သရောကြီးခိုင်းမယ့် နှစ်၊ လူတန်းစား တိုက်ပွဲ ပြင်းထန်လာမယ့် နှစ်

မကြာခင် မြန်မာနှစ်သစ်ကူးပါတော့မယ်။ ဗမာပြည်တွင်းက အဖိနှိပ်ခံ လူထုကြီးအဖို့ သာယာပျော်ရွှင်ဖွယ် သင်္ကြန် အခါသမယကို မဆင်နွှဲရတာ ကြာခဲ့ပါပြီ။ သင်္ကြန်မှာ မပျော်နိုင်ကြတဲ့အပြင် လက်ငင်းရင်ဆိုင်နေကြရတဲ့ ဒုက္ခတွေကလဲ တနင့်တပိုး။ ကျပ်ငွေတန်ဖိုး ထိုးကျပြီး ငွေကြေးဖောင်းပွနေလို့ ကုန်ဈေးနှုန်းတွေ ခေါင်ခိုက်နေလို့ ထမင်းနပ်မမှန်တဲ့ မိသားစုတွေ၊ အလုပ်လက်မဲ့ လူငယ်တွေ၊ သီးနှံအထွက်နှုန်း ထိုးကျနေတာတွေ၊ ပိတ်သိမ်းသွားတဲ့ စက်ရုံအလုပ်ရုံတွေ။ ဒါ့အပြင် ကမ္ဘာ့အပူဆုံး မြို့များစာရင်းထဲ ဝင်သွားတဲ့အထိ ပူလောင်လွန်းတဲ့ အယ်နီညို ရာသီဥတု၊ မြစ်ချောင်းအင်းအိုင်တွေ တိမ်ကောပြီး သောက်ရေသုံးရေ ရှားပါးလာတဲ့ ပြဿနာ၊ မီးခဏခဏ ပျက်လွန်းလို့ နေ့တဓူဝ အိမ်မှုကိစ္စကနေ လုပ်ငန်းခွင်အသီးသီးအထိ လည်ပတ်စရိတ် ကြီးမြင့်ကုန်တာ၊ ကောင်းကောင်း မလည်ပတ်နိုင်တာ။ ဗမာပြည်သူတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ လူ့ငရဲ တစိတ်တပိုင်းကို အကြမ်းဖျင်း ချရေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

သရောကြီးခိုင်းမယ့် နှစ်လို့ ကင်ပွန်းတပ်လိုက်ရပေမယ့် အဖိနှိပ်ခံ လူထုအဖို့ ငတ်မွတ်ခေါင်းပါးခြင်း ကပ်တမျိုးကိုသာ ရင်ဆိုင်နေရခြင်း မဟုတ်ပေ။ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ ကိုယ်ကျင့်တရား အစရှိတဲ့ ဖက်ပေါင်းစုံ ကပ်သင့်နေတဲ့ ကာလကြီးကို ရင်ဆိုင်နေရခြင်း ဖြစ်တယ်။ ချုပ်ပြောရရင် အရင်းရှင်စနစ် ‘existential crisis’ ဖြစ်နေသော ကာလကြီးပဲ။ အရင်းရှင်စနစ် ပုံမှန် ဖြစ်နေကျ ‘episodic’ အကျပ်အတည်းမျိုး မဟုတ်ဘူး။ ဒါ့ကြောင့် အရင်းရှင်စနစ်ဟာ လူသားမျိုးနွယ်ရဲ့ ‘civilization’ တခုလုံးကို ခြိမ်းခြောက်လျက်ရှိတယ်။ ဒီကနေ့ လူ့အဖွဲ့အစည်းဟာ စီးပွားပျက်ကပ်သာမက သဘာဝပတ်ဝန်းကျင် ကပ်ဘေးကြီးကိုပါ ရင်ဆိုင်နေရတယ်။

အရင်းရှင်စနစ် ပျက်ကပ်လို့ ဆိုလိုက်ရင် ဗမာပြည်နဲ့ မဆိုင်ဘူးလို့ ထင်တတ်ကြတယ်။ ဆိုင်သမှ သိပ်ကိုဆိုင်ပါတယ်။ အရင်းရှင်စနစ်ရဲ့ ‘existential crisis’ ဟာ ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်အာဏာရှင် အစိုးရရဲ့ သေရေး ရှင်ရေး အကျပ်အတည်းအဖြစ် ထွက်ပေါ်နေခြင်း ဖြစ်တယ်။

သေပန်းပွင့်နေတဲ့ အရင်းရှင်စနစ်ဟာ အကျပ်အတည်းထဲက ရုန်းမထွက်နိုင်သလို ဗိုလ်မင်းအောင်လှိုင် စစ်အုပ်စုလဲ လှုပ်လေမြှုပ်လေ ဖြစ်နေပါပြီ။ ဒါပေမယ့် တွင်းဆုံးထိ မိုက်ဦးမယ့် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ လူငယ် လူရွယ်တွေကို အဓမ္မ စစ်ထဲဆွဲသွင်းပြီး အသေခံခိုင်းဖို့ စစ်မှုမထမ်းမနေရ ‘ဥပဒေ’ကို အသက်သွင်းလာတယ်။ ဒါဟာ ကပ်ပေါင်းစုံသင့်နေတဲ့ အဖိနှိပ်ခံ လူထုကြီးကို အငှားဗိုက်နဲ့ ဓားအထိုးခံခိုင်းလိုက်ခြင်းပဲ။ ဒီလိုနည်းနဲ့ သူတို့ သက်ဆိုးရှည်နိုင်မယ် ထင်နေသေးရင် မှားလိမ့်မယ်။ ဒါသာ ‘နောက်ဆုံး ကောက်ရိုးတမျှင်’ ဖြစ်သွားခဲ့ရင် အရင်းရှင် စစ်အာဏာရှင်စနစ် တခုလုံးကို မီးလောင်ပြာချပစ်မယ့် လူထုအုံကြွမှုကြီး ထွက်ပေါ်လာနိုင်ပါတယ်။

အုပ်စိုးသူတွေကြားက အကွဲအပြဲ

သမိုင်းတလျှောက် ဖြစ်ပေါ်ခဲ့တဲ့ တော်လှန်ရေးတွေကို ကြည့်လိုက်ရင် ထိပ်ပိုင်းမှာ စခဲ့တာချည်းပဲ။ အထက်တန်းစားတွေက စတင် တော်လှန်ခဲ့တယ်လို့ ဆိုလိုခြင်း မဟုတ်ပေ။ ထိပ်ပိုင်း အုပ်စိုးသူတွေကြား အက်ကွဲမှုတွေကနေ အစပြုခြင်းလို့ ဆိုလိုပါတယ်။ အုပ်စိုးသူ လူတန်းစားအနေနဲ့ အပြောင်းအလဲ တစုံတရာ မလုပ်ဘဲ သူတို့ရဲ့ အုပ်စိုးမှုကို ဆက်ထိန်းထားဖို့ မဖြစ်နိုင်တော့တဲ့အခါ၊ အုပ်စိုးခံ လူထုကြီးကလဲ အရင်လို ဆက်မနေနိုင်တော့တဲ့အခါ၊ ထိပ်ပိုင်း အုပ်စိုးသူတွေကြား ထွက်ပေါ်လာတဲ့ အက်ကွဲမှုတွေကနေ လူထုရဲ့ မကျေနပ်ချက်၊ နာကျည်းချက်တွေ အုံကြွ ပေါက်ကွဲသွားလေ့ရှိတယ်။ တော်လှန်ရေးတရပ် ထွက်ပေါ်လာဖို့ လိုအပ်တဲ့ ပကတိဘာဝ အခြေအနေတွေကို လီနင်က The Collapse of the Second International မှာ ပထမဆုံးအကြိမ် ရှင်းလင်းရေးသားခဲ့တယ် -

(1)When it is impossible for the ruling classes to maintain their rule without any change; when there is a crisis, in one form or another, among the ‘upper classes’, a crisis in the policy of the ruling class, leading to a fissure through which the discontent and indignation of the oppressed classes burst forth. For a revolution to take place, it is usually insufficient for “the lower classes not to want” to live in the old way; it is also necessary that “the upper classes should be unable” to live in the old way; (2) when the suffering and want of the oppressed classes have grown more acute than usual; (3) when, as a consequence of the above causes, there is a considerable increase in the activity of the masses, who uncomplainingly allow themselves to be robbed in “peace time”, but, in turbulent times, are drawn both by all the circumstances of the crisis and by the “upper classes” themselves into independent historical action. (LCW, Vol. 21, p.213-214)

