာ ရှင်တွေက ဒဿနပညာ၊ ဘာသာရေး၊ နိုင်ငံရေးတွေနဲ့ပက်သက်တဲ့ အမြင်တွေကိုပါ ဖော်ပြလာတာက အကျင့်တခုလိုဖြစ်နေပါတယ်။ သူတို့မှာ ရေးခွင့်လည်းရှိပါတယ်။ ဒါပေမဲ့ အလွန်တရာ ဆိုးဝါးတဲ့ နောက်ပြန်ဆွဲ ဒဿနအမြင်တွေကို ကာကွယ်ဖို့ရာ သိပ္ပံပညာ အရ ပြည့်စုံမှန်ကန် (သယောင်ထင်ရတဲ့) စာတမ်းတွေကို သုံးလာပြီဆိုရင်တော့ သူတို့ဆီ ကျနော်တို့အာရုံစိုက်လာရဖို့အချိန်ပါပဲ။ ဒီလိုစာတမ်းတွေ ၊ သီအိုရီဆိုင်ရာထုတ်ပြန်ချက်တွေက လက်တဆုပ်စာ ပရော်ဖက်ဆာ တွေကြားမှာပဲရှိနေမှာမဟုတ်ပါဘူး။ လက်ယာနိုင်ငံရေးသမားတွေ ၊ လူမျိုးရေးခွဲခြားသူတွေ၊ ဘာသာရေး အစွန်းရောက်တွေက ဒါတွေကိုယူသုံးပြီး သိပ္ပံပညာ အတုအယောင် တွေနဲ့ သူတို့ကိုယ်သူတို့ကာကွယ်တည်ဆောက်ကြပါတယ်။
သူတို့ကအထင်လွဲခံရတာပါလို့ သိပ္ပံပညာ ရှင်တွေက စောဒကတက်လေ့ရှိပါတယ်။ သူတို့က ဘာသာရေးသမားလူလိမ်လူကောက်တွေနဲ့ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေ အတွက် အသုံးဝင်စေမဲ့ အချက်အလက်တွေ ထောက်ပံ့ပေးဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ပြောကြတယ်။ ဒီလိုလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုသာဆိုရင် သူတို့ဟာ ဂရုမပြု ဘဲ ပြု မူမှု၊ ဒါမှမဟုတ် အနည်းဆုံးတော့ မသိနားမလည်မှု တွေအတွက်အပြစ်ရှိပါတယ်။ တဖက်ကလည်း သိပ္ပံပညာ ရှင်တွေရဲ့ မှားယွင်းတဲ့ ဒဿနအမြင်တွေကို အသုံးချတဲ့ လူတွေကို မသိနားမလည်မှုအတွက်အပြစ်တင်လို့မရပါဘူး။ ဒီလူတွေက သူတို့ရပ်တည်ရာရှုထောင့်ကိုပဲသိပါတယ်။ "အစွဲကင်းတဲ့ ငွေကြေးရှာဖွေသုံးစွဲမှုပေါ်အခြေခံတဲ့ ဘာသာရေး (ငွေကြေးကိုသာ ဘာသာရေးတခု ဘုရားသခင်တပါးအဖြစ်ကိုးကွယ်ခြင်းကို ဆိုလို- ဘာသာပြန်သူ) ကို သံချေးတက်နေတဲ့ တောင်ပံလို ချန်ထားခဲ့လာတာနဲ့အမျှ တကယ့် ကိုယ်ကျင့်တရား ကျင့်ဝတ်တွေနဲ့ အမျက်ထွက်နေတဲ့ နတ်ဘုရားတွေ ပါဝင်တဲ့ ခက်ထန်တဲ့ဘာသာရေးတွေ တကျော့ပြန်လာလိမ့်မယ်။ ရာစုနှစ်များစွာအတွင်း မှာ ပထမဆုံးအကြိမ်အနေနဲ့ သိပ္ပံပညာ ရဲ့ ရှာဖွေထုတ်ပြမှုတွေက ဘဝရဲ့ နာမ်ပိုင်းဆိုင်ရာ ရှုထောင့်ကို မှေးမှိန် စေရမယ့်အစား အားပေးလာလိမ့်မယ်" လို့ ရီးစ်မော့ဂ် ကငြင်းချက်ထုတ်ပါတယ်။ ရီးစ်မော့ဂ်အတွက်ကတော့ ဘာသာရေးဆိုတာ ရဲတွေနဲ့ ထောင်တွေနည်းတူ အသာစီးမရတဲ့ ဆင်းရဲသားတွေကို နေမြဲတိုင်းနေစေဖို့ ဖိနှိပ်ထားစရာ လက်နက်ကောင်းတခုပဲဖြစ်တယ်။ သူက ဒါကိုရှင်းရှင်းပဲ ခုလိုပြောပါတယ်
"အမြင့်ကိုရောက်ဖို့ မျှော်လင့်ချက်နည်းလာတာနဲ့အမျှ ဆင်းရဲသားတွေအဖို့ သိပ္ပံ နည်းမကျတဲ့ ထင်ယောင်ထင်မှား တွေပြည့်နေတဲ့ ပုံစံနဲ့ပဲ ဘဝကိုရှု မြင်ဖို့ဖြစ်လာပါတယ်။ နည်းပညာရဲ့ နေရာမှာ သူတို့က မှော်ပညာကိုအစားထိုးလာတယ်။ အမှီအခိုကင်းတဲ့ လက်တွေ့ လေ့လာဆန်းစစ်မှုတွေအစား ကျဉ်းမြောင်းတဲ့ မျက်စိမှိတ်ယုံကြည်မှုတွေကိုအားထားလာကြပါတယ်။ သမိုင်းဖြစ်ရပ်တွေအစား ဒဏ္ဍာရီပုံပြင် တွေကိုယုံကြည်လာကြတယ်။ အထုပ္ပတ္တိတွေအစား သူရဲကောင်းတွေကို တီထွင်လာကြတယ်။ ပြီးတော့ သူတို့ဟာ ဈေးကွက်စီးပွားရေးကလိုအပ်နေတဲ့ ဘက်လိုက်မှုကင်းတဲ့ ရိုးသားမှုနေရာမှာ မိသားစုဆွေမျိုး အပေါ်အခြေခံတဲ့ သစ္စာခံမှု တွေကိုအစားထိုးလာကြပါတယ်။"
ဈေးကွက်ရဲ့ ဘက်လိုက်မှုကင်းတဲ့ ရိုးသားမှု ဆိုတာကြီးကို ခဏဖယ်ထားကြပြီး သူ့အဆိုရဲ့ အဓိကအချက်ကိုကြည့်ကြရအောင်ပါ။ အနည်းဆုံးတော့ ရီးစ်မော့ဂ်က သူ့ရဲ့ တကယ့် ရည်ရွယ်ချက် နဲ့ သူပါဝင်တဲ့လူတန်းစားရဲ့ရပ်တည်မှုကို ဖုံးကွယ်မထားပါဘူး။ ဒီနေရာမှာ ကျနော်တို့ဟာ ဖြစ်တည်ဆဲစနစ်ကိုကာကွယ်လိုသူတယောက်ရဲ့ ဗြောင်ကျမှု ကိုတွေ့ရပါတယ်။ ဆင်းရဲမွဲတေတဲ့၊ အလုပ်လက်မဲ့ဖြစ်နေတဲ့၊ လူမည်းတွေအများစုပါဝင်နေတဲ့ ၊ ဆင်ခြေဖုံးရပ်ကွက်တွေမှာနေနေရတဲ့ အခြေခံနိမ့်ကျတဲ့ လူတန်းစားတရပ်ကိုဖန်တီးထားတာဟာ ဖြစ်တည်ဆဲလူမှုစနစ်အတွက် ပေါက်ကွဲမှုအားကောင်းတဲ့ အန္တရာယ်တခုပါပဲ။ ကျနော်တို့အတွက်ကံကောင်းတာက ဆင်းရဲသားတွေက မသိနားမလည်တုံးအကြပါတယ်။ သူတို့ကို မသိနားမလည်အောင် လုပ်ထားရမှာဖြစ်ပြီး ကျနော်တို့ ပညာတတ်တွေ မယုံကြည်တဲ့ ဘာသာရေးအစွဲတွေ အယူအဆမှားတွေကို ဆက်လက်ယုံကြည်နေအောင် အားပေးထားရပါမယ်။ ဒီ လိုစာမျိုးကအသစ်အဆန်းတော့မဟုတ်ပါဘူး။ ချမ်းသာတဲ့ အာဏာပါဝါရှိတဲ့ လူသိုက်က ရာစုနှစ်ပေါင်းများစွာ ဒီသီချင်းကို ဟစ်ကြွေးလာတာပါ။ ဒါပေမဲ့ ထူးခြားတာက ရီးစ်မော့ဂ် ထောက်ပြသလိုပဲ အခုချိန်မှာ ပထမဆုံးအကြိမ်အဖြစ် သိပ္ပံပညာ ကို ဘာသာရေး ရဲ့ စစ်ကူအဖြစ် ကိုးကားလာတာပါ။
မကြာသေးခင်ကပဲ သီအိုရီရူပဗေဒပညာရှင် ပေါလ်ဒေဗီ ကို ဘာသာရေးတိုးတက်မှုအတွက်ပေးတဲ့ တန်ပဲလ်တမ် ဆုရွေးချယ်ရေး ကနေ ဒေါ်လာ ခြောက်သိန်းခွဲ ဆုပေးလိုက်ပါတယ်။ လူသားမျိုးနွယ်ရဲ့ ဘုရားသခင် ဒါမှမဟုတ် နာမ်ပိုင်းဆိုင်ရာ အပေါ် နားလည်လာမှုကို တိုးတက်စေတဲ့အတွက်ကြောင့်ပါ။ ယခင်ဆုရသူတွေထဲမှာ အလက်ဇန်ဒါ ဆောလ်ဇန်နစ်ဆင် ၊ မာသာထရီစာ၊ ဘေလီ ဂရေဟမ်၊ နဲ့ ချားလ်စ် ကော်လ်ဆန်တို့ပါဝင်ပါတယ်။ 'ဘုရားသခင်နှင့် ရူပဗေဒအသစ်'၊ 'ဘုရားသခင်၏စိတ်'၊ နဲ့ 'နောက်ဆုံးသုံးမိနစ်တာ' လိုစာအုပ်မျိုးတွေရဲ့ စာရေးသူဖြစ်တဲ့ ဒေဗီက 'သူဟာ သမားရိုးကျ အမြင်အရ ဘာသာရေး ယုံကြည်သူတယောက်မဟုတ်ပါဘူး' ( ဒါကဘာကိုဆိုလိုတာပဲဖြစ်ဖြစ်ပါ) ၊ လို့ ဝန်ခံထားပြီး' သိပ္ပံပညာ ဟာ ဘာသာရေးထက်စာရင် ဘုရားသခင်ဆီရောက်ဖို့ပိုသေချာတဲ့ လမ်းဖြစ်တယ်' လို့လည်းပြောဆိုခဲ့ပါတယ်။
ဒေဗီက အကယ်၍ တွေ ဒါပေမဲ့ တွေ ခံနေပေမဲ့လည်း သူဟာ သိပ္ပံပညာ ထဲကို စိတ်ကူးယဉ်ဆန်မှုတွေနဲ့ ဘာသာရေးတွေ ထိုးသွင်းဖို့ ကြိုစားနေတာကထင်ရှားပါတယ်။ ဒါကတခုတည်းသောဖြစ်ရပ်မဟုတ်ပါဘူး။ ဒီလို ဖြစ်ရပ်တွေက အလွန်များပြားလာပါတယ်။ အထူးသဖြင့် သီအိုရီ ရူပဗေဒနဲ့ စကြာဝဠာဗေဒ ပညာရပ်နယ်ပယ်တွေမှာပါ။ ဒီပညာရပ်နှစ်ခုစလုံးဟာ သချာင်္နည်းနဲ့တွက်ချက်ထားတဲ့ မော်ဒယ်လ် တွေပေါ်မှာပဲ အမှီပြုလာပါတယ်။ တကယ့်ပြင်ပကမ္ဘာကို လက်တွေ့ကျကျ လေ့လာမှုတွေအစား သချာင်္ညီမျှခြင်းတွေအပေါ်အားထားလာတာပါ။ စိတ်ကူးယဉ်ဆန်တဲ့ အရာတွေကို လှော်ခတ်ပေးနေတဲ့ သူတွေရှိသလို ဒီပညာရပ်နယ်ပယ်တွေထဲမှာ ဒီလို အဓိပ္ပါယ် ကင်းမဲ့တဲ့ အယူအဆတွေနဲ့ တံဆိပ်ကပ်ခံလိုက်ရမှာကို ကြောက်ရွံကြတဲ့ အသိအမြင်ကြွယ်တဲ့ သိပ္ပံပညာ ရှင်တွေလည်းရှိနေပါတယ်။ ဒါပေမဲ့ ဒီ စိတ်ကူးယဉ်ဆန်တဲ့ နာမ်ဝါဒကို တိုက်ခိုက်မဲ့ တကယ့်ခံတပ်ကတော့ အသိအမြင်ကြွယ်တဲ့ ရုပ်ဝါဒဖြစ်တဲ့ ဒိုင်ယာလက်တစ်ရုပ်ဝါဒပါပဲ။
ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကတော့ မာ့က်စ်နဲ့ အန်ဂယ် တို့ ပထမဆုံး ထုတ်ဖော်ခဲ့ကြတဲ့ ဒိုင်ယာလက်တစ်ရုပ်ဝါဒအခြေခံ တွေကို ချပြပြီး၊ ဒီအတွေးအခေါ်တွေရဲ့ ကျိုးကြောင်းညီညွတ်မှုကို ခေတ်သစ်ကမ္ဘာနဲ့ သိပ္ပံ ပညာရပ်နယ်ပယ်ဆီ ပြသဖို့ပါပဲ။ ကျနော်တို့က ကြားနေချင်ယောင်မဆောင်ပါဘူး။ ရီးစ်မော့ဂ်က သူ့လူတန်းစားရဲ့ အကျိုးကိုကာကွယ်သလိုပဲ၊ ကျနော်တို့ကလည်း "ဈေးကွက်စီးပွားရေးစနစ်" ရဲ့ ဆန့်ကျင်သူတွေအဖြစ်ရပ်တည်မှာဖြစ်ပါတယ်။ ကျနော်တို့က လူ့အဖွဲ့အစည်း ရဲ့အပြောင်းအလဲအတွက် တက်ကြွစွာ ပါဝင်တိုက်ခိုက်သူတွေပါ။ ဒါပေမဲ့ ကျနော်တို့ ကမ္ဘာ ကိုမပြောင်းလဲခင်မှာ ကမ္ဘာ ကိုနားလည်အောင်အရင်လုပ်ရပါမယ်။ လူ့သမိုင်းမစခင်က တည်ရှိခဲ့တဲ့ စိတ်ကူးယဉ်ဆန်ဆန် ယုံကြည်မှုတွေနဲ့ လူသားယောက်ျား မိန်းမ တွေကို စိတ်ရှုပ်ထွေး တွေဝေအောင် ပြုလုပ်တဲ့ ဆောင်ရွက်ချက်တွေ အားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြရမှာပါ။ သိပ္ပံပညာ က ရှေးရိုးစွဲအယူအဆတွေကို ကျောခိုင်းတဲ့အဆင့်ထိ အောင်မြင်တိုးတက်ခဲ့ပြီးပါပြီ။ နာရီကို နှစ်လေးရာနောက်ပြန်ဆွဲချင်တဲ့ ဆောင်ရွက်ချက်တွေကို ကျနော်တို့က ခိုင်ခိုင်မာမာ ဆန့်ကျင်ပစ်ရပါမယ်။
