ဗမာ့ ပြည်တွင်းစစ်နဲ့ မာ့(က်စ်)ဝါဒအမြင်

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေဘက်က အောင်ပွဲတွေ ကြီးကြီးမားမား ရရှိထားတယ်။ အာဏာသိမ်း စစ်တပ်ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိူးကို လက်လွှတ်ဆုံးရှူံးလိုက်ရပြီ။ သမ္မတရူး ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အစိုးရအဖို့ အလွန်ပြင်းထန်တဲ့ ထိုးနှက်ချက်ကြီး ဖြစ်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်တို့ စစ်အုပ်စုအတွင်းမှာလဲ အကြီးအကျယ် အကျပ်ရိုက်နေပါပြီ။ 

စစ်ဗိုလ်ချုပ်ဟောင်းတွေကိုယ်တိုင်က ဗိုလ်မင်းအောင်လှိုင် ဂိုဏ်းကို ကျေနပ်တဲ့ လက္ခဏာ မရှိဘူး။ သူ့လက်အောက် ငယ်သားတွေကလဲ မကျေနပ်ကြသလို စစ်တပ် မိသားစုတွေကလဲ မကျေနပ်ကြဘူး။ စစ်တပ် ဒေါက်တိုင် မဘသတွေ၊ ကြံ့ဖွတ်တွေ၊ ပျူစောထီးတွေကတောင် ဗိုလ်မင်းအောင်လှိုင်ကို တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ ဝေဖန်နေကြပြီ။ သူတို့ကတော့ ဗိုလ်မင်းအောင်လှိုင်ထက် ပိုရက်စက်၊ ပိုကြမ်းကြုတ်တဲ့ နောက်ဗိုလ်ချုပ်တယောက်ကို အလိုရှိနေကြပုံပဲ။ 

သူတို့နားမလည်တာက လက်ရှိ အာဏာရ စစ်ဗိုလ်ချုပ်တွေ စစ်ရှုံးနေတာ ပျော့သေးလို့၊ လုံလုံလောက်လောက် မရက်စက်သေးလို့ မဟုတ်ဘူး။ စဉ်းစားကြည့်ပါ။ ဗိုလ်မင်းအောင်လှိုင် စစ်တပ်က ရွာလုံးကျွတ် မြို့လုံးကျွတ် မီးတင်ရှို့တယ်၊ အရှင်လတ်လတ် မီးရှို့သတ်တယ်၊ အရပ်သား ကလေးငယ်တွေရှိနေတဲ့ ကျောင်းတွေ၊ ဆေးရုံတွေကို လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်တယ်။ ဒီလောက် ကမ်းကုန်အောင် ရက်စက်နေတဲ့ စစ်တပ်ကို လုံလုံလောက်လောက် မရက်စက်သေးဘူးလို့ သူတို့မို့ တွေးကြပလေ။ ရက်စက်တိုင်း စစ်နိုင်ရောလား။ စစ်ရှုံးတာ မရက်စက်သေးလို့လား။ မဟုတ်ပါဘူး။ ဒီထက် ရက်စက်စရာလဲ မကျန်တော့ပါဘူး။ အဲသလို ရက်စက်လေ ရန်သူ ပတ်လည်ဝိုင်းလေပါပဲ။ 

ရန်သူ ပတ်လည်ဝိုင်းနေတဲ့ စစ်တပ်၊ တိုက်လိုခိုက်လိုစိတ် ယိုယွင်းကျဆင်းနေတဲ့ စစ်တပ်၊ စစ်ညောင်းနေတဲ့ စစ်တပ်၊ အကျင့်ပျက်ခြစားမှုတွေ အတွင်းကနေ လှိုက်စားနေတဲ့ စစ်တပ်၊ လူထု ထောက်ခံမှု ကင်းမဲ့ပြီး အတင်းအဓ္ဓမ္မနည်းနဲ့ စစ်သား စုဆောင်းနေရတဲ့ စစ်တပ်၊ ကြီးနိုင်ငယ်ညှဉ်း အထက်အောက် ဖိနှိပ်မှုတွေ ဒင်းကြမ်းပြည့်နေတဲ့ စစ်တပ်။ ဒီလို စစ်တပ် အရှုံးပွဲဆက်လာတာ ဆန်းသလား။ တိုက်ပွဲ အနည်းအကျဉ်း ရှုံးတာမျိုး မဟုတ်ဘဲ တစစီ ပြိုကွဲသွားမလားတောင် သူတို့ စိုးရိမ်နေကြပြီ။ သူတို့ စိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာပါပဲ။ 

