Marxism vs Intersectionality (Burmese)

အရင်းရှင်စနစ် ပြိုကွဲလာမှုသည် မေးခွန်းထုတ်ဖွယ်အခြေအနေများ နှင့် ကမ္ဘာတစ်ဝှမ်းအုံကြွလှုပ်ရှားမှုများကို ပေါ်ပေါက်လာစေခဲ့ပြီးဖြစ်သည်။ စပိန်၏ Spanish Indignados မှသည် ဂရိ၏ Syntagma Square နှင့် ပြင်သစ်၏ Nuit Debout အထိ၊ လူငယ်များသည် လှုပ်ရှားလာကြကာ အရင်းရှင်စနစ်ကို စတင် စိန်ခေါ်နေကြပေပြီ။ ဤ ယျေဘုယျ အခြေအနေ တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ လတ်တလောခုနှစ်များ၌ အရင်းရှင်စနစ်အောက်ရှိ အလုပ်သမားလူတန်းစားအလွှာလွှာမှ ခံစားနေရသော ဖိနှိပ်မှုပုံစံအမျိုးမျိုးကိုဆန့်ကျင်သည့် လှုပ်ရှားမှုများ အလိုလိုပေါက်ကွဲ ထွက်ပေါ်လာကြသည်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။


"Idle No More"၊ "Black Lives Matter"၊ မတ်လ(၈)ရက်နေ့ အမျိုးသမီးအကြမ်းဖက်မှုဆန့်ကျင်ရေး ကမ္ဘာလုံးဆိုင်ရာဆန္ဒပြပွဲများ" နှင့် "Trump ဆန့်ကျင်ရေးလှုပ်ရှားမှု အသီးသီး" စသဖြင့် အားတက်ဖွယ်လှုပ်ရှားမှုများသည် ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုတို့အပေါ် အလုပ်သမားနှင့် လူငယ်များ၏ ဆန့်ကျင်တိုက်ခိုက်လိုစိတ် မည်မျှပြင်းပြ တိုးပွားလာနေပြီဖြစ်ကြောင်း ဥပမာအနည်းငယ်သာ ဖြစ်ပါသေးသည်။ ဤလှုပ်ရှားမှုအများ၏ ခေါင်းဆောင်မှုပိုင်း (များသောအားဖြင့် ပညာတတ် လက်ဝဲ အဖွဲ့ဝင် သို့မဟုတ် လက်ဝဲ လွှမ်းမိုးမှုရှိသူများ) မှ ကိုင်စွဲထားသည့် လွှမ်းမိုးသောအမြင်တစ်ရပ်မှာ "Intersectionality" ပင် ဖြစ်ပေသည်။ ထို့ကြောင့် ဤလှုပ်ရှားမှုများတွင် ပါဝင်ရင်း နိုင်ငံရေးအသိရှိလာသော ကျောင်းသားလူငယ်အလွှာအနေဖြင့် ဖိနှိပ်မှုများအပေါ် ၎င်းအမြင်ဖြင့် ကြည့်ရှုလာကြသည်မှာ မထူးဆန်းပါပေ။ သို့သော် မေးခွန်းထုတ်ရမည်မှာ "Intersectionality သည် ဘာကိုဆိုလိုပါသနည်း?"၊ "ဖိနှိပ်မှုကို တိုက်ထုတ်ရန်အသုံးဝင်ပါသလား?" နှင့် "၎င်းဟာ မာ့က်စ်ဝါဒနှင့် ကိုက်ညီမှုရှိပါရဲ့လား?" စသည်တို့ ဖြစ်သည်။

လူတစ်ယောက်ချင်းစီအတွက် မတူညီသောပေါင်းစပ်မှုပုံစံများဖြင့် ရောယှက်ဖိနှိပ်မှုပုံစံ အမျိုးအစားများစွာ ထပ်လျက်တည်ရှိနေသည်။

ထို့ကြောင့် ‌မရှိဖူး‌သေးသော တစ်မူထူးခြားသည့် အတွေ့အကြုံများနှင့် လူမှုအဟန့်အတားများ (social barriers) ပေါ်ပေါက်လာရပေသည်။

ဤကဲ့သို့ ဖိနှိပ်မှု ပုံစံများ ရောယှက်တည်ရှိနေမှုအကြောင်း ဖော်ပြရန် Intersectionality ဆိုသော စကားလုံးကို အများဆုံး သုံးလေ့ရှိကြသည်။

"intersectional ဖြစ်ရန် လိုအပ်သည်" ဆိုသော စကားမှာ လက်ရှိ လှုပ်ရှားမှုများ‌တွင် အသုံးများလှသည်။ ဆိုလိုသည်မှာ တိုက်ပွဲတိုင်း၊ ရုန်းကန်မှုတိုင်းသည် အုပ်စုတစ်စု၊ ဖိနှိပ်မှုပုံစံတစ်မျိုးတည်းကိုသာ ကျဉ်းမြောင်းစွာ အာရုံစိုက် တိုက်ခိုက်ခြင်း မပြုဘဲ ဖိနှိပ်မှုမျိုးစုံကို ရောယှက်ခံစားနေရသူများအတွက်ပါ ထည့်စဉ်းစားရန်၊ ကိုယ်စားပြုပေးရန် လိုအပ်သည်ဟု ဆိုလိုပေသည်။

မာ့က်စ်ဝါဒီများအနေဖြင့် လူတစ်ဦး (သို့) အုပ်စုတစ်စုသည် တစ်ချိန်တည်းတွင် ဖိနှိပ်မှုပုံစံမျိုးစုံကို ထပ်ဆင့်ခံစားရနိုင်ကြောင်းနှင့် ပေါင်းစပ်မှုပုံစံတစ်ခုစီသည် လူမှုအဟန့်အတားတစ်မျိုးစီ ကို ကိုယ်စားပြုကြောင်း လက်ခံကြသည်။ မာ့က်စ်ဝါဒီအမြင်အရ မည်သည့်ဖိနှိပ်မှုပုံစံကိုမှ သီးသန့်ခွဲထုတ်ရှုမြင်ခြင်းဖြင့် နားလည်နိုင်မည် မဟုတ်သလို ကျော်လွှားတိုက်ဖျက်နိုင်မည်လည်း မဟုတ်ပေ။ ဖိနှိပ်ချုပ်ချယ်မှုနှင့် ခေါင်းပုံဖြတ်မှုများအပေါ် ဆန့်ကျင်တိုက်ဖျက်ရေးတွင် ဖိနှိပ်ခံ အလွှာအားလုံး ပါဝင်ရမည်ဖြစ်သည်။ မာ့က်စ်ဝါဒီများအနေဖြင့် ခွဲခြားဆက်ဆံသည့် သဘောထားများနှင့် အပြုအမူများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရုံသာမက ၎င်းတို့သည် အလုပ်သမားလူတန်းစားတစ်ရပ်လုံး လွတ်မြောက်ရေးအတွက် လိုအပ်သည့် စည်းလုံးမှုကို ဖြစ်မလာစေဘဲ ကျွန်ုပ်တို့ကို စိတ်ဝမ်းကွဲစေရန်သာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် အပေါ်ယံသာကြည့်ပါက မာ့က်စ်ဝါဒ နှင့် intersectionality သည် လိုက်လျောညီထွေဖြစ်သယောင် ထင်ရသည်။ သို့သော် အပေါ်ယံကို ကျော်ကာ intersectionality ၏ အခြေခံအုတ်မြစ် သီအိုရီအထိ အောက်ခြေရောက်အောင်ကြည့်ပါက ၎င်းသည် ဖိနှိပ်မှုကို ရှုမြင်ပုံနှင့် ဖိနှိပ်မှုကို တိုက်ခိုက်သည့်ပုံစံတွင် မာ့က်စ်ဝါဒနှင့် အတော်ပင်ခြားနားသည်ကို တွေ့ရမည်ဖြစ်သည်။ ၎င်းကို ထောက်ခံသူများသည် အကောင်းဆုံးရည်ရွယ်ချက်များ ရှိကြသော်လည်း Intersectionality သည် ဖိနှိပ်မှုပုံစံကွဲများ၏ အရင်းမြစ်ကို ရေလည်အောင် ရှင်းမပြနိုင်ပေ၊ ထို့အတွက် အဖြေကိုလည်း ရှင်းမပြနိုင်တော့ပေ။

မာ့က်စ်ဝါဒီများသည် ဖိနှိပ်မှုအားလုံးကို တိုက်ခိုက်သည်ဆိုသောအချက်ကို ထပ်ကာထပ်ကာ ပြော၍ပင် မလုံလောက်သေးပေ။ ဖိနှိပ်မှုကို နားလည်ရန် ကြိုးစားသော ကွဲပြားခြားနားသည့်ချဉ်းကပ်မှုကို ချက်ကျလက်ကျ ဝေဖန်စောကြောခြင်းသည် အမှန်တကယ်ရှိနေသော ဖိနှိပ်မှုပုံစံမျိုးစုံကို လျစ်လျူရှုခြင်း မဟုတ်ပေ။ ပြောင်းပြန်အနေဖြင့်၊ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ဖိနှိပ်မှု နှင့် ခေါင်းပုံဖြတ်မှုပုံစံမျိုးစုံကို အပြီးတိုင် အဆုံးသတ်ရန်ဖြစ်သောကြောင့် လွတ်မြောက်မှုရရန် အလုပ်သမားနှင့် လူငယ်များ လိုအပ်သည့် အတွေးအခေါ်နှင့်နည်းလမ်းများကို တိုးတက်အောင် လုပ်ဆောင်ရန်မှာ တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့၏ မတူညီမှုများကို ဖုံးကွယ်ထားခြင်းသည် အပြောင်းအလဲအတွက် မည်သို့မျှကောင်းကျိုးဖြစ်နိုင်မည် မဟုတ်ပေ။

Intersectionality ၏ သမိုင်းနောက်ခံ

မာ့က်စ်ဝါဒီအမြင်ဘက်မှ intersectionality ၏ အကန့်အသတ်ကို နားလည်နိုင်ရန် intersectionality ၏ အဓိကမူဝါဒများနှင့် ၎င်းအရှိန်ရလာခဲ့‌သည့် သမိုင်းနောက်ခံကို ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ Intersectionality သည် ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်များအတွင်း တော်လှန်ရေးလှိုင်းများ ကျရှုံးသွားချိန်တွင် ပေါ်ပေါက်လာခဲ့သည်။ ထို့နောက် ၁၉၈၀ ခုနှစ်များအတွင်း ဆိုဗီယက်ပြည်ထောင်စုပြိုလဲခြင်းနှင့်အတူ အမြင့်မားဆုံးအခြေအနေသို့ရောက်လာခဲ့သည်။ လူတန်းစားတိုက်ပွဲလှိုင်းများ ငြိမ်သွားသည့်ကာလတွင် Identity Politics အရှိန်ကောင်းလာခဲ့သည်။ ထိုအချိန်ကာလအတိအကျအတွင်း ပေါ်ပေါက်လာခဲ့သော identity politics သည် လူများအား လူတန်းစား (သို့) နိုင်ငံရေးအမြင်ဖြင့် မကြည့်ဘဲ ပုဂ္ဂိုလ်ရေးဝိသေသများ (လူမျိုး၊ လိင် စသဖြင့်) အပေါ် အခြေခံကာ သတ်မှတ်ရှုမြင်ခြင်း အပေါ်တွင် တည်ဆောက်ထားသည်။

အုပ်ချုပ်သူလူတန်းစားသည် ၎င်း (Identity Politics) ကို အသုံးပြုပြီး အရင်းရှင်စနစ်အတွင်းသို့ သွတ်သွင်းရလွယ်ကူသော အလုပ်အကိုင်အခွင့်အလမ်း နောက်လိုက်သည့် ဘူဇွာပေါက်စအများအပြား တိုးပွားလာစေရန် အသုံးချကြသည်။ အလုပ်သမားလှုပ်ရှားမှု အတွင်းက ဗျူရိုကရေစီနှင့် အုပ်စိုးသူလူတန်းစားတို့သည် လက်ဝဲများနှင့် လူတန်းစားတိုက်ပွဲ ရပ်တည်ချက်များကို တိုက်ခိုက်ရန် Identity Politics ကို အသုံးချကြသည်။

ဖိနှိပ်မှုပေါင်းစုံ၏ လူမှုနှင့် စီးပွားရေးအခြေခံများကို လုံးဝဖျက်ဆီးပစ်လိုက်နိုင်မည့် "အရင်းရှင်စနစ်ဖြိုပစ်ရေး" တိုက်ပွဲအတွင်း အလုပ်သမားထုကို ဦးဆောင်မှုပေးသော လေဘာခေါင်းဆေင်များ၊ ဆိုရှယ်ဒီမိုကရက်တစ်များနှင့် စတာလင်ဝါဒခေါင်းဆောင်မှုတို့၏ ကျရှုံးခြင်းရလဒ်ကြောင့် ဤကဲ့သို့ ဖိနှိပ်မှုနှင့် သီးခြား ဝိသေသ (identity) ဇောင်းပေး အတွေးအခေါ်များ ဆီ ယိမ်းလာခြင်းပင်ဖြစ်သည်။

အထူးသဖြင့် စတာလင်ဝါဒသည် သစ္စာဖောက်လမ်းစဉ်ဖြစ်နေခဲ့သည်။ ၁၉၁၇ တွင် လီနင်နှင့် ထရော့စကီးတို့ ခေါင်းဆောင်သော ဘော်ရှီဗစ်တွေ ဦးဆောင်ခဲ့သည့် ရုရှားတော်လှန်ရေးကြီးသည် အမျိုးသမီးများ၊ lesbian များနှင့် gay များ၊ ဖိနှိပ်ခံမျိုးနွယ်စုများအတွက် အဓိက တိုးတက်မှုများ အများအပြား ပြုလုပ်ပေးနိုင်ခဲ့သည်။ သို့သော် စတာလင်လက်အောက်တွင် ဆိုဗီယက်ပြည်ထောင်စု ဆုတ်ယုတ်လာမှုနှင့် အတူ ထိုရရှိထားသမျှ အခွင့်အရေးများလည်း ပြန်လည် သိမ်းဆည်းခံခဲ့ရသည်။ ဆိုဗီယက်ပြည်ထောင်စု ၏ သီးသန့်ဖြစ်လာမှု၊ နောက်ကျကျန်နေမှုတို့ကြောင့် ရှားပါးပြတ်လတ်ခြင်းများ အဆက်မပြတ်ဖြစ်ခဲ့သည်။ စတာလင်ဝါဒီများသည်လည်း သူတို့အာဏာတည်မြဲရေးနှင့် နိုင်ငံတကာအလုပ်သမား တော်လှန်ရေးကြီးကိုရပ်တန့်ရေးအတွက် ယခင် သွေးခွဲရေးနည်းလမ်းဟောင်းများနှင့် ဖိနှိပ်မှုပုံစံများကိုအသုံးချခဲ့ကြသည်။ ဆိုဗီယက်ပြည်ထောင်စုအတွင်း လိင်တူကြိုက်ခြင်းကို ရာဇဝတ်မှုအဖြစ် ပြန်လည်သတ်မှတ်ခြင်း (၎င်းသည် တစ်ကမ္ဘာလုံးရှိ စတာလင် ကွန်မြူနစ်ပါတီ များ၏ ခွဲခြားဆက်ဆံသည့် လုပ်ရပ်များတွင်လည်း ထင်ဟပ်လာခဲ့သည်) ကဲ့သို့သော စတာလင်မူဝါဒများသည် ဖိနှိပ်မှု ဝန်ထုပ်ကြီး အောက်၌ နေနေကြရသော အလုပ်သမားနှင့် လူငယ်များစွာကို ဆိုရှယ်လစ်တိုက်ပွဲမှ ကျောခိုင်းသွားစေခဲ့သည်။ ထို မူဝါဒများမှာ အမှန်တကယ် မာ့က်စ်ဝါဒနှင့် လားလားမှ မဆိုင်ပေ။ မာ့က်စ်ဝါဒ အစစ်အမှန်သည် ဖိနှိပ်မှုအားလုံးကို ဆန့်ကျင်ရပ်တည်ကာ လူတန်းစားစည်းလုံးမှုကို အလေးထားသော်လည်း ထိုစတာလင်မူဝါဒများမှာမူ လှုပ်ရှားမှုကြီးကို တကွဲတပြား တိုက်ပွဲများအဖြစ် ခွဲထွက်သွားစေခဲ့သည်။

Intersectionality သည် feminism မှ ခွဲထွက်လာသော ကိုယ်ပွားတစ်ခုဖြစ်ပြီး ရုန်းကန်လှုပ်ရှားမှုများကို သီးခြားတိုက်ပွဲများအဖြစ်သို့တွန်းပို့သည့် ရှေးရိုးစွဲ identity politics ကို ဆန့်ကျင်သော တုံ့ပြန်မှုလည်းဖြစ်ပါသည်။ အထူးသဖြင့် အမျိုးသမီးလှုပ်ရှားမှုများ၌ လူမည်း အမျိုးသမီးအလုပ်သမများ၏ လိုအပ်ချက်အစစ်အမှန်များကို လျစ်လျူရှုထားသော လူဖြူအထက်တန်းလွှာအမျိုးသမီးများ လွှမ်းမိုး‌နေကြောင်းနှင့် လူမျိုးရေးလှုပ်ရှားမှုများ၌လည်း အမျိုးသမီးများဖိနှိပ်ခံရမှုကို အလေးအနက်မထားသော လူမည်းအမျိုးသားများ လွှမ်းမိုးကြီးစိုးနေကြောင်းတို့ကို လူမည်းအမျိုးသမီးများမှ ဆယ်စုနှစ်ပေါင်းများစွာ မီးမောင်းထိုးပြခဲ့ပြီးဖြစ်သည်။ အရေးမကြီးသည့် ဝေဖန်ချက်များ မဟုတ်ပေ။ သို့သော် Intersectionality ၏ သဘောတရားအခြေခံအုတ်မြစ်သည် postmodernism နှင့် poststructuralism ကဲ့သို့သော မာ့က်စ်ဝါဒအလွန်သီအိုရီများအပေါ်တွင် တည်ရှိ‌နေပါသည်။ စတာလင်ဝါဒပြိုကွဲသွားပြီး အရင်းရှင်စနစ် ဖောက်ပြန်ရေးကာလတွင် ပညာတတ် အသိုင်းအဝိုင်းများအကြား ယင်းသီအိုရီများကို လူကြိုက်များလာခဲ့သည်။ ထိုကာလတွင် လေဘာ ခေါင်းဆောင်မှုပိုင်းနှင့် လက်ဝဲခေါင်းဆောင်များသည် ဆိုရှယ်လစ်စနစ်အတွက်တိုက်ပွဲဝင်ခြင်းကို‌ပင် စွန့်လွှတ်သွားကြပြီး “ပိုမိုလူသားဆန်သည့်” အရင်းရှင်စနစ်ကို ဗြောင်ကျကျ ထွေးပွေ့လာကြသည်။

လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများကို ယခင်ကာလ၌ အဓိကထား လေ့လာခဲ့ကြသော်လည်း လူတန်းစားတိုက်ပွဲများ ဒီရေကျလာချိန်အတွင်း၌ အတွေးအခေါ်၊ အတွေးအမြင်နှင့် ဘာသာစကားတို့ကို ပိုင်းခြားလေ့လာသော နယ်ပယ်ဘက်သို့ ဦးတည်လာခဲ့ကြသည်။ လူ့အဖွဲ့အစည်း၏ စီးပွားရေးနှင့် လူမှုရေးအခြေခံအုတ်မြစ်ကို တော်လှန်ရေးနည်းကျပြောင်းလဲပေးမည့် အလုပ်သမားလူတန်းစား၏စွမ်းရည်ကို ယုံကြည်မှုပျောက်ဆုံးသွား‌သောအခါ၌ လက်ဝဲပညာတတ်များသည် ထိုမှဆုတ်ခွာသွားကြပြီး လူသားတစ်ဦးချင်းစီ၏ တွေးခေါ်ကြပုံအပေါ်တွင် မူတည်၍ အလေးထားလေ့လာခဲ့ကြသည်။ ဤအယူအဆလမ်းကြောင်းသစ်မှ ထွက်ပေါ်လာသော Intersectionality သည် လူတစ်ယောက်ချင်းစီ၏ အတွေ့အကြုံများ၊ တစ်ယောက်ချင်းစီ၏ အတွေးအခေါ်များ၊ ဘာသာစကားများနှင့် အပြုအမူများကိုအလေးပေးပြီး ဖိနှိပ်မှုကိုနားလည်ရန်နှင့် ကျော်လွှားနိုင်ရန် ကြိုးစားကြပါသည်။

၎င်းသည် လူ့အဖွဲ့အစည်းကိုပြောင်းလဲနိုင်ရန် လူများ၏ အမြင်ကိုပြောင်းလဲရန်လိုသည် ဟူသော အတွေးအခေါ်ပေါ်အ‌‌ခြေခံထားသည်။ ပိုဆိုးသည်မှာ “ဟောပြောချက်”ကိုပြောင်းလဲခြင်းဖြင့် တကယ့်လက်တွေ့ကိုပြောင်းလဲနိုင်သည်ဟူသည့် အလွန်ပင်စိတ်ကူးယဉ်ဆန်သောအတွေးအမြင် ချဉ်းကပ်နည်းဖြစ်ပါသည်။ အမှန်မှာ လူတန်းစားလူ့အဖွဲ့အစည်းတစ်ခု၏လွှမ်းမိုးနေသော အတွေးအခေါ်သည် အုပ်စိုးသူလူတန်းစား၏အတွေးအခေါ်ပင်ဖြစ်သည်။

တော်လှန်ရေးလုပ်သူများ၊ ခေါင်းပုံဖြတ်ခံရသူများနှင့် အဖိအနှိပ်ခံလူထုများ၏ အတွေးအခေါ်များသည် အာဏာရလူတန်းစားကချမှတ်ထားသည့် ဖောက်ပြန်သောအတွေးအမြင်များ၊ မလိုမုန်းထားမှုများနှင့် ပြည့်နှက်နေသည်။ လူ့အဖွဲ့အစည်းကိုပြောင်းလဲရန် ရုန်းကန်နေရသောကာလအတွင်းတွင် လူအများသည်လည်း ပြောင်းလဲလာကာ သူတို့ရဲ့အမြင်များသည်လည်း များစွာသော အတိုင်းအတာအထိ ပြောင်းလဲလာခဲ့သည်။ ဤအကြောင်းအရာကို The German Ideology ထဲ၌ မာ့က်စ်ကကောင်းစွာရှင်းပြထားပါသည်။

“လူထုကြီးအတိုင်းအတာနဲ့ ကွန်မြူနစ်အသိ မွေးဖွားပေးနိုင်ရန်၊ ကွန်မြူနစ် အရေးတော်ပုံ အောင်မြင်ရန်အတွက်ဆိုပါက လူအမြောက်အမြားကို ပြောင်းလဲပစ်နိုင်ရန် လိုအပ်ပေသည်။ ထိုသို့ပြောင်းလဲခြင်းမှာ လက်တွေ့လှုပ်ရှားမှုကြီးတစ်ခုဖြစ်သည့် တော်လှန်ရေးကြီး အတွင်းမှသာ ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ တော်လှန်ရေးလိုအပ်ပါသည် အဘယ်ကြောင့်ဆိုသော် အုပ်စိုးသူ လူတန်းစားကို အခြားနည်းလမ်းဖြင့် မဖြုတ်ချနိုင်သောကြောင့်သာမက အုပ်စိုးသူ လူတန်းစားကို ဖြိုချပစ်သော လူတန်းစားကိုယ်တိုင် နှစ်ပေါင်းများစွာ စွန်းထင်းခဲ့သော အညစ်အကြေးများကို ရှင်းထုတ်ပြီး လူ့အဖွဲ့အစည်းသစ်တစ်ရပ်တည်ထောင်ရန် သင့်လျော်လာအောင်လုပ်ရန်မှာ တော်လှန်ရေးအတွင်း၌သာ ဖြစ်နိုင်သောကြောင့်လည်း ဖြစ်သည်။”

အာဖရိကန်-အမေရိကန် ဥပဒေပညာရှင် Kimberlé Crenshaw သည် ၁၉၈၉ခုနှစ်တွင်

"Intersectionality"ဟူသော ဝေါဟာရကို စတင်မိတ်ဆက်ခဲ့သည်။ အထူးသဖြင့် အမေရိကန်တရားစီရင်ရေးစနစ်သည် အလုပ်ခွင်၌ လူမည်းအမျိုးသမီးများကြုံတွေ့နေရသော နှစ်ထပ်ကွမ်းခွဲခြားဆက်ဆံမှုများကို ဖြေရှင်းရန် အဘယ်ကဲ့သို့ ပျက်ကွက်ခဲ့ကြောင်းကို ဖော်ပြရန်ဖြစ်ပါသည်။ သူမ၏ ဆောင်းပါးဖြစ်သော "Demarginalizing the Intersection of Race and Sex: A Black Feminist Critique of Antidiscrimination Doctrine, Feminist Theory and Antiracist Politics" ထဲတွင် အလုပ်ခွင်ထဲ၌ လိင်ခွဲခြားဆက်ဆံမှု သို့မဟုတ် လူမျိုးရေးခွဲခြားဆက်ဆံမှုဆိုင်ရာ တောင်းဆိုချက် နှစ်ခုထဲမှတစ်ခုကိုသာ တရားရုံးကထည့်သွင်းစဉ်းစားခဲ့သည့် အမှုများကို Crenshaw မှ ကိုးကားဖော်ပြခဲ့သည်။ လူမည်းအမျိုးသမီးများသည် အမျိုးသမီးအနေနှင့်သာ သို့မဟုတ် လူမဲတစ်ဦးအနေနှင့်သာ ခွဲခြားဆက်ဆံခံရသည်မဟုတ်၊ လူမဲအမျိူးသမီးအနေနှင့် နှစ်ထပ်ကွမ်းခွဲခြားဆက်ဆံမှုများကို ကြုံတွေ့ရသည်ဆိုသောအချက်အား တရားရုံးက အသိအမှတ်ပြုရန်ငြင်းဆိုခဲ့သည်။ ဥပမာအားဖြင့် DeGraffenreid v General Motors အမှု၌ လိင်ပိုင်းဆိုင်ရာနှင့် လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံမှုအပေါ် တရားလို၏တိုင်ကြားချက်ကို ပယ်ချခဲ့သည်။ အဘယ်ကြောင့်ဆိုသော်General Motors သည် ယခင်က လူဖြူအမျိုးသမီးများနှင့် လူမည်းအမျိုးသားများကို ငှားရမ်းခဲ့ဖူးသောကြောင့်ဟုဆိုသည်။

နှစ်ထပ်ကွမ်း ခွဲခြားဆက်ဆံမှုများကို ကြုံတွေ့နေရသော လူမဲအမျိုးသမီးများနှင့် အခြားလူအုပ်စုများသည် အရင်းရှင်ဥပဒေရေးရာစနစ်၏ အက်ကြောင်းများထဲသို့ ကျဆင်းသွားသည်ဟူသော အဖြစ်မှန်ကို ဆန့်ကျင် ငြင်းစရာမရှိပါ။ဤကား စနစ်တကျ ဖွဲ့စည်းထားသော ဟာကွက်ကြီးများဖြစ်ပြီး ဖိနှိပ်ခံအလွှာများဖြစ်သည့်အလုပ်သမားလူတန်းစားအဖို့ စစ်မှန်သော အခွင့်အရေး တန်းတူညီမျှမှုကို ရရှိရန် အမှန်တကယ် သိသာထင်ရှားလှသည့် အတားအဆီး ဖြစ်နေသည်။ မာ့က်စ်ဝါဒီများသည် အလုပ်သမားများနှင့် ဖိနှိပ်ခံအလွှာများအား ၎င်းတို့၏ အခွင့်အရေးများရရှိရန်နှင့် လူမှုဘဝအဆင့်အတန်းများတိုးတက်လာနိုင်စေရန်အတွက် ဥပဒေကြောင်းအရသွားသော ပြုပြင်ပြောင်းလဲမှုများကိုလည်း ထောက်ခံပါသည်။ သို့သော် ကျွန်ုပ်တို့သည် လူမျိုးရေးခွဲခြားမှုနှင့် လိင်အခြေပြုဖိနှိပ်ခြင်းများမှာ လူတန်းစားရှိနေသော လူ့အဖွဲ့အစည်းအတွင်း အမြစ်တွယ်နေပြီး အရင်းရှင်စနစ်၏လိုအပ်ချက်အရ တည်ရှိနေရခြင်း ဖြစ်သည်။ တရားရုံးစနစ်ဆိုသည်မှာလည်း နောက်ဆုံး၌ အရင်းရှင်စနစ်ကို ကာကွယ်ပေးရန်သာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ရှင်းပြရန်လိုအပ်ပါသည်။

အရင်းရှင်စနစ် အခြေခံအုတ်မြစ်ပေါ်တွင် တည်ရှိနေသမျှ ကာလပတ်လုံး ဘူဇွာတရားမျှတမှု၏ လူတန်းစား လက္ခဏာကို တရားရုံးစနစ်အတွင်းမှ ပြုပြင်ပြောင်းလဲ၍မရနိုင်ပါ။ Crenshaw ၏ တောင်းဆိုချက်မှာ လူမည်းအမျိုးသမီးများအတွက် တရားရုံးစနစ်အတွင်း၌ အကာအကွယ်ရ လူနည်းစုဟူ၍ တရားဝင်သတ်မှတ်ချက်တစ်ရပ် ဖန်တီးနိုင်ရေးဖြစ်သည်။ သို့သော် ထိုသို့ဖန်တီးခြင်းသက်သက်ဖြင့် အလုပ်ခွင်နှင့် ပိုကျယ်ပြန့်သော လူ့အဖွဲ့အစည်းအတွင်း ထိုသူတို့ တွေ့ကြုံနေရကြောင်း သူမအလျဉ်းသင့်တိုင်း မီးမောင်းထိုးပြခဲ့သည့် နှစ်ထပ်ကွမ်းခွဲခြားဆက်ဆံမှုများကို ဖြစ်ပေါ်လာစေသော ရုပ်ဝတ္ထုနှင့် လူမှုအခြေအနေများအား ထိထိရောက်ရောက် ပြောင်းလဲပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ကျွန်ုပ်တို့ အလေးထားပြောဆိုရမည်ဖြစ်သည်။ အချို့သော intersectional feminist များ၏ အရေးအသားများသည် ဖိနှိပ်မှုများစွာအောက်တွင် နေနေရသူများအနေဖြင့် နှစ်ထပ်ကွမ်းခွဲခြားဆက်ဆံမှုကို မည်သို့မည်ပုံ ခံစားရကြောင်းနှင့် သူတို့ရင်ဆိုင်ရသော အဟန့်အတားများအကြောင်း အတွင်းကျကျရှုမြင်ချက်တို့ဖြင့် အထောက်အပံ့ပြုခဲ့ပြီးဖြစ်သည်။ သို့သော် မာ့က်စ်ဝါဒီများက ရှုမြင်သက်သက်ကို ကျော်လွှားဖို့ရာ လိုအပ်ကြောင်း ရှင်းပြကြသည်။ ဖိနှိပ်မှုပေါင်းစုံကို ဖြစ်နိုင်သမျှ ရောစပ်မှုများအား ဖော်ပြရန် တရားရုံးစနစ်အတွင်း၌ ပေါင်းစပ် ဖိနှိပ်မှု အမျိုးအစားများစွာ အဆုံးမရှိ ဖန်တီး၍ရပေသည်။ သို့ရာတွင် မာ့က်စ်ဝါဒီများအနေဖြင့် ဤမေးခွန်းများ မေးကြည့်ရန် လိုအပ်ပေသည်။ “အဘယ့်ကြောင့် စ,ကတည်းက ထိုဖိနှိပ်မှု ဖြစ်ပေါ်လာရသနည်း” နှင့် "၎င်းကို မည်သို့ အမြစ်ပြတ် ဖယ်ရှားနိုင်မည်နည်း” ဟူသောမေးခွန်းများပင်တည်း။

အတွေးအခေါ်နှင့် လက်တွေ့လူမှုဘဝ

၂၀၁၆ခုနှစ် "The Urgency of Intersectionality"ဟုအမည်ပေးထားသော TED ဟောပြောချက်တွင် လူမည်းအမျိုးသမီးများ အလုပ်ခွင်ထဲ၌ကြုံတွေ့နေရသည့် နှစ်ဆခွဲခြားဆက်ဆံမှုများကို "framing problem" (ဘောင်ပြဿနာ) အဖြစ်ကိုင်တွယ်ရန် တရားရုံးမှ ပျက်ကွက်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ တရားသူကြီး သို့မဟုတ် မူဝါဒချမှတ်သူများက ဖိနှိပ်ချုပ်ချယ်မှုနှင့် ပေါင်းစပ်ခွဲခြားဆက်ဆံမှုများ၏ သဘောသဘာဝကိုနားလည်ရန် ပိုမိုကောင်းမွန်သည့်စံတစ်ခုရှိခဲ့လျှင် ထပ်ဆင့်ဖိနှိပ်မှုများခံစား‌နေရသော တစ်ဦးချင်းစီ သို့မဟုတ် လူအုပ်စုများသည် ဥပဒေ၏ ဟာကွက်များအတွင်း ကျရောက်လိမ့်မည်မဟုတ်ပေ။ တရားသူကြီးများ၏ခွဲခြားဆက်ဆံမှုသဘောထားများလွှမ်းခြုံထားသော စီရင်ချက်များသည် ဖိနှိပ်ခံလူအုပ်စုများ၏ ဘဝများအပေါ် သိသာထင်ရှားစွာသက်ရောက်မှုရှိပြီး ခွဲခြားရှုမြင်ခြင်းများ ဆက်လက်တည်ရှိစေပါသည်။ လူမည်းအမျိုးသမီးများနှင့် အမျိုးသားများသည် ရဲများ၏ရက်စက်ကြမ်းကြုတ်မှုနှင့် သတ်ဖြတ်မှုများကို တွေ့ကြုံနေရပြီး ထိုလူသတ်သမားရဲအရာရှိများသည် အပြစ်ပေးအရေးယူခြင်းမှကင်းလွတ်ခွင့်ရ‌‌နေစဉ် အမေရိကန်နှင့်ကနေဒါမှ တရားသူကြီးများက လိင်ပိုင်းဆိုင်ရာစော်ကားကျူးလွန်သူလူဖြူများအား လွတ်မြောက်စေရန် အကြိမ်ကြိမ်ခွင့်ပြုခဲ့သည်။ တရားသူကြီးများသည် သူတို့၏စက်ဆုပ်ရွံရှာဖွယ်ခွဲခြားဆက်ဆံမှုများအပေါ် လွတ်လပ်စွာပြုမှုလုပ်ဆောင်ခွင့်ရနေသည်မှာထင်ရှားသည်။ ၎င်းသည်လူ့အဖွဲ့အစည်းအတွင်းဖိနှိပ်မှုများကို ဆက်လက်ထိန်းသိမ်းရန်နှင့် ဖိနှိပ်ခံရသောအုပ်စုများကို လက်အောက်ခံတစ်ဆင့်နိမ့်များအဖြစ် ဆက်လက် သွတ်သွင်းရန်ဖြစ်သည်။

သို့‌‌သော် ဤသဘောထားများသည် အဘယ်ကနေလာသနည်း။ ကျွန်ုပ်တို့လူအဖွဲ့အစည်းအတွင်းမှ ၎င်းတို့ကိုပျောက်ကွယ်သွားရန် မည်သို့လုပ်နိုင်မည်နည်း။

