စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒမှ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒသို့
I
စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒ ထွန်းကားလာခြင်း
ခေတ်သစ် ဆိုရှယ်လစ်ဝါဒ ဖွံ့ဖြိုးလာခြင်းဟာ အနှစ်သာရအားဖြင့် နှစ်ပိုင်းရှိမယ်၊ တဖက်မှာ - ဒီကနေ့ လူ့အဖွဲ့အ စည်းအတွင်း တည်ရှိနေသော ဓနရှင်နဲ့ ပစ္စည်းမဲ့ကြား၊ အရင်းရှင်နဲ့ လုပ်ခစား အလုပ်သမားကြားက လူတန်းစား ပဋိပက္ခတွေကို သိရှိနားလည်လာခြင်းရဲ့ တိုက်ရိုက် အသီးအပွင့် ဖြစ်တယ်။ အခြားတဖက်မှာ - ကုန်ထုတ်လုပ်မှု အတွင်း တည်ရှိနေသော ဗရမ်းဗတာဖြစ်မှုကို သိရှိနားလည်လာခြင်းရဲ့ အသီးအပွင့်ဖြစ်တယ်။ ဒါပေမယ့် သီအိုရီ ပုံစံအနေနဲ့ဆိုရင် ခေတ်သစ် ဆိုရှယ်လစ်ဝါဒဟာ ၁၈ရာစု ပြင်သစ် တွေးခေါ်ရှင်တွေ ချမှတ်ခဲ့တဲ့ အခြေခံသဘော တရားတွေကို လော့ဂျစ်ပိုကျအောင် တိုးချဲ့ယူထားတယ်လို့ ကနဦးမှာ ထင်ရတယ်။ ဘယ်လိုပင် စီးပွားရေးရုပ် ဘဝမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားပေမယ့်လည်း၊ ခေတ်သစ် ဆိုရှယ်လစ်ဝါဒဟာ သီအိုရီအသစ်အားလုံး လိုပဲ သူ့လက်တကမ်းမှာ အဆင်သင့် ရှိနေပြီးသား အသိပညာ အစုအဝေးကြီးနဲ့ စတင်ချိတ်ဆက်ရတယ်။
ပြင်သစ်မှာ ပေါ်ထွက်လာတော့မယ့် တော်လှန်ရေးကြီးမတိုင်ခင် လူတွေရဲ့ အတ္တဘာဝပိုင်းကို ပြင်ဆင်ပေးခဲ့ကြ သော မဟာလူသားကြီးတွေဟာ အင်မတန် ပြင်းထန်တဲ့ တော်လှန်ရေးသမားတွေ ဖြစ်တယ်။ ဒီပုဂ္ဂိ္ဂုလ်ကြီးတွေ ဟာ ပြင်ပက ဘယ်လို အာဏာ လွှမ်းမိုးမှုမျိုးကိုမှ လက်ခံခြင်း မပြုကြဘူး။ ဘာသာရေး၊ သဘာဝသိပ္ပံ၊ လူ့အဖွဲ့အ စည်း၊ နိုင်ငံရေး အင်စတီကျူးရှင်း စတဲ့စတဲ့ ခပ်သိမ်းသော အရာအားလုံးကို ခြွင်းချက်မရှိ စောကြောဝေဖန်မှုပြု ကြတယ်၊ ဆင်ခြင်တုံတရား ခုံရုံးမှာ သူတို့ရဲ့ တည်ရှိမှုကို ခိုင်လုံအောင် တရားထူထောင်ပြနိုင်ရမယ်၊ မခိုင်လုံရင် လစ်ပေတော့ပဲ။ ဆင်ခြင်တုံတရားဟာ အရာခပ်သိမ်းကို စမ်းသပ်တဲ့ တခုတည်းသော မှတ်ကျောက် ဖြစ်လာ တယ်။ ဟေဂယ်(လ်) စကားနဲ့ ပြောရရင် လောကကြီးက ခေါင်းပေါ်ရပ်နေတဲ့ ခေတ်ကာလ ဖြစ်ခဲ့တယ်၊ ဒီစကားရဲ့ ပထမ အဓိပ္ပါယ်က လူသားရဲ့ ဦးနှောက်နဲ့ တွေးခေါ်မှုကနေ ထုတ်ယူရရှိလာသော သဘောတရားတွေဟာ လူသား အပြုအမူအားလုံးနဲ့ လူသားအစည်းအရုံးရဲ့ အခြေခံဖြစ်နေရမယ်လို့ ဆိုခြင်းဖြစ်တယ်၊ ဒိထက် ပိုကျယ်ပြန့်တဲ့ အနက်က ဒီသဘောတရားတွေနဲ့ ဖီလာဆန့်ကျင်ဖြစ်နေသော အရှိတရားကို အမြစ်လှန် ပြောင်းလဲပစ်ရမယ်လို့ ဆို လိုတယ်။ တည်ရှိနေသမျှ လူမှုစနစ်တွေနဲ့ အစိုးရတွေ၊ ရှေးရိုး အစဉ်အလာ အယူအဆတွေ အားလုံး ယထာဘူတ နည်းမကျဖြစ်ပြီး စွန့်ပစ်ပစ္စည်း သိုလှောင်ခန်းထဲ အပို့ခံလိုက်ရတော့တယ်။ အဲဒီအချိန်ထိ တည်ရှိလာတဲ့ လောက ကို ဆန္ဒစွဲတွေနဲ့ပဲ အုပ်စိုးခဲ့တယ်၊ အတိတ်က အရာအားလုံးဟာ စိတ်မကောင်း ဖြစ်ရုံကလွဲလို့ ဘာမှ တန်ဖိုးထား စရာ မရှိပေ။ အခုချိန်ကစလို့ နေ့ရဲ့အလင်းကို ပထမဆုံး မြင်တွေ့ရလေပြီ၊ ဆင်ခြင်တုံတရား အလင်းရောင် ကြီးစိုး လေသော လောကဖြစ်လာပြီ၊ ဒါ့ကြောင့် သဘာဝလွန် ယုံတမ်းတွေ၊ မတရားမှုတွေ၊ အခွင့်ထူးတွေ၊ ဖိနှိပ်မှုတွေ နေ ရာမှာ အကြွင်းမဲ့ သစ္စာတရား၊ အကြွင်းမဲ့ အခွင့်အရေး၊ သဘာဝအရ တန်းတူညီမျှမှုနဲ့ ဘယ်အရာ/ဘယ်သူကမှ ဖယ်ရှားခြင်းပြုလို့ မရစကောင်းတဲ့ လူသား၏ ရပိုင်ခွင့်တွေက နေရာယူ အစားထိုး ပစ်လိုက်ပြီ။
ဆင်ခြင်တုံတရား အလင်းရောင် ကြီးစိုးလေသော လောကဆိုတာ ဘူဇွှာလူတန်းစားရဲ့ စိတ်ကူးစံ လောကသာ ဖြစ် ကြောင်း ဒီကနေ့ခေတ်မှာ ကျနော်တို့ သိကြပြီ။ အကြွင်းမဲ့ အခွင့်အရေးဟာ လက်တွေ့မှာ ဘူဇွှာ တရားမျှတမှုပဲ ဖြစ်လာခဲ့တယ်။ အကြွင်းမဲ့ တန်းတူညီမျှမှုဟာ တကယ့်လက်တွေ့မှာ ဥပဒေရှေ့မှောက်က ဘူဇွှာ တန်းတူညီမျှမှု အဆင့်ကို လျော့ကျသွားခဲ့တယ်။ ဘူဇွှာ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို လူသားရဲ့ မရှိမဖြစ် ရပိုင်ခွင့်တခုအဖြစ် အတိအ လင်း သတ်မှတ်လာကြတယ်။ ဆင်ခြင်တုံတရားနဲ့အညီ ပေါ်ထွန်းလာသော အစိုးရ (ရူးဆိုးရဲ့ contrat social) ဟာ ဘူဇွှာဒီမိုကရေစီ သမ္မတနိုင်ငံတော် ဖြစ်လာတယ်၊ ဒီလိုပဲ ဖြစ်နိုင်မယ်။ ၁၈ရာစုရဲ့ မဟာတွေးခေါ်ရှင်တွေဟာ ရှေ့ရှေ့က နောင်တော်ကြီးတွေလိုပဲ ခေတ်ရဲ့ အကန့်အသတ် နယ်နိမိတ်ကို ကျော်မသွားနိုင်ဘူး။
လူ့အဖွဲ့အစည်းရဲ့ ကျန်လူထုတရပ်လုံးကို ကိုယ်စားပြုတယ်လို့ ဆိုကြတဲ့ မြို့ပြ လူလတ်တန်းစား နဲ့ မြေရှင် ပဒေ သရာဇ် လူတန်းစားကြားက ပဋိပက္ခတွေနဲ့အတူ၊ သွေးစုပ်သူနဲ့ သွေးစုပ်ခံကြား လက်ကြောတင်းအောင် အလုပ် မလုပ်ရဘဲ ချမ်းသာနေသူတွေ နဲ့ ဆင်းရဲလုပ်သားထုကြားက ယေဘုယျ ပဋိပက္ခလည်း ရှိနေတယ်။ ဒီသမိုင်းရေး အခြေအနေအရ၊ ဘူဇွှာလူတန်းစား ကိုယ်စားလှယ်တွေဟာ သူတို့သည် ဘူဇွှာလူတန်းစား တရပ်တည်းကိုပဲ ကိုယ် စားပြုနေခြင်း မဟုတ်၊ ဒုက္ခပင်လယ်ဝေနေသော လူသားတရပ်လုံးကို ကိုယ်စားပြုနေတယ်လို့ ဆိုလာကြတယ်။ ဒါတင် မကသေး၊ ဘူဇွှာလူတန်းစားဟာ စတင်ပေါက်ဖွားလာကတည်းက ပဋိပက္ခကို လွယ်ထားရတယ်၊ လုပ်ခစား အလုပ်သမားမရှိရင် အရင်းရှင်ဆိုတာလည်း မရှိနိုင်ဘူး။ အလယ်ခေတ် လက်မှု လုပ်ငန်းရှင်တွေကနေ ခေတ်သစ် ဘူဇွှာလူတန်းစားအဖြစ် ကူးပြောင်းလာတာနဲ့အမျှ၊ လက်မှုလုပ်ငန်းတွေမှာ နေ့စား လုပ်ကိုင်နေကြသူတွေလည်း ပစ္စည်းမဲ့ လူတန်းစားအဖြစ် ကူးပြောင်းလာခဲ့တယ်။ ပဒေသရာဇ် လူတန်းစားကို ဆန့်ကျင် တိုက်ပွဲဝင်ရာမှာ ဘူဇွှာ လူတန်းစားက အဲဒီခေတ် လုပ်သားထု တရပ်လုံးရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတယ်လို့ ယေဘုယျ ဆိုနိုင်လိမ့် မယ်။ ဒါပေမယ့်လည်း သမိုင်းတင် ဘူဇွှာ တော်လှန်ရေးတိုင်းမှာ ခေတ်သစ် ပစ္စည်းမဲ့ လူတန်းစား ဖြစ်လာမယ့် ရှေ့ ပြေး လူတန်းစားရဲ့ သီးခြားပုန်ကန်မှုတွေ ဖြစ်ပွားခဲ့တယ်။ ဥပမာ- ဂျာမနီ က ပြန်လည် ပြုပြင်ရေးခေတ် နဲ့ လယ် သမား စစ်ပွဲကာလတုန်းက အန်နာဘတ်(ပ်)တစ်(စ်)တွေနဲ့ Thomas Müntzer တို့ရဲ့ ထကြွပုန်ကန်မှု၊ အင်္ဂလိပ် တော်လှန်ရေးကာလတုန်းက Levellers ရဲ့ ပုန်ကန်မှု၊ ပြင်သစ် တော်လှန်ရေး ကာလတုန်းက Babeuf ပုန်ကန်မှု။
[ဖြည့်စွက်ရှင်းလင်းချက်။ အလယ်ခေတ် အနောက်ဥရောပမှာ မြေရှင်ပဒေသရာဇ်စနစ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဗဟို ဌာနချုပ်ဟာ ရိုမန် ကက်သလစ် ဘုရားကျောင်း ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် တက်သစ်စ လူလတ်တန်းစားက ပဒေသ ရာဇ်စနစ်ကို စတင်ပုန်ကန်ရာမှာ လောကီရေးသက်သက် တိုက်ပွဲအသွင်မဆောင်ခင် ဘာသာရေး ပုန်ကန်မှုအသွင် ဆောင်ခဲ့တယ်။ ဒီဥရောပ ဘူဇွှာတော်လှန်ရေးက တိုက်ပွဲကြီး သုံးပွဲကို ဖြတ်သန်းခဲ့ရတယ်။ ပထမဆုံး တိုက်ပွဲက ဂျာမနီမှာ စတင်ခဲ့တယ်။ ရိုမန်ကက်သလစ် ကျောင်းတော်ကို စတင်အံတုဖို့ရာ Luther က စတင် ဆော်သြလိုက် တယ်။ နိုင်ငံရေး သဘောဆောင်တဲ့ အုံကြွမှု နှစ်ချီဖြစ်ပွားခဲ့တယ်၊ ၁၅၂၃ မှာ Franz von Sickingen ဦးဆောင်တဲ့ ပုန်ကန်မှုနဲ့ ၁၈၂၅ မှာ လယ်သမား စစ်ပွဲကြီး ဖြစ်ပွားခဲ့တယ်။ နှစ်ကြိမ်လုံး အရေး နိမ့်ခဲ့တယ်။ Luther စတင် ဆော်သြလိုက်တဲ့ ပရိုတက်(စ်)တန့်(စ်) လှုပ်ရှားမှုကို German Reformation လို့ ခေါ်ခြင်းဖြစ်တယ်။
Anabaptist တွေက အဲဒီ ပရိုတက်(စ်)တန့်(စ်) လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့ကြသူတွေကို ရည်ညွှန်းခြင်း ဖြစ်တယ်၊ ပုပ်ရဟန်းမင်းရဲ့ သြဇာအာဏာကို လက်မခံလိုဘဲ သမ္မာကျမ်းစာကိုသာ အတိအကျ လိုက်နာဖို့၊ ငယ်ရွယ်စဉ် ကလေးဘဝမှာ နှစ်ခြင်းမခံစေဘဲ အသိဉာဏ် ရင့်သန်လာချိန်မှ နှစ်ခြင်းခံစေလိုသူတွေဖြစ်တယ်။ Thomas Müntzer (1490-1525) ဆိုတာ အဲဒီ အန်နာဘတ်(ပ်)တစ်(စ်) လယ်သမားတွေရဲ့ ခေါင်းဆောင် တော်လှန်ရေး သမားတဦး ဖြစ်တယ်။ စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒကို လိုလားခဲ့သူဖြစ်တယ်။ ဂျာမန်အစိုးရက သူ့ကို ကွပ်မျက် ပစ်ခဲ့တယ်။
Levellers ဟာ ၁၆၄၈ အင်္ဂလိပ်တော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ နိုင်ငံရေးပါတီဖြစ်တယ်။ တော်ဝင်မျိုးနွယ် တွေနဲ့ ပဒေသရာဇ်စနစ်ကို ဖြိုချပြီး တန်းတူရည်တူ စုစည်းထားသော သမ္မတနိုင်ငံတော် ထူထောင်လိုသူတွေ ဖြစ် တယ်။
Babeuf, Francois Noel (1760-1797) ပြင်သစ် နိုင်ငံရေးသမား တဦးဖြစ်တယ်။ ပြင်သစ် ဘူဇွှာတော်လှန်ရေး အတွင်း ပေါ်ထွန်းလာတဲ့ Directory အစိုးရ (ပြင်သစ်လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး နိုင်ငံရေးဘဝကို ကြိုးကိုင် မောင်းနှင်ကြတဲ့ ဒါရိုက်တာ ငါးဦးနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရဟာ ၁၇၉၅ ကနေ ၁၇၉၉ အထိ ၄နှစ်သက်တမ်း ကြာ ခဲ့တယ်) ကို ဖျက်စီးပစ်ဖို့ ကွန်မြူနစ် စနစ်ထူထောင်ဖို့ ကြိုးစားခဲ့တယ်၊ မအောင်မြင်ခဲ့ပါဘူး။]
ပီပီပြင်ပြင် ဖြစ်ထွန်းမလာသေးတဲ့ လူတန်းစားတရပ်ရဲ့ ဒီတော်လှန်ပုန်ကန်မှုတွေနဲ့ အဟပ်ညီညီ သဘောတရား ရေး ရှင်းလင်းချက်တွေ ရှိခဲ့တယ်။ ၁၆ရာစုနဲ့ ၁ရရာစုနှစ်တွေမှာ စံပြ လူနေမှုဘဝတွေကို စိတ်ကူးယဉ် ပုံဖော် ကြည့်တာတွေ ရှိနေပြီ။ ၁၈ရာစုမှာ၊ (Morelly and Mably) တို့ရဲ့ ကွန်မြူနစ် သဘောတရားတွေ ပေါ်ထွန်းလာ ပြီ။ တန်းတူညီမျှရေး တောင်းဆိုချက်ဟာ နိုင်ငံရေး ရပိုင်ခွင့် သက်သက်တင် မဟုတ်တော့ဘူး၊ တဦးချင်းစီရဲ့ လူမှု ဘဝအခြေအနေ ရည်တူတန်းတူ ဖြစ်ရေးအထိ ချဲ့ထွင် တောင်းဆိုလာကြတယ်။ လူတန်းစားအလိုက် အခွင့်ထူးခံ နေရတာတွေကိုပဲ ဖျက်သိမ်းပစ်ရမှာ မဟုတ်တော့။ လူတန်းစား ကွဲပြားနေခြင်းကိုပါ ဖျက်သိမ်းပစ်ရတော့မယ်။ ဘဝရဲ့ သာယာတပ်မက်ဖွယ် အရာအားလုံးကို ဝေဖန်ရှုတ်ချသော စပါတန်ရဲ့ (ascetic) ကွန်မြူနစ် ဝါဒဟာ သင် ကြားချက်အသစ်ရဲ့ ပထမဆုံးပုံစံ ဖြစ်ခဲ့တယ်။ ဒိနောက်မှာ စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒီကြီး သုံးဦး ပေါ်ထွန်းလာ ခဲ့တယ်။ စန့်ဆီမွန်း (Saint-Simon)၊ လူလတ်တန်းစား လှုပ်ရှားမှုနဲ့ ပစ္စည်းမဲ့လူတန်းစား လှုပ်ရှားမှုတွေက ကြီး ကြီးမားမား သက်ရောက်မှု ရှိနေဆဲခေတ်မှာ လူလားမြောက်ခဲ့တယ်။ နောက်တဦးက ဖိုရီယေး (Fourier)။ အရင်း ရှင် ကုန်ထုတ်စနစ် အဖွံ့ဖြိုးဆုံး တိုင်းပြည်မှာ ကြီးပျင်းလာတဲ့ အိုဝင် (Owen)။ အရင်းရှင်စနစ်ကြောင့် ဖြစ်ထွန်း လာတဲ့ လူတန်းစား ပဋိပက္ခတွေရဲ့ ရိုက်ခတ်မှုအောက်က အိုဝင်ဟာ လူတန်းစား ကွဲပြားမှုကို စနစ်တကျ ဖယ်ရှား ပစ်ဖို့ သူ့အမြင်တွေကို သေချာဖော်ထုတ်ခဲ့တယ်၊ ပြင်သစ် ရုပ်ဝါဒနဲ့ တိုက်ရိုက် ချိတ်ဆက်ပြီး တင်ပြခဲ့ခြင်း ဖြစ် တယ်။