အဲဒီလို ပကတိဘာဝ အခြေအနေ သုံးရပ်ကို ရှင်းလင်းပြီးတဲ့နောက် လီနင်က ဆက်ပြောပါတယ်။

ဒီပကတိဘာဝ အခြေအနေ ပြောင်းလဲမှုတွေဟာ လူပုဂ္ဂိုလ်၊ အစုအဖွဲ့၊ ပါတီတွေသာမက လူတန်းစားတွေရဲ့ စိတ်ဆန္ဒအပေါ် မှီခိုနေခြင်းမရှိဘူး၊ အဲဒီလို ပကတိဘာဝ အခြေအနေတွေသာ မရှိဘူးဆိုရင် တော်လှန်ရေးတရပ် မဖြစ်နိုင်ဘူးလို့ ယေဘုယျပြောနိုင်တယ်။ ဒီလို ပကတိဘာဝ အခြေအနေ အပြောင်းအလဲတွေကို စုပေါင်းပြီး တော်လှန်ရေး ဖြစ်ပေါ်နိုင်သော အခြေအနေတရပ်လို့ ခေါ်တယ်။ ၁၉၀၅ ရုရှားမှာ အဲသလို အခြေအနေ ရှိခဲ့တယ်၊ တော်လှန်ရေးလဲ တကယ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် တခြားနေရာတွေမှာ အဲသလို အခြေအနေရှိခဲ့ပေမယ့် တော်လှန်ရေး မဖြစ်ခဲ့တဲ့ နမူနာတွေလဲ ရှိတယ်။ ဥပမာ၊ ၁၈၆၀ ခုနှစ်များက ဂျာမနီ၊ ၁၈၅၉-၆၁ ကာလနဲ့ ၁၈၇၉-၈၀ ခုနှစ်များက ရုရှား။ ဘာ့ကြောင့်လဲ။ တော်လှန်ရေး ဖြစ်ပေါ်နိုင်သော အခြေအနေတိုင်းက တော်လှန်ရေး တရပ်ကို သေချာပေါက် မွေးဖွားမပေးနိုင်လို့ပဲ။ အကြောင်းက အထက်မှာ ဖော်ပြခဲ့တဲ့ ပကတိဘာဝ အပြောင်းအလဲတွေနဲ့အတူ အတ္တဘာဝ အပြောင်းအလဲ လိုက်လာမှသာ တော်လှန်ရေးတရပ် ထွက်ပေါ်နိုင်လို့ပဲ။ ဆိုလိုတာက တော်လှန်သော လူတန်းစားမှာ တော်လှန်ရေး လူထု လှုပ်ရှားမှု ဖော်ဆောင်နိုင်စွမ်း ရှိဖို့လိုအပ်တယ်၊ အစိုးရအဟောင်းကို ဖြိုခွဲပစ်နိုင်လောက်တဲ့အထိ ပြင်းထန်ဖို့လဲ လိုအပ်တယ်။ အစိုးရအဟောင်းတို့မည်သည် ဘယ့်လောက်ပဲ အကျပ်ဆိုက်နေပါစေ ဖြိုမချဘူးဆိုရင် သူ့အလိုလို ပြိုကျလေ့မရှိ။ (LCW, Vol. 21, p.215)

စစ်ရေး ရှုံးနိမ့်မှုတွေ တောက်လျှောက်ကြုံလာရတဲ့ စစ်အုပ်စုအတွင်း အကွဲအပြဲတွေ ရှိနေတာ အထင်အရှားပဲ။ သူတို့မွေးထားတဲ့ BGF တွေကိုယ်တိုင် သူတို့ကို စွန့်ခွာကုန်ကြပြီ။ စစ်တပ်အတွင်း ပုန်ကန်မှုကြီးတွေ မမြင်ရသေးပေမယ့် တပ်ရင်းလိုက် လက်နက်ချတာ၊ ရာနဲ့ချီ ထွက်ပြေးကုန်တာတွေ ခပ်စိပ်စိပ် ဖြစ်လာခဲ့တယ်။ အုပ်စိုးသူများအနေနဲ့ သူတို့စစ်တပ်တခုလုံး ပြိုကွဲသွားမလား ပူပန်နေရပြီ။ ဒါ့ကြောင့်လဲ အရပ်သား လူငယ်တွေကို စစ်တပ်ထဲ အတင်းအဓမ္မ ဆွဲသွင်းဖို့ လုပ်လာတာပဲ။ ဒီအခြေအနေမှာ military clique အတွင်း အက်ကြောင်းတွေ ပေါ်လာတယ်၊ သစ္စာမခံလောက်ဘူးထင်ရင် ဗိုလ်သန်းရွှေ ဂိုဏ်းက ဗိုလ်ခင်ညွှန့် ဂိုဏ်းကို အပြတ်ရှင်းခဲ့သလို ရှင်းမှာပဲ။ အခုလဲ အဲသလို လုပ်နေပြီလို့ ယူဆစရာ အမှုအခင်းတွေ တခုပြီးတခု တွေ့လာရတယ်။

အဖိနှိပ်ခံ လူတန်းစားတွေ ခံစားနေရတဲ့ ဒုက္ခဆင်းရဲအပေါင်း အရင်ကထက် အဆပေါင်းများစွာ သိပ်သည်းပြင်းထန်လာတာကိုတော့ အထူးရေးပြနေဖို့ပင် မလိုချေ။ အာဏာသိမ်း စစ်တပ်ကြောင့် ခံစားရတဲ့ ဒုက္ခတွေနဲ့တင် မလုံလောက်သေးဘူး ထင်လို့လား မသိပေ၊ အန်ယူဂျီ လက်အောက်ခံ ‘ပကဖ၊ ပအဖ၊ ပလဖ’တွေကလဲ ထပ်ဆင့် ဒုက္ခပေးလိုက်သေးရဲ့။ အကျိုးဆက်အနေနဲ့ လူထုကိုယ်တိုင် သမိုင်းဝင် လှုပ်ရှားမှုထဲ အားပြည့်အင်ပြည့် ပါဝင်လှုပ်ရှားဖို့ ဖြစ်လာတယ်။ သာမန်ကြည့်ရင် အန်ယူဂျီ ဘာလုပ်လုပ် ပြည်သူအများက မျက်စိမှိတ် ထောက်ခံနေတယ်လို့ ထင်ရတယ်။ သို့သော် ဘယ်အရာမဆို အကန့်အသတ်ရှိပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက အန်ယူဂျီ ထိန်းချုပ်ထားတဲ့ မော်လူး တိုက်နယ်ဒေသမှာ ဒေသခံ ပြည်သူအများက အန်ယူဂျီ လက်အောက်ခံ ‘ပကဖ၊ ပအဖ၊ ပလဖ’တွေရဲ့ လုပ်ရပ်ကို မကျေနပ်လို့ ဆန့်ကျင်တိုက်ပွဲဝင်နေကြတယ်။ ဒီတနေရာထဲ မဟုတ်ပါဘူး။ ကျန်တဲ့ဒေသအသီးသီးမှာလဲ အောက်ခြေ ပြည်သူအများက အန်ယူဂျီ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်ကို တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ဝေဖန်နေကြတာပဲ။ ဒီအသံတွေကို ‘silence’ လုပ်ဖို့ ဘယ်လိုပဲကြိုးစားကြိုးစား မပြတ်ကြားနေရပါတယ်။