သူတို့ ခေါင်းဆောင် ပြောတာကို ကြည့်လေ။ တဖက်ရန်သူက အဆင့်မြင့် နည်းပညာတွေ သုံးနေလို့ သူတို့ စစ်ရှုံးနေရတာပါတဲ့။ အောက်ခြေ စစ်သားတယောက်က ပြောတဲ့စကား မဟုတ်ဘူး၊ တိုင်းပြည်ဘဏ္ဍာတွေ ထင်တိုင်းကြဲနေနိုင်တဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောလိုက်တာ။ ဒီလို စစ်ခေါင်းဆောင်ကို ဆရာတင်ထားရတဲ့ အုပ်စိုးသူ လူတန်းစားအဖို့ ရှေ့ရေးကို မတွေးရဲစရာ။ 

ဒါဖြင့် ဗိုလ်မင်းအောင်လှိုင်ကို ဖြုတ်ချပြီး စစ်ခေါင်းဆောင် အပြောင်းအလဲ လုပ်လိုက်ရင်ဖြင့် အဆင်ပြေသွားနိုင်မလား။ စစ်တပ် ထိပ်သီး အသိုင်းအဝိုင်းကြားမှာ ဒီလို ကြိတ်ကြံနေသူတွေ ရှိနိုင်တယ်။ သမ္မတရူး ဗိုလ်မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်း စစ်အစိုးရကို မျက်မာန်တော်ရှနေတဲ့ တရုတ် အစိုးရကလဲ မင်းပြောင်းမင်းလွှဲ ဇာတ်ကို ရိုက်ဖို့ ကြံနေပုံရတယ်။ 

ဗမာပြည်မှာ ပြည်တွင်းစစ်ဖြစ်ပြီး မတည်မငြိမ် ဖြစ်နေတာကို အိမ်နီးချင်း တရုတ် အစိုးရက သဘောမကျလှဘူး။ ဗမာပြည်သူတွေ ပြည်တွင်းစစ်ဒဏ်ခံနေရလို့ သဘောမကျတာ မဟုတ်ပါဘူး။ အရင်းရှင်နယ်ချဲ့ စီမံကိန်းတခုဖြစ်တဲ့ BRI အပါအဝင် တခြား သူ့အကျိုးစီးပွားတွေ အထိခိုက်မခံနိုင်လို့ပါ။ တရုတ် အစိုးရရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားတွေ ဗမာပြည်တွင်းမှာ ရှိနေတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ ဓာတ်ငွေ့ပိုက်လိုင်း၊ မီးရထားလမ်း၊ စသဖြင့်။

အာဏာသိမ်း စစ်အစိုးရရဲ့ လုပ်ရပ်တွေက သူ့အကျိုးစီးပွားကို မကာကွယ်နိုင်တဲ့အပြင် မတည်ငြိမ်မှုကို ပိုဆိုးရွားစေခဲ့တယ်။ တရုတ် အကျိုးစီးပွားနဲ့ အာဏာသိမ်း စစ်အုပ်စု အကျိုးစီးပွား ပဋိပက္ခဟာ ကျားဖြန့် အရေးမှာ ကြီးထွားလာခဲ့တယ်။ ဒီနောက် ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို ကြည့်မယ်ဆိုရင် တရုတ် အစိုးရအနေနဲ့ မင်းအောင်လှိုင် စစ်အုပ်စုကို အလိုမရှိဘူး ဆိုတာ ထင်ရှားတယ်။ 