သူတို့ သုံးဦးလုံးမှာ ဘုံတူညီနေတဲ့တချက် ရှိတယ်။ သူတို့သုံးဦးထဲက တယောက်မှ အဲဒီကာလ သမိုင်းဖွံ့ဖြိုးမှုက မွေးထုတ်ပေးလိုက်တဲ့ ပစ္စည်းမဲ့ လူတန်းစား အကျိုးစီးပွားကို ကိုယ်စားပြု ထွက်ပေါ်လာခြင်း မရှိဘူး။ ပြင်သစ် တွေးခေါ်ရှင်တွေလိုပဲ၊ သူတို့ သုံးယောက်လုံးကလည်း လူတန်းစား တရပ်တည်းရဲ့ လွတ်မြောက်ရေးကို မပြောဘူး၊ လူသားတရပ်လုံး တချီတည်းနဲ့ လွတ်မြောက်ရေးကိုသာ အရေးဆိုကြတယ်။ ပြင်သစ် တွေးခေါ်ရှင်တွေလိုပဲ၊ ဆင် ခြင်တုံတရား နဲ့ အကြွင်းမဲ့ တရားမျှတမှုတို့ ကြီးစိုးသော လောကကို ထူထောင်လိုကြတယ်၊ ဒါပေမယ့် သူတို့ မျှော် မှန်းတဲ့ လောကနဲ့ ပြင်သစ် တွေးခေါ်ရှင်တွေ မျှော်မှန်းတဲ့ လောကဟာ ကောင်းကင် နဲ့ မြေကြီးဝေး သလောက် ဝေးလှတယ်။
လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲလိုတဲ့ ဒီပုဂ္ဂိုလ်ကြီးသုံးဦးရဲ့ အမြင်မှာ ပြင်သစ်တွေးခေါ်ရှင်တွေ ကိုင်စွဲခဲ့တဲ့ သ ဘောတရားတွေကို အခြေခံထားသော ဘူဇွှာလောကဟာ တရားမျှတမှု ကင်းမဲ့နေတယ်၊ ကြောင်းကျိုးဆင်ခြင်မှု အလျဉ်းမရှိဘူး။ ဒါ့ကြောင့် ပဒေသရာဇ်စနစ်နဲ့ ရှေးလူ့အဖွဲ့အစည်း အားလုံးလိုပဲ ဘူဇွှာ လူ့အဖွဲ့အစည်းကိုလည်း အမှိုက်ကျင်းထဲ ပစ်ဖို့ရုံရှိတယ်။ ဆင်ခြင်တုံတရားနဲ့ တရားမျှတမှုတွေ ဟောဒီကမ္ဘာကို မကြီးစိုးခဲ့တာ လူတွေက ဒီ တရားတွေ (ဆင်ခြင်တုံတရားနဲ့ တရားမျှတမှု) ကို မှန်မှန်ကန်ကန် နားမလည်သေးလို့ပဲ။ လူသားတွေ လိုအပ်နေ တာ ဂျီးနီးယပ်(စ်) ပုဂ္ဂိုလ်ထူးတဦးပဲ။ အခုတော့ ပေါ်ထွက်လာပြီ၊ ဒီအမှန်တရားကို ကောင်းကောင်း နားလည် ထားသူဖြစ်တယ်။ ဒီလို ဂျီးနီးယပ်(စ်)ကြီး ပေါ်ထွန်းလာပြီး၊ အမှန်တရားကို ရှင်းရှင်းလင်းလင်း နားလည်ထား ခြင်းဟာ သမိုင်းဖွံ့ဖြိုးမှု ကွင်းဆက်အတွင်းကနေ လိုအပ်ခြင်း နိယာမအရ ပေါ်ထွန်းလာတဲ့ ရှောင်လွဲ မရသော ဖြစ် ရပ်မဟုတ်ပေ။ နှစ်ထောင်းအားရစရာ မတော်တဆ တွေ့ရှိမှုသာ ဖြစ်ပေတယ်။ လွန်ခဲ့တဲ့ နှစ်ငါးရာလောက်က တည်းက ဒီပုဂ္ဂိုလ်ကြီး ပေါ်ထွန်းလာခဲ့နိုင်တယ်။ ဒီလိုသာဆိုရင် လူသားတွေမှာ ဒုက္ခအထွေထွေ၊ ပဋိပက္ခ အဖုံဖုံက နေ နှစ်ငါးရာလောက် စောပြီး လွတ်မြောက်ခဲ့နိုင်တယ်။
(၁၈ရာစု ပြင်သစ်) တော်လှန်ရေးရဲ့ ရှေ့ပြေး တွေးခေါ်ရှင်ကြီးတွေဟာ လောကတခွင် ရှိရှိသမျှ အရာခပ်သိမ်းကို ဆင်ခြင်တုံတရား ခုံရုံးမှာ စမ်းသပ် စစ်ဆေးခဲ့ကြတယ်လို့ အထက်မှာ ဆိုခဲ့ပြီ။ ယထာဘူတကျသော အစိုးရ၊ ယ ထာဘူတကျသော လူ့အဖွဲ့အစည်းကို ထူထောင်ခဲ့ကြတယ်။ အကြွင်းမဲ့ ဆင်ခြင်ဉာဏ်နဲ့ ဖီလာဆန့်ကျင်တဲ့ အရာ မှန်သမျှ လွင့်စင်သွားခဲ့ရတယ်။ တကယ်တော့ အကြွင်းမဲ့ ဆင်ခြင်ဉာဏ်ဟာ တကယ့် လက်တွေ့မှာ တခြားအရာ မဟုတ်ပေ၊ ဘူဇွှာ လူတန်းစားအဖြစ် ကူးပြောင်းနေသော ၁၈ရာစု လူလတ်တန်းစားရဲ့ စိတ်ကူးစံပြု နားလည် ထားချက်သာ ဖြစ်ပေတယ်။ ပြင်သစ်တော်လှန်ရေးက အဲဒီ ယထာဘူတာကျသော လူ့အဖွဲ့အစည်းနဲ့ အစိုးရကို အ ကောင်အထည် ဖော်ပေးခဲ့တယ်။
ဒါပေမယ့်လည်း ရှေးရှေးက အခြေအနေတွေနဲ့ နှိုင်းစာရင် ကြောင်းကျိုးညီညွတ်တယ် ဆိုနိုင်တဲ့ လူနေမှုစနစ်ဟာ အကြွင်းမဲ့သဘော ကြောင်းကျိုးညီညွတ်ခဲ့တာ မဟုတ်ပေ။ ဆင်ခြင်ဉာဏ်ပေါ် အခြေတည်ထားတဲ့ နိုင်ငံတော်ဟာ လုံးဝပြိုလဲသွားခဲ့တယ်။ ရူးဆိုးရဲ့ ကွန်းထရက် ဆိုရှယ်ဟာ Reign of Terror အနေနဲ့ ရုပ်လုံးပေါ်လာခဲ့တယ်၊ ဒီအ ခါ ဘူဇွှာလူတန်းစားက သူတို့ရဲ့ နိုင်ငံရေး အစွမ်းအစကို အယုံအကြည်မဲ့လာပြီး Directorate အစိုးရလက်ထဲ ဝ ကွပ်အပ်ခဲ့တယ်၊ နောက်ဆုံးမှာ နပိုလီယန် စစ်အာဏာသိမ်း အစိုးရအောက် ရောက်ခဲ့ရတယ်။ ဘူဇွှာလူတန်းစား ကတိပြုခဲ့တဲ့ ထာဝရ ငြိမ်းချမ်းရေးဟာ မဆုံးနိုင်သော အနိုင်သိမ်း စစ်ပွဲတွေအဖြစ် ကူးပြောင်းသွားခဲ့တယ်။ ဆင် ခြင်တုံတရားပေါ် အခြေတည်ထားတဲ့ လူ့အဖွဲ့အစည်းလည်း ထူးပြီး ကောင်းမလာခဲ့ဘူး။ ဆင်းရဲသူနဲ့ ချမ်းသာ သူကြားက ပဋိပက္ခဟာ ပြေပျောက်မသွားဘဲ (အလယ်ခေတ် လက်မှုလုပ်ငန်းရှင်လေးတွေ ရဲ့ အစုအရုံးကို guild လို့ခေါ်ပါတယ်) ဂစ်(လ်ဒ်)တွေနဲ့ သူတို့ရဲ့ အခွင့်ထူးတွေကို ဖယ်ရှားပစ်လိုက်တဲ့အခါ ပိုပြီး ပြင်းထန်လာခဲ့တယ်။ အလယ်ခေတ်မှာတုန်းက ဂစ်(လ်ဒ်)တွေရှိနေတဲ့အခါ ဆင်းရဲ ချမ်းသာ ပဋိပက္ခကို ထင်ထင်ပေါ်ပေါ် မမြင်ခဲ့ရပေ၊ ဒါ့အပြင် ဘုရားကျောင်းတော်က မရှိဆင်းရဲသားတွေကို ပေးကမ်းတဲ့ ထုံးဓလေ့တွေ ဖယ်ရှားပစ်လိုက်တဲ့အခါ ဆင်း ရဲ ချမ်းသာ ပဋိပက္ခကို ပေါ်ပေါ်ထင်ထင် မြင်တွေ့လာရတယ်။ အခုချိန်မှာ ပဒေသရာဇ် နှောင်ကြိုးတွေအောက်က အောင်အောင်မြင်မြင် လွတ်မြောက်လာတဲ့ “ပိုင်ဆိုင်မှု၏ လွတ်လပ်ခွင့် freedom of property” ဟာ အသေးစား လုပ်ငန်းရှင်လေးတွေနဲ့ အသေးစား အရင်းရှင်တွေအဖို့တော့ အရင်းရှင်ကြီးတွေ နဲ့ မြေရှင်ကြီးတွေရဲ့ အပြင်းစား ပြိုင်ဆိုင်မှုအောက် ကြိတ်ချေခံလိုက်ရတဲ့ သူတို့ ပိုင်ဆိုင်မှုတွေကို ဒီအကြီးစား အရှင်သခင်တွေဆီ လွတ်လပ်စွာ ရောင်းချခွင့် ဖြစ်လာတယ်၊ ဒါ့ကြောင့် အသေးစား လုပ်ငန်းရှင်လေးတွေနဲ့ အသေးစား အရင်းရှင်တွေအဖို့ “ပိုင်ဆိုင် မှု၏ လွတ်လပ်ခွင့် freedom of property” ဟာ “ပိုင်ဆိုင်မှုကနေ လွတ်လပ်ခွင့် freedom from property” ဖြစ်လာခဲ့တယ်။
အရင်းရှင်စနစ် အခြေခံပေါ်မှာ စက်မှုထွန်းကားလာခြင်းဟာ လုပ်သားထု ဆင်းရဲမွဲတေခြင်းနဲ့ ဒုက္ခပေါင်းစုံကြုံ တွေ့နေရခြင်းကို လူ့အဖွဲ့အစည်းရဲ့ ဖြစ်တည်မှုသဖွယ် ဖြစ်စေခဲ့တယ်။ Carlyle စကားနဲ့ပြောရရင် ငွေပေးချေမှု ဟာ လူသား အချင်းချင်းကြားက တခုတည်းသော ဆက်နွှယ်မှု ဖြစ်လာခဲ့တယ်။ ရာဇဝတ်မှုတွေဟာလည်း တနှစ် ထက် တနှစ် ထူပြောလာခဲ့တယ်။ အရင် ပဒေသရာဇ်ခေတ်တုန်းက မကောင်းမှုတွေကို ဗြောင်ကျကျ ကျင့်သုံးခဲ့ တယ်(ဓားမိုးအုပ်ချုပ်တာ၊ ပဒေသရာဇ် ဘုရင်တွေက လက်ထပ်ပြီးစ မိန်းမကို မင်္ဂလာဦးညမှာ အရင်အိပ်တာမျိုး)။ အခုချိန်မှာ ဒါတွေအားလုံး အမြစ်ပြတ် ပျောက်ကွယ်မသွားသေးပေမယ့် မှေးမှိန်သွားပြီ။ အဲဒီနေရာမှာ ဘူဇွှာ မကောင်းမှုတွေက ငွေခင်းပြီး ဒလဟောဝင်လာတယ်၊ ကနဦးမှာ တိုးတိုးတိတ်တိတ် လုပ်ခဲ့ကြတယ်။(ပဒေသရာဇ် ခေတ်ကလို ဓားမိုးအုပ်ချုပ်တာ မလုပ်ဘဲ ငွေနဲ့ဖျက်စီးပစ်တာမျိုး၊ ပဒေသရာဇ် အရှင်တွေလို မိန်းမတွေကို မင်္ဂလာ ဦးည ခေါ်အိပ်တာ မဟုတ်ဘဲ မိန်းမကို ငွေနဲ့ဝယ်တာမျိုး)။ ကုန်သွယ်ရေးဟာ အမြတ်ရဖို့အတွက် ကလိမ်ကကျစ် ကျရေး ဖြစ်လာတယ်။ (ပြင်သစ် ဘူဇွှာ) တော်လှန်ရေးရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ညီရင်းအကိုသဖွယ် ချစ်ကြည်ရေး” ဟာ တကယ့်လက်တွေ့မှာ (အရင်းရှင်စနစ်) ပြိုင်ဆိုင်မှု သတ်ကွင်း အတွင်းက ပရိယာဉ်ဆင် အလဲထိုး အနိုင်ယူ ရေး ဖြစ်လာတယ်။ (ပဒေသရာဇ်ခေတ်က) အကြမ်းဖက် ဖိနှိပ်ခြင်းနေရာမှာ အကျင့်ပျက် ခြစားခြင်း ဝင်ရောက် လာတယ်။ အရင်က ဓားကိုင်ထားခြင်းဟာ လူအများကို မောင်းနှင်နိုင်ခဲ့တယ်၊ အခုတော့ ရွှေဒင်္ဂါးဟာ လူတွေကို မောင်းနှင်ခိုင်းစေလာတယ်။ မင်္ဂလာဦးည အခွင့်အရေးကို အရင်က ပဒေသရာဇ် အရှင်တွေ ခံစားခဲ့တယ်၊ အခု တော့ ဘူဇွှာ လုပ်ငန်းရှင်တွေက ခံစားနေကြပြီ။ ပြည့်တန်ဆာ လုပ်ငန်းက တခါဖူးမှ မကြားဖူး လောက်အောင် ကျယ်ပြန့်လာတယ်။ ထိမ်းမြားလက်ထပ်ခြင်းဟာ အရင်ကလိုပဲ ပြည့်တန်ဆာ ဖြစ်ခြင်းကို တရားဝင် အယောင် ဆောင် ဖုံးကွယ်ထားတဲ့ ဥပဒေအရ အသိအမှတ်ပြုထားသော ပုံစံဖြစ်မြဲဖြစ်နေသေးတယ်၊ ဒါ့အပြင် အိမ်ထောင် ရေး ဖောက်ပြန်မှု အရှုပ်တော်ပုံကြီးနဲ့လည်း အားဖြည့်ထားသေးရဲ့။
ခပ်တိုတိုဆိုရရင်၊ တွေးခေါ်ရှင်တွေ မစားရဝခမန်း ကတိတွေပေးခဲ့တာနဲ့ နှိုင်းစာလိုက်ရင် “ဆင်ခြင်တုံတရားရဲ့ အောင်နိုင်ခြင်း” ကနေ မွေးဖွားလာသော လူမှုအင်စတီးကျူးရှင်းတွေ၊ နိုင်ငံရေး အင်စတီကျူးရှင်းတွေဟာ အင်မ တန် စိတ်ပျက်စရာကောင်းတဲ့ ပုံပျက်ပန်းပျက်တွေ ဖြစ်နေတယ်။ ဒါတွေကို ဖြေရှင်းပေးဖို့ လိုနေတာ ဒီစိတ်ပျက် ဖွယ် အခြေအနေကို စနစ်တကျ ဖော်ထုတ်ပေးမယ့် လူတွေပဲ။ ဒီရာစုအကုန် (၁၈ရာစုအကုန် ၁၉ရာစုအဝင်ကို ရည် ညွှန်း)မှာ အဲဒီလူပုဂ္ဂိုလ်ကြီးတွေ ပေါ်ထွန်းလာခဲ့တယ်။ ၁၈၀၂ ခုနှစ်မှာ၊ စန့်ဆီမွန်းရဲ့ ဂျနီဗာစာများ ထွက်လာ တယ်၊ ၁၈၀၈ ခုနှစ်မှာ ဖိုရီယေးရဲ့ ပထမဆုံး လက်ရာ ပေါ်ထွက်လာတယ်၊ ဖိုရီယေးရဲ့ သဘောတရားက ၁၇၉၉ အ စောပိုင်းလောက်က စတင်အခြေကျခဲ့ပေမယ့် ၁၈၀၈ မှာမှ ထွက်ပေါ်လာခြင်း ဖြစ်တယ်။ ၁၈၀၀ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှာ ရောဘတ်(တ်) အိုဝင်က New Lanark ကို ဦးဆောင်ခဲ့တယ်။ (New Lanark မှာ စက်ရုံပိုင်ရှင် အိုဝင်က အလုပ်သမားတွေ သက်သာချောင်ချိရေး ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ပေးခဲ့တာကို ရည်ညွှန်းလိုခြင်း ဖြစ်တယ်)။
ဒါပေမယ့် အဲဒီအချိန်မှာ အရင်းရှင်ကုန်ထုတ်စနစ်၊ ယင်းနဲ့အတူ ဖြစ်ထွန်းလာသော ဘူဇွှာ လူတန်းစားနဲ့ ပစ္စည်းမဲ့ လူတန်းစားကြားက ပဋိပက္ခဟာ ပြည့်ပြည့်ဝ၀ ဖွံ့ဖြိုးလာခြင်း မရှိသေးဘူး။ အင်္ဂလန်မှာ ပေါ်ထွန်းကာစ ရှိသေးတဲ့ ခေတ်သစ်စက်ရုံကြီးတွေကို ပြင်သစ်မှာ မမြင်ဖူးမကြားဖူးသေး။ ခေတ်သစ်စက်ရုံကြီးတွေ ပေါ်ထွန်းလာခြင်းဟာ တဖက်မှာ ပဋိပက္ခတွေကို ကြီးထွားလာစေတယ်၊ အရင်းရှင် ကုန်ထုတ်စနစ်ကြောင့် ပေါ်ထွက်လာတဲ့ လူတန်း စား ပဋိပက္ခတွေသာမက ကုန်ထုတ် စွမ်းအားစုတွေနဲ့ ကုန်ထုတ် ဆက်ဆံရေးကြားက ပဋိပက္ခတွေကို ရည်ညွှန်း ခြင်းဖြစ်တယ်။ ဒီပဋိပက္ခတွေ ရှိနေခြင်းဟာ ကုန်ထုတ်စနစ် တော်လှန်ပြောင်းလဲခြင်းနဲ့ အရင်းရှင်လက္ခဏာ ဖယ် ရှားပစ်ရေးကို မလွဲမသွေ လိုအပ်လာစေတယ်။ ဒါ့အပြင် တခြားတဖက်မှာတော့၊ ခေတ်သစ် စက်ရုံကြီးတွေ ပေါ် ထွန်းလာခြင်းဟာ ကုန်ထုတ် စွမ်းအားစုတွေ အဆမတန် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတယ်၊ ဒါဟာ အဆိုပါ ပဋိပ က္ခတွေကို ချုပ်ငြိမ်းစေမယ့် လက်နက်တွေလည်း ဖြစ်တယ်။ ဒီတော့ ၁၈၀၀ ခုနှစ်လောက်မှာ အရင်းရှင် လူနေမှု စနစ်သစ်အတွင်းက ပေါ်ထွက်လာသော ပဋိပက္ခတွေဟာ ပုံပေါ်ကာစပဲ ရှိသေးတယ်ဆိုရင် ဒီပဋိပက္ခတွေကို ချုပ် ငြိမ်းစေမယ့် လက်နက်တွေဟာလည်း အကြမ်းထည်အဆင့်သာ ရှိသေးတယ်။ ပါရီက “ပိုင်ဆိုင်မှု နတ္ထိ” လူထုက Reign of Terror ကာလအတွင်း အခိုက်အတန့်အားဖြင့် ကြီးစိုးနိုင်ခဲ့တယ်၊ ဘူဇွှာလူတန်းစားရဲ့ ယိမ်းယိုင်မှု ရှိပေ မယ့်လည်း ဘူဇွှာတော်လှန်ရေးကို အောင်ပွဲရတဲ့အထိ ဦးဆောင်ဆင်နွှဲခဲ့တယ်။ ဒါပေမယ့် ဒီလို လုပ်ဆောင်နေရင်း အဲဒီခေတ် အခြေအနေအောက်မှာ သူတို့အုပ်စိုးမှုကို ကာလတာရှည် ထိန်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း သူ တို့ကိုယ်တိုင် သက်သေပြသွားခဲ့တယ်။ ဒီ “ပိုင်ဆိုင်မှု နတ္ထိ” လူထုအတွင်းကနေ ပထမဆုံး အကြိမ် ပေါ်ထွက်လာ တဲ့ ပစ္စည်းမဲ့ လူတန်းစားအသစ်ရဲ့ အမြုတေလူတန်းစားဟာ နိုင်ငံရေး အလုပ်ကို သူချည်း သက်သက် လွတ်လွတ် ကင်းကင်း မစွမ်းနိုင်သေးဘူး၊ အဖိနှိပ်ခံ နင်းပြား လူတန်းစား တရပ်အနေနဲ့ပဲ ပေါ်ထွက်လာတယ်။ ဒီလို ပစ္စည်းမဲ့ လူတန်းစား အဖြစ်ကူးပြောင်းစ လူတန်းစားအသစ်ဟာ အမှီခိုကင်းကင်းနဲ့ မရပ်တည်နိုင်သေးတော့ ဒီလူတန်းစား ကို ပြင်ပကနေ (ဝါ)အပေါ်ကနေ ကူညီပေးတာမျိုးသာ လုပ်နိုင်သေးတယ်။