တော်လှန်သော လူတန်းစား

ဒီနေရာမှာ လီနင် ပြောတဲ့ တော်လှန်သော လူတန်းစား ဆိုတာ အလုပ်သမား လူတန်းစားကို ရည်ညွှန်းခြင်း ဖြစ်တယ်။ အလုပ်သမား လူတန်းစားကသာ ဒီကနေ့ တော်လှန်ရေးရဲ့ ဦးဆောင် လူတန်းစား ဖြစ်ကြောင်း ၂၀၂၁ လူထု အုံကြွမှုကြီးက သက်သေပြခဲ့ပြီးပါပြီ။ ဒီလိုပဲ၊ လယ်သမား လူတန်းစားဟာလဲ အလုပ်သမား လူတန်းစားရဲ့ မဟာမိတ်ဖြစ်ကြောင်း အထင်အရှား မြင်တွေ့ခဲ့ရပြီးပြီ။ တချိန်တည်းမှာပဲ၊ အလုပ်သမား လူတန်းစားက ခေါင်းဆောင်မှုနေရာ မယူနိုင်ဘူးဆိုရင် လယ်သမားထုဟာ လစ်ဘရယ် ဘူဇွာ ခေါင်းဆောင်မှုအောက် ကျရောက်သွားတတ်ကြောင်းကိုလဲ လက်တွေ့ရှုကြည့်နိုင်ပါတယ်။ အန်ယူဂျီ ခေါင်းဆောင်သော လစ်ဘရယ် ဘူဇွာတွေဟာ ခေါင်းဆောင်မှုနေရာ ရထားသော်လဲ လယ်သမားထု လွတ်မြောက်ရေးကို ဘယ်တော့မှ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး၊ လယ်သမားထုအပေါ် ကြီးလေးတဲ့ ဝန်ထုပ်တွေ ထပ်ဆင့်တင်ပေးနေမယ်၊ ဒီအချက်ကိုလဲ ကောင်းကောင်းတွေ့ခဲ့ရပြီ။

လစ်ဘရယ် ဘူဇွာတွေလို့ ပြောတဲ့အခါ အန်ယူဂျီ တခုတည်းကိုပဲ ရည်ညွှန်းခြင်း မဟုတ်ပေ။ အန်ယူဂျီကို မွေးဖွေးပေးလိုက်တယ်လို့ ဆိုကြတဲ့ အန်ယူစီစီလဲ အတူတူပဲ။ အန်ယူစီစီရဲ့ ညီလာခံဆိုတာ လစ်ဘရယ်တွေ စကားငြင်းခုံလုပ်ရာ ‘talking shop’ သာ ဖြစ်နေကြောင်း အခုနောက်ဆုံး ‘ပြည်သူ့ညီလာခံ’ကို ကြည့်ရင် သိနိုင်တယ်။

အာဏာသိမ်း စစ်တပ်၊ စစ်အစိုးရဟာ ဖရိုဖရဲနဲ့ အင်အားချိနဲ့လာသလို တဖက်မှာ တော်လှန်ရေး ခေါင်းဆောင်မှုနေရာ ခွထိုင်ထားတဲ့ လစ်ဘရယ် ဘူဇွာတွေရဲ့ အခြေအနေဟာလဲ ထူးမခြားနားလှဘူး။ လစ်ဘရယ် ခေါင်းဆောင်မှုနဲ့ တော်လှန်ရေး မအောင်နိုင်ဘူးဆိုတဲ့ ကောက်ချက်ကို အမှန်အတိုင်း ဆွဲရဲဖို့ အရေးကြီးတယ်။ အန်ယူဂျီဟာ သူ့ကိုယ်သူ အစိုးရအစစ်လို့ ထင်နေတဲ့ ရောဂါရှိတယ်။ လစ်ဘရယ် အုပ်စု၊ လက်ဝဲအုပ်စုထဲက တချို့တလေဟာ အန်ယူဂျီကို ပြုပြင်ပြောင်းလဲလို့ ရဦးမယ် ထင်နေကြတယ်။ စိတ်ကူးမယဉ်ပါနဲ့လို့ပဲ ပြောချင်တယ်။ အန်ယူဂျီဟာ အစိုးရ မဟုတ်သလို၊ တော်လှန်ရေး လုပ်နေတာလဲ မဟုတ်ပါဘူး။ နိုင်ငံရေး နေရာမပျောက်အောင် တော်လှန်ရေး နာမည်နဲ့ အချောင်သမားလမ်းစဉ် ကျင့်သုံးနေခြင်း ဖြစ်တယ်။ ဒီလို အုပ်စုတွေ ခေါင်းဆောင်မှုနေရာ ရထားသရွေ့ တော်လှန်ရေး တခုလုံးအတွက် အန္တရာယ်ရှိပါတယ်။