အမေရိကန် အစိုးရလို CIA သုံးပြီး အစိုးရတရပ်ကို ဗြောင်ဖြုတ်ချတဲ့ နည်းမျိုး တရုတ် အစိုးရ သုံးမလာသေးဘူး။ ဒါပေမယ့် မျက်နှာပေါင်းစုံ ဘက်ပေါင်းစုံကနေ အာဏာသိမ်း စစ်အုပ်စုကို ဖိအားပေးပြီး ကိုင်နေတာ တွေ့ရလိမ့်မယ်။ ဇူလိုင်လဆန်းတုန်းက စစ်ဗိုလ်ချုပ်ဟောင်း သမ္မတဟောင်း ဗိုလ်သိန်းစိန်နဲ့ လက်ရှိ စကစ ထိပ်သီး ဗိုလ်စိုးဝင်းတို့ကို တရုတ်ပြည် ခေါ်တွေ့ခဲ့တယ်။ တဖက်မှာလဲ တရုတ် အစိုးရ ကျောထောက်နောက်ခံပြု ပြည်တွင်း လက်နက်ကိုင် အဖွဲ့တွေကတဆင့် မအလ စစ်အုပ်စုကို စစ်ရေးနည်းနဲ့ ပြင်းပြင်းထန်ထန် ဖိအားပေးနေတယ်။ သံတမန် မျက်နှာစာကနေ ရွေးကောက်ပွဲကျင်းပပြီး အရပ်သား မျက်နှာဖုံးတပ် အစိုးရပုံစံ ပြောင်းဖို့လဲ ထုတ်ပြောလာတယ်။ 

ဒါတွေအားလုံးကို ချုပ်လိုက်ရင် တရုတ် အစိုးရက မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အစိုးရကို အလိုမရှိဘူး၊ မင်းအောင်လှိုင်ဂိုဏ်းကို ဖယ်ရှားချင်တယ်၊ သူ့အကျိုးစီးပွားတွေ ကာကွယ်ပေးနိုင်မယ့်၊ ပြည်တွင်း တည်ငြိမ်မှုကို  ဖော်ဆောင်ပေးနိုင်မယ့် အစိုးရတရပ်ကို အလိုရှိနေတယ်၊ ဒါ့ကြောင့် ‘မင်းပြောင်းမင်းလွှဲ’ ဇာတ်ကို ရိုက်ကူးနေတယ်လို့ပဲ ကောက်ချက်ဆွဲရလိမ့်မယ်။ 

တည်ငြိမ်မှုရှိအောင် ထိန်းနိုင်တဲ့၊ သူ့အကျိုးစီးပွားတွေကို အကာအကွယ် ပေးနိုင်မယ့် အစိုးရတရပ်ဟာ စစ်အာဏာရှင် အစိုးရတရပ်တော့ မဖြစ်နိုင်ဘူး။ အရပ်သားမျက်နှာဖုံး၊ ရွေးကောက်ပွဲ လုပ်ထုံးလေးတွေနဲ့ တက်လာတဲ့ အသွင်ပြောင်း ပုံစံတမျိုးမျိုးတော့ ဖြစ်မှရမယ်။ ဒီလောက်မှ သကာလိမ်းမထားရင်လဲ ဗမာ ပြည်သူတွေက လက်ခံမှာ မဟုတ်ဘူး ဆိုတာလဲ တရုတ် အစိုးရ ရိပ်မိပုံရပါတယ်။ တခုပဲ ပြဿနာ ရှိတယ်။ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေအဖို့တော့ အဲသလောက် လိုက်လျောမှုလေးကိုက သူတို့လည်ပင်းကို ကြိုးကွင်းစွပ်ရာ ရောက်သွားနိုင်တယ်။ ဒီတော့ သူတို့ မလိုက်လျောနိုင်ဘူး။ 