ယခုလက်ရှိ ဖြစ်တည်နေတဲ့ အနေအထားအပေါ် ကျေနပ်အားရမှုမရှိကြတဲ့ သိပ္ပံပညာ ရှင်တွေများလာပါပြီ။ သိပ္ပံပညာ နဲ့ ပညာရေးမှာမှမဟုတ်ပါဘူး။ လူမှုအဖွဲ့အစည်းတခုလုံးရဲ့ အနေအထားကိုပါ ဘဝင်မကျတော့တာပါ။ သူတို့ဟာ နည်းပညာရဲ့ ကြီးမားတဲ့ တိုးတက်မှု အလားအလာတွေနဲ့ လူသန်းပေါင်းများစွာ ငတ်ပြတ်နေတဲ့ ကမ္ဘာ ကြီး ကြားက ကျိုးကြောင်းမညီညွတ်မှုကို တွေ့လာကြပါတယ်။ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းစုကြီးတွေက သိပ္ပံပညာ ကို စနစ်တကျ အလွဲသုံးစားလုပ်နေတာ တွေ့လာပါတယ်။ သိပ္ပံပညာ ရှင်တွေကို ဘာသာရေးအသုံးချ အသိပညာအမှောင်ချမှု ( ဘာသာရေးအယူအဆများကိုသုံးပြီး လူထုကို ဂျင်းထည့် လှည့်စားခြင်းကို ဆိုလိုပါတယ်။ သိပ္ပံပညာ ရပ်ဆိုင်ရာတွေ့ရှိချက်တွေကို ဘာသာရေးနဲ့ကိုက်ညီသယောင် ပြောဆိုပြီး လူထုကို လှည့်စားတာပါ။ ။ မူရင်း စာမှာတော့ religious obscurantism လို့ဖော်ပြပါတယ်။ ။ ဘာသာပြန်သူ) ၊ နဲ့ တော်လှန်ရေးကိုဆန့်ကျင်တဲ့ လူမှုရေးရာ ပေါ်လစီတွေ ချမှတ်မှု မှာ အသုံးချဖို့ ကြိုးစားလာတာဟာလည်း စိတ်အနှောင့်အယှက်ဖြစ်စရာပါ။ သိပ္ပံပညာ ရှင်အများစုက စတာလင်ရဲ့ ဗျူ ရိုကရက်အာဏာရှင်စနစ်ကြောင့် ဒိုင်ယာလက်တစ်ကို လက်ခံဖို့တွန့်ဆုတ်ကြပါတယ်။ ဒါပေမဲ့ အရင်းရှင်စနစ်ကို ပြောင်းလိုက်တာဟာ ပိုလို့တောင်ဆိုးဝါးသွားတယ်ဆိုတာ ဆိုဗီယက်ယူနီယံ ပြိုကွဲမှုကပြသခဲ့ပြီးပါပြီ။ လူမှုရေး၊ စီးပွားရေး နဲ့ ယဉ်ကျေးမှု တွေ ပိတ်ဆို့ရပ်တန့်နေမှုကနေ လွတ်မြောက်ဖို့ဆိုရင် တခုတည်းသော နည်းလမ်းဟာ သိပ္ပံပညာ နဲ့ နည်းပညာရပ်တွေကို ပုဂ္ဂလိက အကျိးအမြတ်အတွက်အသုံးမပြုဘဲ လူသားမျိုးနွယ်အတွက် အသုံးချမဲ့ လက်တွေ့ ကျတဲ့ စီမံကိန်းချထားတဲ့ လူမှုစီးပွားရေး စနစ်တခုကို ဖော်ဆောင်ရမှာဖြစ်ကြောင်း သိပ္ပံပညာ ရှင်တွေက သူတို့ရဲ့အတွေ့အကြုံတွေအရ သိလာကြမှာပါ။ ဒီလို လူမှုအဖွဲ့အစည်းမှာ ဒီမိုကရေစီ ဟာ စကားလုံးရဲ့ ပင်ကိုအဓိပ္ပါယ်အတိုင်း မှန်မှန်ကန်ကန်ရှင်သန်ရပါမယ်။ လူထုတရပ်လုံးရဲ့ ကိုယ်တိုင်အသိစိတ်နဲ့ ဝင်ရောက်ပါဝင် ထိန်းကွပ်မှုလည်းပါဝင်ရပါမယ်။ ဆိုရှယ်လစ်စနစ်ဟာ သူ့ရဲ့ပင်ကိုသဘာဝကိုက ဒီမိုကရေစီ နည်းကျပါတယ်။ ထရော့စကီး ထောက်ပြသလိုပဲ 'နိုင်ငံပိုင် စီမံကိန်းချ စီးပွားရေးဟာ လူသားက အောက်စီဂျင်လိုအပ်သလိုမျိုး ဒီမိုကရေစီကိုလိုအပ်ပါတယ်'။
ကမ္ဘာ့ ရေးရာပြသနာတွေကို ဝေဖန်ထောက်ပြနေရုံနဲ့မလုံလောက်ပါဘူး။ ပြောင်းလဲဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ပထမဆုံးအနေနဲ့ အခုလိုဘာကြောင့်ဖြစ်ပျက်နေရသလဲဆိုတဲ့ အကြောင်းရင်းကိုသိဖို့လိုအပ်ပါတယ်။ မာ့က်စ်နဲ့ အန်ဂယ်တို့ ဖော်ထုတ်ခဲ့ပြီး လီနင်နဲ့ ထရော့စကီး တို့ ဆက်လက်ဖွံ့ဖြိုးစေခဲ့တဲ့ အတွေးအခေါ်တွေကသာ ကျနော်တို့ကို ဒီလိုနားလည်စေနိုင်စွမ်းပေးအပ်မှာပါ။ သိပ္ပံပညာ ရပ်ဆိုင်ရာ အသိုင်းအဝန်းက အသိစိတ်ဓာတ်အားကောင်းတဲ့သူတွေက ရုပ်ဝါဒ အမြင် တွေ လိုအပ်နေပြီဖြစ်ကြောင်း သူတို့ရဲ့အလုပ်နဲ့အတွေ့အကြုံတွေကနေ နားလည်လာမယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ မကြာသေးခင်ကတိုးတက်လာတဲ့ ခေးအော့စ် နဲ့ ကွန်ပလက်စစ်တီ သီအိုရီ တွေက သိပ္ပံပညာ ရှင်တွေဟာ ဒိုင်ယာလက်တစ်ရဲ့ တွေးခေါ်မှု လမ်းကြောင်းအတိုင်း လိုက်လာကြပြီလို့ ဖော်ပြနေပါတယ်။ ဒါက ကြီးမားသိသာတဲ့ တိုးတက်မှုပါ။ အသစ်အသစ်သော လေ့လာတွေ့ရှိမှုတွေက ဒီလမ်းကြောင်းကို ပိုမို နက်ရှိုင်း ခိုင်မာလာစေမယ်ဆိုတာ သေချာပါတယ်။ ကျနော်တို့ကတော့ ဒိုင်ယာလက်တစ်ရုပ်ဝါဒဟာ အနာဂတ်ရဲ့ ဒဿနပညာရပ် ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုလိုက်ပါတယ်။
Reason in revolt ကို ဘာသာပြန်တင်ဆက်ပေးနေတာပါ။ ဆက်လက်ကြိုးစား တင်ပြပါဦးမယ်။
လင်းကို