ဒီသမိုင်းရေး အခြေအနေက ဆိုရှယ်လစ်ဝါဒ စတင်ထူထောင်သူတွေအပေါ် သြဇာလွှမ်းခဲ့တယ်။ အရင်းရှင် ကုန် ထုတ်စနစ်က ပေါ်ထွန်းစ၊ လူတန်းစား ပဋိပက္ခကလည်း ဖွံဖြိုးစ အကြမ်းထည်အဆင့်သာ ရှိနေသေးတဲ့ခေတ်မှာ သီအိုရီ အကြမ်းထည်တွေပဲ အဟပ်ညီညီ ပေါ်ထွန်းလာတယ်။ လူ့အဖွဲ့အစည်း ပြသနာတွေရဲ့ အဖြေဟာ ကောင်း ကောင်း ဖွံ့ဖြိုးလာခြင်းမရှိသေးတဲ့ စီးပွားဘဝအတွင်း ပုန်းအောင်းနေဆဲ ဖြစ်တယ်။ ဒီအခြေအနေမှာ၊ စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒီတွေက အဖြေကို လူ့ဦးနှောက်ထဲကနေ ထုတ်ယူဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ ကျင်လည်နေရတဲ့ လူ့အဖွဲ့အစည်းဟာ တလွဲတွေချည်း ဖြစ်နေတယ်၊ ဒီလွဲမှားမှုတွေကို ဖယ်ရှားပစ်ရေးဟာ လူ့ ဆင်ခြင်တုံတရားရဲ့ အလုပ်ပဲ။ ဒီတော့ ပိုပြီး ပြည့်စုံကောင်းမွန်တဲ့ လူနေမှု စနစ်သစ်တခုကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်လာတယ်၊ ရှာ တွေ့သွားပြီဆိုရင် လူ့အဖွဲ့အစည်းဆီ အရောက်ပို့ပေးရမယ်၊ ပြင်ပကနေ သဘောတရား ဖြန့်ချိတဲ့နည်းနဲ့ တင်သွင်း ရမယ်၊ ဖြစ်နိုင်မယ်ဆိုရင် စံပြနမူနာတွေ လက်တွေ့ အကောင်အထည် ဖော်ပြရမယ်။ ဒီလို ဖော်ထုတ်လိုက်တဲ့ လူ နေမှုစနစ် အသစ်တွေဟာ စိတ်ကူးယဉ် အိပ်မက်အဖြစ်ပဲ လမ်းဆုံးပြီးသား ဖြစ်တယ်၊ ဒီစနစ် အသစ်တွေကို ခရေ စေ့တွင်းကျ ပြည့်ပြည့်စုံစုံ ဖော်ထုတ်ထားလေ စိတ်ကူးယဉ် အိပ်မက်သက်သက် အဖြစ်ကို လျှောကျလေ ဖြစ်ရ တယ်။
ဒီသမိုင်းရေး အချက်တွေကို အခြေတည်ပြီးပြီဆိုတော့ ပြသနာရဲ့ ဒီအခြမ်းကို အကျယ်တဝင့် ထပ်ဆွေးနွေးဖို့ မလို တော့ပါ၊ ဒီအပိုင်းဟာ အခုချိန်မှာ အတိတ်က ကိစ္စသက်သက် ဖြစ်သွားပြီ။ အဲဒီခေတ်က စိတ်ကူးယဉ် အိပ်မက်တွေ ကို ဇာချဲ့ အပြစ်တင် ဝေဖန်တာမျိုးကို စာပေရေးရာ ငချွတ်လေးတွေပဲ လုပ်ကြပါစေ။ ငါတို့အဖို့ ပြုံးရုံပဲ တတ်နိုင် တယ်။ ဒီစာပေရေးရာ ငချွတ်လေးတွေက သူတို့ရဲ့ ဆင်ခြင်သိဟာ အဲဒီ “အရူးထ စိတ်ကူးယဉ်တာမျိုး” ထက် ဘယ်လိုသာလွန်ကြောင်း လက်ခမောင်း ခတ်နေကြလေရဲ့။ ကျနော်တို့အဖို့တော့ စိတ်ကူးယဉ် အိပ်မက် အကာကို ဖောက်ထွက်လာတဲ့ စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒီတွေရဲ့ အံ့သြဘနန်း ကြီးမား ကျယ်ပြန့်လှသော အတွေးအခေါ် တွေ၊ ဆိုရှယ်လစ် အတွေးအခေါ် မျိုးစေ့တွေကို ချီးကျူးလေးစားမိတယ်။ ဒီအချက်ကိုတော့ အဲဒီ ငချွတ်လေးတွေ နားမလည်ကြဘူး။
စန့်ဆီမွန်းက ပြင်သစ်တော်လှန်ရေးကြီးရဲ့ ရင်သွေးဖြစ်တယ်။ ဒီတော်လှန်ရေးကြီး ပြင်းထန် ပေါက်ကွဲလာချိန်မှာ သူ့အသက်က ၃ဝပင် မရှိသေး။ ဒီတော်လှန်ရေးဟာ တတိယ လူတန်းစားရဲ့ အောင်ပွဲဖြစ်တယ်၊ ကုန်ထုတ်လုပ် ရေး နဲ့ ကုန်သွယ်ရေးမှာ ပါဝင်လုပ်ကိုင်နေကြသော အများတကာ့ လူထုကြီးက အခွင့်ထူးခံ ငပျင်း လူတန်းစား တွေ ဖြစ်ကြတဲ့ ပဒေသရာဇ် သူကောင်းမျိုးတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေအပေါ် အောင်နိုင်လိုက်ခြင်း ဖြစ် တယ်။ ဒါပေမယ့်လည်း၊ တတိယ လူတန်းစားရဲ့အောင်ပွဲဟာ တကယ်တော့ တတိယ လူတန်းစား တရပ်လုံးရဲ့ အောင်ပွဲ မဟုတ်ဘဲ အပေါ်ယံ အလွှာလေးတခုရဲ့ အောင်ပွဲသာဖြစ်ကြောင်း မကြာခင် ထင်ရှားလာတယ်။ တတိ ယ လူတန်းစားထဲက အခွင့်ထူးနေရာ ရရှိထားသော အစိတ်အပိုင်း (ဓနဥစ္စာ ပိုင်ဆိုင်မှုရှိတဲ့ ဘူဇွှာအလွှာကို ဆိုလို ခြင်းဖြစ်တယ်) က နိုင်ငံရေး အာဏာကို သိမ်းယူလိုက်ခြင်း ဖြစ်တယ်။ ဘူဇွှာ လူတန်းစားက တော်လှန်ရေး အတွင်း မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့တယ်၊ လမ်းနှစ်သွယ်နဲ့ တဟုန်ထိုး ကြီးပွားလာခြင်း ဖြစ်တယ်။ ပထမ တ နည်းက ပဒေသရာဇ် သူကောင်းမျိုးတွေနဲ့ ဘုရားကျောင်းက မောင်ပိုင်စီးထားတဲ့ မြေယာတွေကို သိမ်းယူတယ်၊ ဒီနောက် ဈေးကွက်တင် ရောင်းချတယ်၊ ဒုတိယ တနည်းက လက်နက်ရောင်းဝယ်ရေး စာချုပ်တွေကနေ တိုင်း ပြည်ကို ကလိမ်ကျပြီး ငွေရှာတယ်။ ဒီလို ငို့ဘသမားတွေ ကြီးစိုးလာရာက the Directorate အစိုးရ လက်ထက် မှာ ပြင်သစ်ပြည်လည်း ပြိုကွဲလုနီးနီး ဖြစ်သွားတယ်။ ဒီလိုအခြေအနေကို လက်ညှိုးထိုးပြပြီး နပိုလီယန်က စစ် အာဏာ သိမ်းခဲ့ခြင်း ဖြစ်တယ်။ (the Directorate = ပြင်သစ်လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး နိုင်ငံရေးဘဝကို ကြိုး ကိုင်မောင်းနှင်ကြတဲ့ ဒါရိုက်တာ ငါးဦးနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရဟာ ၁၇၉၅ ကနေ ၁၇၉၉ အထိ ၄နှစ်သက်တမ်း ကြာခဲ့)
ဒီတော့ စန့်ဆီမွန်းအဖို့ တတိယ လူတန်းစားနဲ့ အခွင့်ထူးခံ လူတန်းစားတွေကြားက ပဋိပက္ခဟာ “အလုပ်သမား” နဲ့ “ငပျင်းတွေ” ကြားက ပဋိပက္ခ အသွင်ဆောင်နေတယ်။ “ငပျင်းတွေ” လို့ဆိုရာမှာ အခွင့်ထူးခံ လူတန်းစား အ ဟောင်းကိုချည်း ဆိုလိုတာ မဟုတ်ဘူး။ ကုန်ထုတ်လုပ်ခြင်း (ဝါ)ကုန်ဖြန့်ဖြူးခြင်းမှာ ဘယ်နေရာကမှ ပါဝင်ခြင်း မရှိဘဲ အခွင့်ထူးခံ လူတန်းစား အပေါ် မှီစားနေသူတွေ အားလုံးကိုပါ ဆိုလိုတယ်။ ဒါ့အပြင် အလုပ်သမားလို့ ဆိုရာ မှာ လုပ်ခစား အလုပ်သမားကိုပဲ ဆိုလိုတာ မဟုတ်ပြန်ဘူး၊ ကုန်ထုတ်လုပ်ငန်းရှင်တွေ၊ ကုန်သည်ပွဲစားတွေနဲ့ ဘဏ် သမားတွေကိုပါ ရည်ညွှန်းတယ်။ အခွင့်ထူးခံ ငပျင်းတွေဟာ နိုင်ငံရေး ဦးဆောင်မှု၊ အသိပညာပိုင်း ဦးဆောင်မှု ဘာ တခုမှ မစွမ်းနိုင်တော့ဘူး၊ ဒီအချက်ကို ပြင်သစ်တော်လှန်ရေးက လက်တွေ့ သက်သေပြသွားတယ်၊ အပြီးတိုင် ဖြေ ရှင်းသွားတယ်။ ဓနဥစ္စာ လက်မဲ့ လူတန်းစားတွေမှာလဲ ဒီအစွမ်းအစ မရှိသေးဘူး၊ ဒီအချက်ကို the Reign of Terror အတွေ့အကြုံတွေက သက်သေပဲလို့ စန့်ဆီမွန်း ထင်ခဲ့တယ်။ (the Reign of Terror ဆိုတာ ပြင်သစ်တော်လှန်ရေး အတွင်းက ၁၇၉၃ ခု၊ စက်တင်ဘာ ၅ ရက်ကနေ ၁၇၉၄ ခု ဇူလိုင် ၂၈ အထိ အကြမ်းဖက်မှုတွေ ပြင်းထန်နေတဲ့ ကာ လကို ရည်ညွှန်းခြင်း ဖြစ်တယ်။ ဒီကာလအတွင်းမှာ ရယ်ဒီကယ် ဂျက်ကိုဘင် ဂိုဏ်းသားတွေနဲ့ အလယ်အလယ် သမ္မတဝါဒီတွေကြား ပဋိပက္ခတွေ ပြင်းထန်ခဲ့တယ်။ တော်လှန်ရေး ရန်သူတွေကို နှိမ်နှင်းခဲ့ရာမှာ လူတွေ ၄သောင်း ကျော်လောက် သေဆုံးခဲ့တယ် - ဘာသာပြန်သူ၏ ဖြည့် စွက်ချက်)။ ဒါဖြင့် ဘယ်သူတွေက ဦးဆောင်ပဲ့ကိုင်ရမလဲ။ စန့်ဆီမွန်းအဖို့ ဘာသာရေး ပုံစံအသစ်နဲ့ ပေါင်းစည်းထားသော သိပ္ပံနဲ့ စက်မှုက လူ့အဖွဲ့အစည်းကို ဦးဆောင်ပဲ့ ကိုင်သင့်တယ်။ (၁၇ရာစုအတွင်း ဂျာမနီမှာ စတင်ခဲ့သော ပရိုတက်စ်တန့် ပြန်လည်ပြုပြင်ရေး) Reformation ကာ လကတည်းက ဂိုဏ်းတွေ အသီးသီးကွဲပြီး ဖရိုဖရဲ ဖြစ်သွားတဲ့ ဘာသာရေး အယူအဆတွေကို တပေါင်းတစည်း တည်း ပြန်ဖြစ်ဖို့ ဦးတည်ထားခြင်း ဖြစ်တယ်။ ဒါဟာ ယုတ္တိလွန် တင်းကျပ်လွန်းသော “ခရစ်ရှန် ဘာသာရေး ပုံစံ အသစ်” တမျိုးအနေနဲ့ မလွဲမသွေ ထွက်ပေါ်လာမယ်။ ဒါပေမယ့် လက်တွေ့မှာ သိပ္ပံဆိုတာ ပညာတတ်တွေကို ရည် ညွှန်းခြင်း ဖြစ်တယ်၊ စက်မှုဆိုတာ ကုန်ထုတ် လုပ်ငန်းရှင် ဘူဇွှာတွေ၊ ကုန်သည်ပွဲစားတွေနဲ့ ဘဏ်သမားတွေကို အဓိက ရည်ညွှန်းခြင်း ဖြစ်တယ်။ စန့်ဆီမွန်း ကြံရွယ်ချက်က ဒီဘူဇွှာတွေကို ပြည်သူ့ဝန်ထမ်း အရာရှိတွေအဖြစ် ပြောင်းလဲပစ်ဖို့၊ လူ့အဖွဲ့အစည်းရဲ့ ဘဏ္ဍာထိန်း ပုံစံ ပြောင်းလဲပစ်ဖို့ ဖြစ်တယ်။ ဒါပေမယ့် အလုပ်သမားတွေနဲ့ နှိုင်း စာရင် ဒီဘူဇွှာတွေက ကြိုးကိုင်မောင်းနှင်သူ နေရာကို ယူထားဆဲ၊ ကုန်ထုတ် စီးပွားဘဝမှာ အခွင့်ထူးခံ နေရာ ရနေ ဆဲ ဖြစ်တယ်။ ဘဏ်သမားတွေက ငွေချေးစနစ်ကို ထိန်းချုပ်ထားပြီး လူ့အဖွဲ့အစည်းရဲ့ ကုန်ထုတ်ဘဝ တခုလုံးကို ပဲ့ကိုင်လမ်းညွှန်ခွင့် ရထားတယ်။ ဒီအယူအဆဟာ အဲဒီခေတ် ပြင်သစ်လူ့အဖွဲ့အစည်းရဲ့ အခြေအနေနဲ့ အံကိုက်ဖြစ် နေတယ်၊ ပြင်သစ်မှာ ခေတ်သစ်စက်ရုံကြီးတွေက ပေါ်ထွန်းစသာ ရှိသေးတယ်၊ ဒါနဲ့အတူ ဘူဇွှာနဲ့ ပစ္စည်းမဲ့ကြားက ပဋိပက္ခကလည်း သန္ဓေတည်စသာ ရှိသေးတယ်။ ဒါပေမယ့် စန့်ဆီမွန်း အလေးပေးပြောတာက ဟောဒီအချက်သာ ဖြစ်တယ် - “ကျန်တာတွေ အားလုံးထက် ငါစိတ်အဝင်စားဆုံးက အရေအတွက် အများဆုံးနဲ့ အမွဲဆုံး လူတန်းစားရဲ့ ဘဝအခြေအနေပဲ”။
ဂျနီဗာစာတွေမှာကတည်းက “အရွယ်ရောက်ပြီးသော လူသားတိုင်း အလုပ်လုပ်သင့်တယ်” လို့ စန့်ဆီမွန်းက အခိုင် အမာ တင်ပြနေပြီ။ ဒီစာတမ်းမှာပဲ Reign of Terror ဆိုတာ ဓနဥစ္စာ လက်မဲ့ လူထု ကြီးစိုးမှုပဲလို့ အသိအမှတ်ပြု ထားတယ်။
စန့်ဆီမွန်းက ဓနဥစ္စာ လက်မဲ့ လူထုကို တိုင်တည် ပြောလိုက်တယ် “မင်းတို့ရဲဘော်တွေ (ဘူဇွှာတွေကို ရည်ညွှန်း) ပြင်သစ် ပြည်ကြီးကို အုပ်စိုးစဉ်က ဘာဖြစ်ခဲ့သလဲ ကြည့်လိုက်ပါ၊ အငတ်ဘေးပဲ ဆိုက်ခဲ့တယ်”။
၁၈၀၂ ခုနှစ်မှာ၊ ပြင်သစ် တော်လှန်ရေးကို ဘူဇွှာ နဲ့ ပဒေသရာဇ်တွေကြားက ပဋိပက္ခသာ မဟုတ်၊ ဘူဇွှာတွေ ပဒေ သရာဇ်တွေက တဖက် ဓနဥစ္စာနတ္ထိ လူထုက တဖက် ဖြစ်ပွားတဲ့ လူတန်းစား စစ်ပွဲတခုလို့ နားလည်ခြင်းဟာ အင်မ တန် တိုးတက်တဲ့ ဉာဏ်အမြော်အမြင် ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုပဲ။ ၁၈၁၆ ခုနှစ်မှာ၊ နိုင်ငံရေးဆိုတာ ကုန်ထုတ်စီး ပွားဘဝဆိုင်ရာ သိပ္ပံပညာပဲလို့ စန့်ဆီမွန်းက ကြေညာလိုက်တယ်၊ စီးပွားရေးဘဝက နိုင်ငံရေးကို အလုံးစုံဝါးမြို သွားမှာ ဖြစ်ကြောင်း ကြိုပြောနိုင်သူဖြစ်တယ်။ ကုန်ထုတ်စီးပွားဘဝက နိုင်ငံရေး အင်စတီကျူးရှင်းတွေရဲ့ အခြေခံ ဖြစ်တယ် ဆိုတဲ့ အသိဟာ သန္ဓေသား အဆင့်ပဲ ရှိနေသေးတယ်။ ဒီနေရာမှာ တိတိလင်းလင်း ဖော်ထုတ်ပြီးသား အချက်က လူလူချင်း မင်းလုပ်အုပ်ချုပ်တဲ့ ဘဝကနေ ရုပ်ပစ္စည်းတွေကို စီမံခန့်ခွဲခြင်းနဲ့ ကုန်ထုတ်ဖြစ်စဉ်ကို ပဲ့ကိုင် လမ်းညွှန်ခြင်း အဖြစ် ကူးပြောင်းသွားမယ့် အယူအဆပဲ၊ ဆိုလိုရင်းကတော့ “နိုင်ငံတော် အစိုးရကို ဖျက်သိမ်းပစ် ခြင်းပဲ”၊ ဒီအယူအဆကို အခုချိန်မှာ ကျယ်ကျယ်လောင်လောင် ဝေဖန်လာကြတယ်။
စန့်ဆီမွန်းက ခေတ်ပြိုင်အားလုံးထက် ရှေ့ကြိုရောက်နေသူ ဖြစ်တယ်။ မဟာမိတ်တပ်တွေ ပါရီမြို့ထဲ ချဉ်းနင်းဝင် ပြီးကာစ ၁၈၁၄ နဲ့ ၁၈၁၅ ခုနှစ်က ရက်ပေါင်းတရာ စစ်ပွဲအတွင်းမှာပါ ပြင်သစ်နဲ့ အင်္ဂလန် မဟာမိတ်ပြုရေးကို ထုတ်ဖော်ပြောဆိုခဲ့သူ ဖြစ်တယ်။ ဒီနောက် ပြင်သစ် အင်္ဂလန် မဟာမိတ်ပြုပြီးရင် ဂျာမနီနဲ့ ထပ်ပေါင်းရမယ်၊ ဒါမှ သာ ဥရောပ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာရေးကို အာမခံနိုင်မယ်လို့ အခိုင်အမာ ပြောခဲ့တယ်။ ဝါတာလူး စစ်ပွဲကို အောင်နိုင်ထားသူတွေနဲ့ ပြင်သစ်တွေ မဟာမိတ်ပြုရမယ်လို့ ၁၈၁၅ ခုနှစ်ကတည်းက ပြောဖို့ဆိုတာ သမိုင်းရေး အမြင် ကျယ်ပြန့်ရုံမက သူရသတ္တိနဲ့လည်း ပြည့်စုံဖို့ လိုသေးတယ်။
စန့်ဆီမွန်းရဲ့ လက်ရာတွေမှာ အင်မတန် ကျယ်ပြန့်တဲ့ သဘောတရားအမြင်ကို တွေ့ရတယ်၊ ဒါ့ကြောင့်ပဲ နောင် မှာ ခိုင်မာလာမယ့် ဆိုရှယ်လစ် အယူအဆအားလုံးကို စန့်ဆီမွန်းဆီမှာ သန္ဓေသားအနေနဲ့ တွေ့ရတယ်။ ဖိုရီယေး ရဲ့ လက်ရာတွေမှာတော့ လူ့အဖွဲ့အစည်းရဲ့ တည်ဆဲ အခြေအနေအားလုံးကို ပယ်ပယ်နယ်နယ် ဝေဖန်ထားတာ တွေ့ရတယ်။ တကယ်ကို ပြင်သစ်ဆန်ပြီး ခပ်သောသော ရေးသားဟန်မျိုးနဲ့ ဝေဖန်ခဲ့တယ်။ ဒီလိုရေးထားလို့ ဖိုရီ ယေးရဲ့ ဝေဖန်မှုတွေက ပေါ့ပါးတယ် မဆိုလိုဘူး။ ဒေါင့်စေ့ပတ်စေ့ ဝေဖန်ထားတာ။ ဖိုရီယေးက ဘူဇွှာတွေ၊ တော် လှန်ရေးကြီး မဖြစ်ခင်က သူတို့ရဲ့ ပရောဖက်တွေ၊ တော်လှန်ရေးကြီး ပြီးတဲ့နောက် အကျိုးလိုလို့ အနား ရစ်သီလာ တဲ့ ခါတော်မှီတွေကို သူတို့စကားနဲ့သူတို့ တလုံးချင်းစီကိုင်ပြီး တီးတယ်။ ဘူဇွှာလောကရဲ့ ရုပ်ဘဝဆိုင်ရာ၊ ကိုယ် ကျင့်ပိုင်းဆိုင်ရာ ချွတ်ခြုံကျမှု ဒုက္ခအထွေထွေကို အရင်းခံအတိုင်း ပွင့်ကျသွားအောင် ဖိုရီယေးက မညှာမတာ ဆွဲ ခွာပစ်တယ်။ ဆင်ခြင်တုံတရားသာ ကြီးစိုးသော လူ့အဖွဲ့အစည်း၊ လူသားတိုင်း ပျော်ရွှင်နေမယ့် ယဉ်ကျေးမှုကြီး၊ လူသားရဲ့ အစွမ်းအစတွေ အကန့်အသတ်မရှိ ဖွံ့ဖြိုးလာစေမယ့် လူ့အဖွဲ့အစည်း စတဲ့ ၁၈ရာစု တွေးခေါ်ရှင်ကြီး တွေရဲ့ မစားရဝခမန်း ကတိတွေ၊ သူနဲ့ခေတ်ပြိုင် ဘူဇွှာ သဘောတရားဆရာတွေရဲ့ နှင်းဆီရောင် လေလုံးတွေကို ဖိုရီယေးက ဘူဇွှာလောကရဲ့ တကယ့်အရှိတရားနဲ့ ထိပ်တိုက်ရင်ဆိုင် ပေးလိုက်တယ်။ အင်မတန် ဝမ်းနည်းဖွယ် တကယ့်အရှိတရားနဲ့ ဒီလို နားထဲစိမ့်သွားစေတဲ့ လေထွားထွား စကားတွေ နေရာတိုင်းမှာ ဘယ်လောက်တောင် အစပ်အဟပ် တည့်နေလိုက်သလဲ လို့ ဖိုရီယေးက ထောက်ပြတယ်။ ဒီလို မျှော်လင့်ချက် ကုန်ခမ်းနေသော ရှက် စရာ မိုးတလုံး လေတလုံးတွေကို ဖိုရီယေးရဲ့ဟန်အတိုင်း သရော်တော်တော် ရေးဟန်တွေနဲ့ ပယ်ပယ်နယ်နယ် ဝေ ဖန်ခဲ့တယ်။
ဖိုရီယေးက ဝေဖန်ရေးဆရာ သက်သက်ပဲမဟုတ်ဘူး။ တော်ရုံမဖြုံတတ်တဲ့ အေးဆေးတည်ငြိမ်သော သူ့စရိုက်နဲ့ သရော်စာရေးဆရာလည်း ဖြစ်တယ်၊ ခေတ်အဆက်ဆက် အတော်ဆုံး သရော်စာဆရာတွေထဲက တဦးလို့ဆိုရင် လည်း မမှားဘူး။ တော်လှန်ရေးအကျမှာ ပေါက်ပန်းတွေလို တောထလာတဲ့ ကလိကကျစ် ဈေးကစားတာတွေ၊ အဲဒီကာလ ပြင်သစ်ကုန်သွယ်လောကရဲ့ ဝိသေသလိုဖြစ်နေတဲ့ ဈေးဆိုင်ပိုင်ရှင် စိတ်ဓာတ်ကို ဖိုရီယေးက မာန်ပါပါ ညှို့အားပြင်းပြင်းနဲ့ ပုံဖော်ရေးသားခဲ့တယ်။ ဘူဇွှာပုံစံ ကျားမဆက်ဆံရေးတွေ၊ ဘူဇွှာ လူ့အဖွဲ့အစည်း အတွင်းက မိန်းမတွေရဲ့ အနေအထား၊ ဒါတွေကို ဝေဖန်တဲ့နေရာမှာ ဖိုရီယေးက ပိုပြီး ဆရာကျနေသေးတယ်။ ဘယ် လူ့အဖွဲ့ အစည်းမှာမဆို လူသားတွေရဲ့ အထွေထွေ လွတ်မြောက်ရေးကို သိချင်ရင် မိန်းမတွေ ဘယ် အတိုင်းအတာအထိ လွတ်မြောက်နေပြီလဲ ကြည့်ခြင်းအားဖြင့် သိနိုင်တယ်လို့ ပထမဆုံးပြောခဲ့တာ ဖိုရီယေးပဲ။
ဒါပေမယ့် ဖိုရီယေးက သမိုင်းရေးအမြင်မှာ အတိုးတက်ဆုံးဖြစ်တယ်။ လူသားသမိုင်း တလျှောက်လုံးကို အဆင့် လေးဆင့် ပိုင်းလိုက်တယ် - (savagery, barbarism, the patriarchate, civilization)။ နောက်ဆုံးအဆင့် civilization ဆိုတာ ဒီကနေ့ခေတ် ယဉ်ကျေးပါတယ် ဆိုသော ဘူဇွှာလူ့အဖွဲ့အစည်းနဲ့ အတူတူပဲ။ တနည်းဆိုရ ရင်၊ ၁၆ရာစုမှာ ဖြစ်တည်လာတဲ့ လူမှုစနစ်ကို ပြောတာ။ “ဘားဘရစ်ဇင် အရိုင်းခေတ်က ရိုးရိုးရှင်းရှင်း ကျင့်သုံး လာတဲ့ မကောင်းမှုအားလုံးကို ယဉ်ကျေးမှု ထွန်းကားပါတယ်ဆိုတဲ့ အဆင့်ကျတော့ အင်မတန် ရှုပ်ထွေးသော၊ နားလည်ရခက်ပြီး ဝိဝါဒကွဲစေသော၊ ကြောင်သူတော်ဆန်သော ပုံစံအဖြစ် တိုးမြှင့်ပေးထား” ကြောင်း ဖိုရီယေး က သက်သေပြတယ်။ civilization က “အဆိုးကျော့ သံသရာ လည်နေတယ်”၊ မဖြေရှင်းနိုင်တဲ့ ပဋိပက္ခတွေ ထပ်ပြန် တလဲလဲ မွေးဖွားပေးနေတယ်၊ ဒါ့ကြောင့် ကြံရွယ်တာနဲ့ ဆန့်ကျင်ဖက် (ဝါ) ကြံရွယ်တယ်လို့ ဟန်ဆောင်ထား တာနဲ့ ဆန့်ကျင်ဖက် ရလဒ်တွေပဲ အမြဲ ထွက်ပေါ်နေတယ်၊ ဥပမာ- “civilization ခေတ်မှာ အဆမတန် ကြွယ်ဝ ချမ်းသာမှုထဲ ကနေပဲ ဆင်းရဲမွဲတေမှုဆိုတာ ပေါက်ဖွားနေခြင်း ဖြစ်တယ်”။
အခုကျနော်တို့ မြင်တဲ့အတိုင်းပဲ၊ ဖိုရီယေးက သူနဲ့ခေတ်ပြိုင် ဟေဂယ်(လ်)လိုပဲ ဒိုင်ယာလက်တစ် နည်းနာကို ပိုင် ပိုင်နိုင်နိုင် သုံးသွားတယ်။ ‘လူသားရဲ့ ပြည့်စုံကုံလုံမှုဟာ အကန့်အသတ်မရှိ’လို့ ပြောဆိုမှုမျိုးကို ဒိုင်ယာလက်တစ် ကို သုံးပြီး၊ ငြင်းဆိုသွားတယ်။ သမိုင်းအဆင့်တခုချင်းစီမှာ အတက်ကာလရှိသလို အဆုတ်ကာလလည်း ရှိတယ်၊ ဒီ ဒိုင်ယာလက်တစ် သဘောကို လူသားမျိုးနွယ်တခုလုံးရဲ့ အနာဂတ်အပေါ် ရှုမြင်ရာမှာလည်း အသုံးပြု သွားသေး တယ်။ ကန့်က သဘာဝ သိပ္ပံနယ်ပယ်မှာ ကမ္ဘာကြီး အဆုံးသတ် ပျက်စီးသွားခြင်း အယူအဆ ထည့်သွင်းခဲ့သလို၊ ဖိုရီယေးက သမိုင်းရေး သိပ္ပံနယ်မှာ လူသားမျိုးနွယ် အဆုံးသတ် ပျက်စီးသွားခြင်း အယူအဆကို စတင် မိတ်ဆက် ခဲ့တယ်။
ပြင်သစ်မှာ တော်လှန်ရေး ဟာရီကိန်း မုန်တိုင်းကြီးက ဒလကြမ်း တိုက်ခတ်သွားချိန်၊ အင်္ဂလန်မှာတော့ တိတ် ဆိတ်ငြိမ်သက်လှတဲ့ တော်လှန်ရေးတရပ် ဖြစ်ပွားနေတယ်၊ တိတ်တဆိတ်ဆိုလို့ ပြင်းအားသေးတယ် မထင်လေ နဲ့။ ရေနွေးငွေ့စွမ်းအင်နဲ့ ကုန်ထုတ် စက်ယန္တယားအသစ်တွေက အကြီးစား အလုပ်ရုံကြီးတွေ (manufacture) ကို ခေတ်သစ် စက်ရုံကြီးတွေ (modern industry) အဖြစ် ပြောင်းပစ်လိုက်တယ်၊ ဘူဇွှာ လူ့အဖွဲ့အစည်းရဲ့ အုတ်မြစ် တစုံလုံးကို တော်လှန် ပြောင်းလဲလိုက်ခြင်း ဖြစ်တယ်။ လက်မှု အလုပ်ရုံကြီးတွေခေတ်က လိပ်လိုချီတက် နေရာက နေ ဒလဟော ကုန်ထုတ်တဲ့အဖြစ်ကို တဟုန်ထိုး ကူးပြောင်းသွားတယ်။ အရင်းရှင်ကြီး လူတန်းစားနဲ့ ပိုင်ဆိုင်မှု နတ္ထိ ပစ္စည်းမဲ့ လူတန်းစားအဖြစ် မြန်မြန်ဆန်ဆန် ကွဲထွက်သွားခဲ့တယ်။ ဒီလူတန်းစား နှစ်ရပ်ကြားက လူလတ် တန်းစားဟာလည်း အရင်ကလို တည်ငြိမ်တဲ့ အခြေအနေမှာ မရှိတော့ဘူး၊ လက်မှု လုပ်ငန်းရှင်တွေနဲ့ ဈေးဆိုင် ပိုင်ရှင်လေးတွေရဲ့ ဘဝတွေဟာ မငြိမ်မသက် ဖြစ်လာတယ်။ အခုအခါ လူလတ်တန်းစားဟာ အလှုပ်ခတ်ဆုံး အ စိတ်အပိုင်းဖြစ်လာတယ်၊ မရေမရာ ဘဝမှာ စိုးတထိတ်ထိတ်နဲ့ ရှင်သန်နေကြရတယ်။
ဒါပေမယ့်လည်း ဒီအချိန်မှာ ကုန်ထုတ်စနစ်အသစ်က ထောင်တက်ကာစသာ ရှိသေးတယ်၊ အဲဒီကာလမှာ ပုံမှန် လုပ်ရိုးလုပ်စဉ် ကုန်ထုတ်စနစ် ဖြစ်ခဲ့တယ်၊ အဲဒီခေတ်ကာလ တည်ဆဲ အခြေအနေတွေအောက်မှာ ပေါ်ထွန်းနိုင်တဲ့ တခုတည်းသော စနစ်လည်း ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒီအချိန်မှာကို လူ့အဖွဲ့အစည်းအတွင်း ညှဉ်းပန်း နှိပ် စက်မှုတွေ အုတ်အော်သောင်းနင်း ရှိနေပြီ။ အိမ်ခြေယာမဲ့လူတွေကို မြို့ကြီးတွေရဲ့ စုတ်တီးစုတ်ပြတ် ရပ်ကွက် တွေမှာ စုပြုံထားတာမျိုး၊ အစဉ်အလာ ကိုယ်ကျင့်တရား နှောင်ကြိုးတွေ လျော့တိလျော့ရဲ ဖြစ်လာတယ်၊ အဖကြီး စိုးမှု လျော့ရဲလာတယ်၊ မိသားစု ဆက်ဆံရေးတွေ ပြယ်လျော့လာတယ်၊ တချိန်တုန်းက အိမ်တွင်းမှာသာ နေခဲ့ရ တဲ့ မိန်းမတွေနဲ့ ကလေးတွေပါ ရေကုန်ရေခမ်း အလုပ်တွေ မတန်တဆ လုပ်လာကြရတယ်၊ အလုပ်သမား လူ တန်းစားရဲ့ မျှော်လင့်ချက် လုံးဝကင်းမဲ့နေခြင်းဟာ ဘဝတည်ရှိမှု အခြေအနေ အသစ်သဖွယ် ရုတ်ချည်း ပြောင်းလဲ သွားတယ်၊ ကျေးလက်ကနေ မြို့ပြဆီ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကနေ ခေတ်သစ် စက်ရုံကြီးတွေဆီ လူစဉ်မမီ တဲ့ ဘဝအခြေတွေ ရွှေ့ပြောင်းလာတယ်၊ တည်ငြိမ်မှုရှိတဲ့ ဘဝကနေ နောက်တနေ့ စားရဖို့ မသေချာတဲ့ ဘဝတွေ ဖြစ်လာတယ်။
ဒီလိုအနေအထားမှာ၊ အသက်၂၉နှစ်အရွယ် လုပ်ငန်းရှင်တဦးက ပြုပြင်ပြောင်းလဲလိုသူ တယောက်အနေနဲ့ ပေါ် ထွက်လာတယ်၊ အင်မတန် စူးရှပြင်းထန်လွန်းတဲ့ လူတယောက်၊ ကလေးငယ်လို ရိုးရှင်းလှတဲ့ စရိုက်ရှိသူ၊ တချိန် တည်းမှာပဲ မတထောင် တကောင်ဖွားဆိုတာထက် ပိုရှားပါးလှတဲ့ ခေါင်းဆောင်တဦးလည်း ဖြစ်တယ်။ ရောဘတ် အိုဝင်က ရုပ်ဝါဒီ တွေးခေါ်ရှင်ကြီးတွေရဲ့ သင်ကြားချက်ကို နာယူခဲ့သူဖြစ်တယ်။ ဒီလူရဲ့ စရိုက် ပေါ်ထွက်လာခြင်း မှာ ရေခံမြေခံ နှစ်ပိုင်းရှိတယ်၊ မျိုးရိုးဗီဇအမွေရဲ့ ရလဒ် ဖြစ်သလို၊ သူ့ဘဝ တသက်တာအတွင်း ကျင်လည်ခဲ့ရတဲ့ ဝန်းကျင်ရဲ့ ပြုပြင်ဖန်တီးမှုလည်း ဖြစ်တယ်။ စက်မှုတော်လှန်ရေး ကာလမှာ အိုဝင်တို့ လူတန်းစား အများစုက ဗရုတ်သုတ်ခတွေ၊ ရှုပ်ထွေးမှုတွေကိုပဲ မြင်တယ်၊ ရေနောက်တုန်း ငါးရဖို့ပဲ ချောင်းနေသလို မြိုးမြိုး မြက်မြက်က လေး ငွေရှာဖို့ပဲ သိတဲ့သူတွေ။ အိုဝင်ကတော့ ဒီကာလမှာ သူလက်ခံထားတဲ့ သီအိုရီကို လက်တွေ့ကျင့်သုံးဖို့ အ ခွင့်အရေးရပြီလို့ တွက်တယ်၊ ဗရုတ်သုတ်ခ အရှုတ်တော်ပုံထဲကနေ နည်းစနစ်တကျဖြစ်မှုကို ဆွဲထုတ်ဖို့ကြံတယ် (Order out of chaos)။ ဒီစိတ်ကူးကို အိုဝင် လက်တွေ့ အောင်အောင်မြင်မြင် အကောင်အထည် ဖော်ဖူးပြီးသား၊ ဒီတုန်းက မန်ချက်စတာ စက်ရုံက အလုပ်သမား ၅၀၀ ကျော်ကို ကြီးကြပ်အုပ်ချုပ်နေရသူ ဖြစ်တယ်။ ၁၈၀၀ ခုနှစ် ၁၈၂၉ ခုအထိ၊ စကော့(တ်)လန်(ဒ်) နျူး လန်းနာ့(ခ်)မှာ ချည်ထည်စက်ရုံကြီးကို အိုဝင် ဦးဆောင်ပဲ့ကိုင်ခဲ့တယ်၊ မန် ချက်စတာ စက်ရုံတုန်းကလိုပဲ အိုဝင်က ပြုပြင်ရေးတွေ လုပ်တယ်၊ နျူးလန်းနာ့(ခ်) မှာကျ ပိုပြီး လွတ်လွတ်လပ် လပ် လုပ်နိုင်တယ်၊ အောင်မြင်မှုလည်း ရတယ်၊ ဥရောပတလွှား အိုဝင်ကို ချီးကျူး ဂုဏ်ပြုလာကြရတယ်။ ကနဦး မှာ မျှော်လင့်ချက်မဲ့ ဘဝပျက်နေသူတွေ အများစုပါတဲ့ စက်ရုံအလုပ်သမားတွေ ဘဝကနေ တစတစနဲ့ လူဦးရေ ၂၅၀၀ လောက်အထိ ကြီးထွားလာခဲ့တယ်။ အိုဝင်က သူ့ဦးဆောင်မှုအောက်က ဒီဒေသကို စံပြ ကိုလိုနီတခုအဖြစ် ပြောင်းလဲပစ်လိုက်တယ်၊ နျူးလန်းနာ့(ခ်)မှာ မူးရူးနေတာ မမြင်ဖူးသလို၊ ရဲတွေ တရားရေးအရာရှိတွေ၊ တရားစွဲ ဆိုမှုတွေ၊ စုတ်တီးစုတ်ပြတ် ဥပဒေတွေ၊ သူများပေးမှကမ်းမှ စားရတာမျိုးတွေ မမြင်ဖူး မကြားဖူးကြတော့။ ဒီလို နေချင့်စဖွယ် ရပ်ဝန်းတခု ဖြစ်လာအောင် ပြောင်းလဲဖို့ မခက်လှပါဘူး၊ လူတွေကို လူသားပီပီ ရှင်သန်နေထိုင်ရတဲ့ ဘဝအခြေအနေတွေ တည်ဆောက်ပေးဖို့သာ လိုတယ်၊ အထူးသဖြင့် တက်သစ်စ မျိုးဆက်ကို လူပီပီသသ ပြုစုပျိုး ထောင်ပေးလိုက်ရင် ဖြစ်ပြီ။ ကလေးထိန်းကျောင်းတွေ ပထမဆုံး စထောင်ခဲ့တာ အိုဝင်ပဲ၊ ပထမဆုံး နျူးလန်း နာ့(ခ်)မှာ စထောင်တယ်။ ကလေးတွေက အသက်၂နှစ် ရောက်ရင် ကျောင်းကို လာကြတယ်၊ ကျောင်းမှာပျော် လွန်းလို့ အိမ်တောင်မပြန်ချင်ကြတဲ့အထိ။ အိုဝင်နဲ့ပြိုင်ဘက် အရင်းရှင်တွေက သူတို့ အလုပ်သမားတွေကို တရက် ၁၃-၁၄ နာရီ ခိုင်းနေချိန်၊ နျူးလန်းနာ့(ခ်)မှာတော့ တရက်တာ အလုပ်ချိန် ၁ဝနာရီခွဲပဲ ရှိတယ်။ ချည်ထက်ဈေး ကွက် ပျက်ကပ်ဆိုက်တော့ စက်ရုံတွေ လေးလလောက် ပိတ်ထားရတယ်၊ ဒီကာလ တလျှောက်လုံး အိုဝင် အလုပ် သမားတွေက လုပ်ခလစာ အပြည့်ရကြတယ်။ ဒီလို အလုပ်သမား သက်သာချောင်ချိရေးတွေ လုပ်လာတဲ့ အိုဝင် လုပ်ငန်းဟာ တန်ဖိုး နှစ်ဆတက်လာခဲ့တယ်၊ ပိုင်ရှင်တွေအဖို့ အမြတ်တွေ တနင့်ကြီး ရသွားတယ်။