တရားသူကြီးများနှင့် ဥပဒေပြုသူများ၏ အန္တရာယ်ရှိသော ခွဲခြားဆက်ဆံသည့် အပြုအမူများသည် အရင်းရှင်စနစ်၏ လိုအပ်ချက်များကို မီးမောင်းထိုးပြနေသည်။ အရင်းရှင်နိုင်ငံတော်နှင့် တရားရုံးစနစ်သည် အရင်းရှင်လူတန်းစား၏ အာဏာနှင့် အကျိုးအမြတ်ကို ထောက်ပံ့ပေးရန်အတွက်သာ တည်ရှိနေခြင်း ဖြစ်သည်။ တရားရေးရာ ဝန်ထမ်းများကို ရွေးကောက်ခွင့် မရ‌သော၊ နိုင်ငံရေးသမားများ အာဏာရလာသည်နှင့် မဲဆွယ်ကာလ ကတိကဝတ်များကို သတိပင်မရတော့ပဲ ဖောက်ဖျက်ကုန်ကြသော၊ အရေးအကြီးဆုံး ဆုံးဖြတ်ချက်များကို (ဘဏ်ပိုင်ရှင်များ အမှုဆောင်များကဲ့သို့) ရွေးကောက်ခံမဟုတ်သူ အရာရှိများဖြင့် တံခါးပိတ်‌ဆွေးနွေးဆုံးဖြတ်ကြသော ဤစနစ်ကြီးအောက်တွင် စစ်မှန်သော ဒီမိုကရေစီနှင့် တာဝန်ယူမှု လုံးဝမရှိတော့ပေ။ ထိုနည်းတူ အလုပ်ခွင်တွင်လည်း ခွဲခြားဆက်ဆံသောလုပ်ရပ်များအတွက် အလုပ်ရှင်များကို တာဝန်ခံမှုပြုခိုင်းရန် ခက်ခဲလှသည်။ အကြောင်းမှာ ကျွန်ုပ်တို့ အသက်ရှင်ရပ်တည်မှုကို ထိုသူတို့က ထိန်းချုပ်ထားသည့်အပြင် အရင်းရှင်ကုန်ထုတ်လုပ်ရေးအတွင်း ဒီမိုကရေစီဆန်သော ကြီးကြပ်မှုမျိုး လုံးဝမရှိသောကြောင့်ပင်။ ခွဲခြားဆက်ဆံခြင်းဆိုင်ရာ ဥပဒေကြောင်းများကို ခက်ခက်ခဲခဲတိုက်ခိုက် ရယူထားခဲ့ရသည်ဖြစ်သော်လည်း ၎င်းဥပဒေလမ်းကြောင်းသည် တရားခွင်၌ နှစ်များစွာကြာရှည်ခြင်း၊ ကြီးမားလှသည့် ကုန်ကျစရိတ်နှင့် အခြားသော အဟန့်အတားပေါင်းစုံပါဝင်နေခြင်းတို့ကြောင့် ဖိနှိပ်ခံအလုပ်သမားအများစုအတွက်မူ ရွေးချယ်ရန် မဖြစ်နိုင်သလောက်ရှိသော လမ်းကြောင်းဖြစ်နေပေသည်။ အကယ်၍ တရားခွင်လမ်းကြောင်းကို လိုက်ခဲ့ပြန်သည်ရှိသော် အလုပ်ရှင်သည် ပိုကောင်းသော ဥပဒေသမားများကို ငှားရမ်းနိုင်သည့်အပြင်

တရားရေးမဏ္ဍိုင်သည်လည်း အလုပ်ရှင်အကျိုးအတွက် ရေးဆွဲထားခြင်းဖြစ်နေပြန်သည်။ အဆုံး၌ အလုပ်ရှင်များ ပြစ်ဒဏ်ခံရသည်ရှိသော် ၎င်းမှာ သူတို့အတွက် မပြောပလောက်သော အပြောင်းအလဲမျှသာ ဖြစ်သော်လည်း တရားစွဲသူ အလုပ်သမား၏ဘဝမှာ မြောင်းထဲရောက်နေပေပြီ။ ထို့ကြောင့် ခွဲခြားဆက်ဆံသောအပြုအမူများသည် ဖိနှိပ်မှု တည်တံ့ရန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသော်လည်း ဖိနှိပ်မှုကိုကျော်လွှားနိုင်ရန် တကယ့်အဟန့်အတားမှာ ဤအဖွဲ့အစည်းများမှီခိုနေရသည့် လူမှု‌ရေး နှင့် စီးပွားရေး အခြေခံ အုတ်မြစ်များပင် ဖြစ်လေသည်။ တစ်နည်းဆိုရသော် ပြဿနာ၏အရင်းမြစ်သည် အဖွဲ့အစည်းများ၏ အရင်းရှင်ဆန်သော သဘောသဘာဝသာ ဖြစ်သည်၊ ထိုအဖွဲ့အစည်းများအတွင်း ရာထူးရထားသော အရာရှိတို့၏ လုပ်ရပ်များမဟုတ်ပေ။

မာ့က်စ်ဝါဒီများအတွက်မူ ၎င်းသည် "framing problem" (ဘောင် ပြဿနာ) သို့မဟုတ် လူများက ဖိနှိပ်မှုကို မည်သို့မည်ပုံမြင်ကြသည် ဆိုသည့်ပြဿနာ မဟုတ်ပေ။ အတွေးအခေါ်နှင့် ဘာသာစကားသည် လက်တွေ့လူမှုဘဝကို ပုံဖော်ပေးသည့် အဓိကအင်အားစုများ ဖြစ်သည်ဟူသည့် အဆိုမှာ စိတ်ကူးယဉ်ဒဿနဝါဒမှ နွှယ်လာခြင်းဖြစ်သည်။ မာ့က်စ်ဝါဒီများကမူ သမိုင်းကို ချဉ်းကပ်ရာတွင် ရုပ်ဝါဒအမြင်မှ ရပ်တည်ကာ လက်တွေ့လူမှုဘဝကသာ အတွေးအခေါ်ကို ပုံဖော်သည် ဟု ငြင်းဆိုကြသည်။ ကျွန်ုပ်တို့သည် အသင့်ဖြေရှင်းပြီးသား ကမ္ဘာ့အမြင်များကို ထွေးပိုက်ပြီး မွေးဖွားလာကြသည် မဟုတ်သကဲ့သို့၊ အချိန်နှင့်အမျှ စုဆောင်းဖွံ့ဖြိုးလာသော အမြင်များမှာလည်း မိုးပေါ်မှ ကျလာသည် မဟုတ်ပေ။ ကျွန်ုပ်တို့ နေထိုင်သည့် သမိုင်းခေတ်၏ ရုပ်နှင့် လူမှုအခြေအနေများ၊ လူ့အဖွဲ့အစည်းကို ထောက်ပံ့ပေးထားသည့် ကုန်ထုတ်လုပ်မှုနည်းလမ်းများက ကျွန်ုပ်တို့၏ ကမ္ဘာကြီးအကြောင်း လေ့လာယုံကြည်ချက်များကို လွှမ်းမိုးကာ ပုံသွင်းပေးထားခြင်းဖြစ်သည်။ သို့သော် အတွေးတိုင်းနှင့် ယဉ်ကျေးမှု အစိတ်အပိုင်းတိုင်းသည် လူ့အဖွဲ့အစည်း၏ စီးပွားရေးအခြေခံအုတ်မြစ်မှ ရသော တိုက်ရိုက်ထုတ်ကုန်များ ဖြစ်သည်ဟု မဆိုလိုပေ။ စီးပွားရေးအခြေသည် ခေတ်တိုင်း၏ လွှမ်းမိုးသောအမြင်များအတွက် ယျေဘုယျအုတ်မြစ်ကို ခင်းပေးကာ ကျွန်ုပ်တို့၏တွေးပုံခေါ်ပုံအပေါ် ကန့်သတ်ချက်များ သတ်မှတ်ပေးသည်ဟုသာ ဆိုလိုသည်။

အာဏာရှိသော လူတစ်ဦးစီက သာ ကိုယ်ကျိုးအတွက် တပါးသူကို ခွဲခြားဆက်ဆံသည့် အမြင်များအား ကိုင်ဆောင်အသုံးချနေကြသည်‌ မဟုတ်။ လက်လုပ်လက်စား နှင့် ဆင်းရဲသားများသည်လည်း ထိုအမြင်များဖြင့် လူမှုစနစ်အတွင်း သွတ်သွင်း ခံထားရပေသည်။ လူ့အဖွဲ့အစည်းတွင် လွှမ်းမိုးထားသော အတွေးအမြင်များမှာ အာဏာရလူတန်းစား (အရင်းရှင်စနစ်အောက်တွင်မူ ဘူဇွာများကို ဆိုလို) ၏ အမြင်များဖြစ်ကြသည်။ အရင်းရှင်အသိုင်းအဝိုင်းသည် လူမျိုးနှင့် မျိုးနွယ်စု၊ ဘာသာစကား၊ လိင်နှင့် အထီးအမ ကွဲပြားမှု၊ ဘာသာရေးနှင့် အခြားသောကွဲပြားမှုများအပေါ် အခြေပြု၍ အလုပ်သမားလူတန်းစား တစ်ရပ်လုံး စိတ်ဝမ်းကွဲအောင် ထားရှိရန် ခွဲခြားဆက်ဆံသည့် အပြုအမူများအား အသုံးချကြသည်။ ထိုသို့ စိတ်ဝမ်းကွဲစေမှုသည် သူတို့အတွက် မျိုးစုံ အကျိုးရှိစေနိုင်သည်။ ဥပမာအားဖြင့် လုပ်ခလစာများ ဖိလျှော့ ပစ်ခြင်း၊ အလုပ်သမားများနှင့် နိုင်ငံများအတွင်း "အောက်ခြေသို့ပြိုင်ပွဲ* (a race to the bottom*)" ကဲ့သို့သော ကျင့်ဝတ်မဲ့မှုများပြုလုပ်ခြင်း နှင့် ခေါင်းပုံဖြတ်ခံရသူများ၊ အဖိနှိပ်ခံများသည် ဘုံဖိနှိပ်သူ ဘူဇွာလူတန်းစားအား ဆန့်ကျင်ပေါင်းစည်းမှုကိုတားဆီးခြင်း တို့ပင်ဖြစ်သည်။ [စာကြွင်း။ ။A race to the bottom ဆိုသည်မှာ ဝယ်သူပိုများစေလိုသဖြင့် ကုန်ပစ္စည်း၏ ဈေးကို ဖြစ်သင့်သည်ထက် မတန်တဆ လျှော့ချနိုင်ရန် ပစ္စည်းအရည်အသွေး (သို့) လုပ်ခလစာ (သို့) အလုပ်သမားများအတွက် အန္တရာယ်ကင်း အထောက်အပံ့များ စသည်တို့ကို အောက်ခြေဆုံးရောက်သည်အထိ လျှော့ချပစ်ခြင်းဖြစ်သည်။] ဘူဇွာလူတန်းစားသည် သတင်းမီဒီယာနှင့် ယဉ်‌ကျေးမှု ဆိုင်ရာ ဌာနများ ကဲ့သို့ အတွေးအမြင် ဝါဒဖြန့်ရာ အဓိကနည်းလမ်းများကို ပိုင်ဆိုင်ချုပ်ကိုင်ထားကြသည်။ အာဏာရလူတန်းစား၏ အမြင်များသည် ဘုရားကျောင်း၊ ပညာရေးစနစ်နှင့် မိသားစု များမှတဆင့်လည်း ပြန့်ပွား‌ကြသေးသည်။ ကျွန်ုပ်တို့ အတွေးထဲမှ အကြောင်းအရာမှန်သမျှသည် အရင်းရှင်စနစ်ကို ထင်ဟပ်နေသော အဖွဲ့အစည်းများ၏ ပုံဖော်ခြင်းကို ခံနေရသည်။

အရင်းရှင်စနစ်သည် အလုပ်သမားလူတန်းစားတစ်ရပ်လုံးအား မိမိနှင့် အခြားသူများအပေါ် နားလည်စာနာနိုင်စွမ်း ပျက်စီးကာ လူမဆန်အောင်လုပ်နေသော မညှာမတာ ပြိုင်ပွဲကြီးတစ်ရပ်အဖြစ်သို့ တွန်းပို့နေလေသည်။ လူသားများသည် လောဘနှင့် ခွဲခြားဆက်ဆံမှုကို အမွေရကာ မွေးဖွားလာကြသည်မဟုတ်‌ပေ၊ ကျွန်ုပ်တို့ မပေါင်းစည်းမိအောင် တစ်ဦးနှင့်တစ်ဦး ရန်တိုက် သွေးခွဲ ဝါဒဖြန့် နည်းမျိုးစုံ အသုံးချနေသည့် သီးသန့်ဆန်လွန်းသော လူ့အဖွဲ့အစည်းထဲတွင်သာ မွေးဖွားကြီးပြင်းလာကြရခြင်း ဖြစ်သည်။ ထို့ကြောင့် ခွဲခြားဆက်ဆံမှုဖြစ်ပေါ်စေသော ရုပ်ပိုင်းဆိုင်ရာနှင့် လူမှု‌ရေးအခြေအနေများကို အရင် မပြောင်းလဲပစ်ဘဲ ကျွန်ုပ်တို့၏တွေးခေါ်ပုံကို စိန်ခေါ်‌ ပြောင်းလဲကြည့်ခြင်းသည် ဖိနှိပ်မှုကိုတိုက်ဖျက်ရန် ဝေဝါးကန့်သတ်လိုက်သော ချဉ်းကပ်နည်းဖြစ်ပေသည်။ မူလအစဖြစ်သည့် လူမှု‌ရေးနှင့် ရုပ်ပိုင်းဆိုင်ရာအခြေအနေများမှ ဖယ်ခွာပြီး အတွေးနှင့်အမြင်များအပေါ်သာ အလေးပေးဆန်းစစ်နေခြင်းဖြင့် ဖိနှိပ်မှုများသည် တစ်ဦးချင်းစီ၏သီးသန့်နားလည်မှု အဖြစ်လျော့ကျသွားမည်မှာ ရှောင်လွှဲ၍မရချေ။ ထိုသို့ဖြစ်ပါက စီးပွားရေး အရင်းအမြစ်များမှ သွေဖယ်သွားရုံမက လှုပ်ရှားမှုကြီးကိုပါ အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားစေနိုင်သောအန္တရာယ် ဖြစ်လာနိုင်ပေသည်။

နောက်ဆုံးအနေဖြင့် လူမှုကွဲပြားမှု၏ ရုပ်အခြေခံအုတ်မြစ်သည် ရှားပါးမှုဖြစ်သည်။ နိုင်ငံသားတိုင်းအတွက် အလုပ်ကောင်းတစ်ခု၊ အိမ်တစ်လုံး နှင့် ကျောင်းကောင်းကောင်းထားပေးနိုင်သော လူ့အဖွဲ့အစည်းသာ ရှိခဲ့ပါက အိမ်မရှိ၊ ကျောင်းမရှိ၊ အလုပ်မရှိခြင်းအတွက် အခြားသူတစ်ယောက်ယောက်ကို အပြစ်ဖို့စရာလိုမည် မဟုတ်ပေ။ ပြောင်းပြန်အနေဖြင့် ယိုယွင်းနေသော လူ့အဖွဲ့အစည်းအတွင်း၌မူ ထိုသို့ အပြစ်ဖို့သည့်လုပ်ရပ်များ ပိုများလာသည်ကို တွေ့ရပေမည်။ "လိုချင်မှုဟာ လူတိုင်းကြုံနေကျဖြစ်သွားတဲ့အခါ အရင်က အမှိုက်ဟောင်းတွေအကုန် ပြန်အသက်ဝင်လာလိမ့်မယ်" ဟု မာ့က်စ်ဆိုခဲ့သည်မှာ အတော်မှန်သည့် စကားဖြစ်‌သည်။ ရှားပါးမှုများ ခိုင်ခိုင်မာမာရှိနေစဉ် ထိုအပြစ်ဖို့ အပြုအမူများကို လုံးဝ ရှင်းထုတ်ပစ်ရန် မဖြစ်နိုင်ပေ။ သို့ရာတွင် ကျွန်ုပ်တို့တွင် အလွန်အဆင့်မြင့်သော ထုတ်လုပ်မှုနည်းလမ်းများရှိ‌နေပြီ ဖြစ်သဖြင့် လူတိုင်းလူတိုင်း လူနေမှုအဆင့်အတန်းကောင်းကောင်းရနိုင်ရန် လိုအပ်သော ကြွယ်ဝမှု နှင့် အရင်းအမြစ်များ လုံလောက်သည်ထက်ပင် ပိုလျှံနေသေးပေသည်။ ထို့ကြောင့် အရင်းရှင်စနစ်အောက်တွင် ရှားပါးမှုကို လုံးဝ တမင်သက်သက် ဖန်တီးယူထားသည်ဟု ဆိုနိုင်ပေသည်။ ဤစနစ်၏ပြဿနာမှာ ကြွယ်ဝမှုအများစုကို လူနည်းစုကလေးကသာ ထိန်းချုပ်ထားပြီး ကျွန်ုပ်တို့ ကျန်လူများမှာ အကြွင်းအကျန်များအတွက် အသက်လုနေရခြင်းဖြစ်သည်။ ဤအကြောင်းကြောင့်ပင် မာ့က်စ်ဝါဒီများအနေဖြင့် အရင်းရှင်လူတန်းစားကို ဖျက်သိမ်းရေးအတွက် လှုံ့ဆော်နေရခြင်းဖြစ်သည်။ ထိုသို့ လုပ်မှသာ ဤကြွယ်ဝမှုအားလုံးကို လူအများစုအကျိုးစီးပွားအတွက်အသုံးချပြီး ကွဲပြားခြင်းနှင့် ဖိနှိပ်ချုပ်ခြယ်ခြင်းများကို အရင်းအမြစ်ကနေ ဖယ်ရှားနိုင်မည်ဖြစ်ပေသည်။

ဖိနှိပ်မှုရဲ့ ဇာစ်မြစ် (subjective or objective?)