ရန်သူ့စစ်တပ်အတွင်း ဖရိုဖရဲဖြစ်နေတာကိုပဲ မြင်ပြီး လစ်ဘရယ် ဘူဇွာတွေရဲ့ ‘reactionary role’ ကို မမြင်ရင် အန္တရာယ်များပါတယ်။ ဒီလိုမမြင်ကြလို့ပဲ ဒီကနေ့ တော်လှန်ရေးရဲ့ အရေးအကြီးဆုံး ခေါင်းဆောင် လူမှုအင်အားစုဖြစ်တဲ့ အလုပ်သမား လူတန်းစားကို မေ့ထားကြပြီး လစ်ဘရယ် ဘူဇွာ အစုအဖွဲ့မျိုးစုံကို ဗဟိုပြုထားတဲ့ နိုင်ငံရေး ရေစီးကြောင်း အားကောင်းနေတယ်။ တော်လှန်ရေးလို့ ဆိုလိုက်ရင် လက်နက်ကိုင် အစုအဖွဲ့ အသီးသီးရဲ့ စစ်ရေးကိစ္စလို့ မြင်ကုန်တဲ့အထိပဲ။

စဉ်းစားကြည့်ပါ၊ အာဏာသိမ်း စစ်တပ်ဟာ နိုင်ငံတဝှမ်း ပြန့်ကျဲနေတယ်။ စစ်တပ်ထဲက ဂျိုကျိုးနရွက်ပဲ့လောက်ပဲ မြို့ပြမှာ ကျန်ခဲ့တယ်။ ရှေ့တန်းက မပြန်ရတဲ့ စစ်သားတွေဟာလဲ ခြေကုန်လက်ပန်းကျနေပြီ။ ဘီလျံနာ စစ်ဗိုလ်ချုပ်တွေအတွက် အကျိုးမဲ့ မသေချင်တော့ဘူး။ စိတ်ဓာတ်ကျဆင်းနေတာ ထင်ရှားတယ်။ ဒါ့ကြောင့် ပြူစောထီးတွေ သူတို့မွေးရတယ်။ မဘသ အုပ်စုနဲ့ လူမျိုးရေး အဓိကရုဏ်း မီးတွေ လိုက်မွှေးတယ်။ မထိရောက်ဘူး။ ဒီလိုအခြေအနေမှာ အလုပ်သမား လူတန်းစား ခေါင်းဆောင်တဲ့ အထွေထွေ သပိတ်ကြီး၊ လူထု အုံကြွမှုကြီး ဖြစ်လာမယ်ဆိုရင် စစ်အာဏာရှင်စနစ်တခုလုံး ပြိုလဲသွားလိမ့်မယ်။

ဒီလို ဖြစ်လာဖို့ ပကတိဘာဝ အကြောင်းအချက်တွေ ရှိနေပြီးသားပဲ။ ဒါပေမယ့် သူ့အလိုလို ‘spontaneous’ ပေါက်ကွဲမှုကိုပဲ အားကိုးနေလို့ မရဘူး။ အလုပ်သမား လူတန်းစားကို ‘organized’ လုပ်ထားနိုင်ဖို့ အရေးကြီးတယ်။ တော်လှန်ရေး ပရိုဂရမ်နဲ့ ပေါင်းစပ်ပေးနိုင်ဖို့ အရေးကြီးတယ်။ ဒီနေရာမှာ တော်လှန်ရေး ပါတီရဲ့ အခန်းကဏ္ဍ ဝင်လာတာပဲ။ အဲသလို သမိုင်း တာဝန် ထမ်းဆောင်မယ့် တော်လှန်ရေး ပါတီတရပ်ဟာ လစ်ဘရယ် ဘူဇွာတွေကို ပြုပြင်ပြောင်းလဲယူလို့ ရလာနိုး စိတ်ကူးယဉ်နေသူတွေ မဖြစ်ရဘူး။ အလုပ်သမား လူတန်းစားရဲ့ ရှေ့တန်းအရောက်ဆုံး အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားရမယ်၊ အဲဒီလို ‘advanced layer’ ကနေတဆင့် ပိုပြီး ကျယ်ပြန့်တဲ့ အလုပ်သမားထုကြား အမြစ်တွယ်သွားရမယ်။