ဒီလောက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ထားပေမယ့် အိုဝင် မကျေနပ်နိုင်ဘူး။ အလုပ်သမားတွေအတွက် သူ တည်ဆောက်ထားတဲ့ ဘဝအခြေအနေဟာ လူသားနဲ့ ထိုက်တန်တဲ့ အနေအထားရောက်ဖို့ အဝေးကြီးလိုသေး တယ်လို့ မြင်တယ်။ “ဒီလူတွေက ငါပြုသမျှ နုရမယ့် ကျွန်တွေဖြစ်နေတယ်”။ တခြား အရင်းရှင်တွေနဲ့ နှိုင်းစာ လိုက်ရင် အလုပ်သမားတွေအတွက် သူပြုပြင်ပေးထားတဲ့ အခြေအနေတွေဟာ အတော်ကောင်းတယ် ဆိုနိုင်မယ်၊ ဒါပေမယ့် လူသားတယောက်ရဲ့ အသိဉာဏ်နဲ့ စရိုက်လက္ခဏာကို ဖက်စုံဒေါင့်စုံကနေ ယထာဘူတကျကျ ဖွံ့ဖြိုး လာအောင် မစွမ်းနိုင်သေးဘူး၊ အဝေးကြီးလိုသေးတယ်၊ လူသားရဲ့ အစွမ်းအစတွေ အားလုံး လွတ်လွတ် လပ်လပ် ထုတ်သုံးခွင့်ရဖို့ကား ဝေးစွ။
ဒီလူဦးရေ ၂၅၀၀ ထဲက တကယ် အလုပ်လုပ်ပေးနေသော အစိတ်အပိုင်း တရက်တရက် ထုတ်ပေးနေတဲ့ ဓနဥစ္စာ မျိုးထုတ်နိုင်ဖို့ လွန်ခဲ့တဲ့ နှစ်၅ဝတုန်းကဆိုရင် လူဦးရေ ခြောက်သိန်းထဲက အလုပ်လုပ်နိုင်တဲ့ အင်အားကို လိုလိမ့် မယ်။ ဒီတော့ ငါ့ကိုယ်ငါ မေးရတယ်၊ လူ ခြောက်သိန်း စားသုံးလို့ရတဲ့ ထုတ်ကုန်တွေကို အခု လူ ၂၅၀၀ ပဲ စားသုံး နေတယ်၊ ပိုတဲ့ဟာတွေ ဘယ်ရောက်သွားလဲ။
အဖြေက ရှင်းတယ်။ အသားတင် အမြတ် ပေါင် သုံးသိန်းအပြင် မြေနေရာ အဆောက်အအုံ ပိုင်ရှင်တွေကို အရင်း ရဲ့ ၅% ပေးရတယ်။ ဒီတော့ နျူးလန်းနာ့(ခ်)မှာတောင် ဒီလိုဆိုရင် အင်္ဂလန် တပြည်လုံးက စက်ရုံတွေအဖို့ ဒီထက် ပိုမြတ်ရုံသာ ရှိမယ်။
ဒီဓနဥစ္စာအသစ်တွေကို (ပြည့်ပြည့်ဝ၀ အသုံးမချသေးတဲ့) စက်ယန္တယားကြီးတွေနဲ့ ဖန်တီးထုတ်လုပ်မပေးခဲ့ရင်၊ ပဒေသရာဇ် မင်းမျိုးစိုးနွှယ်တွေရဲ့ အုပ်စိုးမှုကို ကျားကန်ပေးဖို့ နပိုလီယန် ဆန့်ကျင်ရေး ဥရောပစစ်ပွဲတွေကို ဆင်နွှဲနိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင်၊ ဒီစွမ်းအားအသစ်ဟာ အလုပ်သမား လူတန်းစားရဲ့ ဖန်တီးမှုသာ ဖြစ်တယ်။
ဒါ့ကြောင့် ဒီစွမ်းအားအသစ်ရဲ့ အသီးအပွင့်တွေကို အလုပ်သမား လူတန်းစားပဲ ပိုင်တယ်။ ဒီကနေ့အထိ လူတဦး ချင်းစီ ကြွယ်ဝချမ်းသာရေးနဲ့ လူအများစုကို ကျွန်ပြုခိုင်းစေရေးအတွက်ပဲ အသုံးပြုလာတဲ့ အသစ် ဖန်တီးထား သော ဧရာမ ကုန်ထုတ် စွမ်းအားစုတွေဟာ အိုဝင်အဖို့တော့ လူ့အဖွဲ့အစည်းကို တဖန် ပြန်လည်တည်ဆောက်ဖို့ရာ အုတ်မြစ်တွေ ဖြစ်လာတယ်။ ဒီကုန်ထုတ်စွမ်းအားစု အသစ်တွေဟာ လုပ်သားထုအားလုံးရဲ့ ဘုံပိုင်ဆိုင်မှု ဖြစ်လေ တော့၊ အားလုံး ကောင်းစားရေးအတွက်ပဲ အသုံးချစေခိုင်းရမယ်။
အိုဝင်ရဲ့ ကွန်မြူနစ်ဝါဒက စီးပွားရေး လုပ်ငန်းအပေါ်မှာပဲ အခြေတည်ထားတယ်၊ ပြောရရင် ကုန်သွယ်ရေး တွက် ချက်မှုကနေ ထွက်ပေါ်လာတဲ့ အယူအဆဖြစ်တယ်။ တလျှောက်လုံးမှာ လက်တွေ့လုပ်ငန်းပေါ် အခြေခံ တွက်တဲ့ လက္ခဏာပါနေတယ်။ ဒါ့ကြောင့် ၁၈၂၃ မှာ၊ အိုင်ယာလန်(ဒ်)ကို ဆင်းရဲမှု အထွေထွေကနေ သက်သာအောင် ကွန် မြူနစ် ကိုလိုနီတွေ ထူထောင်ပေးဖို့ အိုဝင် တင်ပြခဲ့တယ်၊ ဒီလို ကွန်မြူနစ် ကိုလိုနီတွေ ထူထောင်ရာမှာ ကျသင့် မယ့် ကုန်ကျစရိတ်ကိုလည်း အသေးစိတ် တွက်ချက်ပြခဲ့တယ်၊ နှစ်စဉ် အသုံးစရိတ်က ဘယ်လောက်၊ ပြန်ဝင်နိုင် ချေက ဘယ်လောက်။ အနာဂတ်အတွက် ဒီလို တိကျတဲ့ အစီအမံတွေချရာမှာ လက်တွေ့ စမ်းသပ်ရာက ရလာ သော အသိတွေနဲ့ အသေးစိတ်ကို ချက်ကျလက်ကျ သေချာ စဉ်းစားချမှတ်နိုင်ခဲ့တယ်။ မြေပြင်အခြေအနေ၊ ရှေ့ နောက် ဝဲယာ အကုန် ကြည့်မြင်နိုင်တဲ့ ငှက်မျက်လုံးရဲ့ အမြင်မျိုးလို စုံလင်လှပေတယ်။ အိုဝင်ရဲ့ လူ့အဖွဲ့အစည်း ပြုပြင်ရေးနည်းကို လက်ခံလိုက်ပြီဆိုရင် လက်တွေ့ရှုထောင့်အရ သူချပြထားတဲ့ အသေးစိတ် အစီအမံတွေကို ဘာ မှ ထွေထွေထူးထူး ကန့်ကွက်နေစရာ ရှိမှာမဟုတ်ဘူး။
ကွန်မြူနစ် လမ်းကြောင်းအတိုင်း ချီတက်လိုက်ချိန်ကစလို့ အိုဝင်ဘဝမှာ လုံးဝ ချိုးကွေ့ပြောင်းလဲသွားတယ်။ အို ဝင်သာ စေတနာရှင် ပေးကမ်းစွန့်ကြဲသူ သက်သက်ဖြစ်နေသရွေ့၊ စည်းစိမ်ဥစ္စာတွေ လက်ခုပ်သြဘာတွေ ဂုဏ်ပြု ချီးမွမ်းမှုတွေနဲ့ပဲ သူ့ကို ထောပနာပြုကြမယ်။ ဥရောပတလွှားမှာ အကျော်ကြားဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့တယ်။ သူ့လို ဘူဇွှာလူတန်းစားကပဲ အိုဝင်ကို ချီးကျူးထောပနာပြုခဲ့တာ မဟုတ်၊ မင်းညီမင်းသားတွေ နိုင်ငံဥသျှောင်တွေကပါ လက်ခုပ်သြဘာတီးခဲ့တယ်။ ဒါပေမယ့် အိုဝင်က ကွန်မြူနစ် သဘောတရားတွေကို ကိုင်စွဲလာချိန်မှာ ဒီလို မဟုတ် တော့။ အိုဝင်အဖို့ လူ့အဖွဲ့အစည်းကို ပြုပြင်ရာမှာ မဟာ အတားအဆီးကြီး သုံးခုရှိနေတယ်၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု၊ ဘာသာရေးနဲ့ လက်ရှိ အိမ်ထောင်မှုစနစ်။
ဒီသုံးခုကိုသာ သွားတိုက်ရင် ဘာတွေကြုံလာမလဲဆိုတာ အိုဝင် ကောင်းကောင်းကြီး သိတာပေါ့၊ လူကုန်ထံ အ သိုင်းအဝိုင်း တခုလုံးက သူ့ကို ရွာပြင် မောင်းထုတ်ကြမယ်၊ သူရရှိထားတဲ့ လူမှုအဆင့်အတန်း တခုလုံး ဆုံးပါး သွားမယ်။ ဒီလိုကြုံရပေမယ့် အိုဝင်ကတော့ နောက်ဆက်တွဲ အဖြစ်တွေကို စိုးရွံ့မနေဘဲ ဒီအတားအဆီးကြီး သုံးခု ကို တိုက်ခိုက်ခဲ့တယ်။ သူကြိုတွက်ထားသလို တကယ်ဖြစ်လာခဲ့တယ်။ လူကုန်ထံ အသိုင်းအဝိုင်းက အိုဝင်ကို ပ ထုတ်လာကြတယ်၊ တခါက ဥရောပတလွှား လူသိအများဆုံး အိုဝင်ကို အခုတော့ စာနယ်ဇင်းတွေမှာ ရေငုံ နှုတ် ပိတ်နည်းနဲ့ ထိုးနှက်လာကြတယ်၊ ဒီကြားထဲ အမေရိကမှာ အိုဝင် အကောင်အထည်ဖော်တဲ့ ကွန်မြူနစ် စမ်းသပ်မှု တွေက မအောင်မြင်၊ ဒီတော့ အိုဝင် ပျက်စီးခြင်း တိုင်တော့တယ်။ ဒါတွေကို မမှုပါဘူး၊ အမေရိကမှာပဲ သူ့ဘဝကို စတေးခဲ့တယ်၊ အလုပ်သမား လူတန်းစားဘက်ကို ပြောင်းလာပြီး သူတို့တွေနဲ့အတူ နှစ်ပေါင်း သုံးဆယ် အလုပ် လုပ်သွားတယ်။ လူထုလှုပ်ရှားမှုတိုင်း၊ အင်္ဂလန်က အလုပ်သမား လူတန်းစားကိုယ်စား ရှေ့ကို ချီတက်တဲ့ လှုပ်ရှား မှုတိုင်းမှာ ရောဘတ် အိုဝင် နာမည်ကို ချိတ်ဆက်လာကြတယ်။ ငါးနှစ်ကြာ တိုက်ပွဲဆင်ပြီးတဲ့နောက် ၁၈၁၉ ခုနှစ် မှာ စက်ရုံတွေအတွင်း ကလေးသူငယ်နဲ့ အမျိုးသမီးတွေရဲ့ အလုပ်ချိန် ကန့်သတ်ရေး ပထမဆုံး ဥပဒေ ထွက်ပေါ် လာအောင် အိုဝင် ဖိအားပေးနိုင်ခဲ့တယ်။ အင်္ဂလန် တပြည်လုံးက အလုပ်သမား သမဂ္ဂတွေကို တခုတည်းသော သ မဂ္ဂ အဖွဲ့ချုပ်အဖြစ် စုစည်းလိုက်တဲ့ ပထမဆုံး ကွန်းဂရက်စ် ဥက္ကဌဟာ ရောဘတ်အိုဝင်ပဲ။ ကွန်မြူနစ် လူ့အဖွဲ့အ စည်း ချီတက်နေစဉ် ကာလအတွင်း အကူးအပြောင်း အစီအမံတွေကို အိုဝင် စတင် ချမှတ်ခဲ့တယ်၊ လက်လီ ကုန် သွယ်ရေး၊ ကုန်ထုတ်ရေးအတွက် သမဝါယမအသင်းတွေ တဖက်မှာ ထူထောင်တယ်။ ဒီကတည်းက ကုန်သည်ပွဲ စားနဲ့ ကုန်ထုတ်လုပ်ငန်းရှင် လူတန်းစားကို လူ့အဖွဲ့အစည်းက တကယ် မလိုအပ်တော့ဘူး ဆိုတာ လက်တွေ့ သက်သေပြလိုက်တာပဲ။ အခြား တဖက်မှာကျ လေဘာဈေးကို စတင် အသက်သွင်းခဲ့တယ်၊ ဒီဈေးမှာ ငွေကြေး အစား လေဘာ နုတ်ပဲ ကြားခံအနေနဲ့ သုံးပြီး ကုန်ပစ္စည်းကို ဖလှယ်ကြတယ်၊ လေဘာ နုတ် တယူနစ်မှာ အလုပ် တနာရီနဲ့ ညီမျှတယ်။ ဒီအင်စတီကျူးမျိုးဟာ မလွဲမသွေ ကျရှုံးမှာပဲ။ ဒါပေမယ့် နောင်မှာ ပရုဒွန်းရဲ့ ဖလှယ်ရေး ဘဏ်အယူအဆ ထပ်ပေါ်လာတယ်၊ ပရုဒွန်း အယူအဆနဲ့ အိုဝင်ရဲ့ လေဘာဈေး မတူတာက ဒါကို လူ့အဖွဲ့အ စည်းရဲ့ ဒုက္ခပေါင်းစုံ ကုစားပေးနိုင်တဲ့ မဟာဆေးနည်းလို့ ပရုဒွန်းလို မပြောခြင်းပဲ၊ အိုဝင်က ဒါကို လူ့အဖွဲ့အစည်း လုံးလုံးလျားလျား တော်လှန် ပြောင်းလဲခြင်းလုပ်ဖို့ရာ ပထမ ခြေလှမ်း တလှမ်းအဖြစ်ပဲ သဘောထားခဲ့တယ်။
ယူတိုးပီးယန်းကြီးတွေရဲ့ တွေးခေါ်နည်းဟာ ၁၉ရာစု ဆိုရှယ်လစ် အယူအဆတွေပေါ် အချိန်အကြာကြီး လွှမ်းမိုး ထားခဲ့တယ်၊ တချို့ဆို အခုထိ လွှမ်းမိုးခံထားရတုန်း။ မကြာသေးခင်ကအထိ၊ ပြင်သစ်နဲ့ အင်္ဂလိပ် ဆိုရှယ်လစ် အားလုံးက စိတ်ကူးယဉ် ဆိုရှယ်လစ်ဝါဒကို ကိုးကွယ်နေကြတုန်း။ ဝိတ်(တ်)လင်းတို့ အုပ်စုအပါအဝင် အစောပိုင်း ဂျာမန် ကွန်မြူနစ်ဂိုဏ်းက စိတ်ကူးယဉ် ဆိုရှယ်လစ်ဂိုဏ်းပဲ။ သူတို့အားလုံးအဖို့ ဆိုရှယ်လစ်ဝါဒဆိုတာ အကြွင်းမဲ့ အမှန်တရား၊ ဆင်ခြင်တုံတရားနဲ့ တရားမျှတမှုတို့ရဲ့ ဖော်ထုတ်ချက်ပဲ၊ ကမ္ဘာကြီးကို သူ့ကိုယ်ပိုင် စွမ်းပကားနဲ့ အောင်နိုင်ဖို့ ဆိုရှယ်လစ်ဝါဒကို ရှာဖွေဖော်ထုတ်ဖို့သာ လိုတယ်။ အကြွင်းမဲ့ အမှန်တရားဆိုတာ အချိန်၊ နေရာတို့နဲ့ ကင်းလွတ်နေသလို လူသားသမိုင်း ဖွံ့ဖြိုးမှုအစဉ်နဲ့လည်း လွတ်ကင်းနေတယ်၊ ဒီတော့ ဘယ်အချိန် ဘယ်နေရာမှာ ဆိုရှယ်လစ်ဝါဒကို ရှာတွေ့မလဲဆိုတာ မရှိ၊ ဒါဟာ မတော်တဆ တွေ့ရှိမှု သက်သက်ပဲ ဖြစ်တယ်။ ဒီတော့ အကြွင်း မဲ့ အမှန်တရား၊ ဆင်ခြင်တုံတရားနဲ့ တရားမျှတမှုတို့ဟာလည်း ဂိုဏ်းအသီးသီးရဲ့ ထူထောင်သူနဲ့လိုက်ပြီး ကွဲပြား သွားတယ်။ ဂိုဏ်းတခုချင်းစီရဲ့ အထူးအမျိုးအစား အကြွင်းမဲ့ အမှန်တရား၊ ဆင်ခြင်တုံတရား နဲ့ တရားမျှတမှုတွေ ကို ဂိုဏ်းခေါင်းဆောင်ရဲ့ အတ္တဘာဝ နားလည်နိုင်စွမ်း၊ သူ့ဘဝအခြေအနေတွေ၊ သူ့အသိ အတိုင်းအတာနဲ့ အသိပ ညာပိုင်း လေ့ကျင့် သင်ကြားထားတဲ့ အတိုင်းအဆတွေက ပြုပြင် ဖန်တီးလေတော့ များမြောင်လှတဲ့ အကြွင်းမဲ့ အမှန်တရားတွေကြားက ပဋိပက္ခလည်း ဆုံးဖို့လမ်းမမြင်၊ ဒီအကြွင်းမဲ့ အမှန်တရား အချင်းချင်း ငါ့ဟာကသာ အ မှန်ဆိုပြီး တခုကိုတခု ဖယ်ထုတ်တဲ့ နည်းသာ ရှိတော့တယ်။ ဒီလိုအနေအထားမှာ ဟိုရောက်ဒီရောက် ခုန်ကူး နေတဲ့ ဆိုရှယ်လစ်ဝါဒ အမျိုးအစားပဲ ထွက်လာမယ်၊ တခြား ထွက်လာစရာမရှိ။ ဒီလို ဆိုရှယ်လစ် အယူအဆတွေ ပဲ ပြင်သစ်နဲ့ အင်္ဂလန်က ဆိုရှယ်လစ် အလုပ်သမားတွေကို လွှမ်းမိုးထားခဲ့တယ်။ ဒါ့ကြောင့်ပဲ၊ အမြင်ပေါင်းစုံ ရော သမမွှေထားတဲ့ အသုတ်စုံ ဖြစ်လာတယ်။ ဂိုဏ်းအသီးသီးက ခေါင်းဆောင် ဆရာကြီးတွေရဲ့ ဝေဖန်ရေး ကြေညာ ချက်တွေ၊ ဘောဂဗေဒ သီအိုရီတွေ၊ အနာဂတ် လူ့အဖွဲ့အစည်း ပုံပန်းချီကားချပ်တွေ သောင်းပြောင်းထွေလာ ရော မွှေထားတဲ့ ဝါဒဖြစ်လာတယ်။ ပိုပြီး လွယ်လွယ်မွှေလေ ပါဝင်ရာ အစိတ်အပိုင်း တခုချင်းစီရဲ့ ချွန်မြမြ အတက် တွေကို ငြင်းခုန်မှု ရေစီးကြောင်းထဲ ပိုပြီး ပွတ်ဆွဲသွားလေ၊ မြစ်ကျဉ်းလေးထဲက ကျောက်ခဲလေးတွေလို။
သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ ဖြစ်ဖို့ ပထမဆုံးလုပ်ရမှာက စစ်မှန်သော အခြေခံပေါ် တည်ဆောက်ဖို့ပဲ။