Intersectional ဖမ်းမနစ်(စ်) အရေးအသားတွေထဲမှာ “အဆောက်အအုံဆိုင်ရာ” ဖိနှိပ်မှုကို မကြာခဏညွှန်းဆိုတာ တွေ့ရလေ့ရှိတယ်။ ဒါပေမယ့် မာ့(က်စ်)ဝါဒ၊ ရုပ်ဝါဒ ရှုထောင့်ကနေ ပြောတာမျိုး မဟုတ်ဘူး၊ စိတ်ဝါဒရှုထောင့်က ပြောခြင်းဖြစ်တယ်။ ဥပမာ၊ ဖိနှိပ်မှု ပုံစံမျိုးစုံ ကူးလူးဆက်နွှယ်နေတာတွေနဲ့ ပတ်သက်လို့ ဘဲ(လ်)ဟု(ခ်စ်)က ဒီလို ဆိုထားတယ်- “ငါ့အမြင်မှာတော့ ဒါဟာ အိမ်တလုံးလိုပဲ၊ ဒီဖိနှိပ်မှုတွေအားလုံးမှာ ဘုံအုတ်မြစ်ရှိတယ်၊ ဒါပေမယ့် ဒီအခြေခံအုတ်မြစ်ဆိုတာ အိုင်ဒီအော့လဂျီဆိုင်ရာ ယုံကြည်မှုတွေပဲ၊ ဒီယုံကြည်မှုတွေကို ဗဟိုပြုပြီး လွှမ်းမိုးခြင်း သဘောတွေကို တည်ဆောက်ထားကြတယ်”။ ဒီအမြင်နဲ့ တသားတည်းဖြစ်နေတဲ့ ပတ်ထရစ်ရှာ ဟေး(လ်) ကောလင်း(စ်)က အခုလို အဆိုပြုတယ်၊ “စွမ်းအားမြှင့်တင်မှုဆိုတာ လူသားအဖြစ်ကနေ လျှော့ချခြင်း၊ အပြုခံအဖြစ် သတ်မှတ်ခြင်းတွေကို ဆက်လက်သယ်ပိုးလာတဲ့ အသိအမြင် ဒိုင်မန်းရှင်းတွေကို ငြင်းပယ်ခြင်း ဖြစ်တယ်၊ ဒီအသိအမြင် ဒိုင်မန်းရှင်းတွေဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာလား၊ ယဉ်ကျေးမှုဆိုင်ရာလား၊ အင်စတီကျူးရှင်း ဆိုင်ရာလားဆိုတာ အရေးမပါဘူး”။ ဒါ့ကြောင့် ဖိနှိပ်မှုရဲ့ ရေသောက်မြစ်တွေကို လူ့အဖွဲ့အစည်းအတွင်းက ယုံကြည်မှုစနစ်မှာ သွားတွေ့ရတယ်၊ ဒီဖိနှိပ်မှုကို အဆုံးသတ်ဖို့ အဲဒီယုံကြည်မှုတွေကို ငြင်းပယ်ပစ်ရမယ်။ ဒီချဉ်းကပ်နည်းရဲ့ အဓိက အားနည်းချက်က အဲဒီယုံကြည်မှုတွေ ဘယ်လို ဖြစ်တည်လာတယ်၊ ဘာ့ကြောင့် ပေါ်ထွက်လာတယ် ဆိုတာကို ရှင်းမပြနိုင်ဘူး။ ဒီလိုရှင်းမပြနိုင်တဲ့အတွက်၊ လူအများဆီကနေ အဲဒီယုံကြည်မှုတွေ အမြစ်ပြတ် ဖယ်ရှားပစ်နိုင်မယ့် လမ်းကို မညွှန်ပြနိုင်ဘူး။

အရှိတရားအပေါ် ငါတို့ ဘယ်လို ယူဆချက်ထုတ်သလဲ ဆိုတဲ့အချက်ကို ပြောင်းလဲပစ်ရမယ့် အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လိုက်လို့ ဒီလိုအနက်ထွက်သွားတယ်၊ ဖိနှိပ်မှုကို အဓိကအားဖြင့် တဦးချင်းစီက ဆက်လုပ်နေတယ်၊ လူတဦးနဲ့တဦးကြား ဆက်ဆံရေးတွေကတဆင့် ဖိနှိပ်မှုကို ဆက်လက်တည်မြဲစေတယ်။ ဒီရှုထောင့်အရဆိုရင်၊ ဖိနှိပ်မှုပုံစံတခုခုကို မခံစားရတဲ့ လူတွေဟာ အဲဒီဖိနှိပ်မှုပုံစံကို ဆက်လက်သယ်ပိုးရာမှာ အလိုတူအလိုပါ ဖြစ်သွားတယ်၊ အဲဒီဖိနှိပ်မှုပုံစံကနေ အကျိုးခံစားနေရတယ်။ အမျိုးမျိုးသော ဖိနှိပ်မှုတွေနဲ့ လွှမ်းမိုးခြင်း ဝိသေသတွေ ပေါင်းစပ်ထားတဲ့ ပုံစံတွေ မရေမတွက်နိုင်အောင် ရှိနေတော့ ငါတို့အားလုံးဟာ တချိန်တည်းမှာ ဖိနှိပ်သူဖြစ်နေသလို အဖိနှိပ်ခံ ဖြစ်နေရတဲ့ အဆုံးမရှိ ကွန်ယက်ကြီးထဲ တည်ရှိနေကြတယ်လို့ intersectionality သီအိုရီက အဆိုပြုတယ်။ အုပ်စိုးသူ အရင်းရှင် လူတန်းစားက ရန်သူဖြစ်ရမယ့်အစား အလုပ်သမား လူတန်းစားက ရန်သူဖြစ်လာတယ်။ (ntersectionality သီအိုရီအရ အလုပ်သမား လူတန်းစားကိုယ်တိုင်က ဖိနှိပ်ခံရတာရှိသလို ဖိနှိပ်သူ ပြန်ဖြစ်နေတာလည်း ရှိတာကိုး- စကားချပ်)။

ခွဲခြားဆက်ဆံလိုတဲ့ သဘောထားတဲ့၊ ဖိနှိပ်တဲ့ လုပ်ရပ်တွေကို လူတဦးချင်းစီက သယ်ပိုးလာကြတယ်၊ လူတဦးနဲ့ တဦးကြား ဆက်ဆံရေးတွေမှာ ပြုလုပ်ကြတယ်ဆိုတာ အထင်အရှားပဲ၊ (ဒါတွေကို တော်လှန်ရေးသမားတွေက ရှုတ်ချရမယ်၊ တိုက်ဖျက်ရမယ်)၊ ဒါပေမယ့်လည်း ခွဲခြားဖိနှိပ်လိုတဲ့ ဒီသဘောထားတွေမှာ လူမှုစီးပွားဆိုင်ရာ၊ သမိုင်းဆိုင်ရာ ဇာစ်မြစ်တွေ ရှိတယ်၊ အဲဒီသဘောထားတွေဟာ လူတန်းစား လူ့အဖွဲ့အစည်းရဲ့ အဆောက်အအုံထဲမှာ အမြစ်တွယ်နေတယ်။ အလားတူပဲ လူ့အဖွဲ့အစည်းက စနစ်တကျ မျက်နှာသာပေးထားတဲ့ လွှမ်းမိုးထားသော ဝိသေသဆိုတာလည်း သမိုင်းဖြစ်စဉ်ထဲမှာ ပေါ်ထွက်လာခြင်းဖြစ်တယ်။ လူဖြူတွေက သာလွန်ကြီးမြတ်တယ်ဆိုတဲ့ “White supremacy” နဲ့ လူမျိုးရေးဝါဒတွေဟာ လူမှုအဆောက်အအုံအတွင်း အမြစ်တွယ်ထားတဲ့ ဖြစ်ရပ်တွေပဲ၊ ကိုလိုနီတွေ သိမ်းပိုက်ခြင်းနဲ့ ကျွန်ပြုခြင်းကို တရားထူထောင်ဖို့ ဥရောပ တိုင်းပြည်တွေရဲ့ ကိုလိုနီဝါဒသမား အုပ်စိုးသူ လူတန်းစားတွေက “White supremacy”နဲ့ လူမျိုးရေးဝါဒတွေကို ကြီးထွားလာအောင် မြေတောင်မြှောက်ပေးခဲ့ကြတယ်၊ အရင်းရှင်စနစ် ဖွံ့ဖြိုးမှုဟာ ကိုလိုနီတွေ သိမ်းပိုက်ခြင်းနဲ့ ကျွန်ပြုခြင်းအပေါ် အခြေတည်ထားခဲ့တယ်။ မိန်းမတွေ ဖိနှိပ်ခံရခြင်းဟာ အမြဲတမ်း တည်ရှိခဲ့တဲ့အရာ မဟုတ်ဘူး၊ လူ့အဖွဲ့အစည်းအတွင်း လူတန်းစားတွေ ကွဲထွက်သွားမှ ပေါ်ထွက်လာခဲ့တာ ဖြစ်တယ်၊ မိန်းမတယောက်ဟာ ယောကျ်ား တယောက်တည်းကိုသာ လက်ထပ်ရတဲ့ ဓလေ့ကို စတင်သွတ်သွင်းလိုက်တယ်၊ ဒါမှ မွေးလာတဲ့ ကလေးရဲ့ ဖခင်ကို အငြင်းပွားစရာ မလိုမှာ၊ ဒါမှသာ ဖခင်ဖြစ်သူရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို သူ့သွေးသားအရင်းဆီ ရောက်ရှိသွားကြောင်း သေချာမှာ ဖြစ်တယ်။ monogamy ပေါ်ပေါက်လာရခြင်းရဲ့ ရည်ရွယ်ချက်ကို ပြောနေတာ။ ဒါနဲ့အတူ မိန်းမတွေ ဖိနှိပ်ခံရခြင်း ပေါ်ပေါက်လာခဲ့တယ်။

ဒါ့ကြောင့် မိန်းမတွေ ဖိနှိပ်ခံရခြင်းဟာ (၁)လူ့အဖွဲ့အစည်းအတွင်း လူတန်းစားတွေ ကွဲထွက်သွားခြင်း၊ (၂)ပုဂ္ဂလိက ပိုင်ဆိုင်မှု ပေါ်ထွန်းလာခြင်း၊ (၃)တလင်တည်းစနစ် (Monogamy) သွတ်သွင်းလာခြင်းနဲ့အတူ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်တယ်။ [Monogamy ဟာ စတင်ပေါ်ထွန်းလာကတည်းက မိန်းမတွေကိုသာ အတင်းအကြပ် ကျင့်သုံးစေခဲ့တယ်၊ ယောကျ်ားတွေဘက်က လိုက်နာစရာ မလိုခဲ့ဘူး၊ ဒါ့ကြောင့် တလင်တမယားစနစ်လို့ မပြန်ဘဲ တလင်တည်းစနစ်လို့ ဘာသာပြန်ခြင်း ဖြစ်ပါတယ်]။ လူမျိုးရေး ခွဲခြားဖိနှိပ်လိုတဲ့ စိတ်သဘောထားတွေနဲ့ လိင်အခြေခံ ခွဲခြားဖိနှိပ်လိုတဲ့ စိတ်သဘောထားတွေဟာ အဲဒီ လူမှုရုပ်ဘဝ ဖြစ်စဉ်တွေကို ထင်ဟပ်နေတယ်။

လူတဦးတယောက်မှာ ခွဲခြားဖိနှိပ်လိုတဲ့ စိတ်သဘောထားတွေ ရှိနေနိုင်တယ်၊ ရှိတဲ့အတိုင်းလည်း တခြားလူတွေကို ခွဲခြားဖိနှိပ်မှု ပြင်းပြင်းထန်ထန် လုပ်နိုင်တယ်၊ ဒါပေမယ့် အဲဒီလို ခွဲခြားဖိနှိပ်လိုစိတ်တွေ၊ လုပ်ရပ်တွေဟာ နောက်ဆုံးသတ္ထုချလိုက်ရင် အုပ်စိုးသူ သွေးစုပ်ကောင် လူတန်းစားကိုပဲ အကျိုးဖြစ်စေတယ်။ ဒါပေမယ့် intersectionality အယူအဆကို ထောက်ခံသူတွေက “အခွင့်ထူးခံ” ဆိုတဲ့ အယူအဆကို ခဏခဏ ပြောလေ့ရှိတယ်၊ သူတို့ဆိုလိုတဲ့ အနက်က ဖိနှိပ်မှုပုံစံတမျိုးမျိုးကို မခံရသူတွေဟာ တခြားသူတွေ အဲဒီဖိနှိပ်မှုမျိုး ဆက်ခံနေရခြင်းမှာ အကျိုးအမြတ် ရှိနေတယ် (သို့) သူတို့မခံရတဲ့ ဖိနှိပ်မှုပုံစံ ဆက်ဖြစ်နေအောင် တက်တက်ကြွကြွ ဝင်အားဖြည့်ပေးကြတယ်။ ပုံစံမျိုးစုံ၊ ဆက်နွှယ်မှုမျိုးစုံနဲ့ ဖိနှိပ်ခံနေရသူတွေဟာ လူမှုဘဝ အတားအဆီးတွေ ကြီးကြီးမားမား ကြုံတွေ့ကြရတယ်၊ ခွဲခြားဆက်ဆံမှုတွေကို ဆတိုးနဲ့ ခံကြရတယ်၊ ဒီအချက်တွေကို မာ့(က်စ်)ဝါဒီတွေက မငြင်းပါဘူး၊ သဘောတူတယ်။ ဒါပေမယ့် “အခွင့်ထူး”လို့ ခဏခဏ ပြောလေ့ရှိတဲ့ အရာတွေဟာ ကျနော်တို့အမြင်မှာ လူတိုင်းလူတိုင်း ရည်တူတန်းတူ ရရှိသင့်တဲ့ လူ့အခွင့်အရေးတွေ ဖြစ်သင့်တယ်။ ကျနော်တို့ဟာ အလုပ်သမား လူတန်းစားကို အလွှာတွေ ခွဲပစ်ပြီး အဖိနှိပ်ခံ အလွှာတွေကို ဒီအခွင့်အရေးတွေ ငြင်းပယ်ထားတဲ့ စနစ်၊ အလုပ်သမား လူတန်းစားအချင်းချင်း သွေးကွဲနေအောင် လုပ်ထားပြီး ဘဏ်လုပ်ငန်းရှင်ကြီးတွေ၊ သူဌေးကြီးတွေ မသဒ္ဓါရေစာ ချကျွေးထားတဲ့ အရိုးအရင်းအတွက်နဲ့ အချင်းချင်း ရန်လိုတိုက်ခိုက်နေရတဲ့ စနစ်ကို ဖြိုပစ်ရမယ်။ “အောက်ကိုလျှော့ချပြီး တန်းညှိမပစ်နဲ့၊ ညီတူမျှတူ မွဲတေအောင် မလုပ်နဲ့၊ အပေါ်ကိုတက်ပြီး တန်းတူရည်တူ ဖြစ်အောင်လုပ်၊ သွေးစုပ်သူ လူတန်းစား ဖိနှိပ်သူ လူတန်းစားဆီက ငါတို့လိုအပ်တာကို အရယူကြ” လို့ ကျနော်တို့ ပြောပါတယ်။

အုပ်စုတစုကို ဖိနှိပ်ခြင်းဟာ ငါတို့အားလုံးကို သွေးစုပ်၊ ဖိနှိပ်နေတဲ့ အရင်းရှင်စနစ်ကိုသာ တည်မြဲစေတယ်။ အခြားအလုပ်သမား အုပ်စုတစုအပေါ် ဖိနှိပ်ခြင်း၊ လွှမ်းမိုးထားခြင်းကို ဆက်လက်တည်မြဲအောင် လုပ်တာဟာ ဘယ်အလုပ်သမားအတွက်မှ အကျိုးမရှိဘူး။ အပေါ်ယံကြည့်မယ်ဆိုရင်၊ အလုပ်သမား တချို့ကို ချနင်းပြီး တခြား အလုပ်သမားတွေ အကျိုးအမြတ် ရသွားတယ်လို့ ထင်စရာရှိတယ်၊ ဒါ့ကြောင့် အလုပ်သမား အုပ်စုတစုကို ဖိနှိပ်ခြင်းကနေ တခြားအလုပ်သမားတွေ အကျိုးခံစားနေရတယ်လို့ ထင်စရာပဲ။ အားလုံးသိတဲ့ ဥပမာကိုပဲကြည့်၊ တူညီသော အလုပ်အတွက် ယောကျ်ားတွေကို မိန်းမတွေထက် လုပ်အားခ ပိုပေးကြတယ်။ ဒါပေမယ့် မိန်းမတွေကို လျှော့ပေးထားလို့ ‌ယောက်ျားတွေက လုပ်အားခပိုရနေတာ မဟုတ်ဘူး။ (“အခွင့်ထူးခံ” နေရတာ မဟုတ်ဘူး)။ ကျားမ,မရွေး လူတိုင်းလူတိုင်း လုပ်အားခတွေ အဆပေါင်းများစွာ တိုးပေးနိုင်တဲ့ ဓနဥစ္စာတွေ လုံလောက်တာထက် ပိုအောင်ရှိနေပြီးသားပါ။ ဒါပေမယ့် အလုပ်သမားတွေ ဖန်တီးထုတ်လုပ်ပေးခဲ့တဲ့ ဓနဥစ္စာ အမျာစုကို လက်တဆုပ်စာ အုပ်စိုးသူ လူတန်းစားက သိမ်းပိုက်သွားတယ် မဟုတ်လား။ အမျိုးသမီး အလုပ်သမားတွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ၊ လူမျိုးရေးအရ/ဂျန်ဒါအရ လူနည်းစုတွေကို လုပ်အားခ နည်းနည်းပဲ ပေးခြင်းအားဖြင့် (သို့) ခွဲခြားဖိနှိပ်ခြင်းအားဖြင့် အရင်းရှင် လူတန်းစားက အကျိုးအမြတ် ပိုရသွားတယ်။ ဒီလို အလုပ်သမား လူတန်းစားရဲ့ တချို့အလွှာတွေကို လုပ်အားခလျှော့ပေးလိုက်ခြင်းဟာ လုပ်ခ လစာနှုန်းထားအပေါ် “downward pressure” သက်ရောက်စေတယ်။ ရလဒ်က ကျန်တဲ့ အလုပ်သမားတွေလည်း လုပ်အားခကို တိုးပေးရမယ်လို့ တင်းမခံနိုင်ဘဲ မီးစင်ကြည့်ကကြရတော့တယ်၊ ဒီအခါ မလောက်ငှတော့ ဆိုးဝါးလှတဲ့ အချိန်ပိုင်းအလုပ်တွေ ဝင်လုပ်ကြရတယ်။