ဒါ့ကြောင့် ကျွန်ုပ်တို့ရဲ့ လတ်တလော ဦးစားပေး အလုပ်ဟာ လူထု တရပ်လုံး စည်းရုံးရေး မဟုတ်သေးဘူး။ ‘Ultra-left Sectarian’ တွေဟာ လူထု စည်းရုံးရေး လုပ်ရမယ်လို့ ကုန်းအော်လေ့ရှိတယ်။ သို့သော် လူဆယ်ဂဏန်း၊ ရာဂဏန်း အစုအဖွဲ့တခုကိုတောင် သူတို့ စနစ်တကျ မတည်ဆောက်နိုင်ဘူး။ ဝ မရှိဘဲ ဝိ လုပ်ချင်လို့မရဘူး။ ကိုယ်အော်နိုင်တဲ့ အတိုင်းအတာထက် ပိုအော်နေရင် အသံအိုး ကွဲသွားတာပဲ ရှိလိမ့်မယ်။ လူထုက ‘small group’ တွေကို မသိပါဘူး။ လူထုကြား အမှန်တကယ် ‘intervention’ ဝင်နိုင်ဖို့ဆိုရင် ကိုယ့်မှာ မြင်သာထင်သာရှိတဲ့ အင်အားတခု တည်ဆောက်ထားနိုင်ဖို့ အရေးကြီးတယ်။ အဲဒီအခြေအနေ ရောက်အောင် တည်ဆောက်ဖို့ မကြိုးစားဘဲ လူထုကြား တော်လှန်ရေး စလိုဂန်တွေ လိုက်အော်နေရုံနဲ့ လူထုကို စည်းရုံးလို့ ရမယ်ဆိုရင် တော်လှန်ရေး လုပ်ရတာ တော်တော် လွယ်မှာပဲ။ သူတို့ထင်သလို ဖြစ်မလာတဲ့အခါ အလုပ်သမား လူတန်းစားကို စိတ်မရှည် ဖြစ်လာမယ်၊ စိတ်ဓာတ်ပျက်ပြားသွားမယ်။ ဒါမှမဟုတ်ရင်လဲ ဖြတ်လမ်းနည်းတွေနောက် လိုက်ကုန်တယ်။

ဒီလို မဖြစ်ဖို့ဆိုရင် အလုပ်သမား လူတန်းစားနဲ့ လူငယ်ထုကြားက လူတန်းစား အသိစိတ် အစူးရှဆုံး၊ ရှေ့တန်းအရောက်ဆုံး အစိတ်အပိုင်းတွေကို အရင်ဆုံး ရှာဖွေစုစည်းရမယ်။ အဲဒီ ‘advanced layer’ ကို မာ့(က်စ်)ဝါဒသီအိုရီ အုတ်မြစ်ပေါ် အခြေတည်ထားတဲ့ ကေဒါ အဖွဲ့အစည်းတခု ဖြစ်လာအောင် တည်ဆောက်ရမယ်။ ရာဂဏန်းကနေ၊ ထောင်ဂဏန်း အင်အားရှိတဲ့အထိ အရင်လုပ်ရလိမ့်မယ်။ ထောင်ဂဏန်းကနေ သောင်းဂဏန်း။ ဒီလို ပြင်ဆင်တည်ဆောက်ထားမှသာ သန်းနဲ့ချီတဲ့ အလုပ်သမားထုကြား ဝင်ရောက်လှုပ်ရှားနိုင်လိမ့်မယ်။ ‘ကိုယ်စိုက်ခဲ့သမျှ ကိုယ်ရိတ်သိမ်းရတယ်’လို့ ဆိုရိုးရှိတယ်။ တနည်းဆိုရရင် ‘ကိုယ်မစိုက်ခဲ့ဘဲ ရိတ်သိမ်းချင်လို့ မဖြစ်နိုင်ဘူး’။

သမိုင်းဟာ အရှိန်ဟုန်ပြင်းပြင်း ခုတ်မောင်းလျက်ရှိတယ်။ ဒါ့ကြောင့် ‘sense of proportion’ ရှိဖို့ အရေးကြီးသလို ‘sense of urgency’ ရှိဖို့လဲ အရေးကြီးကြောင်း။

  • Build a Marxist Cadre Organization!
  • Fight for the Socialist Revolution!
  • Down with the Military Dictatorship!
  • Socialism or Barbarism!

စာပြီးရက်စွဲ (၁၃.၄.၂၀၂၄)

https://www.mediafire.com/file/6eg0i5omc6yin2t/The_Struggle_Magazine_Issue_09.pdf/file