II
ဒိုင်ယာလက်တစ်
၁၈ရာစု ပြင်သစ် အတွေးအခေါ်နဲ့ ခေတ်ပြိုင်/ ဒီနောက် ဂျာမန် အတွေးအခေါ်အသစ် ပေါ်ထွန်းလာတယ်၊ ဟေ ဂယ်(လ်) လက်ထက်မှာ အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တယ်။
ဟေဂယ်(လ်) အတွေးအခေါ်ရဲ့ အကြီးမားဆုံး အကျိုးပြုချက်က ဒိုင်ယာလက်တစ်ကို အမြင့်ဆုံး အတွေးအခေါ် ပုံစံအဖြစ် တကျော့ပြန် အသက်သွင်းလိုက်ခြင်းပဲ။ ရှေးခေတ် ဂရိ တွေးခေါ်ရှင်အားလုံးက သဘာဝတ္ထ ဒိုင်ယာ လက်တစ် သမားတွေအဖြစ် မွေးဖွားလာသူတွေ။ သူတို့ထဲမှာ စွယ်စုံရတွေးခေါ်ရှင်ကြီးက အဲရစ်(စ်)တတယ်ပဲ။ ဒိုင် ယာလက်တစ် အတွေးအခေါ်ရဲ့ အရေးအကြီးဆုံး ပုံစံတွေကို ဆန်းစစ်ခဲ့သူလည်း ဖြစ်တယ်။ ဒီနောက် ပေါ်ထွန်း လာတဲ့ အတွေးအခေါ်အသစ်တွေမှာ ဒိုင်ယာလက်တစ်ကို ပိုင်ပိုင်နိုင်နိုင် ဆွဲကိုင်ထားတဲ့ အပိုင်းတွေ ရှိသေးပေမယ့် (ဥပမာ - ဒေးကား နဲ့ စပိုင်နိုဇာ)၊ အင်္ဂလိပ် အတွေးအခေါ်ဂိုဏ်းရဲ့ သြဇာကနေတဆင့် တစထက်တစ မက်တာဖစ် ဇစ်ကယ် အတွေးအခေါ်ဘက်ကို ပိုအမြစ်တွယ်လာတယ်။ ၁၈ရာစုပြင်သစ် အတွေးအခေါ်ရှင်တွေရဲ့ အဓိက လက် ရာတွေမှာလည်း မက်တာဖစ်ဇစ်ကယ် တွေးခေါ်နည်းကပဲ သြဇာလွှမ်းထားတယ်။ အတွေးအခေါ် ပညာရပ်ကို ကျဉ်းကျဉ်းမြောင်းမြောင်း အနက်နဲ့ ဖွင့်ဆိုမယ်ဆိုရင်၊ ဒီနယ်ပယ်ပြင်ပမှာ ဒိုင်ယာလက်တစ် သဘောတရားကို ဆရာတဆူ ဖော်ထုတ်တင်ပြထားတွေ ပြင်သစ်မှာ ရှိခဲ့တယ်။ Diderot ရေးတဲ့ Le Neveu de Rameau (အင်္ဂလိပ် ဘာသာပြန် Rameau’s Nephew) နဲ့ Rousseau ရေးတဲ့ Discours sur l’origine et les fondements de l’inégalité parmi less hommes [အင်္ဂလိပ်ဘာသာပြန် Discourse on the Origin and Basis of Inequality Among Men] နှစ်အုပ်ကို နမူနာပေးရင် လုံလောက်ပါတယ်။ ဒီနေရာမှာ ဒိုင်ယာလက်တစ် တွေးခေါ်နည်းနဲ့ မက်တာဖစ်ဇစ်ကယ် တွေးခေါ်နည်း နှစ်ခုရဲ့ အဓိက ဝိသေသကိုပဲ အကျဉ်းလောက် တင်ပြသွားပါမယ်။
သဘာဝလောကကို ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ (ဒါမှမဟုတ်) လူသားသမိုင်းကို ပြန်လည်စဉ်းစားကြည့်တဲ့ အခါ (ဒါမှမဟုတ်) လူသားရဲ့ အတွေးအခေါ်ကို သုံးသပ်ကြည့်တဲ့အခါ၊ ပထမဆုံး ကျနော်တို့ မြင်တွေ့ရတာက ဆက်နွှယ်မှုတွေ၊ ပြန်လည် သက်ရောက်ချက်တွေ၊ ပေါင်းစပ်ခြင်းတွေနဲ့ permutation တွေ အဆုံးမရှိ ယှက်နွှယ် နေသော ပန်းချီကားချပ်။ ဒီယှက်နွှယ်မှုတွေထဲမှာ ဘယ်အရာမှ တည်မြဲနေခြင်း မရှိဘူး၊ သူနဂို ရှိခဲ့တဲ့နေရာမှာ ဆက်ရှိမနေဘူး။ အရာခပ်သိမ်းက ရွေ့လျားနေတယ်၊ ပြောင်းလဲနေတယ်၊ ဖြစ်တည်လာပြီးရင် လွင့်မျော ပျောက် ကွယ်သွားတယ်။ ဒါ့ကြောင့် ကနဦးမှာ ဒီကားချပ်ကြီးကို တခုလုံးသဘော ခြုံကြည့်ကြတယ်၊ ဒီထဲမှာ ပါဝင်ဖွဲ့စည်း ထားတဲ့ အစိတ်အပိုင်း တခုချင်းစီကို နောက်တန်းပို့ထားတယ်။ ရွေ့လျားမှုတွေ၊ ပြောင်းလဲမှုတွေ၊ ဆက်နွှယ်မှုတွေ ကိုပဲ ကျနော်တို့ ဦးစားပေးကြည့်တယ်၊ ကနဦးအဆင့်မှာ ရွေ့လျားတဲ့၊ ပြောင်းလဲတဲ့၊ ဆက်နွှယ်နေတဲ့ အရာတွေကို နောက်တန်းပို့ထားတယ်။ ကမ္ဘာလောကကို ဒီလို ကနဦး ရှုမြင်ပုံဟာ မပြည့်စုံသေးပေမယ့် မှန်ကန်တဲ့ အမြင်တရပ် ဖြစ်တယ်၊ ရှေးခေတ် ဂရိ အတွေးအခေါ်က ကမ္ဘာလောကကို ဒီလိုပဲ ရှုမြင်ခဲ့တယ်၊ ဒီ လောကအမြင်ကို ကြည်ကြည် လင်လင် ပထမဆုံး ဖော်ထုတ်ခဲ့သူက Heraclitus၊ တစုံတရာဟာ တစုံတရာ ဖြစ်နေသလို ဖြစ်လည်း ဖြစ်မနေဘူး၊ အရာအားလုံးက အမြဲ ရွေ့လျား စီးဆင်းနေလို့ပဲ၊ အမြဲပြောင်းလဲနေလို့ပဲ၊ အရာရာတိုင်းက ဖြစ်တည်လာပြီးရင် ဆုံး ပါးသွားရလို့ပဲ။
ဒီယူဆချက်ဟာ ကမ္ဘာလောကကို တခုလုံးသဘော ခြုံငုံဖော်ထုတ်ရာမှာ ဘယ်လိုပင် မှန်ကန်နေဦးတော့၊ ဒီအ ထဲမှာ ပါဝင်ဖွဲ့စည်းထားတဲ့ အစိတ်အပိုင်းတွေကို အသေးစိတ် ရှင်းပြနိုင်ခြင်း မရှိသေးဘူး။ ပါဝင်ရာ အစိတ်အပိုင်း တွေကို အသေးစိတ် နားမလည်သေးရင် တခုလုံးသဘောကိုလည်း ငါတို့ ရှင်းရှင်းလင်းလင်း သိဦးမှာမဟုတ်ဘူး။ ဒီလို အသေးစိတ် နားလည်ဖို့၊ ပါဝင်ရာ အစိတ်အပိုင်းတွေကို သဘာဝအတိုင်း ကြောင်းကျိုး ဆက်နွှယ်မှုတွေကနေ ခွာကြည့်ရမယ်။ ဒီလို စူးစမ်းတဲ့ အလုပ်တွေကို သဘာဝသိပ္ပံနဲ့ သမိုင်းရေးသိပ္ပံက အလေးထား လုပ်ကိုင်တယ်။ စံ တော်ဝင်ခေတ် ဂရိတွေအဖို့ ဒီသိပ္ပံပညာရပ်တွေကို စူးစိုက်လုပ်နိုင်လောက်အောင် လေ့လာစရာ ပစ္စည်းတွေ မစု ဆောင်းနိုင်သေးဘူး၊ ဒီတော့ ဒီသိပ္ပံပညာရပ်တွေကို လက်အောက်ခံ နေရာပို့ထားခဲ့ကြတယ်။ သဘာဝတ္ထ ပစ္စည်း တွေ၊ သမိုင်းရေး ပစ္စည်းတွေ ကြိုတင်စုဆောင်းပြီးမှ ဝေဖန်ဆန်းစစ် သုံးသပ်တာ၊ နှိုင်းယှဉ် လေ့လာတာ၊ မျိုးတူစု ပြုတာ၊ အစီအစဉ်တကျ နေရာချတာ၊ မျိုးစိတ်ခွဲ သတ်မှတ်တာတွေ လုပ်လို့ရမယ်။ ဒီလို စနစ်တကျ လေ့လာတဲ့ သ ဘာဝ သိပ္ပံပညာရဲ့ အခြေခံအုတ်မြစ်တွေကို အလက်ဇန်းဒရီးယန်း ခေတ် ဂရိတွေက ပထမဆုံး ချမှတ်သွားခဲ့တယ်၊ ဒီနောက် အလယ်ခေတ်မှာ အာရပ်တွေက အခြေခိုင်အောင် ထပ်မံ ဖြည့်ဆည်းခဲ့ကြတယ်။ သဘာဝ သိပ္ပံ စစ်စစ် မှန်မှန် ပေါ်ထွန်းလာတာ ၁၅ ရာစု ဒုတိယပိုင်းမှ။ ဒီနောက် တဟုန်ထိုး တိုးတက်လာတော့တယ်။ သဘာဝ လော ကရဲ့ ပါဝင်ရာ အစိတ်အပိုင်းတွေကို ခွဲခြမ်းသုံးသပ်ခြင်း၊ အမျိုးမျိုးသော သဘာဝလောက ဖြစ်စဉ်တွေ၊ ပစ္စည်းတွေ ကို တိကျတဲ့ အတန်းအစားတွေအဖြစ် အုပ်စုဖွဲ့ခြင်း၊ ပုံသဏ္ဍာန်မျိုးစုံရှိနေတဲ့ သက်ရှိကိုယ်ထည်တွေရဲ့ အတွင်းပိုင်း ခန္ဓာဗေဒကို လေ့လာခြင်း… ဒါတွေဟာ လွန်ခဲ့တဲ့ နှစ်လေးရာ အတွင်း သဘာဝလောကနဲ့ ပတ်သက်လို့ ကျနော် တို့ရဲ့ အသိပညာတွေ တဟုန်ထိုး တိုးတက်လာစေတဲ့ အခြေခံ အချက်တွေပဲ။ ဒါပေမယ့် ဒီလိုလေ့လာတဲ့ နည်းက နေ ကျနော်တို့ အမွေဆက်ခံရရှိခဲ့တယ်၊ သဘာဝတ္ထ ဖြစ်စဉ်တွေနဲ့ ပစ္စည်းတွေကို တခုလုံး (the whole) ကနေ သီး ခြားစီခွဲကြည့်တဲ့ အလေ့အကျင့်၊ ဒီဖြစ်စဉ်တွေကို ရွေ့လျားနေစဉ် ရှုကြည့်လေ့လာတာမျိုး မဟုတ်ဘဲ ငြိမ်သက်နေ ချိန် ရှုကြည့်လေ့လာတဲ့ အကျင့်၊ သဘာဝတ္ထဖြစ်စဉ်တွေကို ပြောင်းလဲနေတဲ့ အရာတွေ (variables) အဖြစ် သဘော မထားဘဲ ကိန်းသေသဘော (constraints) လေ့လာတဲ့ အကျင့်၊ သက်ဝင်လှုပ်ရှားနေစဉ် မဟုတ်ဘဲ အသက်မဲ့နေ စဉ် လေ့လာတဲ့ အကျင့်တွေကို အမွေရလိုက်တယ်။ ဒီလို ရှုကြည့်လေ့လာတဲ့နည်းကို ဘေခန်နဲ့ လော့(ခ်)တို့က သဘာဝသိပ္ပံ နယ်ပယ်ကနေ အတွေးအခေါ် ပညာရပ်နယ်ပယ်ဆီ လက်လွှဲပေးလိုက်တဲ့အခါ ပြီးခဲ့တဲ့ ရာစုနှစ်အဖို့ ကျဉ်းမြောင်းလှသော မက်တာဖစ် ဆစ်ကယ် တွေးနည်းရဲ့ သြဇာအောက် ရောက်လာခဲ့ရတယ်။
မက်တာဖစ်ဆစ်ကယ် သမားတွေအဖို့ ရုပ်ဝတ္ထုတွေနဲ့ ယင်းတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန် ရိုက်ခတ်ချက်တွေဟာ သီးခြားစီဖြစ်နေတယ်၊ တခုပြီးမှ နောက်တခု စဉ်းစားသလို တခုနဲ့တခုကိုလည်း ခွဲထုတ် ကြည့်မြင်တယ်၊ ဒီအရာ တွေကို ပုံသေသဘော ရှုကြည့်လေ့လာတယ်၊ အစဉ်ပြောင်းလဲနေတဲ့ သဘောမကြည့်ဘဲ တခါဖြစ်ပြီးရင် အမြဲ ဒီလို ဖြစ်တည်နေမယ့် သဘော ရှုမြင်တယ်။ သဘာဝတ္ထ ဖြစ်စဉ်တွေ၊ အရာဝတ္ထုတွေကြားက ပဋိပက္ခကို အကြွင်းမဲ့ သ ဘောလို့ ယူဆကြတယ်။ “သူ့အမြင်မှာ အရာအားလုံးကို ‘အဖြူမဟုတ်ရင် အမည်း’ အနေနဲ့ပဲ ကြည့်တယ်။ ဒီလို အဖြူနဲ့အမည်း မဟုတ်တဲ့ အရာရာတိုင်းဟာ မလိုလားအပ်တဲ့ နာနာဘာဝ ဖြစ်သွားတယ်”။ သူ့အဖို့၊ တစုံတရာ ဟာ တည်ရှိနေတယ် (မဟုတ်ရင်) တည်ရှိမနေဘူး၊ တချိန်တည်းမှာပဲ ဖြစ်တည်နေသလို ဖြစ်တည်မနေဘူး ဆိုတာ (မက်တာဖစ်ဆစ်ကယ် သမားအဖို့) မရှိနိုင်ဘူး။ (မက်တာဖစ်ဆစ်ကယ် သမားအဖို့) အဖိုသဘောနဲ့ အမ သဘော ဆိုတာ တခုနဲ့တခု ပကတိသဘော ငြင်းဖယ်နေကြတယ်၊ အကြောင်းတရားနဲ့ အကျိုးတရားဟာလည်း အမြဲ တသ မတ်တည်း ပဋိပက္ခဖြစ်နေတယ်၊ တစုံတရာဟာ အကြောင်းတရားဖြစ်နေရင် အမြဲ အကြောင်းတရား ဖြစ်နေသလို အကျိုးတရား ဖြစ်နေတဲ့ အရာကလည်း ဘယ်တော့မဆို အကျိုးတရားပဲ ဖြစ်နေတယ်။
မြင်မြင်ချင်းမှာတော့၊ ဒီလို တွေးနည်းဟာ အထင်ကြီးစရာပဲ၊ ခိုင်မာလှတဲ့ သမားရိုးကျ အမြင်ဆိုတာ ဒီလို တွေး ခေါ်နည်း ဖြစ်နေလို့ပဲ။ ကျင်လည်နေကျ နံရံလေးဖက် ကမ္ဘာလေးထဲမှာတော့ ခိုင်မာလှတဲ့ သမားရိုးကျ အမြင်ပဲ ရှိတဲ့သူဟာ လေးစားစရာ လူသားဖြစ်နေတယ်၊ အင်မတန် ထူးခြားဆန်းပြားလှတဲ့ စွန့်စားမှုတွေလည်း ရှိထား တယ်၊ ဒီတော့ ကျယ်ပြောလှတဲ့ ကမ္ဘာလောကကို စူးစမ်းလေ့လာဖို့ အရဲစွန့်ထွက်လာတယ်။ မက်တာဖစ်ဆစ် ကယ် တွေးခေါ်နည်းဟာ နယ်ပယ် တော်တော်များများမှာ လိုအပ်သလို သုံးဖို့လည်း ကြောင်းကျိုးခိုင်လုံပါတယ်။ ဘယ်အတိုင်းအတာအထိ ဒီနည်းကို သုံးလို့ရသလဲ ဆိုတာကတော့ စူးစမ်းလေ့လာသော အရာဝတ္ထုရဲ့ သဘော သဘာဝအပေါ် မူတည်ပြီး ပြောင်းလဲနေတယ်။ ဒါပေမယ့် ဒီတွေးခေါ်နည်းကို သုံးလို့ရနိုင်တဲ့ နယ်နိမိတ်စွန်းကို ရောက်သွားမယ်။ ဒီနယ်နိမိတ်ကို ကျော်သွားရင်တော့ ဒီတွေးခေါ်နည်းဟာ တဖက်သတ်ဆန်သွားမယ်၊ အကန့် အသတ်ရှိသွားမယ်၊ စိတ္တဇဆန်သွားမယ်၊ ရှင်းမရနိုင်တဲ့ ပဋိပက္ခတွေကြား လမ်းပျောက်သွားမယ်။ ပါဝင်ရာ အစိတ် အပိုင်း တခုချင်းစီကို အပြင်းအထန် ဆန်းစစ်နေရင်း သူတို့ကြားက ဆက်နွှယ်ချက်ကို မေ့မိလျက်သား ဖြစ်သွား တယ်၊ ဖြစ်တည်မှုရဲ့ အစနဲ့ အဆုံးကို မေ့သွားတယ်၊ သဘာဝ ဖြစ်စဉ်တွေကို အငြိမ်ထားလေ့လာရင်း ရွေ့လျား ခြင်းသဘောကို မေ့သွားတယ်။ သစ်ပင်တပင်ချင်းစီကိုသာ မြင်ပြီး တောအုပ်တခုလုံးကို သတိမမူမိတော့။
နေ့တဓူဝ ဘဝမှာတော့ ကျနော်တို့ ရေရေရာရာ သိကြတယ်၊ ပြောနိုင်ကြတယ်၊ ဥပမာ - တိရစ္ဆာန်တကောင် သေ နေသလား၊ ရှင်နေသလား။ ဒါပေမယ့် အနီးကပ် စူးစပ်ကြည့်မယ်ဆိုရင်၊ သေသလား ရှင်နေသလား ဆိုတဲ့ ကိစ္စဟာ အတော် ရှုပ်ထွေးတဲ့ ပြသနာ၊ ဂျူရီလူကြီးတွေ ဒီကိစ္စကို ကောင်းကောင်း သိပါတယ်။ မအေ့ဗိုက်ထဲက ကလေးကို ဖျက်ချမိရင် ဘယ်နှပတ်ကျော်ရင်တော့ လူသတ်မှု မြောက်တယ်ဆိုပြီး ယထာဘူတကျတဲ့ နယ်နိမိတ်တခုကို ဖော် ထုတ်ဖို့ ဂျူရီလူကြီးမင်းတွေ ခေါင်းကုတ်ဖင်ကုတ်နဲ့ အချည်းနှီး ကြိုးစားကြရှာတယ်။ ဇီဝကမ္မဗေဒက သက်သေပြ ထားတယ်၊ သေဆုံးခြင်းဆိုတာ ချက်ချင်းလက်ငင်း ထဖြစ်တဲ့ ဖြစ်ရပ်တခု မဟုတ်ဘူး၊ အင်မတန် ရှည်ကြာသော ဖြစ်စဉ်တခုသာ ဖြစ်တယ်။ ဒီတော့ သေဆုံးတဲ့အချိန်ကို ယတိပြတ် ဆုံးဖြတ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
သက်ရှိတိုင်း သက်ရှိတိုင်းဟာ တခဏငယ်အတွင်းမှာ အတူတူ ဖြစ်နေသလို တူလည်းမတူဘူး။ အခိုက်အတန့် တိုင်းမှာ ပြင်ပကနေ ရုပ်ဝတ္ထုတွေ စားသုံးလိုက်တယ်၊ အဲဒီအခိုက်အတန့်မှာပဲ ခန္ဓာကိုယ်ထဲကနေ တခြားသော ရုပ် ပစ္စည်းတွေကို ရှင်းထုတ်ပစ်လိုက်တယ်။ ခဏငယ်တိုင်းမှာ ခန္ဓာကိုယ်တွင်းက ဆဲ(လ်)တချို့ သေဆုံးသွားတယ်၊ တချိန်တည်းမှာပဲ တခြားဆဲ(လ်)အသစ်တွေ တည်ဆောက်နေတယ်။ ဒီတော့ ခဏငယ်အတွင်းမှာပဲ သက်ရှိ ခန္ဓာ ရုပ်ဟာ လုံးဝ အသစ် ပြန်ဖြစ်သွားတယ်၊ တခြား ရုပ်မော်လီကျူးတွေနဲ့ အစားထိုးနေတယ်၊ ဒါ့ကြောင့် သက်ရှိ ရုပ် တခုစီဟာ တချိန်တည်းမှာ ယင်းသက်ရှိရုပ်ပဲ ဖြစ်နေသလို တခြားတခုလည်း ဖြစ်နေပြန်တယ်။