အလုပ်သမား လူတန်းစားအချင်းချင်း ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်တာဟာ အလုပ်သမား လူတန်းစားကို အကျိုးမဖြစ်စေဘူးလို့ မာ့(က်စ်)ဝါဒီတွေက အလုပ်သမား‌ လူတန်းစား နားလည်လာအောင် အင်တိုက်အားတိုက် ပညာပေးကြတယ်။ များသောအားဖြင့် တိုက်ပွဲဝင် ဖြတ်သန်းခဲ့တဲ့ အခိုင်အမာ အတွေ့အကြုံကနေ လူတွေဟာ ပြောင်းလဲလာကြလိမ့်မယ်၊ သူတို့ကိုင်စွဲထားတဲ့ အယူအဆတွေလည်း လိုက်ပါ ပြောင်းလဲသွားလိမ့်မယ်။ ခွဲခြားဖိနှိပ်လိုစိတ်တွေ သယ်ပိုးထားသော “အခွင့်ထူးခံ” လို့ ပုံဖော်ခံရလေ့ရှိတဲ့ အလုပ်သမားတယောက်ဟာ တကယ်တမ်းကျ သူ့လုပ်အားခကို အောက်ထိုးကျသထက်ကျအောင် အားဖြည့်လုပ်ဆောင်ပေးနေတာပဲ၊ သူ့ထက် လုပ်အားခပိုနည်းလို့ ပိုပြီး အဖိနှိပ်ခံရတဲ့ အလုပ်သမားတွေနဲ့ ယှဉ်ပြိုင်တိုးဝှေ့လာရမယ်၊ ဒီလိုနဲ့ သူ့လုပ်အားလဲ ပိုပိုနည်းသွားရတယ်၊ တကယ်တမ်း အမြတ်တွေ ပိုရသွားတာက အလုပ်သမား လူတန်းစား တရပ်လုံးကို သွေးစုပ် ဖိနှိပ်နေတဲ့ အရင်းရှင် လူတန်းစားပဲ။ ဖိနှိပ်မှုပုံစံ မျိုးစုံကို မခံရတဲ့ အလုပ်သမားတွေဟာ တခြားသူတွေ အဲဒီဖိနှိပ်မှုတွေ ခံနေရတာကို ဆက်လက်တည်မြဲအောင် အားပေးလုပ်ဆောင်ရင် အကျိုးမခံစားရဘဲ ဆုံးရှုံးစရာသာ အများကြီး ရှိသွားမယ်၊ အကြောင်းက သူတို့ကိုယ်တိုင်ခံနေရတဲ့ သွေးစုပ်ခြယ်လှယ်မှုကို ဆက်လက် တည်တံ့စေလို့ပဲ။ လူတိုင်းရဲ့ လူနေမှု အဆင့်အတန်းကို တဟုန်ထိုး မြင့်မားသွားစေမယ့် ဆိုရှယ်လစ် တိုက်ပွဲမှာ အလုပ်သမား အားလုံး သွေးစည်းညီညွတ်ခြင်းအားဖြင့် ကမ္ဘာကြီးတခုလုံးကို ပိုင်ဆိုင်ရမယ်။ လူတန်းစား သွေးစည်းမှုအစား၊ “မဟာမိတ်များ” ဆိုတဲ့ အယူအဆကို intersectionality သီအိုရီ သမားတွေက ဖော်ထုတ်လာကြတယ်။ အလုပ်သမား လူတန်းစားရဲ့ မတူကွဲပြားတဲ့ အုပ်စုတွေမှာ မတူညီတဲ့ အကျိုးစီးပွားတွေ ရှိကြတယ်၊ ဒါ့ကြောင့် ကိုယ့်အစုနဲ့ကိုယ် ကိုယ်ပိုင်အဖွဲ့အစည်းတွေ ရှိသင့်တယ်လို့ အနက်ထွက်သွားတယ်။ အလုပ်သမား လူတန်းစား တရပ်လုံးရဲ့ ဘုံအကျိုးစီးပွားကို အခြေခံတဲ့ လူတန်းစား တရပ်လုံးရဲ့ တိုက်ပွဲကိုသာ မာ့(က်စ်)ဝါဒီတွေ ပြောကြတယ်။ အလုပ်သမားတွေအပေါ် ကျူးလွန်နေတဲ့ ဖိနှိပ်မှုအားလုံး၊ သွေးစုပ်ခြယ်လှယ်မှု အားလုံးကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ အလုပ်သမား သမဂ္ဂတွေ၊ အလုပ်သမားထု ဆိုရှယ်လစ် ပါတီတွေကနေ အလုပ်သမား လူတန်းစားကို စုစည်းထားကြရမယ်လို့ မာ့(က်စ်)ဝါဒီတွေက ပြောတယ်။ အရင်းရှင်စနစ် တစုံလုံးနဲ့ အရင်းရှင်စနစ်ကို ကျားကန်ပေးထားတဲ့ အရာအားလုံးကို တိုက်ဖျက်ရမယ်လို့ ဆိုလိုတယ်။

“အခွင့်ထူးခံ အယူအဆကို ဇောင်းပေးပြောတဲ့ နိုင်ငံရေး” ရဲ့ အန္တရာယ်က ဒီလို - ဒီအယူအဆကို ဆုပ်ကိုင်ထားတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ အလုပ်သမား တချို့ကို အလုပ်သမား လူတန်းစားရဲ့ တခြားအလွှာတွေက ဖိနှိပ်ခံနေရတယ်၊ မင်းတို့က အခွင့်ထူးတွေ ရရှိနေတယ်လို့ မြင်လာအောင် ပြောကြတယ်၊ ဖိနှိပ်မှုပုံစံတမျိုးမျိုးကို မခံရတဲ့ အလုပ်သမား လူတန်းစား အလွှာတခုနဲ့ ခံနေရတဲ့ တခြားအလွှာကြား ဆန့်ကျင်ဘက် အကျိုးစီးပွားတွေ ရှိနေတယ်လို့ ထင်သွားအောင် လုပ်လိုက်ကြတယ်၊ အရင်းရှင် လူတန်းစားကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ အလုပ်သမား လူတန်းစား တရပ်လုံး သွေးစည်းရေးဟာ အားလုံး အကျိုးခံစားရဖို့ ဖြစ်ကြောင်း ရှင်းမပြကြတော့ဘူး။ ဖိနှိပ်မှုပုံစံ တမျိုးမျိုးကို ခံနေရတဲ့ အလွှာနဲ့ မခံရတဲ့ အလုပ်သမား လူတန်းစား အလွှာကြား ဆန့်ကျင်ဘက် အကျိုးစီးပွား ရှိနေတယ်ဆိုတဲ့ ယုံတမ်းပုံပြင်ကို အရင်းရှင် လူတန်းစားက အားတက်သရော ရေလောင်းပေါင်းသင်ပေးတယ်၊ ဒါ့အပြင် အဲဒီယုံတမ်းပုံပြင်ကို တရားထူထောင်ဖို့ လူမျိုးရေးဝါဒ၊ လိင်အခြေခံ ခွဲခြားဖိနှိပ်မှုနဲ့ တခြားသော ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှု ပုံစံမျိုးစုံကို အသုံးပြုနေတဲ့ အရင်းရှင် လူတန်းစားက အဆိုပါ “အခွင့်ထူးခံ အယူအဆ နိုင်ငံရေး” ကို ကောင်းကောင်းကြီး အသုံးချသွားတယ်။ “အခွင့်ထူးတွေ ခံစားနေပါတယ်” ဆိုတဲ့ အလုပ်သမားတွေနဲ့ ဖိနှိပ်မှုတွေ မျိုးစုံခံနေရတဲ့ အလုပ်သမားတွေ ပေါင်းစည်းပြီး ဘော့စ်တွေကို ဆန့်ကျင်လာတဲ့အခါ၊ တူညီတဲ့ လုပ်ခလစာတွေ ပေးဖို့ တောင်းဆိုလာတဲ့အခါ အလုပ်သမား လူတန်းစား သွေးစည်းမှု စွမ်းပကားကြောင့် သွေးစုပ်သူ လူတန်းစားဆီက လိုက်လျောမှုတွေ အများကြီး ရလာမယ်။

အလုပ်သမား လူတန်းစားရဲ့ အလွှာတချို့ကို ခွဲခြား၊ ဖိနှိပ်ခြင်းဟာ အုပ်စိုးသူ လူတန်းစားအဖို့ လွယ်ကူလွန်းတဲ့ အပြစ်ဖို့နည်း တမျိုးလည်း ဖြစ်တယ်။ အရင်းရှင်စနစ် အကြပ်အတည်း ဆိုက်နေချိန်မျိုးမှာ အုပ်စိုးသူ လူတန်းစား နဲ့ သူတို့ရဲ့ ကိုယ်စားလှယ်တွေက ဒီအကြပ်အတည်းဟာ အဲဒီအဖိနှိပ်ခံ၊ အပယ်ခံ အုပ်စုကြောင့် ဖြစ်ရတာဆိုပြီး အပြစ်ပုံချတတ်တယ်၊ ကျန်အလုပ်သမား လူတန်းစားကို အပယ်ခံ အလုပ်သမား အလွှာတခုနဲ့ ဆန့်ကျင်ဘက်ပြု ရန်တိုက်ပေးလိုက်တယ်။ (ဥပမာ- ရခိုင်မှာ ကိုဗစ်ရောဂါပိုး ပြန့်နှံ့တာ အစိုးရ စောက်သုံးမကျလို့ မဟုတ်ဘူး၊ အနောက်တံခါး မလုံလို့ဆိုပြီး ဒေါက်တာဇော်ဝေစိုးက အဖိနှိပ်ခံ၊ အပယ်ခံ လူမျိုးစုတခုကို အပြစ်ပုံချတာမျိုး၊ ဒီလိုနည်းနဲ့ ရခိုင်နဲ့ ရိုဟင်ဂျာကို ဆန့်ကျင်ဘက်သဖွယ် ရန်တိုက်ပေးတယ်၊ ရိုဟင်ဂျာတွေဟာ ကျန်အဖိနှိပ်ခံတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသယောင် ပုံဖော်လိုက်တယ်၊ ဘာသာပြန်သူရဲ့ ဖြည့်စွက်ရှင်းလင်းချက်)။ လူအများက အသက်ရှင်အောင် ရုန်းကန်တိုက်ပွဲဝင်နေရခချိန် စစ်မှန်တဲ့ လက်ဝဲအင်အားစုတခု ရှိမနေတဲ့အခါ ဆိုခဲ့ပါ “အခွင့်ထူးခံ အယူအဆတွေ” ခြေကုပ်ရသွားတတ်တယ်။ ဒီအချက်ကို အမေရိကန် ရွေးကောက်ပွဲတွေမှာ ရှင်းရှင်းလင်းလင်း တွေ့ရတယ်။ ဘာနီးဆန်းဒါး(ဇ်)ကို ဒီမိုကရက်တစ် ပါတီ သမ္မတလောင်းနေရာကနေ ဖယ်ရှားလိုက်တဲ့အခါ ဒေါ်နယ်ထရမ့်က တည်ဆဲစနစ်ကို စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အလုပ်သမား လူတန်းစား အလွှာတချို့အတွင်း လူမျိုးရေး ခွဲခြားဖိနှိပ်မှု၊ လိင်အခြေခံ ခွဲခြားဖိနှိပ်မှု၊ ပြည်ပကလာသူတွေကို ရန်လိုမုန်းတီးတဲ့ စိတ်တွေ လှုပ်နိုးပြီး သမ္မတနေရာကို တက်လှမ်းသွားခဲ့တယ်၊ (လူဦးရေရဲ့ ၂၅%ကပဲ ထရမ့်ကို မဲပေးခဲ့ကြတယ်)၊ အဲသလို ထရမ့်ကို မဲပေးခဲ့တဲ့သူတွေက ဟစ်လာရီ ကလင်တန်ဟာ လက်ရှိတည်ဆဲစနစ်ကို ကိုယ်စားပြုထားသူလို့ မြင်ကြသူတွေ။ ဒါ့ကြောင့် စစ်မှန်တဲ့ လက်ဝဲအင်အားစုတခု ရှိမနေတဲ့အခါ လက်ရှိတည်ဆဲစနစ်ကို စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အလုပ်သမား အလွှာက ထရမ့်လိုလူကို မဲပေးခဲ့ကြခြင်း ဖြစ်တယ်။ ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အဖိနှိပ်ခံ အုပ်စုတွေကို အပြစ်ပုံချတာမျိုး မလုပ်ဘဲ ဘီလျံနာ လူတန်းစားကို ဆန့်ကျင်တိုက်ခိုက်တဲ့ လက်ဝဲပလက်ဖောင်း တခုသာ ရှိခဲ့ရင် ထရမ့်ကို မဲပေးလိုက်သူ အတော်တော်များများ လက်ဝဲအင်အားစုဘက် ပါလာဖို့ များတယ်။ လူမျိုးအခြေခံ၊ လိင်အခြေခံ ခွဲခြားဖိနှိပ်တဲ့ ထရမ့်ကို မဲပေးလိုက်သူတွေဟာ မွေးကတည်းက ဖိနှိပ်လိုကြသူတွေ၊ ခွဲခြားဆက်ဆံလိုသူတွေ မဟုတ်ကြဘူး။ သူတို့တတွေ ဆင်းရဲနေရတာ၊ ဒုက္ခရောက်နေရတာတွေဟာ လူမည်းတွေကြောင့်၊ ရွှေ့ပြောင်းလုပ်သားတွေကြောင့်၊ အစရှိတဲ့ တခြား အဖိနှိပ်ခံ အလုပ်သမား အလွှာတွေကို အပြစ်ပုံချတဲ့ အယူအဆတွေပဲ တချိန်လုံး ကြားလာခဲ့ရတယ်။ ခွဲခြားဖိနှိပ်လိုတဲ့ စိတ်နေသဘောထားတွေဟာ လူတန်းစား လူ့အဖွဲ့အစည်းရဲ့ အဆောက်အအုံတွေထဲ ဘယ်လိုအမြစ်တွယ်နေသလဲ အထင်းသား ဖော်ပြနေတဲ့ အခိုင်အမာ ဥပမာပဲ၊ ဒီလို ဖြစ်တည်လာတဲ့ စိတ်နေသဘောထားတွေကို အရင်းရှင် စနစ်ကြောင့် တည်ရှိနေတဲ့ ဆင်းရဲမွဲတေမှု၊ ရှားပါးပြတ်လပ်မှုနဲ့ စိတ်ပျက်လက်ပျက်ဖြစ်မှုတွေက ရေလောင်းပေါင်းသင် ပေးလိုက်တယ်။ အထူးသဖြင့် လက်ဝဲအင်အားစုက စစ်မှန်တဲ့ တခြားလမ်းကြောင်းတခုကို ဖော်ထုတ်မပေးနိုင်တဲ့အခါမျိုးမှာ။

လူတိုင်းလူတိုင်းရဲ့ လူနေမှု အဆင့်အတန်းတွေ မြင့်မားလာမယ်၊ အထက်တန်း ပညာတွေ၊ ကျွမ်းကျင်မှု သင်တန်းတွေ လူတိုင်း အခမဲ့ သင်ယူခွင့်ရှိမယ်၊ ကလေးပြုစု စောင့်ရှောက်မှုတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ သယ်ယူပို့ဆောင်ရေးတွေ၊ နေစရာအိမ်တွေ၊ အပန်းဖြေစရာတွေ၊ ယဉ်ကျေးမှုတွေ၊ စသဖြင့် လူတိုင်း လက်လှမ်းမှီ ရရှိနေမယ်ဆိုရင် ခွဲခြားဖိနှိပ်လိုတဲ့ အယူအဆတွေ ဘယ်မှာကြီးစိုးနိုင်ပါ့မလဲ၊ ဒီအချက်ကို မြင်ဖို့ မခဲယဉ်းပါဘူး။ လူတိုင်းမှာ Quality of life မြင့်မြင့်မားမား ရရှိနိုင်တဲ့ အရင်းအမြစ်တွေ၊ အခွင့်အလမ်းတွေ အာမခံချက် အပြည့်ရှိနေတဲ့ အခြေအနေမျိုးမှာ လူတစုရဲ့ ဒုက္ခကို တခြားလူတစုကြောင့် ဖြစ်ရတာပါလို့ အပြစ်ဖို့,ဖို့ရာ အတော်ခက်သွားမယ်။ ဒါပေမယ့် လူသား လိုအပ်ချက်ကို အခြေမခံဘဲ အမြတ်ရဖို့သက်သက် ကုန်ထုတ်နေတဲ့ အရင်းရှင်စနစ်အောက်မှာ ဒါမျိုးမဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ငါတို့အားလုံးကို သွေးစုပ်ခြယ်လှယ်ပြီး ဖိနှိပ်နေတဲ့ အရင်းရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ အဖိနှိပ်ခံ အလွှာတွေအားလုံး ပေါင်းစည်းထားတဲ့ လူတန်းစား တိုက်ပွဲကို လိုအပ်တယ်။