စစ်အုပ်စုအဖို့ ရှေ့တိုး ထမ်းပိုး၊ နောက်ဆုတ် လှည်းထုပ် ဖြစ်နေပြီ။ အဲလောက်မှ မလုပ်နိုင်ရင်လဲ သူတို့ အရှင်သခင် တရုတ် အစိုးရက လက်မခံနိုင်ဘူး။ အာဏာသိမ်း စစ်အုပ်စုခမျာ မျောက်သစ်ကိုင်းလွတ် ဖြစ်ပြီး ရုရှားကို ပြေးကပ်တယ်။ နေတိုး စစ်အုပ်စုနဲ့ ‘proxy war’ တိုက်နေရတဲ့ ရုရှားက ဗမာ ပြည်တွင်းစစ်ကို ဘယ်လို ဝင်ပါနိုင်မလဲ၊ ဘာအတွက် ဝင်ပါရမလဲ။ အာဏာသိမ်း စစ်အုပ်စုက ရုရှားကို စစ်ကူလှမ်းတောင်းတဲ့ လုပ်ရပ်ဟာ ဗမာပြည်တွင်းစစ်ကို ‘proxy war’ ဖြစ်အောင် ခြေလှမ်းပြင်တာပဲ။ ဒါပေမယ့် လက်ရှိ ကမ္ဘာ့ အခြေအနေအရ သူတို့မီးမွှေးသလို ဖြစ်မလာနိုင်သေးဘူး။ သူတို့အာဏာ တည်မြဲရေး ဘယ်သူ့မဆို ဖအေတော်ဖို့ ဝန်မလေးတဲ့ စစ်အုပ်စုပဲ။ သမိုင်းမှာ ပျက်သုဉ်းကာနီး အုပ်စိုးသူ လူတန်းစားတိုင်း အဲသလို မိုက်မိုက်ကန်းကန်း လုပ်လေ့ရှိတယ်။ 

စစ်ရေးအောင်ပွဲ နေပြည်တော်အထိ ရောက်နိုင်မလား

ရခိုင်မှာ အေအေက အောင်ပွဲတွေဆက်နေသလို ရှမ်းမြောက်က တိုက်ပွဲဟာလဲ မန္တလေးနားအထိ ရောက်လာခဲ့ပြီ။ စစ်ဖြစ်တဲ့ အရပ်ဒေသက ပြည်သူတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရသလို ပြင်ဦးလွင်က မြို့ခံတချို့နဲ့ စစ်တပ် မိသားစုတွေလဲ စစ်ဖြစ်တော့မယ် အထင်နဲ့ ပြေးကြပြီလို့ သတင်းတွေ တက်လာတယ်။ ပြင်ဦးလွင်နဲ့ မန္တလေးကို လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ မကြာခင် သိမ်းနိုင်တော့မလား။ 

ဒီနှစ်မြို့သာ ဆက်တိုက်ကျသွားရင် မင်းအောင်လှိုင်တို့ စစ်အုပ်စုလဲ ဘင်္ဂလားဒေ့(ရှ်) ဝန်ကြီးချုပ်လို အိန္ဒိယ မပြေးရင်တောင် ရုရှားကို စစ်လေယာဉ်နဲ့ ထွက်ပြေးသွားလိမ့်မယ်။ ဒါပေမယ့် အာဏာကို အသေဖက်တွယ်ထားတဲ့ စစ်အာဏာရှင်တွေဟာ တွင်းဆုံးထိ မိုက်ပါလိမ့်မယ်။ မန္တလေးကိုသာ ပြာအကျခံလိမ့်မယ်၊ အာဏာကိုတော့ စွန့်လွှတ်မှာ မဟုတ်ဘူး။ 

သူတို့စစ်အုပ်စုအဖို့ ဒီနှစ်မြို့ဟာ မဟာဗျူဟာမြောက် ခံကတုတ်မြို့တွေလဲ ဖြစ်ပါတယ်။ ဒီနှစ်မြို့သာ ကျသွားရင် အင်အားချိန်ခွင်လျှာဟာ ပြောင်းပြန်ဖြစ်သွားလိမ့်မယ်။ နေပြည်တော်ကို ဆက်ကာကွယ်ဖို့ မဖြစ်နိုင်တော့ဘူး။ ရန်ကုန်လဲ ကြာမှာ မဟုတ်ဘူး။ ဒါ့ကြောင့် အတော်များများ မျှော်လင့်စိတ်ကူးယဉ်နေကြသလို ဖြစ်လာဖို့ အတော် ခဲယဉ်းပါတယ်။ ဒါက ရန်သူ့အခြေအနေကို သုံးသပ်ပြောတဲ့ ခန့်မှန်းချက်။