ဒါ့အပြင်၊ ဒီထက် ပိုပြီး အသေးစိတ် စူးစပ်ကြည့်တဲ့အခါ ပဋိပက္ခတခုရဲ့ ဆန့်ကျင်ဖက် ဝင်ရိုးစွန်း နှစ်ခု (ဥပမာ ဖို နဲ့ မ ဆိုပါစို့) ဟာ ဆန့်ကျင်ဖက် ဖြစ်နေရုံသာမက ခွဲထုတ်လို့လည်း မရစကောင်းဘူး (ဖို သဘောမရှိရင် မ သဘော လည်း မရှိနိုင်)၊ သူတို့ချင်း ဆန့်ကျင်ဖက် ဖြစ်နေပေမယ့် တခုကိုတခုကို အပြန်အလှန် ထွေးရောယှက်တင် ပြုနေရ တယ်။ ဒါ့အပြင်၊ အကြောင်းတရားနဲ့ အကျိုးတရားမှာလည်း ဒီသဘောတရားကို တွေ့ရတယ်၊ သီးခြား ဖြစ်ရပ် တခုချင်းစီမှာ (A) က အကြောင်းတရား ဖြစ်နေပြီး (B) က အကျိုးတရား ဖြစ်နေလိမ့်မယ်၊ ဒီလို ကြောင်းကျိုး ဆက်နွှယ်မှု ယူဆချက်ဟာလည်း အသုံးတည့်လိမ့်မယ်။ ဒါပေမယ့် သီခြား ဖြစ်ရပ်တွေကို တခုလုံးအနေနဲ့ ယေဘု ယျ ချိတ်ဆက် စဉ်းစားလိုက်တဲ့အခါ အကြောင်းတရားက အကျိုးတရား ဖြစ်သွားတယ်၊ အကျိုးတရားက အ ကြောင်းတရား ဖြစ်သွားတယ်။ ယူနီဗာဆယ် ပြုမူခြင်းနဲ့ တုံ့ပြန်ခြင်းအတွင်းမှာ အကြောင်းတရားတွေနဲ့ အကျိုး တရား ဖြစ်ရပ်တွေက အမြဲနေရာ ပြောင်းနေတယ်လို့ စဉ်းစားလိုက်ရင် ‘ဒီဟာက အကြောင်း၊ အဲဒါက အကျိုး’ လို့ ယတိပြတ် ထင်မှတ်ထားချက်ဟာ ရှုပ်ထွေးသွားတော့တယ်။ ဒီနေရာမှာ အကျိုးသက်ရောက်ချက် ဖြစ်နေတဲ့ အရာ က ဟိုနေရာကျပြန်တော့ အကြောင်းတရား ဖြစ်သွားလိမ့်မယ်၊ အလားတူပဲ၊ အခု အကြောင်းတရား ဖြစ်နေတဲ့ အရာက ဟိုနေရာကျပြန်တော့ အကျိုးတရားဖြစ်သွားလိမ့်မယ်။
မက်တာဖစ်ဆစ်ကယ် နည်းအတိုင်း တွေးခေါ်တဲ့ ဘောင်ထဲမှာ ဒီဖြစ်စဉ်တွေ၊ တွေးခေါ်ပုံတွေ မရှိဘူး။ ဒိုင်ယာ လက်တစ် နည်းကတော့ ရုပ်ဝတ္ထုတွေနဲ့ ယင်းရုပ်တွေရဲ့ ကိုယ်စားပြု ထင်ဟပ်ချက် အယူအဆတွေကို အချင်းချင်း ကြား ဆက်နွှယ်ချက်တွေ၊ ချိတ်ဆက်မှု အစဉ်တွေ၊ ရွေ့လျားစီးဆင်းမှုတွေ၊ အစနဲ့ အဆုံး သဘောတွေ အတိုင်း သိ မြင်နားလည်တယ်။ အခု အပေါ်မှာ တင်ပြခဲ့သလိုမျိုး အလားတူ ဖြစ်စဉ်တွေဟာ ဒိုင်ယာလက်တစ် တွေးခေါ်နည်း ကိုယ်တိုင်ရဲ့ မှန်ကန်ကြောင်း သက်သေသာဓကတွေပဲ။
သဘာဝတရားက ဒိုင်ယာလက်တစ်ရဲ့ အခိုင်အမာ သက်သေပဲ၊ ခေတ်သစ် သိပ္ပံပညာရပ်က ဒီအခိုင်အမာ သက်သေ ကို အထောက်အထား ရုပ်ပစ္စည်းတွေ နေ့စဉ် တိုးပွားပြီးရင်း တိုးပွားလာစေတယ်။ အဆုံးမှာတော့ သဘာဝ လော ကကြီးက ဒိုင်ယာလက်တစ်ကျကျ အလုပ်လုပ်နေခြင်း ဖြစ်တယ်၊ မက်တာဖစ်ဆစ်ကယ် နည်းအရ အလုပ်လုပ်နေ တာ မဟုတ်ဘူးလို့ ခေတ်သစ် သိပ္ပံပညာက သက်သေထူပေးသွားတယ်။ သဘာဝကြီးက အဖန်ဖန် တလဲလဲ ထပ် ကျော့နေတဲ့ သံသရာစက်ဝန်းလို လည်ပတ်နေတာ မဟုတ်ဘူး၊ သမိုင်းအစဉ်အတိုင်း ဆင့်ကဲ ပြောင်းလဲသွားတယ်။ ဒီလို သဘာဝလောက အလုပ်လုပ်ပုံကို နားလည်တဲ့နေရာမှာ တခြားသူအားလုံးထက် ဒါဝင်ကို ရှေ့ဆုံးက ထားရ လိမ့်မယ်။ ဒါဝင်က (အပင်တွေ၊ တိရစ္ဆာန်တွေနဲ့ လူသားကိုယ်တိုင်အပါအဝင်) သက်ရှိ ရုပ်တွေ အားလုံးဟာ နှစ် သန်းပေါင်းများစွာ ခရီးကို ဖြတ်သန်းလာတဲ့ အီဗလူးရှင်း ဖြစ်စဉ်ရဲ့ အသီးအပွင့်တွေသာ ဖြစ်တယ်လို့ အခိုင်အမာ သက်သေထူသွားတယ်၊ ဒီလိုနည်းနဲ့ သဘာဝလောကအပေါ် မက်တာဖစ်ဆစ်ကယ် နည်းအတိုင်း ရှုမြင်ခြင်းကို ဒါဝင်က အလဲထိုးသွားခဲ့တယ်။ ဒါပေမယ့် ဒိုင်ယာလက်တစ်ကျကျ တွေးခေါ်တတ်တဲ့ သဘာဝတ္ထ ပညာရှင်ဆိုတာ အင်မတန် ရှားပါးလွန်းလှတယ်၊ သူတို့ ကိုင်စွဲထားတဲ့ တွေးခေါ်နည်းတွေနဲ့ လေ့လာတွေ့ရှိချက်တွေ ပဋိပက္ခ ဖြစ် နေခြင်းကို ကြည့်ပြီး သဘာဝသိပ္ပံ ပညာရပ်နယ်ပယ်မှာ အတွေးအခေါ် ရှုပ်ထွေးမှု ဘယ်လောက်တောင် ကြီးမား နေလဲ နားလည်နိုင်တယ်။ သဘာဝသိပ္ပံနယ်ပယ်က ဆရာတွေသာမက လေ့လာသူတွေရဲ့ စိတ်ပျက်ညည်းညူသံ၊ ကျမ်းပြုသူတွေနဲ့ စာဖတ်သူတို့ရဲ့ စိတ်ပျက်သံတွေဟာ ဒီပဋိပက္ခကို ထင်ဟပ်နေခြင်း ဖြစ်တယ်။
စကြာဝဠာကြီးကို တိတိကျကျ ထင်ဟပ်ဖော်ပြနိုင်ခြင်း၊ ယင်းစကြာဝဠာရဲ့ အီဗလူးရှင်းဖြစ်စဉ်ကို ရေရေရာရာ နားလည်နိုင်ခြင်း၊ လူသားရဲ့ ဖွံ့ဖြိုးမှုသမိုင်း အစဉ်ကို မှန်မှန်ကန်ကန် ဖော်ထုတ်တင်ပြခြင်း၊ ဒီအီဗလူးရှင်း ဖြစ်စဉ် က လူသားရဲ့ စိတ်မှာ ရောင်ပြန်ဟပ်လာခြင်း … ဒါတွေကို ဒိုင်ယာလက်တစ် နည်းကို အသုံးပြုမှသာ လုပ်နိုင်လိမ့် မယ်၊ ရှင်သန်ခြင်း နဲ့ သေဆုံးခြင်းတို့ရဲ့ မရေမတွက်နိုင်သော သက်ရောက်မှုတွေနဲ့ တန်ပြန် သက်ရောက်မှုတွေ၊ တိုး တက်သော ပြောင်းလဲမှုတွေ (ဝါ)နောက်ပြန်ခေါက်တဲ့ ပြောင်းလဲမှုတွေရဲ့ သက်ရောက်မှုနဲ့ တန်ပြန် ရိုက်ခတ်ချက် တွေကို ဒိုင်ယာလက်တစ် နည်းအရ မပြတ် အလေးထားနေမှ အဆိုပါ ဖြစ်စဉ်တွေကို ဖော်ထုတ်နိုင်မယ်။ ဂျာမန် အတွေးအခေါ်အသစ်က အနှစ်သာရအားဖြင့် ဒီလို အလုပ်လုပ်ခဲ့တယ်။ နျူတန်ရဲ့ ဆိုလာ စနစ် က တည်မြဲနေတဲ့ သဘောဆောင်တယ်၊ ကနဦး စေ့ဆော်အားကြောင့် အခြေကျပြီးတာနဲ့ အဆုံးမရှိ တည်တံ့သွားတဲ့ စနစ်မျိုး ဖြစ် တယ်။ ကန့်က ဆိုလာ စနစ်ဟာ သမိုင်းဖြစ်စဉ်ရဲ့ ရလဒ် ဖြစ်တယ်လို့ တင်ပြခဲ့ရတယ်၊ လှည့်လည်နေသော nebular အစုထဲကနေမှ နေ နဲ့ ဂြိုဟ်တွေ ထွက်ပေါ်လာခြင်း ဖြစ်တယ်လို့ ကန့် က ရှင်းပြခဲ့ တယ်။ ဒီလို ဆိုလာ စနစ်ရဲ့ မူလ အစကို ရှင်းလင်းတင်ပြရင်း နောင်အနာဂတ်မှာ ဒီစနစ်ရဲ့ အဆုံးသတ်ဟာလည်း မလွဲမသွေ ဆိုက်ရောက်သွားမယ် လို့ ကန့်က ကောက်ချက်ဆွဲခဲ့တယ်။ ကန့်ရဲ့ သီအိုရီကို နောင်ရာစုနှစ်ဝက် အကြာမှာ လာပလေ့(စ်) က သင်္ချာနည်း နဲ့ သက်သေထူပြခဲ့တယ်။ ဒီနောက် ရာစုနှစ်ဝက်အကြာမှာ စပက်ထရိုစကုပ် ပေါ်လာတယ်။ အာကာသထဲမှာ အ ရှိန်တညီးညီး ဖြစ်နေသော ဓာတ်ငွေ့အစုကို သိပ်သည်းဆ အမျိုးမျိုးနဲ့ တည်ရှိနေကြောင်း လက်တွေ့ သက်သေပြ နိုင်ခဲ့တယ်။
ဒီဂျာမန်အတွေးအခေါ် အသစ်က ဟေဂယ်လီယန်း စနစ်မှာ အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့တယ်။ သဘာဝတ္ထ၊ သ မိုင်းဆိုင်ရာ၊ အသိပညာဆိုင်ရာ လောကတခုလုံးကို ဖြစ်စဉ်တခုအဖြစ် ပထမဆုံး ဖော်ထုတ်ခဲ့တယ်၊ ဒါဟာ ဟေ ဂယ်လီယန်း စနစ်ရဲ့ ကြီးမားသော အကျိုးပြုချက် ဖြစ်တယ်။ သဘောက လောကတခုလုံးဟာ အမြဲမပြတ် ရွေ့ လျားစီးဆင်းနေတယ်၊ ပြောင်းလဲနေတယ်၊ ကူးပြောင်း တိုးတက်သွားတယ်။ ဒီလို စဉ်ဆက်မပြတ် ရွေ့လျား ပြောင်း လဲခြင်း နဲ့ တိုးတက်ခြင်း ဖြစ်စဉ်ကြီးကို မောင်းနှင်နေသော အတွင်းသား ဆက်နွှယ်ချိတ်ဆက်မှုကို ခြေရာ ကောက် ဖို့ ကြိုးစားခဲ့တယ်။ ဒီလို ရှုမြင်လိုက်ရင်၊ လူသားသမိုင်းဆိုတာ အဓိပ္ပါယ်မရှိ အကြမ်းဖက် လုပ်ရပ်တွေ ပြည့်လျှမ်း နေတဲ့ ဝဲကတော့တခု မဟုတ်တော့ဘူး၊ သမိုင်းဆိုတာ အဓိပ္ပါယ်မဲ့ အကြမ်းဖက် လုပ်ရပ်တွေ ဝဲလည် နေခြင်းလို့ ရှု မြင်ခဲ့ချိန်တုန်းက ဒီလုပ်ရပ်တွေကို အတွေးအခေါ် ပညာရဲ့ ဆင်ခြင်တုံတရား ခုံရုံးမှာ တန်းတူရည်တူ စီရင်ချက်ချ ရမယ်၊ မြန်မြန် မေ့ပျောက်လေ ကောင်းလေလို့ ယူဆခဲ့ကြတယ်။ ဒါပေမယ့် အခု ဒီလို မဟုတ်တော့ဘူး၊ သမိုင်းဆို တာ လူသားတွေရဲ့ အီဗလူးရှင်း ဖြစ်စဉ်ပဲလို့ မြင်လာတယ်။ အကွေ့အကောက်၊ အတက်အကျ လမ်းမျိုးစုံနဲ့ ဖြတ် သန်းသွားသော သမိုင်းဖြစ်စဉ် တရွေ့ရွေ့ ချီတက်လာခြင်းကို ခြေရာခံ လေ့လာဖို့ဟာ အသိပညာရဲ့ အလုပ်ဖြစ် သွားပြီ၊ ဒီသမိုင်း ဖြစ်စဉ်အတွင်း မတော်တဆလို့ ထင်စရာ ဖြစ်ရပ်တွေကို ယက်ဖောက်ထားတဲ့ အတွင်းသား နိယာ မကို ခြေရာခံ ဖော်ထုတ်ရမယ်။
ဟေဂယ်လီယန်း စနစ်က သူဖော်ထုတ်ခဲ့တဲ့ ပြဿနာကို မဖြေရှင်းနိုင်ခဲ့ပေမယ့် ဒီနေရာမှာ အရေးမကြီးဘူး။ ဒီပြ ဿနာကို အခုလို ဖော်ထုတ်နိုင်ခဲ့တာကပဲ ခေတ်ကို ထုဆစ်နိုင်သည်အထိ ကျေးဇူးကြီးခဲ့တယ်။ ဘယ်သူ တဦးတ ယောက်မှ မဖြေရှင်းနိုင်မယ့် ပြသနာမျိုး ဖြစ်နေတယ်။ (စန့်ဆီမွန်းလိုပဲ) ဟေဂယ်(လ်)လည်း သူ့ခေတ်မှာတော့ စွယ် စုံရ မဟာပညာရှင်ကြီးပဲ။ ဒါပေမယ့် သူလည်း အကန့်အသတ် ရှိခဲ့တယ်၊ ပထမအကြောင်းက သူ ကိုယ်တိုင်ရဲ့ အသိ ပညာ အကန့်အသတ်ကြောင့်။ ဒုတိယတချက်က သူ့ခေတ် အယူအဆတွေနဲ့ အသိပညာတွေရဲ့ အတိမ်အနက် အ ကန့်အသတ်ကြောင့်။ ဒီနှစ်ချက်အပြင် တတိယ တချက်ကိုလည်း ထပ်ဖြည့်ရမယ်။ ဟေဂယ်(လ်)က စိတ်ဝါဒီတဦး ဖြစ်တယ်။
ဟေဂယ်(လ်)အဖို့ ဦးနှောက်ထဲက အတွေးအခေါ်တွေဟာ တကယ်ရှိနေသော ရုပ်ပစ္စည်းတွေနဲ့ ဖြစ်စဉ်တွေကို ထင် ဟပ်ထားသော စိတ်ကြေးမုံပြင်က ပုံရိပ်တွေ မဟုတ်ဘူး။ ဒါနဲ့ပြောင်းပြန်၊ ပြင်ပမှာ ရှိနေသော အရာဝတ္ထုတွေနဲ့ ယင်းရုပ်တွေရဲ့ အီဗလူးရှင်းတို့ကသာ “Idea” ကို အကောင်အထည် ဖော်ထားသော ပုံရိပ်တွေ ဖြစ်နေတယ်။ ဟေ ဂယ်(လ်) ပြောတဲ့ “Idea” က ကမ္ဘာလောကဆိုတာ မရှိခင်ကတည်းက တနေရာရာမှာ ထာဝရ တည်ရှိနေခဲ့တာ။ ဒီလို အတွေးအခေါ်မျိုးဟာ အရာခပ်သိမ်းကို ဇော်ထိုးမိုးမျှော် လှန်ပစ်တယ်၊ ကမ္ဘာလောကထဲက ရုပ်ဝတ္ထုတွေရဲ့ အမှန်တကယ် ဆက်နွှယ်ချက်ကို ပြောင်းပြန်လှန်ပစ်တယ်။ ဟေဂယ်(လ်) က အကြောင်းအရာ တော်တော်များ များကို မှန်မှန်ကန်ကန် ဖမ်းဆုပ်နိုင်ခဲ့တယ်၊ အင်မတန် ဉာဏ်ပညာ ကြီးမားလှသူ ဖြစ်တယ်၊ ဒါပမေယ့်လည်း အခု တင်ပြခဲ့တဲ့ အကြောင်းတရားတွေ ရှိနေတော့ ဟေဂယ်လီယန်း စနစ်အတွင်း ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့၊ လုပ်ယူ ဖန်တီးထားတဲ့၊ အတင်းသွတ်သွင်းထားတဲ့ အရာတွေ အများကြီး ရှိနေတယ်၊ တလုံးတည်းဆိုရရင် မှားနေတယ်။ ဟေဂယ်လီယန်း စနစ်ဟာ အင်မတန် ကြီးကျယ်ခမ်းနားလှသော သားလျှောမှုတခု ဖြစ်သွားတယ်၊ ဒါပေမယ့် ဒီလို အတွေးအခေါ်စနစ်မျိုးအဖို့ ဒါဟာ အမြင့်ဆုံးအဆင့်ပဲ။
တကယ်တော့ ဟေဂယ်လီယန်း စနစ်ဟာ ကုစားမရနိုင်တဲ့ အတွင်းသား ပဋိပက္ခဒဏ် ခံနေရတယ်။ တဖက်မှာ၊ လူသားသမိုင်းဟာ အီဗလူးရှင်း ဖြစ်စဉ်တခုဖြစ်တယ် ဆိုတဲ့ ယူဆချက်က ဒီစနစ်ရဲ့ အင်မတန် အရေးကြီးသော အ ဆို ဖြစ်နေတယ်။ ဒီလိုယူဆထားတော့ ပကတိ အမှန်တရား ဆိုတဲ့ အရာလိုမျိုး သိမှုဆိုင်ရာ နောက်ဆုံးအဆင့်ကို ရှာမတွေ့နိုင်ဘူး။ တခြားတဖက်မှာကျ၊ ဒီပကတိ အမှန်တရားရဲ့ အနှစ်သာရကို ဇောင်းပေးပြောပြန်တယ်။ အရာ ခပ်သိမ်း အကျုံးဝင်သော၊ ခေတ်ကာလ အားလုံးအတွက် မှန်ကန်သော သဘာဝတ္ထဆိုင်ရာ၊ သမိုင်းဆိုင်ရာ အသိပ ညာစနစ်တခုဆိုတာ ဒိုင်ယာလက်တစ် တွေးခေါ်နည်းရဲ့ အခြေခံနိယာမနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။
ပြင်ပ စကြာဝဠာ လောကကြီးကို စနစ်တကျ သိနားလည်လာခြင်းဟာ တခေတ်ပြီး တခေတ် တဟုန်ထိုး တိုးတက် သွားနိုင်တယ် ဆိုတဲ့ အယူအဆကို ဒိုင်ယာလက်တစ် နိယာမက လုံးဝ မပစ်ပယ်ဘူး။ ဒါနဲ့ ဆန့်ကျင်ဘက်၊ ဒီနိယာ မထဲမှာ အဲဒီအယူအဆကို အခိုင်အမာ တွေ့ရတယ်။