လူတန်းစား တိုက်ပွဲနဲ့ ဖိနှိပ်မှု ဆန့်ကျင်ရေး တိုက်ပွဲ

လူထုကို ဖိနှိပ်မှု ဝင်ရိုးတွေ အသီးသီး ပိုင်းခြားပြီး ခွဲထုတ်တာမျိုးကို မာ့(က်စ်)ဝါဒီတွေ လက်မခံဘူး၊ (အသားအရောင် အခြေခံ ဖိနှိပ်ခံရသူများအုပ်စု၊ လူမျိုးအခြေခံ ဖိနှိပ်ခံရသူများအုပ်စု၊ ဂျန်ဒါအခြေခံ ဖိနှိပ်ခံရသူများအုပ်စု၊ စသဖြင့် ဖိနှိပ်မှု ဝင်ရိုးတွေ အခြေခံပြီး ပိုင်းခြားပစ်တာမျိုးကို လက်မခံဘူးလို့ ဆိုလိုပါတယ်)၊ အဖိနှိပ်ခံ အလွှာအသီးသီး သွေးစည်းညီညွှတ်ဖို့ လိုအပ်ကြောင်း အခိုင်အမာ ပြောပါတယ်။ အဖိနှိပ်ခံ အုပ်စုတစုရဲ့ တိုက်ပွဲကို တခြား ဖိနှိပ်မှုပုံစံတွေကနေ သီးခြားခွဲထုတ်ပြီး နားလည်ဖို့ မဖြစ်နိုင်ဘူး၊ ဒီဖိနှိပ်မှုပုံစံ အမျိုးမျိုးကို ဖြစ်ပေါ်စေတဲ့ အရင်းရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲကနေလည်း ခွဲထုတ်လို့ မရနိုင်ဘူး။ intersectionality သမားတွေဟာ လူတွေကို အကြောင်းအရာ ဝင်ရိုးတခုချင်းစီအလိုက် ခွဲထုတ်တာမျိုး ဆန့်ကျင်ငြင်းဆိုကြတယ်။ ဒါပေမယ့်လည်း သူတို့ကိုင်စွဲထားတဲ့ subjectivist ချည်းကပ်နည်းကြောင့် လူတွေကို အုပ်စုတွေ အပိုင်းပိုင်း ကွဲထွက်သွားစေတယ်။ ဆတိုးနဲ့ ဖိနှိပ်ခံရခြင်းတွေ၊ အခွင့်ထူးခံရခြင်းတွေ ပေါင်းစပ်ထားတဲ့ ပုံစံမျိုးစုံ မရေမတွက်နိုင်အောင် ထွက်လာတယ်၊ ဒီလို ပေါင်းစပ်ထားတဲ့ ပုံစံမျိုးစုံ ထွက်လာလေ လူအုပ်စုတွေ မျိုးစုံကွဲထွက်သွားလေ ဖြစ်ရတယ်။ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ခံနေရတဲ့ အုပ်စုတွေကြား သွေးစည်းလို့ ရစေနိုင်တဲ့ ဘုံပိုင်းခြေတခုကို သူတို့ မဖော်ထုတ်နိုင်ကြဘူး။ “Black Feminist Thought: Knowledge, Consciousness, and the Politics of Empowerment” (1990) စာအုပ်ထဲမှာ intersectional ဖမ်းမနစ်(စ်) ပညာတတ်တဦးဖြစ်တဲ့ ပတ်ထရစ်ရှာ ဟေး(လ်) ကောလင်း(စ်) လည်း ဒီအချက်ကို ပြောခဲ့တယ်၊ “အားလုံးလွှမ်းခြုံတဲ့ လွှမ်းမိုးခြင်း မက်ထရစ်(ခ်စ်)အတွင်းမှာ အုပ်စုတွေ အများကြီး တည်ရှိနေတယ်၊ အုပ်စုတခုချင်းစီမှာ မတူညီတဲ့ အတွေ့အကြုံ အသီးသီး ရှိကြတယ်၊ ခံရတဲ့ အတွေ့အကြုံ နဲ့ အခွင့်ထူးစံရတဲ့ အတွေ့အကြုံတွေ ပုံစံအမျိုးမျိုးနဲ့ ရောယှက်နေတယ်၊ ဒီကနေ ဆီလျော်တဲ့ တပိုင်းတစ အမြင်တွေ ထွက်ပေါ်လာတယ်။ ဘယ်အုပ်စုမှာမှ ရှင်းလင်းတဲ့ ရှုမြင်ပုံ ရှိမလာဘူး။ ဘယ်အုပ်စုကမှ စစ်မှန်တဲ့ ‘အမှန်တရား’ ကို ဖော်ထုတ်နိုင်မယ့် သီအိုရီနဲ့ နည်းနာကို ပိုင်ဆိုင်မထားဘူး” လို့ အဲဒီစာအုပ်ထဲမှာ သူမက ရေးသားခဲ့တယ်။

ဒီလောကအမြင်ဟာ အတော်လေး စိတ်ပျက် အားလျော့စရာ ကောင်းတယ်၊ ဒီရှုထောင့်အရဆိုရင် အဖိနှိပ်ခံ လူထုမှာ ကိုယ့်အုပ်စုအလိုက် ကိုယ်ခံရတာနဲ့ ကိုယ်စံရတာတွေ ပေါင်းစပ်ထားတဲ့ အတ္တဘာဝဆန်သော (subjective) အရှိတရားတွေပဲ ရှိနေမယ်၊ အားလုံး ရင်ဆိုင်နေရတဲ့ ဖိနှိပ်မှုရဲ့ ရေသောက်မြစ်တွေကို ရှင်းမပြနိုင်သလို ဒီဖိနှိပ်မှုကို ဘယ်လိုနည်းနဲ့ အမြစ်ဖြတ်မလဲ လမ်းညွှန်မပြနိုင်ဘူး။ အဲဒီလို ရှုမြင်တဲ့နည်းဟာ တသီးပုဂ္ဂလဝါဒနဲ့ တကိုယ်တည်း ထိုင်သုံးသပ်တာလောက်ပဲ ဦးတည်သွားတယ်၊ ပကတိ အရှိတရားကို အမြစ်လှန် ပြောင်းလဲပစ်ဖို့ စုစည်းတိုက်ပွဲဝင်ခြင်းကို ဦးမတည်ဘူး။ ကမ္ဘာလောကဟာ ကျနော်တို့ရဲ့ အတွေးအခေါ်တွေ၊ ခံစားမှုတွေကို မမှီခိုဘဲ ကျနော်တို့ရဲ့ ပြင်ပမှာ အခိုင်အမာ တည်ရှိနေတယ်။ အဲဒီကမ္ဘာလောကကို ကျနော်တို့ နားလည်တယ်ဆိုတာ အကြွင်းမဲ့မဟုတ်ဘူး၊ တစိတ်တပိုင်းသာ ဖြစ်တယ်၊ တဦးချင်းစီအနေနဲ့ သိရှိနားလည်ရတယ်၊ ဒါပေမယ့် ဒီလို သိနားလည်ခြင်းဟာ ပကတိ အရှိတရားကို ထင်ဟပ် ဖော်ထုတ်ချက်ပဲ၊ ကျနော်တို့ ပြင်ပမှာ တည်ရှိနေတဲ့ ပကတိ အရှိတရားနဲ့ ပတ်သက်လို့ ထုတ်ဖော်ထားတဲ့ ကျနော်တို့ရဲ့ အယူအဆတွေကို သိစိတ်ရှိရှိ လက်တွေ့ မှတ်ကျောက်တင် စစ်ဆေးကြည့်ရတယ်။ အရင်းရှင်စနစ်ကို ဖွဲ့တည်ထားတဲ့ လူမှုဆက်နွှယ်ချက်တွေနဲ့ ဘောဂဗေဒ ဆက်နွှယ်ချက်တွေရဲ့ အစုအဝေးဟာ အခိုင်အမာ ပကတိ (objectively) တည်ရှိနေပါတယ်။ ဒီအချက်ကို မယုံကြည်ရင် ဘဝရှင်သန်ရေး မင်း အလုပ်တခုခု မလုပ်ဘူး (ဒါမှမဟုတ်) မင်းငှားနေတဲ့ အိမ်အတွက် အိမ်ငှားခ မပေးဘူးဆိုရင် ဘာဖြစ်သွားမလဲ ကြည့်လိုက်ပါ။ ကျနော်တို့ အများစုဟာ အရင်းရှင်စနစ်အောက်မှာ ရှင်သန်နေကြရတယ်၊ အရင်းရှင်စနစ်ရဲ့ သွေးစုပ်ခြယ်လှယ်ခြင်းကို ခံနေကြရတယ်၊ ဒါ့ကြောင့် လူတန်းစား သုံးသပ်ချက်နဲ့ လူတန်းစား တိုက်ပွဲဟာ အကြီးကျယ်ဆုံး “ရှုမြင်နည်း” ဖြစ်သလို၊ အဖိနှိပ်ခံတွေ အားလုံးကို သွေးစည်းစေပြီး လွတ်မြောက်စေနိုင်တဲ့ အကြီးကျယ်ဆုံး သဘောတရားရေး လက်နက်လည်း ဖြစ်တယ်။

Intersectionality အယူအဆမှာ ဖိနှိပ်မှုပုံစံအားလုံးကို အခြေခံအားဖြင့် အတူတူပဲလို့ မြင်တယ်၊ မာ့(က်စ်)ဝါဒီတွေက အရင်းရှင် လူ့အဖွဲ့အစည်းမှာ လူတန်းစားက အခြေခံအကျဆုံး ပိုင်းခြားမှု စည်းပဲလို့ အလေးထား ပြောကြတယ်။ အရင်းရှင် ကုန်ထုတ်စနစ်ဟာ ကုန်ထုတ် ပစ္စည်းပိုင်ရှင်တွေ (အရင်းရှင်တွေ) က ကုန်ထုတ် ပစ္စည်းလက်မဲ့တွေ (အလုပ်သမားတွေ) ဆီကနေ အပိုစောင်းတန်ဖိုး (surplus value) ထုတ်ယူခြင်း အပေါ် အခြေခံထားတယ်။ ဒီလိုပြောလို့ လူတန်းစား သွေးစုပ်ခြယ်လှယ်မှုက အဆိုးဝါးဆုံး ဖိနှိပ်မှုပုံစံ ဖြစ်တယ်လို့ မဆိုလိုဘူး၊ အလားတူပဲ အလုပ်သမား လူတန်းစားက တခြား အဖိနှိပ်ခံ အုပ်စုတွေထက် ဘယ်လိုပဲဖြစ်ဖြစ် သာလွန်နေတယ်လို့ မဆိုလိုဘူး။ ကပ်ပါး အုပ်စိုးသူ လူတန်းစားက လူအများစုကို သွေးစုပ်ပြီး ဖိနှိပ်နေတဲ့ လူ့အဖွဲ့အစည်းမှာ ရှင်သန်နေရသရွေ့ ဘယ်အဖိနှိပ်ခံ အုပ်စုကမှ တစုတည်းကွက်ပြီး စစ်မှန်တဲ့ လွတ်မြောက်မှု မရနိုင်ဘူး၊ အဲဒီလူ့အဖွဲ့အစည်းအတွင်း စနစ်တခုလုံးအရ ဖြစ်တည်နေတဲ့ မညီမျှမှုဟာ အမြဲရှိနေဦးမယ်။ လက်တဆုပ်စာ အုပ်စိုးသူ လူတန်းစား ကိုယ်စားလှယ်တွေ (ဂျန်ဒါအရ ကြိုက်တဲ့ ဂျန်ဒါဖြစ်ပါစေ၊ လူမျိုး ဒါမှမဟုတ် လိင်စိတ်တိမ်းညွှတ်မှုအရ ကြိုက်တာဖြစ်ပါစေ) ဟာ နောက်ဆုံးသတ္ထုချကြည့်ရင် သူတို့ လူတန်းစား အကျိုးစီးပွားကိုပဲ အလုပ်အကျွေး ပြုသွားလိမ့်မယ်၊ ဒီလို အလုပ်အကျွေးပြုဖို့ အများစုသော လူထုကြီးကို သွေးခွဲ၊ ဖိနှိပ်ခြင်းတွေ ဆက်လုပ်နေရဦးမှာပဲ။

အရင်းရှင် လူတန်းစား တနင့်တပိုး သိမ်းပိုက်ထားတဲ့ အကျိုးအမြတ်တွေဆိုတာ အလုပ်သမား လူတန်းစားကို အဖိုးအခ မပေးရဘဲ အပိုစောင်း လုပ်အား ခိုင်းစေထားရာကနေ ရရှိလာခဲ့ခြင်း ဖြစ်တယ်။ မာ့(က်စ်)ဝါဒီတွေ ပြောတဲ့ လူတန်းစားအရ သွေးစုပ်ခြယ်လှယ်မှုဆိုတာ ဒါကို ဆိုလိုခြင်း ဖြစ်တယ်။ ကုန်ထုတ်စီးပွား ဆက်နွှယ်မှုလို့ မမြင်ဘဲ အောက်တန်းစားတွေလို့ မြင်ပြီး ဆင်းရဲသား ပြည်သူတွေအပေါ် ခွဲခြားဆက်ဆံခြင်းကို ရည်ညွှန်းတဲ့ “classism” နဲ့ ရောထွေးမပစ်ဖို့ လိုပါတယ်။ အရင်းရှင်စနစ်ကို ကျားကန်ပေးထားရာမှာ ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေက အတော်အရေးကြီးတဲ့ နေရာမှာ ရှိတယ်၊ မာ့(က်စ်)ဝါဒီတွေက ဒီအချက်ကို လက်ခံပါတယ်၊ ဒါပေမယ့် လူ့အဖွဲ့အစည်းရဲ့ ဓနဥစ္စာတွေအားလုံးကို ဖန်တီးထုတ်လုပ်ပေးတာ အလုပ်သမား လူတန်းစားပဲ၊ ဒါ့ကြောင့်လည်း အလုပ်သမား လူတန်းစားက အရင်းရှင်စနစ်ကို ဖြိုချနိုင်တဲ့ နေရာမှာ ရှိနေတယ်လို့ မာ့(က်စ်)ဝါဒီတွေက ဆိုခြင်းဖြစ်တယ်။ ဒါ့အပြင် အလုပ်သမားတိုင်းကတော့ နှစ်ထပ်ကွမ်း၊ သုံးထပ်ကွမ်း ဖိနှိပ်မှုတွေ မခံရပေမယ့် အဖိနှိပ်ခံ အများစုဟာ အလုပ်သမားတွေ အဖြစ်နဲ့ သွေးစုပ်ခံကြရတယ် (သို့) အလုပ်လက်မဲ့ ဘဝရောက်သွားကြတယ် (သို့) ခေတ်သစ် ကျွန်စနစ်အောက်မှာ ရှင်သန်ကြရတယ်။ ဒါ့ကြောင့် လူတန်းစားအရ သွေးစုပ်ခြယ်လှယ်ခံရခြင်းဟာ အဖိနှိပ်ခံ အလွှာအားလုံးကို စုစည်းပေးနိုင်တဲ့ အကြောင်းအချက် ဖြစ်လာတယ်။ လူ့အဖွဲ့အစည်းအတွင်းက အဖိနှိပ်ခံ အလွှာအများစုဟာ အလုပ်သမား လူတန်းစား ဖြစ်နေကြတယ်၊ ဒါ့ကြောင့် လူတန်းစား တိုက်ပွဲဟာ အဖိနှိပ်ခံ အလွှာအသီးသီးကို ဘုံရန်သူဖြစ်သော သွေးစုပ်သူ လူတန်းစားကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ သွေးစည်းပေးနိုင်တယ်၊ ဒီလို လူတန်းစား တိုက်ပွဲဝင်ရင်း အဖိနှိပ်ခံ အလွှာ အသီးသီးကြား စည်းခြားထားတဲ့ ခွဲခြားဖိနှိပ်လိုသော စိတ်သဘောထားတွေကိုပါ ချိုးဖျက်သွားနိုင်တယ်။

ဒါပေမယ့်လည်း ကျောင်းသားနဲ့ လေဘာ လှုပ်ရှားမှုတွေရဲ့ ခေါင်းဆောင်တွေဟာ အဖိနှိပ်ခံ အလွှာပေါင်းစုံကို သွေးစည်းသွားစေနိုင်တဲ့ ပြင်းထန်သော လူတန်းစား တိုက်ပွဲကို မဆင်နွှဲနိုင်ခဲ့ကြဘူး။ တချိန်တည်းမှာပဲ ကျောင်းသားတွေ၊ အလုပ်သမားတွေရဲ့ ဘဝအခြေအနေတွေ မြင့်မားလာအောင် အနှစ်သာရရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ သူတို့ မလုပ်နိုင်ခဲ့ဘူး ဆိုတာ ဖုံးဖိထားဖို့ intersectional ဘာသာစကားကိုသာ တွင်တွင်သုံးလာကြတယ်။ လူတန်းစား အမြင်မရှိဘဲ အမှတ်လက္ခဏာ အခြေပြု ခွဲတမ်းချ တောင်းဆိုမှုတွေလိုမျိုး တုံကင် ပေါ်လစီတွေကို အကောင်အထည် ဖော်ခဲ့ကြတယ်။ တကယ်တမ်းကျ သာမန် လူအများစု သွေးစုပ်ခံ၊ အဖိနှိပ်ခံနေရတာတွေ လျော့ပါးသက်သာသွားအောင် စည်းရုံးတိုက်ပွဲဝင်ခြင်း မရှိတဲ့ ခေါင်းဆောင်ပိုင်း ဗျူရိုကရက် လက်တဆုပ်စာပဲ ကောင်းစားသွားခဲ့တယ်။ အဖိနှိပ်ခံတွေ ချွေးသိပ်ဖို့ အုပ်စိုးသူ လူတန်းစားက ဂျန်ဒါအလိုက် ခွဲတမ်းချပေးတာတွေ အပါအဝင် အမှတ်လက္ခဏာ အခြေပြု တုံကင်ပေါ်လစီတွေကို အသုံးပြုလာတယ်၊ ဒါပေမယ့် သွေးစုပ်ခြယ်လှယ်တဲ့ စနစ်ကိုတော့ မတို့မထိဘဲ ဒီအတိုင်းထားတယ်။ အကြီးစား ဘဏ်တွေရဲ့ ဝက်(ဘ်)ဆိုက်(ထ်)တွေထဲ ဝင်ကြည့်ရင်ကို တွေ့ရပါလိမ့်မယ်၊ သူတို့ ကုမ္ပဏီတွေမှာ အတူကွဲပြားတဲ့ ဝန်ထမ်းတွေ ခန့်အပ်ထားကြောင်း ခပ်ကြွားကြွားလေး ဖော်ပြထားကြတယ်။ ဘဏ်ကြီးတွေ၊ ကုမ္ပဏီကြီးတွေမှာ အဖိနှိပ်ခံ အုပ်စုတွေရဲ့ ခေါင်းဆောင်ပိုင်း အနည်းအကျဉ်း ကိုယ်စားပြု ပါဝင်ခွင့်ရတာဟာ အများစုသော အဖိနှိပ်ခံ လုပ်သားထုကြီးရဲ့ ပကတိ အခြေအနေကို ဘာမှမပြောင်းလဲနိုင်ဘူး။ ဖိနှိပ်မှုကို ဖြစ်ပေါ်စေတဲ့ ရုပ်အခြေအနေတွေကို ပြောင်းလဲမပစ်နိုင်ရင် ကိုယ်စားပြု ပါဝင်မှုသက်သက်က ဘာမှ အပြောင်းအလဲ မဖြစ်နိုင်ဘူး။