တဖက်က လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေဘက်မှာ ပြင်ဦးလွင်၊ မန္တလေးအထိ ဆင်းတိုက်နိုင်လောက်အောင် အဆင်သင့် ဖြစ်နေပြီလား။ စစ်ရေး ပြင်ဆင်မှုသာမက၊ နိုင်ငံရေးအရ ပြင်ဆင်မှု ဘယ့်လောက် ရှိထားပြီလဲ။ စစ်ရေး ပြင်ဆင်မှု ဆိုရာမှာ လက်နက်ခဲယမ်း၊ ထောက်လှမ်းရေးနဲ့ ထောက်ပို့၊ စစ်ရေး အင်အားနဲ့ မဟာမိတ် ဖွဲ့စည်းမှု၊ စသဖြင့်။ ဒီအချက်တွေ ပြည့်စုံအောင် ပြင်ဆင်ရတာကိုက အလွန်ခက်ခဲမှန်း လူတိုင်း သိပြီးသား။ အရေးလဲ ကြီးပါတယ်၊ ဒါပေမယ့် ဒီထက် အခြေခံကျတာက နိုင်ငံရေး ပြဿနာ။ 

ပြင်ဦးလွင်၊ မန္တလေးကို ဆင်းသိမ်းမယ်လို့ အတော်များများ ယူဆနေတဲ့ လက်နက်ကိုင် အဖွဲ့တွေကို နိုင်ငံရေး ဦးဆောင်မှု ဘယ်သူက ပေးနေလဲ၊ သူတို့အားလုံး လက်ခံထားတဲ့ နိုင်ငံရေး ဦးဆောင်မှုရော ရှိနေပြီလား။ သူတို့ရဲ့ နိုင်ငံရေး မဟာဗျူဟာနဲ့ ပရိုဂရမ်က ဘာတွေလဲ။ တရုတ် အစိုးရရဲ့ ဩဇာ ဘယ်အတိုင်းအတာထိ လွှမ်းမိုးမှု ရှိနေလဲ။ မန္တလေးကို သိမ်းနိုင် မသိမ်းနိုင်  အပထား၊ မန္တလေးအထိ ဆင်းတိုက်မတိုက် ဆိုတဲ့ ပြဿနာကို ဒီအချက်တွေက အဆုံးအဖြတ်ပေးပါလိမ့်မယ်။ 

ထည့်သွင်းစဉ်းစားရမယ့် အရေးကြီး အချက်တချို့

လက်ရှိ စစ်ရေး အောင်ပွဲ ကြီးကြီးမားမား ရထားတဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ် အဖွဲ့တွေရဲ့ အင်အားနဲ့တင် ပြင်ဦးလွင်၊ မန္တလေးကို သိမ်းလို့ မရနိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ မန္တလေးကို သိမ်းဖို့ဆိုတော့ အညာမြေပြန့်ဒေသမှာ ကျင်လည်လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့ပေါင်းစုံကိုလဲ ထည့်တွက်ရလိမ့်မယ်။ NUG လက်အောက်ခံ အဖွဲ့တွေရှိသလို NUG အောက် မဝင်တဲ့ သီးခြားအဖွဲ့တွေလဲ ရှိတယ်။ တကယ့် မြေပြင်မှာ NUG အောက် ဝင်ထားတယ်ဆိုတဲ့ အဖွဲ့တွေအပေါ်မှာတောင် NUG ရဲ့ ဩဇာလွှမ်းမိုးမှုက မပြောပလောက်ပါဘူး။ [၂၀၂၄၊ မေလမှာ Lowy Institute က ထုတ်ဝေခဲ့တဲ့ စာတမ်း “Outrage is not a policy: Coming to terms with Myanmar’s fragmented state” အဖွင့်မှာပဲ ဒီအချက်ကို ထောက်ပြထားသေးတယ်။]

အန်ယူဂျီအောက် မဝင်ရင် ပြဿနာအရှာခံရ၊ အထောက်အပံ့ ရှာမရ ဖြစ်လို့သာ ဝင်ထားကြရတယ်၊ တကယ့်မြေပြင်မှာ ကိုယ့်အုပ်စုနဲ့ကိုယ် လှုပ်ရှားနေကြတာ ပကတိ အရှိတရားပဲ။ အန်ယူဂျီ လက်အောက်ခံ ပသုံးလုံး အဖွဲ့တွေ ထင်ရာစိုင်း မင်းမူနေတဲ့ လုပ်ရပ်တွေ တိုင်းသိပြည်သိ ဖြစ်လာရင်တောင် လွင်ကိုလတ်တို့ ခေါင်းဆောင်ပိုင်းက တာဝန်ယူ ဖြေရှင်းပေးခဲ့တာ မရှိပါဘူး။ ဒါ့အပြင် လွင်ကိုလတ်တို့ အန်ယူဂျီ ခေါင်းဆောင်ပိုင်းက ဗျူရိုကရေစီ ယန္တရား တည်ဆောက်ပြီး ဗဟိုချုပ်ကိုင်မှုကို ကျင့်သုံးချင်တယ်။ သူတို့လက်အောက် မဝင်လိုသူတွေကို ခါးပိုက်ဆောင်တပ်နဲ့ ဗိုလ်ကျနှိမ်နှင်းပစ်လေ့ရှိတယ်။ စစ်ရေး ပြင်ဆင်မှုထက် အခြေခံကျတဲ့ နိုင်ငံရေး ပြဿနာတွေ ဆိုတဲ့အထဲမှာ ဒီပြဿနာတွေက ထိပ်ဆုံးက ပါလိမ့်မယ်။ ဒီလို လစ်ဘရယ် အာဏာရူးတွေ ခေါင်းဆောင်တဲ့ လက်နက်ကိုင် အဖွဲ့တွေကို လူထုက တကယ် ထောက်ခံပါ့မလား။ ပသုံးလုံးကို ဆန့်ကျင်တဲ့ လူထု ဆန္ဒပြပွဲတွေ ထွက်ပေါ်လာတာကို ကြည့်ရင်ပဲ အဖြေပေါ်နေပါပြီ။ 

အခုပြောနေတဲ့ လက်နက်ကိုင် အဖွဲ့အားလုံးဟာ ကျေးလက်ဒေသမှာ ကျင်လည်နေရတဲ့ အဖွဲ့တွေချည်းပဲ။ အန်ယူဂျီနဲ့ တခြား လက်နက်ကိုင် ပြောက်ကျားအဖွဲ့တွေ မြို့ပြ စစ်မျက်နှာ ဖွင့်ဖို့ ကြိုးပမ်းခဲ့သမျှ ဘာမှ အရာမထင်ခဲ့ဘူးလို့ အထက်ပါ စာတမ်းမှာ ထောက်ပြထားတယ်။ ဒါဆိုရင် လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ချီတက်လာတဲ့အခါ မြို့ပြ လူထုက အထွေထွေ သပိတ်ကြီး ဆင်နွှဲပြီး ကြိုဆိုနေမလား။ ဒါလဲ ပြောဖို့ ခက်ပါတယ်။ အခုထိ ဖြစ်ခဲ့သမျှ မြို့တိုင်းကို ကြည့်လိုက်ပါ။ မြို့ခံလူထုက အိုးအိမ်စွန့်ပြီး လွတ်ရာ ပြေးခဲ့ရတာချည်းပဲ။ AS ဖက်တွယ်သူ မော်ဝါဒီတွေက လက်နက်ကိုင် တော်လှန်ရေးနဲ့ မြို့ပေါ် လူထုအုံကြွမှု ပေါင်းစပ်ရမယ်လို့ ကျူးရင့်လေ့ရှိတယ်။ ဒီတိုက်ပွဲပုံစံ နှစ်မျိုးကို ဘယ်လို ပေါင်းစပ်မလဲဆိုတဲ့ သူတို့ရဲ့ နည်းဗျူဟာကို ဒီအချိန်မှာ ချပြသင့်ပြီ။ 