“ကိုယ်စားပြုပါဝင်မှု” နောက်ကွယ်မှာ ရှိနေတဲ့ အယူအဆက အဖိနှိပ်ခံ အုပ်စုတွေထဲက လူတွေ (ကျောင်းသား နဲ့ အလုပ်သမား အဖွဲ့အစည်းတွေမှာ၊ ရွေးကောက်ပွဲ နိုင်ငံရေးတွေမှာ ရွေးကောက်ခံ အရာရှိနေရာတွေ၊ ပုဂ္ဂလိက ကဏ္ဍမှာဆိုရင် CEO တွေ၊ ကုမ္ပဏီ ဒါရိုက်တာတွေ) အစရှိတဲ့ နေရာတွေ ရလာခဲ့ရင် အဲဒီ အုပ်စုတွေ အဖိနှိပ်ခံနေရတာ လျော့ပါး သက်သာသွားမယ် (သို့) ဖိနှိပ်မှုတွေ ချုပ်ငြိမ်းသွားမယ်လို့ ထင်တယ်။ အဖိနှိပ်ခံ အုပ်စုတွေ ဖိနှိပ်ခံနေရတာ ကိုယ်စားပြု ပါဝင်မှု လျော့နည်းနေလို့ မဟုတ်ဘူးဆိုတာ နားလည်ထားဖို့ အရေးကြီးတယ်။ လူ့အဖွဲ့အစည်းအတွင်း စနစ်တကျ ဖိနှိပ်မှုတွေကြောင့် နိုင်ငံရေးနဲ့ ပြည်သူ့အရေးအရာတွေမှာ အဖိနှိပ်ခံ အုပ်စုတွေ ဝင်ပါဖို့ အတားအဆီးတွေ ထူပြောနေခြင်း ဖြစ်တယ်၊ ဒါ့ကြောင့် သူတို့တတွေ ကိုယ်စားပြု ပါဝင်မှု နည်းပါးနေရခြင်း ဖြစ်တယ်။ လှုပ်ရှားမှုအတွင်း အဖိနှိပ်ခံ အုပ်စုတွေ အမှန်တကယ် ကိုယ်စားပြု ပါဝင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ရဲရင့်ပြတ်သားတဲ့ တိုက်ပွဲဝင် အဖွဲ့အစည်းတွေ ထူထောင်ရေးပဲ၊ အဲဒီလို တိုက်ပွဲဝင် အဖွဲ့အစည်းတွေက ဖိနှိပ်မှု အားလုံးကို အမြစ်ဖြတ်ရေး တိုက်ပွဲဆီ ချီတက်ရင်း အဖိနှိပ်ခံ အုပ်စုတွေ ရင်ဆိုင်နေရတဲ့ အတားအဆီးတွေကိုပါ စတင် ဖယ်ရှားသွားနိုင်တယ်။ ဒီလို ဦးဆောင်တိုက်ပွဲဝင်သွားရင် ကျယ်ပြန့်လှတဲ့ အဖိနှိပ်ခံ၊ အပယ်ခံ အုပ်စုအမြောက်အမြားကလည်း လာရောက် ပေါင်းစည်း တိုက်ပွဲဝင်လိမ့်မယ်၊ သူတို့တတွေ လူ့အဖွဲ့အစည်း အရေးအရာတွေမှာ မပါနိုင်အောင် ပိတ်ဆို့ထားခဲ့တဲ့ အတားအဆီးတွေကို ဖယ်ရှားပစ်ဖို့ လုံးပမ်းလာလိမ့်မယ်။ ဒီလိုတိုက်ပွဲဝင်ရင်း အောက်ခြေကနေ တက်လာတဲ့ စစ်မှန်တဲ့ ခေါင်းဆောင်မှု ပေါ်ထွက်လာလိမ့်မယ်၊ အပေါ်က ပြဌာန်းပေးတဲ့ တုံကင်ဝါဒမျိုး မဖြစ်တော့ဘူး။ ဆိုရှယ်လစ်ဇင်ဆိုတာ ကမ္ဘာသစ် တိုက်ပွဲမှာ အဖိနှိပ်ခံ၊ သွေးစုပ်ခံ အလွှာအားလုံးကို စည်းရုံးဆွဲခေါ်ခြင်းပဲ။ ဒီတိုက်ပွဲအတွင်းမှာ ကိုယ်စားလှယ်တွေကို နိုင်ငံရေး အရည်အသွေးအပေါ် အခြေခံပြီး ရွေးကောက်ကြရမယ်၊ ဒါမှ တိုက်ပွဲကို အမှန်တကယ် ဦးဆောင်နိုင်မှာ။

မာဂရက်(ထ်) သက်ချာ၊ အိန်ဂျလာ မာကယ်(လ်)၊ ထရီဇာ မေ (သို့) ဟစ်လာရီ ကလင်တန် တို့လို အမျိုးသမီးတွေ အမြင့်ဆုံး နိုင်ငံရေး နေရာတွေ ရရှိသွားလို့ အမျိုးသမီး လွတ်မြောက်ရေးကို နည်းနည်းလေးမှ တွန်းမတင်နိုင်ခဲ့ဘူး၊ တော်လှန်ရေးသမားတွေဟာ ဒီနိုင်ငံရေး ထိပ်သီးရာထူးတွေ ရထားတဲ့ အဆိုပါ အမျိုးသမီးတွေကို ဆန့်ကျင်ခဲ့ကြသလို ဆက်ပြီး ဆန့်ကျင်နေဦးမယ်။ နောက်ထပ် အလားတူ ဥပမာတွေ ထပ်ပေးလို့ ရသေးတယ်၊ IMF ဒါရိုက်တာ ခရစ်(စ်)တင်း လာဂါ့(ဒ်)တို့လို တခြားတခြားသော အရင်းရှင် လုပ်ငန်းစု ခေါင်းဆောင် မိန်းမတွေ။ ဒီလိုပဲ၊ အိုဘားမား လက်ထက်မှာ လူမည်း အမေရိကန်တွေရဲ့ လူနည်းမှု အဆင့်အတန်းတွေ ကျဆင်းသွားခဲ့တယ်။ တော်လှန်ရေးသမားတွေအဖို့ကတော့ ဒီထိပ်သီး နိုင်ငံရေးသမားတွေကို ဆန့်ကျင်တဲ့ လက်ဝဲနိုင်ငံရေးဆိုရင် ထောက်ခံသွားမှာပါပဲ၊ အဲဒီလက်ဝဲနိုင်ငံရေးသမားရဲ့ လိင်စိတ်တိမ်းညွတ်မှုတွေ၊ ဂျန်ဒါတွေ၊ လူမျိုးတွေ/ မျိုးနွယ်စုတွေ ကြည့်နေမှာ မဟုတ်ဘူး။ “ကိုယ်စားပြုပါဝင်မှု” အယူအဆဟာ အုပ်စိုးသူ လူတန်းစား လက်ထဲက စွမ်းအားပြင်း လက်နက်တခု ဖြစ်နေတယ်။ အရင်းရှင်စနစ် အကျိုးစီးပွား ကိုယ်စားပြုထားတဲ့ ခေါင်းဆောင်တွေကို အဖိနှိပ်ခံ အုပ်စုတွေက လူတန်းစား အကျိုးစီးပွား အခြေမခံဘဲ လူမျိုးအရ၊ လိင်စိတ်တိမ်းညွတ်မှုအရ၊ ဂျန်ဒါအရ ထောက်ခံမှုပေးလာအောင် အုပ်စိုးသူ လူတန်းစားက “ကိုယ်စားပြု ပါဝင်ခြင်း” လက်နက်ကို အသုံးပြုလေ့ရှိတယ်။ (ဟစ်လာရီ ကလင်တန်ဟာ မိန်းမဖြစ်နေလို့ အလုပ်သမား အမျိုးသမီးတွေက ဟစ်လာရီကို ထောက်ခံပေးသင့်တယ်လို့ ထင်သွားစေတာမျိုး၊ ဒီလို လူတန်းစား အကျိုးစီးပွားကို အခြေမခံဘဲ လိင်အခြေခံတဲ့ ကိုယ်စားပြုပါဝင်မှုမျိုးကို အုပ်စိုးသူတွေက ကောင်းကောင်း အသုံးချတတ်တယ်)။

ဟစ်လာရီ ကလင်တန်လို အုပ်စိုးသူ လူတန်းစား အဖွဲ့ဝင်တွေကတောင် အဖိနှိပ်ခံ အုပ်စုတွေရဲ့ ထောက်ခံမှုရဖို့ intersectionality ဘာသာစကားကို အသုံးချသွားခဲ့တယ်။ ခရန်းရှောနဲ့ တခြား intersectionality ထောက်ခံသူတွေက ဒါကို ကန့်ကွက်ရှုတ်ချခဲ့ကြတယ်၊ “အမျိုးသမီးတွေ” ဆိုတာ တတန်းစားတည်း တပြေးညီ ဖြစ်နေတဲ့ မျိုးတူစု အုပ်စုတခု မဟုတ်လို့ ဟစ်လာရီ ကလင်တန်ဟာ အမျိုးသမီးတွေ အားလုံးကို ကိုယ်စားမပြုဘူးလို့ အလေးပေး ပြောခဲ့ကြတယ်၊ ဟစ်လာရီရဲ့ နယ်ချဲ့ပေါ်လစီတွေဟာ အဖိနှိပ်ခံ အမျိုးသမီးတွေကို ကိုယ်စားပြုခြင်း မရှိဘူးလို့ ဆိုခဲ့တယ်။ ဒါပေမယ့်လည်း intersectionality သဘောတရားဟာ ဖိနှိပ်မှုရဲ့ ဇာတ်မြစ်ကို ဦးတည်မတိုက်တော့ အုပ်စိုးသူ လူတန်းစားနဲ့ အုပ်စိုးသူတွေရဲ့ ပြုပြင်ရေးဝါဒီ မဟာမိတ်တွေအဖို့ ကြောက်စရာ မရှိဘူး၊ ဒါ့ကြောင့်လည်း ဒီလူတွေက သူတို့ကိုယ်သူတို့ တိုးတက်သော လူတွေလို့ ပုံဖော်ဖို့ရာ intersectionality ဘာသာစကားကို မွေးစားသုံးစွဲလာကြတယ်။ ဖိနှိပ်မှုတွေက ပုံစံမျိုးစုံ ရှိတယ်၊ ဖိနှိပ်မှုတွေ ထပ်ဆင့်ပေါင်းစပ်နေတယ်လို့ အသားပေး ပြောနေပေမယ့် အဲဒီဖိနှိပ်မှုတွေ ဘာ့ကြောင့် ဖြစ်ပေါ်လာတယ်၊ ဘယ်လူတန်းစား အကျိုးစီးပွားကို ဖြစ်စေတယ်ဆိုတဲ့ ပြဿနာတွေကို မတို့မထိသရွေ့ အုပ်စိုးသူ လူတန်းစားအဖို့ မမှုလောက်ဘူး။ ဒါ့ကြောင့် အုပ်စိုးသူ လူတန်းစား ကိုယ်စားလှယ်တွေက လူတန်းစား တိုက်ပွဲအတွင်း အဖိနှိပ်ခံ အလွှာတွေအားလုံး သွေးစည်းပြီး အရင်းရှင်စနစ်ကို ဖြိုချပစ်ဖို့ လိုအပ်တယ်လို့ အတိအလင်း ဆိုထားတဲ့ မာ့(က်စ်)ဝါဒ ဘာသာစကားကို အသုံးမပြုရဲကြဘူး။

ပြုပြင်ရေးလား/ တော်လှန်ရေးလား

ဒီလိုပြောလိုက်လို့ ဖိနှိပ်မှုပုံစံမျိုးစုံ ခံနေရတဲ့ လူတွေ၊ အုပ်စုတွေက လူတန်းစား တိုက်ပွဲကိုသာ အရင်တိုက်ရမယ်၊ ဆိုရှယ်လစ် တော်လှန်ရေး အောင်ပွဲမခံခင်အထိ ဖိနှိပ်ခံရမှု ဆန့်ကျင်ရေး/ လျော့ပါးသက်သာရေး တိုက်ပွဲတွေကို ဘေးဖယ်ထားရမယ်လို့ မာ့(က်စ်)ဝါဒီတွေက မဆိုလိုပါဘူး။ လုံးဝမဟုတ်ပါဘူး။ မာ့(က်စ်)ဝါဒီတွေဟာ ဖိနှိပ်မှုပုံစံ အားလုံး၊ ခွဲခြားဆက်ဆံမှု ပုံစံအားလုံးကို မျက်မှောက်အချိန်မှာကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်၊ အလုပ်သမား လူတန်းစား လှုပ်ရှားမှုအတွင်း သွေးခွဲတဲ့၊ ခွဲခြားဆက်ဆံလိုတဲ့ စိတ်သဘောထားတွေကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်ပါတယ်၊ ဒီလို ခွဲခြားဆက်ဆံလိုတဲ့ သဘောထားတွေဟာ အုပ်စိုးသူ အရင်းရှင် လူတန်းစားကိုသာ အကျိုးဖြစ်ထွန်းစေလို့ပါ။ မာ့(က်စ်)ဝါဒီတွေက ဒီလောက်နဲ့ ရပ်မနေသေးဘူး၊ လူအများစု စွဲကိုင်ထားတဲ့ အတွေးအခေါ် အယူအဆတွေကို ပြောင်းလဲပစ်ဖို့ဆိုရင် ဒီအယူအဆတွေ ပေါ်ထွန်းလာစေတဲ့ ရုပ်အခြေခံတွေကို ပြောင်းလဲမပစ်ဘဲ လုံးဝမဖြစ်နိုင်ဘူးလို့ အလေးထား ထောက်ပြကြတယ်။ ရှားပါးပြတ်လပ်မှုနဲ့ တိုးဝှေ့ယှဉ်ပြိုင်ရခြင်းတွေဟာ အဲဒီအယူအဆတွေကို ဖြစ်ပေါ်စေတဲ့ ရုပ်အခြေခံတွေပဲ။ ဒါ့ကြောင့် မာ့(က်စ်)ဝါဒီတွေဟာ ပြုပြင်ပြောင်းလဲရေး တောင်းဆိုတဲ့ နေ့တဓူဝ တိုက်ပွဲတွေမှာ အတူလက်တွဲ တိုက်ပွဲဝင်ကြတယ်၊ အဲဒီ ပြုပြင်ရေး တိုက်ပွဲတွေကို ဆိုရှယ်လစ် တိုက်ပွဲလမ်းကြောင်းနဲ့ ချိတ်ဆက်ပေးကြတယ်။

တိုက်ပွဲမရှိဘဲ အုပ်စိုးသူ လူတန်းစားက ပြုပြင်ပြောင်းလဲမှုတွေ အသာတကြည် လိုက်လျောပေးခဲ့တာ မရှိခဲ့ဘူး၊ ဒါ့ကြောင့် ပြုပြင်ပြောင်းလဲမှုကို ဖြစ်စေတဲ့ အကောင်းဆုံး နည်းလမ်းက လူထုကိုယ်တိုင် စုပေါင်းပြီး ရဲရဲရင့်ရင့် တိုက်ပွဲဝင်ခြင်းပဲ၊ ဒီလို လူထု တိုက်ပွဲတွေ ဖြစ်လာတဲ့အခါ ဘော့စ်တွေနဲ့ နိုင်ငံရေးသမား တုန်လှုပ်သွားတယ်၊ တော်လှန်ရေးအဆင့် ကူးပြောင်းသွားမှာ ကြောက်ရွံ့သွားကြတယ်၊ အဲဒီအခါမှ ပြုပြင်ပြောင်းလဲမှုတွေကို လိုက်လျောတတ်ကြတယ်။ ဖိနှိပ်မှု ဆန့်ကျင်ရေးတိုက်ပွဲ၊ ဖိနှိပ်မှုလျော့ပါးစေမယ့် ပြုပြင်ရေး တိုက်ပွဲတွေကို အဆိုပါ ဖိနှိပ်မှုကို ကိုယ်တိုင်ကိုယ်ကျ ခံနေရတဲ့ အုပ်စုတွေပဲ တိုက်ရမှာ မဟုတ်ဘူး။ အဖိနှိပ်ခံ အုပ်စုဝင်အားလုံး ပါဝင်နေတဲ့ အလုပ်သမား လူတန်းစား တရပ်လုံးက အတူလက်တွဲ တိုက်ရမယ်။ (ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ အသတ်ခံရတဲ့ ကိစ္စကို ရိုဟင်ဂျာ အုပ်စုတွေကပဲ တိုက်ရမှာ မဟုတ်ဘူး၊ ရခိုင်တွေကလည်း ရိုဟင်ဂျာတွေ အဖိနှိပ်ခံနေရတာကို အတူလက်တွဲ တိုက်ဖို့လိုတယ်၊ ရခိုင်တွေ ဖိနှိပ်ခံနေရတာကို ပြည်မက မြန်မာတွေကလည်း အတူလက်တွဲ တိုက်ဖို့လိုတယ်၊ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတာ ရခိုင်တွေက ငါတို့နဲ့ မဆိုင်ဘူး၊ သူတို့က ခိုးဝင်တွေလို့ တုံ့ပြန်လိုက်ရင် အုပ်စိုးသူ လူတန်းစား အကြိုက်ဖြစ်သွားမယ်၊ အဖိနှိပ်ခံ အလွှာတွေ သွေးစည်းရေးကို မတည်ဆောက်နိုင်ဘူး - စကားချပ်)။ ယောက်ျားတွေနဲ့ လိင်ကွဲကြိုက် အလုပ်သမားတွေဟာ မိန်းမတွေ၊ LGBTQ တွေရဲ့ အခွင့်အရေးတိုက်ပွဲတွေမှာ တသားတည်း ရပ်တည်တိုက်ပွဲဝင်ဖို့ အရေးကြီးတယ်၊ ဒီလို တိုက်ပွဲဝင်ခြင်းဟာ ယောကျ်ားတွေနဲ့ လိင်ကွဲကြိုက် အလုပ်သမားတွေကိုပါ အကျိုးဖြစ်စေတယ်၊ ဒီလို အတူလက်တွဲ တိုက်ပွဲဝင်ခြင်းအားဖြင့် အဖိနှိပ်ခံ အလုပ်သမား လူတန်းစားကြား သွေးစည်းမှုကို တည်ဆောက်ပြီး ဘုံရန်သူ သွေးစုပ်ကောင် လူတန်းစားကို ဆန့်ကျင်တိုက်ပွဲဝင်သွားနိုင်မယ်။ အလားတူပဲ လူဖြူ အလုပ်သမားတွေက လူမျိုးကြီးဝါဒ ဆန့်ကျင်တိုက်ပွဲမှာ တသားတည်း ဝင်တိုက်ရမယ်၊ စသဖြင့်။ ငါတို့ရဲ့ အင်အားက သွေးစည်းမှုပဲ။ အလုပ်သမား လူတန်းစား အလွှာတခု အောင်ပွဲရတာဟာ အလုပ်သမား လူတန်းစား တရပ်လုံး၊ အဖိနှိပ်ခံ အားလုံးကို အကျိုးဖြစ်စေတာပဲ။