ရှမ်းမြောက်နဲ့ ရခိုင်မှာ ကြီးမားတဲ့ စစ်ရေး အောင်ပွဲတွေ ရရှိထားပေမယ့် တခြားနေရာတွေမှာ အရင်းအနှီး ကြီးကြီးမားမား ပေးရပေမယ့် အောင်ပွဲ လောက်လောက်လားလား မရခဲ့တဲ့ မြို့တွေလဲ ရှိတယ်။ ဒါ့အပြင် အောင်ပွဲ ရခဲ့တယ်ဆိုရင်တောင် “လွတ်မြောက်သွားပြီ” ဆိုတဲ့ မြို့မှာ လူမကျန်တော့တာမျိုး၊ လူနေလို့ မရလောက်အောင် မြို့ပျက်သွားတာမျိုး ဖြစ်ခဲ့ရတယ်။ လူ့အသက်ပေါင်းများစွာ ရင်းပြီးမှာ မြို့တမြို့ကို သိမ်းနိုင်မယ်၊ သိမ်းပြီးရင် ရေရှည်ထိန်းထားနိုင်မယ့် အင်အားလဲ မရှိဘူး။ ဒီလို အခြေအနေတွေ အားလုံး အမြင်ပဲ။ လော်ဘီ မီဒီယာတွေက ဒီအချက်ကို ဖုံးဖုံးဖိဖိ လုပ်ပေးကြပေမယ့် Lowy Institute က ထုတ်တဲ့ စာတမ်းမှာတော့ ထည့်ပြောထားတယ်။ ဒီစာတမ်းကို DVB သတင်းဌာနက ဘာသာပြန် ဖော်ပြထားတာ ရှိပါတယ်။ မူရင်း စာတမ်းမှာ အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေအားလုံးကို ရည်ညွှန်းပြီး “people’s militias” လို့ သုံးထားပေမယ့် DVB ဘာသာပြန်မူမှာတော့ PDF တွေလို့သာ လိုရာဆွဲပြန်ထားတယ်။ လက်နက်ကိုင် အဖွဲ့အားလုံးကို အန်ယူဂျီ လက်အောက်ခံလို့ အနက်ထွက်အောင် ပြန်ပေးလိုက်တာပဲ။ တချို့အကောက်အယူ လွဲမှားမှုတွေ ရှိပေမယ့် ဒီဆောင်းပါး အပြင်ဘက်ကို ရောက်သွားမှာမို့ ချန်ထားခဲ့ပါတယ်။

နယ်မြေစိုးမိုးမှုနဲ့ ပတ်သက်လို့ ရာခိုင်နှုန်းတွေနဲ့ ပြောကြတာ ရှိပါတယ်။ ၆၀-၇၀% ကို ဖက်ဒရယ် အင်အားစုတွေက စိုးမိုးထားပြီလို့ အန်ယူဂျီဘက်က ထုတ်ပြန်ဖူးတယ်။ ဒီလို ရာခိုင်နှုန်းတွေနဲ့ ပြောတဲ့အခါ နယ်မြေဒေသ တခုနဲ့တခု အချက်အချာကျပုံချင်း မတူတဲ့အချက်ကို မမြင်တော့ဘူး။ စီးပွားရေးအရ အချက်အချာကျပြီး လူဦးရေ အသိပ်သည်းဆုံး စက်မှုမြို့ကြီးအားလုံး အာဏာသိမ်း စစ်အစိုးရ ထိန်းချုပ်မှုအောက်မှာပဲ ရှိသေးတယ်။ ဒီအချက်ဟာ စစ်ရေးမှာ ဘယ့်လောက် အရေးကြီးသလဲ သိချင်ရင် ရခိုင် ပြည်သူတွေကိုသာ လှမ်းကြည့်ရုံပဲ။ 

အာဏာသိမ်း စစ်တပ်ဟာ ပြိုကွဲလုနီးပြီ ဆိုပေမယ့် သာလွန်စစ်အင်အား၊ ခေတ်မီ စစ်လက်နက်နဲ့ လေတပ်ကို အသုံးချနေနိုင်တုန်းပဲ။ မန္တလေးလို မြေပြန့်လွင်ပြင်က မြို့ကြီးတွေမှာ စစ်ဖြစ်လာရင် ဒီအချက်ဟာ သူ့အားသားချက် ဖြစ်လာလိမ့်မယ်။ 

စစ်ရေးနဲ့ စိတ်ကူးဖဲ မရိုက်နဲ့

ဒီအချက်တွေကနေ ဘယ်လို ကောက်ချက်ဆွဲမလဲ။ အာဏာသိမ်း စစ်တပ်ကို အလဲမထိုးနိုင်ဘူးလို့ ကောက်ချက်ဆွဲရမှာ မဟုတ်ဘူး။ အာဏာသိမ်း စစ်တပ် ပြိုကျသွားနိုင်ချေ အတော်များနေပြီ၊ ဒါပေမယ့် ရပြီးသား စစ်ရေး အောင်ပွဲကို ထပ်ချဲ့သွားရင် နိုင်တော့မှာပဲလို့ စိတ်ကူးဖဲ မရိုက်ပါနဲ့။ မြို့ပြ လူထု အုံကြွမှု ဖြစ်မလာဘဲ စစ်ပြေးဒုက္ခသည်ချည်း ဖြစ်ကုန်ရင် စစ်ရေးသက်သက်နဲ့ အောင်ပွဲတွေ ဆက်ခံနိုင်မယ် ထင်သလား။ 

ကျနော်တို့ကတော့ အဲသလို မထင်ပါ။ အဖိနှိပ်ခံ လူထုကြီးကိုယ်တိုင် တခဲနက် အင်တိုက်အားတိုက် ပါဝင်လာမှ တော်လှန်ရေးလို့ပဲ မြင်တယ်။ ဒါ့ကြောင့် လူထုအုံကြွမှုကြီး ထပ်ဖြစ်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ယူဆပါတယ်။ စက်မှုမြို့ကြီးတွေဟာ စစ်ရေး ဘယ့်လောက် အရေးကြီးကြောင်း အထက်မှာ ဆိုခဲ့တယ်။ ဒါဆိုရင် မြို့ပြ စက်မှု အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး ဦးဆောင် အခန်းကဏ္ဍ ဘယ့်လောက် အရေးကြီးကြောင်း မြင်နိုင်ဖို့ မခဲယဉ်းဘူး ထင်ပါတယ်။ 

တနည်းဆိုရရင်၊ မဟာဗျူဟာမြောက် အရေးပါတဲ့ စက်မှုမြို့ကြီးတွေက အလုပ်သမား လူတန်းစား ခေါင်းဆောင်နဲ့ မြို့ပြ လူထု ပုန်ကန်မှုကြီး မဖြစ်ဘဲ တော်လှန်ရေး အောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မြို့ပြ လူထုအုံကြွမှုကို မဖြစ်နိုင်ဘူး၊ အရေးမပါဘူးလို့ ထင်မြင်စိတ်လေးများ ပေါ်လာခဲ့ရင် ပူပူနွေးနွေး အောင်ပွဲရထားကာစ ဘင်္ဂလားဒေ့(ရှ်) လူထု အုံကြွမှုကြီးကိုပဲ လှမ်းကြည့်လိုက်ပါ။ 

စစ်ရေးနဲ့ စိတ်ကူးဖဲ ရိုက်နေရမယ့် အချိန် မဟုတ်သလို ငါတို့ ဘာမှ မတတ်နိုင်ဘူး ဆိုပြီး လက်မှိုင်ချ စိတ်ပျက်နေရမယ့် အချိန်လဲ မဟုတ်ပါဘူး။ ကျနော်တို့ဟာ အလုပ်သမား လူတန်းစား ခေါင်းဆောင်တဲ့ ဆိုရှယ်လစ် တော်လှန်ရေး ဖြစ်နိုင်တယ်လို့ ယုံကြည်သလို အဲသလို ဖြစ်မှပဲ မပြီးပြတ်သေးတဲ့ ဒီတော်လှန်ရေးရဲ့ ထွက်ပေါက်ကို ရှာတွေ့မယ်လို့ မြင်ပါတယ်။ ဒီအမြင်ကို အခြေခံပြီး ကေဒါ တည်ဆောက်ရေး အလုပ်တွေ၊ ပြင်ဆင်ရေး အလုပ်တွေ အင်တိုက်အားတိုက် လုပ်ထားရလိမ့်မယ်။ 

သူရိန်မွန်

(၁၂ရက်၊ ဩဂုတ်၊ ၂၀၂၄)