ဒီလို သွေးစည်းညီညွတ်တဲ့ လူတန်းစား တိုက်ပွဲကနေ လူထုက သူတို့ရဲ့ သွေးစည်းမှု အင်အားကို စတင် နားလည်လာကြတယ်၊ သူတို့ဘဝတွေ အမှန်တကယ် တိုးတက်ပြောင်းလဲသွားအောင် အရင်းရှင်စနစ်က လုပ်မပေးနိုင်ဘူး ဆိုတာလည်း နားလည်လာကြတယ်။ ဒီကနေ့ ကမ္ဘာတလွှားကို ကြည့်လိုက်မယ်ဆိုရင် ပြုပြင်ပြောင်းလဲမှု အသစ်တွေ လုပ်လာတာ အလွန်ရှားပါးတယ်။ အလုပ်သမားတွေ၊ အဖိနှိပ်ခံ ပြည်သူတွေဟာ အခြေခံ လူ့အခွင့်အရေးတွေ၊ အတိတ်က ရရှိထားတဲ့ ပြောင်းလဲမှုတွေကို အုပ်စိုးသူတွေက ပြန်ရုတ်သိမ်းနေလို့ ခုခံရေးတိုက်ပွဲတွေ ဆင်နေရတာ တွေ့ရလိမ့်မယ်။ ဒါ့ကြောင့် ကျနော်တို့ဟာ ဖိနှိပ်မှုတွေ လျော့ပါးသက်သာစေပြီး အလုပ်သမား လူတန်းစား ဘဝအခြေအနေ မြင့်မားစေမယ့် ပြုပြင်ရေးတွေ ရရှိဖို့ တိုက်ပွဲဝင်ကြပေမယ့် အကြပ်အတည်း ပေါင်းစုံဆိုက်နေတဲ့ အရင်းရှင်စနစ်အောက်မှာ ဘယ်ပြုပြင်ပြောင်းလဲရေးမှ ကြာကြာမခံဘူး ဆိုတာလည်း ရှင်းပြကြတယ်။ အဲဒီတိုးတက်ပြောင်းလဲမှုတွေကို အမြဲတမ်း ရရှိထားဖို့ဆိုရင် ပြုပြင်ရေးတိုက်ပွဲကို ဆိုရှယ်လစ် တိုက်ပွဲနဲ့ မလွဲမသွေ ပေါင်းစပ်ထားရမယ်။

အကျိုးအမြတ်တွေ ခြိမ်းခြောက်ခံလာရပြီး အရင်းရှင်စနစ်က အကြပ်အတည်း ထိုးဆိုက်သွားတဲ့အခါ ဘော့စ်တွေ၊ ဘဏ်လုပ်ငန်းရှင်တွေနဲ့ အစိုးရယန္တယားထဲက သူတို့မိတ်ဆွေတွေဟာ အတိတ်တုန်းက ငါတို့ တိုက်ပွဲဝင်ခဲ့လို့ ရရှိထားခဲ့သမျှကို ပြန်သိမ်းယူဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။ ဒီလို အခြေအနေမှာ လက်ယာဂိုဏ်း ပေါ်ပြူလစ်(စ်) နိုင်ငံရေးသမားတွေနဲ့ မီဒီယာတချို့က အဖိနှိပ်ခံ အုပ်စုအသီးသီးကို လက်ညှိုးထိုး အပြစ်ပုံချလာကြတယ်၊ အများပြည်သူ အသုံးစရိတ် ဖြတ်တောက်ခံရတာ၊ အတင်းအကြပ် ခြိုးခြံချွေတာရေး လုပ်တာတွေကို အဖိနှိပ်ခံ အုပ်စုတွေအပေါ် အပြစ်ပုံချလာကြတယ်၊ ဒီအခါ လူမျိုးရေး ဖိနှိပ်မှုနဲ့ တခြားသော ရန်လိုမုန်းထားမှု ပုံစံတွေ ခေါင်းထောင် အားကောင်းလာတယ်။ အတိတ်တုန်းက တိုက်ပွဲဝင်ခဲ့လို့ ရရှိထားတဲ့ အသီးအပွင့်တွေ ဆုံးရှုံးမသွားဖို့ ဒီကနေ့ကာလမှာ ဖိနှိပ်လိုတဲ့ အတွေးအမြင် သဘောထားတွေကို တိုက်ဖျက်ပစ်ဖို့၊ အမှန်တကယ် တန်းတူညီမျှတဲ့ လူ့အဖွဲ့အစည်းဆီ တက်လှမ်းဖို့ တခုတည်းသော လမ်းက အကျိုးအမြတ်ရဖို့ပဲ ကြည့်ပြီး ကုန်ထုတ်နေတဲ့ စနစ်ကို အဆုံးသတ်ပစ်ရမယ်။ ဒီလိုလုပ်နိုင်မှသာ ရှိနေပြီသား များပြားလှသော အရင်းအမြစ်တွေ၊ ဓနဥစ္စာတွေကို လူအများစု ကောင်းကျိုးအတွက် ဒီမိုကရေစီနည်းကျ အသုံးချနိုင်မယ်။

လူ့အဖွဲ့အစည်းကို တော်လှန်ပြောင်းလဲပစ်ရေး

အခုလိုပြောလို့ ဆိုရှယ်လစ် တော်လှန်ရေး ပြီးတာနဲ့ နေ့ချင်းညချင်း ခွဲခြားဆက်ဆံလိုတဲ့ စိတ်သဘောထားတွေ လွင့်ပါးပျောက်ကွယ်သွားမယ်လို့ မဆိုလိုဘူး။ ဖိနှိပ်မှုပုံစံအားလုံးဟာ မျိုးဆက်ပေါင်းများစွာ တည်ရှိလာခဲ့တာ၊ တချို့ဖိနှိပ်မှုပုံစံတွေဆိုရင် နှစ်ပေါင်း ထောင်နဲ့ချီနေပြီ၊ ဒီတော့ လူသားမျိုးနွယ်ရဲ့ အသိစိတ်ထဲ အမာရွတ်လို စွဲထင်နေပြီ။ ဒါပေမယ့်လည်း၊ လူထု လှုပ်ရှားမှုတွေဟာ လူတွေရဲ့ အသိစိတ်အပေါ် အင်မတန် ကြီးမားတဲ့ သက်ရောက်ချက် ရှိတယ်၊ လူထု လှုပ်ရှားမှုအတွင်းက လူတွေက တယောက်နဲ့တယောက် ဘုံအကျိုးစီးပွားတွေ၊ ဘုံတူညီချက်တွေ ရှိနေတာကို မြင်လာကြတယ်၊ ဒီအရင်ကဆို တယောက်နဲ့တယောက် ကွာခြားချက်တွေပဲမြင်ပြီး ပြိုင်ဘက်တွေအဖြစ်ပဲ သဘောထားခဲ့ကြတယ်။ အမျိုးသမီးတွေ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ LGBTQ တွေက ခင်ဗျားတို့ ကျုပ်တို့နဲ့အတူတူ လမ်းမပေါ်ထွက်ပြီး တသားတည်း တိုက်ပွဲဝင်လာတဲ့အခါ သူတို့ကို ခွဲခြားဆက်ဆံလိုတဲ့ သဘောထားတွေ ဆက်ထားဖို့ အတော်ခက်သွားမယ်။ အလုပ်သမား သပိတ်တွေမှာ အလုပ်သမားတွေအချင်းချင်း ခွဲခြားဆက်ဆံလို့ မဖြစ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိသွားကြတယ်၊ အလုပ်သမား အချင်းချင်း (လူမျိုးအခြေခံ၊ လိင်အခြေခံ၊ ဂျန်ဒါအခြေခံ၊ ဘာသာရေးအခြေခံ စသဖြင့်) ခွဲခြားတာမျိုး သွားလုပ်ရင် အဲဒီသပိတ်တိုက်ပွဲ အထိနာမှာပဲ။ လူထု လှုပ်ရှားမှုအတွင်းမှာ ဒီလို သိနားလည်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဆွဲတင်ပေးလိုက်တယ်။

စွမ်းအားပြင်းလှတဲ့ နမူနာတခုကို ပြပါဆိုရင် ဟော့(စ်)နီ မူဘာရတ်(ခ်) ပြုတ်ကျသွားခဲ့ရတဲ့ ၂၀၁၁ခုနှစ်က အီဂျစ် တော်လှန်ရေးကို ပြရမှာပဲ။ အီဂျစ်က အမျိုးသမီးတွေဟာ အင်မတန် ပြင်းထန်တဲ့ ခွဲခြားဆက်ဆံမှုတွေ အကြမ်းဖက်မှုတွေကို သမိုင်းနဲ့ချီပြီး ခံလာခဲ့ရတယ်၊ မွတ်စလင်နဲ့ ခရစ်ရှန်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားလာခဲ့တယ်။ ဒါပေမယ့်လည်း ဘာသာရေး နောက်ခံအသီးသီးက ယောကျ်ားတွေနဲ့ မိန်းမတွေဟာ Tahrir ရင်ပြင်ကို အတူလက်တွဲ ချီတက်ခဲ့ကြတယ်။ အဖိနှိပ်ခံ အုပ်စုတွေအပေါ် ခွဲခြားဆက်ဆံလိုတဲ့ အတွေးတွေ၊ ပုံစံခွက်ထဲက အမြင်တွေဟာ အားလုံးကို ဖိနှိပ်ထားတဲ့ ဘုံရန်သူကို လက်တွဲတိုက်ရင်း ပြိုကွဲသွားခဲ့တယ်။ အီဂျစ်တော်လှန်ရေးဟာ အရင်းရှင်စနစ်ကို ဖြိုချမပစ်နိုင်ခဲ့ပေမယ့် တခွင်တပြင်လုံး အတိုင်းအတာနဲ့ ဆိုရှယ်လစ် တော်လှန်ရေး ဆင်နွှဲပြီး လူ့အဖွဲ့အစည်းအသစ်ကို စုပေါင်းထူထောင်ကြရင် ဘာတွေ ဖြစ်လာနိုင်သလဲ မှန်းဆကြည့်လို့ ရနိုင်တယ်။

လူ့အဖွဲ့အစည်းရဲ့ လူမှုစီးပွား အခြေခံအုတ်မြစ်ကို အမြစ်လှန်ပြောင်းလဲပြီး ဆိုရှယ်လစ် စနစ်ကို ထူထောင်လိုက်ခြင်းအားဖြင့် ဖိနှိပ်မှုရဲ့ အဆောက်အအုံဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ ဇာစ်မြစ်တွေကို အမြစ်ပြတ် သုတ်သင်ပြီးသား ဖြစ်သွားမယ်။ အမြတ်ရဖို့ပဲ ကုန်ထုတ်နေတဲ့ လက်တဆုပ်စာ သွေးစုပ်သူ လူတန်းစား မရှိရင် လူအများစုကို လိင်၊ ဂျန်ဒါ၊ တိမ်းညွတ်မှု၊ လုပ်ရည်ကိုင်ရည်၊ လူမျိုး၊ ဘာသာ၊ ဘာသာရေး (သို့) တခြားမျိုးတူစု တခုခုအခြေခံပြီး သွေးခွဲစရာ လူမှု/ ရုပ်အခြေခံ မရှိတော့ဘူး။ အလုပ်ရဖို့၊ ပညာရှာဖို့၊ ကလေးပြုစုဖို့၊ စားဝတ်နေရေး ဖူလုံဖို့ လူတယောက်နဲ့ တယောက် တိုးဝှေ့ယှဉ်ပြိုင်စရာ မလိုတော့ရင် လူလူချင်း ဆက်ဆံရေးဟာလည်း အခြေခံကျကျ ပြောင်းလဲသွားလိမ့်မယ်။

အလုပ်ခွင်တွေမှာ ခေါင်းဆောင်တွေကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ရမှာ ဖြစ်သလို အချိန်မရွေး ဖြုတ်ချပိုင်ခွင့်လည်းရှိမယ်၊ အလုပ်သမား ခန့်ထားရေး ဖြစ်စဉ်တွေကို ဒီမိုကရေစီနည်းကျ ထိန်းကျောင်းမှုလည်း ရှိထားမယ်ဆိုရင် အလုပ်ခွင်အတွင်း ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုတွေကို ကာကွယ်နိုင်မယ်။ မီဒီယာတွေနဲ့ ပညာရေး အင်စတီကျူးရှင်းတွေကို လူ့အဖွဲ့အစည်းက စုပေါင်းပိုင်ဆိုင်ပြီး ဒီမိုကရေစီနည်းကျ ထိန်းချုပ်ထားရင် လူ့အဖွဲ့အစည်းအတွင်းက ခွဲခြားဖိနှိပ်လိုတဲ့ စိတ်သဘောထားတွေကို တိုက်ဖျက်ပစ်ရေး ဦးတည်လုပ်နိုင်လိမ့်မယ်၊ လူသားမျိုးနွယ်ရဲ့ မတူကွဲပြားမှု အလှတရားကို သင်ကြားပေးပြီး မြေတောင်မြှောက်ပေးနိုင်တယ်။ လူ့အဖွဲ့အစည်းရဲ့ လူမှုစီးပွား အခြေခံအုတ်မြစ်ကို ပြောင်းလဲလိုက်ရင် လူထုရဲ့ လောကအမြင်နဲ့ စိတ်နေသဘောထားတွေလည်း အကြီးအကျယ် ပြောင်းလဲသွားလိမ့်မယ်။

မာ့(က်စ်)ဝါဒီတွေဟာ လူတိုင်းအတွက် အထက်အောက် ချမှတ်ပေးလိုက်တဲ့ one-size-fits all ဖြေရှင်းနည်းကို လက်ကိုင်ထားကြတယ်လို့ မကြာခဏ ဝေဖန်ခံကြရတယ်။ မဟုတ်ပါဘူး၊ ဆိုရှယ်လစ် တော်လှန်ရေးဆိုတာ လူတိုင်းက သူတို့ကြမ္မာကို သူတို့လက်နဲ့ ထုဆစ်ဖန်တီးပြီး သူတို့အကျိုးစီးပွားအတွက် လူ့အဖွဲ့အစည်း အသစ်ကို တည်ဆောက်ခြင်း ဖြစ်တယ်။ မာ့(က်စ်)ဝါဒီတွေက လူထုကိုယ်တိုင် အရင်းရှင်စနစ်ကို အောင်အောင်မြင်မြင် ဖြိုချပစ်ပြီး ဆိုရှယ်လစ် လူ့အဖွဲ့အစည်းကို ထူထောင်နိုင်အောင် လမ်းညွှန်ပေးဖို့ ဆန္ဒရှိကြတယ်။ အဲဒီအခါ လူမှုစီးပွား အခြေခံ အုတ်မြစ်အသစ်ကို ဖန်တီးနိုင်သွားမယ်၊ ဖိနှိပ်မှု၊ သွေးစုပ်ခြယ်လှယ်မှု၊ မညီမျှမှုတွေရဲ့ ရုပ်အခြေခံလည်း ဆက်မရှိတော့ဘူး။ အဲဒီကနေ သမိုင်းအဆက်ဆက် ဖိနှိပ်ခံလာရတဲ့ အဖိနှိပ်ခံ အုပ်စုတွေမှာ မျိုးဆက်ပေါင်းများစွာ ခွဲခြား၊ ဖိနှိပ်ခံလာရခြင်းကြောင့် ထွက်ပေါ်လာသော သီးခြားလိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ရာ အခွင့်အလမ်းတွေ၊ အရင်းအမြစ်တွေ ရရှိသွားလိမ့်မယ်။ အဲဒီလို စစ်မှန်တဲ့ တန်းတူညီမျှမှု အခြေခံပေါ်မှာ လူသားတွေအချင်းချင်း လူသားပိုဆန်တဲ့၊ အခြေခံအားဖြင့် ပိုပြီးစစ်မှန်တဲ့ ဆက်ဆံရေးကို စတင် ထူထောင်လာနိုင်မယ်။ လူ့အဖွဲ့အစည်းအသစ်ကို တည်ဆောက်ရင်း ဆန်းသစ်တဲ့ စုပေါင်း အသိစိတ်တခုလည်း ထွက်ပေါ်လာလိမ့်မယ်။