ဂျာမန် စိတ်ဝါဒအတွင်း အခြေခံကျသော ပဋိပက္ခရှိနေမှန်း သိမြင်လာတဲ့အခါ ရုပ်ဝါဒဘက်ကို ပြန်ဦးတည်သွားစေ တယ်။ ဒါပေမယ့် မက်တာဖစ်ဆစ်ကယ် ဖြစ်တဲ့၊ ယန္တယားဆန်လှတဲ့ ၁၈ရာစု ရုပ်ဝါဒမျိုးကို ပြန်လှည့်သွားတာ မ ဟုတ်ဘူး၊ (ဒီအချက်က အရေးကြီးတယ်)။ အဲဒီခေတ်ဟောင်း ရုပ်ဝါဒက အတိတ်သမိုင်း အားလုံးကို ကြောင်းကျိုး ဆင်ခြင်မဲ့မှု၊ အကြမ်းဖက်မှု အစုအဝေးကြီးအဖြစ်ပဲ မြင်ခဲ့တယ်။ ခေတ်သစ် ရုပ်ဝါဒကတော့ အတိတ်သမိုင်းမှာ လူ သားမျိုးနွယ်ရဲ့ အီဗလူးရှင်း ဖြစ်စဉ်ကို မြင်တယ်၊ ဒီသမိုင်းဖြစ်စဉ်ရဲ့ နိယာမတွေကို ရှာဖွေဖော်ထုတ်ဖို့ ကြံရွယ် တယ်။ ၁၈ရာစု ပြင်သစ်တွေးခေါ်ရှင်တွေအဖို့ သဘာဝလောကဟာ ကျဉ်းမြောင်းသော စက်ဝန်းတွေလို ထပ်ကျော့ လည်ပတ်နေတယ်လို့ မြင်ခဲ့တယ် (တဝဲဝဲလည်လည် ထပ်ကျော့နေတဲ့ သဘော။ ဖြစ်စဉ်တခုလို ရှေ့ကို တိုးတက် ပြောင်းလဲသွားတဲ့ သဘောလို့ မမြင်ကြဘူး။ သမိုင်းကို ဖြစ်စဉ်တခုလို မြင်တဲ့ ဟေဂယ်လ်တောင် ဒီလို စက်ဝန်း သဘော အမြင် မကင်းစင်သေးဘူး)။ ဒီလို အဖန်ဖန်တလဲလဲ လည်ပတ်နေတယ်လို့ မြင်ထားတော့ သဘာဝ လော ကကို အမြဲ ဒီအတိုင်းပဲလို့ ယူဆမိကြတယ်၊ နျူတန်ယူဆသလို ထာဝရ တည်မြဲနေသော celestial bodies အယူ အဆမျိုး။ လင်နီးယပ်(စ်) သင်ကြားခဲ့သလို သက်ရှိမျိုးစိတ်တွေက မပြောင်းမလဲ တည်ရှိလာတဲ့ အယူအဆမျိုး။
ခေတ်သစ် ရုပ်ဝါဒက သဘာဝသိပ္ပံရဲ့ နောက်ဆုံး တွေ့ရှိချက်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံတယ်၊ ဒီတွေ့ရှိ ချက်တွေအရ သဘာဝ လောကမှာလည်း အချိန်နဲ့ ပြောင်းလဲနေသော သမိုင်းရှိတယ်။ သက်ရှိ မျိုးစိတ်တွေလိုပဲ celestial bodies မှာလည်း မွေးဖွားပြီးရင် ချုပ်ငြိမ်းသွားရတယ်၊ ရေခံမြေခံ ကောင်းနေတဲ့ အခြေအနေမျိုးမှာ လူ သားတွေနဲ့ စည်ကားလာစေတယ်။ သဘာဝလောက တခုလုံးအနေနဲ့ စက်ဝိုင်းသဘော ထပ်ကျော့ လည်ပတ်နေ တယ် ဆိုရင်တောင်၊ ဒီစက်ဝိုင်းတွေမှာ အတိုင်းအဆမရှိ ကြီးမားလှတဲ့ ဒိုင်မန်းရှင်းတွေ ရှိနေမယ်။ ဘယ်လိုပဲ ကြည့် ကြည့်၊ ခေတ်သစ်ရုပ်ဝါဒဟာ အနှစ်သာရအားဖြင့် ဒိုင်ယာလက်တစ် ဖြစ်တယ်၊ ကျန် သိပ္ပံပညာရပ် အားလုံးကို အုပ် စိုးနေသယောင် ပုံဖမ်းထားတဲ့ (ဘုရင်မကဲ့သို့သော) ဒဿနိကဗေဒရဲ့ အကူအညီမျိုးကို ခေတ်သစ်ရုပ်ဝါဒက မလို အပ်တော့ဘူး။ နယ်ပယ်တခုချင်းစီကို အထူးပြုလေ့လာတဲ့ သိပ္ပံပညာတခုချင်းစီက အရာဝတ္ထုတွေနဲ့ ဒီအရာတွေ အပေါ် ကျနော်တို့ရဲ့ သိနားလည်မှု အားလုံး ပေါင်းချုပ်ထားတဲ့ အလုံးစုံရပ်ဝန်း (the great totality) ထဲမှာ သူ့နေရာ သူ ရှင်းရှင်းလင်းလင်း ချိတ်ဆက်မိလာရင် ဒီလို အလုံးစုံကိစ္စ (this totality) ကိုပဲ ကိုင်တွယ်တဲ့ အထူးပညာရပ်မျိုး မလိုအပ်တော့ဘူး။ အစောပိုင်း အတွေးအခေါ် ပညာရပ်တွေထဲက အခုထိ ရှင်သန်နေသေးတာ ဆိုလို့ ‘အတွေး အခေါ်နဲ့ ယင်းနိယာမတွေရဲ့ သိပ္ပံ’ (ဒိုင်ယာလက်တစ်နဲ့ formal logic) ပဲ ရှိတော့တယ်။ ကျန်တာတွေအားလုံးကို သဘာဝတ္ထနဲ့ သမိုင်းဆိုင်ရာ သိပ္ပံနယ်အောက် ဆွဲသွင်းလိုက် ပြီ။
[သဘာဝ သိပ္ပံပညာရပ် နယ်ပယ်မှာ ဘာသာရပ်အလိုက် အကြောင်းအရာလိုက် အထူးပြုလေ့လာကြတယ်။ ဒီလို အထူးပြုလေ့လာရာက လူသားတွေရဲ့ သိနားလည်မှု တိုးတက်လာခဲ့တာ မှန်တယ်။ ဒါပေမယ့် individual parts ကို the whole နဲ့ ခွဲထုတ် လေ့လာရာက ဒီအစိတ်အပိုင်းတွေကြားက ဆက်နွှယ်မှု၊ parts နဲ့ totality ကြားက ဆက် နွှယ်မှုတွေ ပျောက်ဆုံးသွားတယ်။ ဒါကို မက်တာဖစ်ဆစ်ကယ် နည်းလို့ အန်းဂယ်စ်က အပေါ်မှာ ဝေဖန်ခဲ့တာ မှတ် မိမယ် ထင်ပါတယ်။ တဖက်မှာကျ ဒဿနိကပညာရပ်လို the whole or totality ကိုပဲ သီးခြားကိုင်တွယ်တဲ့ ပညာ ရပ်က တခြား ပညာရပ်တွေကို ခေါင်းကိုင်အုပ်စိုးသလို လုပ်ထားတယ်။ ခေတ်သစ် ရုပ်ဝါဒက ဒါမျိုးမဟုတ်ဘူး။ မက်တာဖစ်ဆစ်ကယ်နည်းလို the great totality ကနေ ခွဲထုတ်ပြီး ပါဝင်ရာ အစိတ်အပိုင်းကိုပဲ အထူးပြု လေ့လာ တာမျိုးလည်း မဖြစ်ရဘူး။ နယ်ပယ်တခုချင်းစီအလိုက် အထူးပြုလေ့လာရမယ်၊ ဒါပေမယ့် the whole or the great totality နဲ့ ဒီအထူးပြုလေ့လာမှုနဲ့ ကင်းပြတ်လို့ မရဘူး။ ဒီအထူးပြု လေ့လာတဲ့ ပညာရပ်တခုချင်းစီက the great totality အတွင်းက သူ့နေရာသူ ရှင်းရှင်းလင်းလင်း ချိတ်ဆက်ထားရင် ဟေဂယ်လီယန်း စနစ်လို totality သီးသန့်ကိုင်တဲ့ ပညာရပ်မျိုး မလိုအပ်တော့ဘူးလို့ ဆိုတယ်။ - ဘာသာပြန်သူ၏ ဖြည့်စွက်ရှင်းလင်းချက်]
သုတေသနနည်းနဲ့ ရုပ်ပိုင်းအချက်အလက်တွေ အမြောက်အမြား ရှာတွေ့လာမှ သဘာဝတ္ထအမြင် တော်လှန် ပြောင်းလဲခြင်း ဖြစ်နိုင်ခဲ့တယ်၊ တချိန်တည်းမှာ သမိုင်းရေးအမြင် တော်လှန်ပြောင်းလဲခြင်း ဖြစ်စေနိုင်တဲ့ သမိုင်း ရေးအချက်တွေ အစောပိုင်း ကာလကတည်းက စုမိဆောင်းမိ ရှိပြီးသား။ ၁၈၃၁ခုနှစ်မှာ၊ လိုင်ယွန်မှာ ပထမဆုံး အလုပ်သမား လူတန်းစား အုံကြွမှုဖြစ်ခဲ့တယ်။ ၁၈၃၈ နဲ့ ၁၈၄၂ ခုနှစ်ကြား ကာလမှာ တပြည်လုံးဆိုင်ရာ အလုပ်သ မား လူတန်းစား လှုပ်ရှားမှု ဖြစ်တဲ့ အင်္ဂလိပ် ချားတစ်(စ်) လှုပ်ရှားမှု ပေါ်ထွက်လာတယ်။ တပြည်လုံးအတိုင်း အတာအနေနဲ့ ဒါဟာ ပထမဆုံး ဖြစ်ခဲ့သလို အမြင့်ဆုံး အဆင့်ထိ ရောက်ခဲ့တယ်။ ဥရောပက ရှေ့တန်းရောက် အရင်းရှင် တိုင်းပြည်တွေမှာ ပစ္စည်းမဲ့နဲ့ ဘူဇွှာတွေကြားက လူတန်းစား တိုက်ပွဲဟာ ရှေ့တန်းကို ရောက်လာခဲ့ တယ်၊ ဒီလို ဖြစ်လာရခြင်းရဲ့ ရေခံမြေခံ နှစ်ပိုင်းရှိတယ်၊ တဖက်မှာ ခေတ်သစ် စက်ရုံကြီးတွေ တဟုန်ထိုး ထွန်းကား လာခြင်း၊ အခြားတဖက်မှာ ဘူဇွှာလူတန်းစားက နိုင်ငံရေးအာဏာ ရယူလာနိုင်ခြင်း။
ဒီသမိုင်းရေး အချက်တွေက ဘူဇွှာ ဘောဂဗေဒရဲ့ သင်ကြားချက်တွေကို မညှာမတာ ပြက်ရယ်ပြုလာတယ်။ ဘူဇွှာ ဘောဂဗေဒက အရင်း နဲ့ လုပ်အားရဲ့ အကျိုးစီးပွားဟာ ထပ်တူကျတယ်၊ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင် လုပ်ကိုင် ရင်း လူတိုင်း သာယာဝပြောလာမယ်၊ လူတန်းစား အားလုံး သဟဇာတဖြစ်ဖြစ် ကြွယ်ဝလာမယ်လို့ သင်ကြား တယ်။ အထက်ပါ သမိုင်းရေး အချက်တွေကို ပေယျာလကန် ပစ်ထားလို့ မရတော့ဘူး။ ပြင်သစ် ဆိုရှယ်လစ်ဝါဒ၊ အင်္ဂလိပ် ဆိုရှယ်ဝါဒဆိုတာ အဲဒီသမိုင်းရေးဘဝကို သဘောတရားရေးအရ ထင်ဟပ် ဖော်ထုတ်ထားခြင်း ဖြစ်တယ်၊ သူတို့ရဲ့ သဘောတရားရေး ချို့ယွင်းချက်တွေ ရှိပေမယ့် ဒီသမိုင်းရေးဘဝကို ထင်ဟပ်နေတာတော့ ငြင်းမရဘူး။ ဒီလို လက်တွေ့ သမိုင်းရေး အခြေအနေတွေ၊ သဘောတရားရေး ဖော်ထုတ်ချက်တွေကို အရင်လို လစ်လျူရှုထား လို့ မရတော့ဘူး။ ဒါပေမယ့် အဲဒီအချိန်အထိ ဖယ်ရှားမပစ်ရသေးတဲ့ စိတ်ဝါဒ သမိုင်းရေး အမြင်ဟောင်းက စီးပွား ရေး အကျိုးစီးပွား အခြေခံ ပေါ်ထွက်လာတဲ့ လူတန်းစား တိုက်ပွဲတွေကို နည်းနည်းလေးမှ နားမလည်ဘူး။ စီးပွား ရေး အကျိုးစီးပွားဆိုတာ ဘာမှန်းမသိဘူး။ စိတ်ဝါဒ သမိုင်းရေး အမြင်အရ ဆိုရင် ကုန်ထုတ် ဆက်ဆံရေးတွေဆို တာ မတော်တဆ ဖြစ်ရပ်တွေ၊ “ယဉ်ကျေးမှု တိုးတက် ထွန်းကားလာခြင်း သမိုင်း” အတွင်းက လက်အောက်ခံ အ ကြောင်းအရာတွေ။
သမိုင်းရေးအချက်အလက် အသစ်တွေ ဖြစ်ထွန်းလာတဲ့အခါ အတိတ်သမိုင်း အားလုံးကို အသစ်တဖန် ဆန်းစစ် ကြည့်ဖို့ အရေးကြီးလာတယ်။ ဒီလို ဆန်းစစ်ကြည့်တော့၊ ရှေးဦး ဘုံခေတ်ကလွဲလို့ အတိတ်သမိုင်း အားလုံးဟာ လူ တန်းစားတိုက်ပွဲ သမိုင်းဖြစ်နေတာ သွားတွေ့ရတယ်၊ ဒီလို တိုက်ပွဲဝင်နေကြတဲ့ လူတန်းစားတွေဆိုတာ ကုန်ထုတ် လုပ်ခြင်း၊ ကုန်ဖလှယ်ခြင်း စနစ်တွေရဲ့ ရလဒ်တွေသာ ဖြစ်နေတယ်၊ တလုံးတည်းဆိုရရင် သက်ဆိုင်ရာ သမိုင်း ခေတ်ရဲ့ ကုန်ထုတ်စီးပွား အခြေအနေတွေရဲ့ အသီးအပွင့်တွေသာ ဖြစ်တယ်၊ လူ့အဖွဲ့အစည်းရဲ့ စီးပွားရေး အ ဆောက်အအုံက အမြဲတမ်း အခြေခံအုတ်မြစ် ဖြစ်တယ်၊ စီးပွားရေး အခြေခံ အုတ်မြစ်ကနေ အစပြုပြီး တရားရေး၊ နိုင်ငံရေး အင်စတီကျူးရှင်းတွေ သာမက၊ ဘာသာရေး၊ အဘိဓမ္မာရေးနဲ့ သက်ဆိုင်ရာ သမိုင်းခေတ်ရဲ့ တခြား အယူ အဆတွေ ပါဝင်သော အပေါ်ထပ် အဆောက်အအုံတခုလုံးကို “နောက်ဆုံး သတ္ထုချ ရှင်းလင်းခြင်း” လုပ်နိုင်မယ်။
[ultimate explanation လို့ သုံးထားတာကို သတိမူဖို့ အရေးကြီးပါတယ်။ မာ့က်စ်တို့ အန်းဂယ်စ်တို့က ultimate ဆိုတဲ့ အထူးပြုစကား ကိုထည့်သုံးတာ အကြောင်းမဲ့ မဟုတ်ပါ။ စီးပွားရေး အခြေခံ အုတ်မြစ်ကနေ အပေါ်ထပ် အ ဆောက်အအုံ superstructure ကို ရှင်းပြနိုင်တယ် ဆိုရာမှာ ultimate လို့ အလေးပေးပြောရတာက mechanistic ဆန်ဆန် အနက်မကောက်မိစေဖို့ ဖြစ်တယ်။ အပေါ်ထပ် အဆောက်အအုံ အတွင်းက ကိစ္စအားလုံးကို စီးပွားရေး အကြောင်းအချက်တွေနဲ့ချည်း အခါခပ်သိမ်း ရှင်းပြဖို့ မဆိုလိုတာ အင်မတန် ထင်ရှားပါတယ်၊ ultimate explana-tion မှာတော့ economic base ကနေ အစပြုရမယ် လို့ပဲ ဆိုခြင်းဖြစ်တယ်။ superstructure က စီးပွားရေး အုတ် မြစ်အပေါ် ပြန်လည် သြဇာသက်ရောက်မှုတွေ ရှိတာကိုလည်း အသိအမှတ်ပြုရာ ရောက်တယ်၊ မက်တာဖစ်ဆစ် ကယ် သဘော မဟုတ်ဘဲ ဒိုင်ယာလက်တစ် ဆက်နွှယ်မှုကို မြင်စေချင်တာလည်း ဖြစ်တယ်။ - ဘာသာပြန်သူ၏ ဖြည့်စွက်ရှင်းလင်းချက်]
ဟေဂယ်(လ်)က သမိုင်းကို မက်တာဖစ်ဆစ်ကနေ လွတ်မြောက်စေခဲ့တယ်၊ (ဒိုင်ယာလက်တစ် ကျစေခဲ့တယ်)။ ဒါ ပေမယ့် ဟေဂယ်(လ်)ရဲ့ သမိုင်းအမြင်က အနှစ်သာရအားဖြင့် စိတ်ဝါဒ ဖြစ်နေတယ်။ ဒါပေမယ့် အခုဆိုရင် စိတ်ဝါဒ ကို နောက်ဆုံး ကွန်းခိုရာ သမိုင်းရေး အဘိဓမ္မာနယ်ကနေ မောင်းထုတ်လိုက်ပြီ။ သမိုင်းရေး ရုပ်ဝါဒကို ရှင်းလင်း ဖော်ထုတ်လိုက်ပြီ။ လူသားရဲ့ “အသိ” ကို သူ့ရဲ့ “ဖြစ်တည်မှုဘဝ” က ပြဋ္ဌာန်းတယ်လို့ ရှင်းပြတဲ့ နည်းလမ်းကို တွေ့ ရှိသွားပြီ၊ ဒီအရင်ကလို လူသားရဲ့ “ဖြစ်တည်မှုဘဝ” ကို သူ့ရဲ့ “အသိ”က ပြဋ္ဌာန်းတယ် ဆိုတဲ့အမြင် မရှိတော့ဘူး။
အဲဒီအချိန်ကစလို့ ဆိုရှယ်လစ်ဝါဒဟာ ဉာဏ်ပညာ ကြီးမြတ်သူ တစုံတယောက်ရဲ့ မတော်တဆ ရှာဖွေတွေ့ရှိမှု မဟုတ်တော့ဘူး။ သမိုင်းဖွံ့ဖြိုးမှုအရ ပေါ်ထွန်းလာသော လူတန်းစားနှစ်ရပ်ရဲ့ တိုက်ပွဲကနေ မလွဲမသွေ ထွက်ပေါ် လာခြင်းသာ ဖြစ်တယ်။ အဲဒီ လူတန်းစားတွေက ပစ္စည်းမဲ့နဲ့ ဘူဇွှာလူတန်းစားတို့ပဲ ဖြစ်တယ်။ ဆိုရှယ်လစ်ဝါဒရဲ့ အလုပ်က အရင်ကလို အကောင်းတကာ့ အကောင်းဆုံး လူမှုစနစ်တခုကို ဖော်ထုတ်ဖို့ မဟုတ်တော့ဘူး။ ဒီလူတန်း စားတွေနဲ့ သူတို့ကြားက ပဋိပက္ခတွေ မလွဲမသွေ ထွက်ပေါ်လာရာ သမိုင်းဖွံ့ဖြိုးမှု ဖြစ်စဉ်အတွင်းက စီးပွားရေးဘဝ ကို ဆန်းစစ်ဖို့၊ ဒီလူတန်းစား ပဋိပက္ခကို ချုပ်ငြိမ်းစေမယ့် လက်နက်တွေကို အဲဒီ စီးပွားရေး အခြေအနေတွေ အ တွင်းမှာ ရှာဖွေဖို့ ဖြစ်လာတယ်။ ဒါပေမယ့် ပြင်သစ် ရုပ်ဝါဒီတွေရဲ့ သဘာဝတ္ထအမြင်က ဒိုင်ယာလက်တစ်နဲ့ ခေတ် သစ် သဘာဝသိပ္ပံက အယူအဆတွေနဲ့ သဟဇာတ မဖြစ်တော့သလို၊ အစောပိုင်း ဆိုရှယ်လစ်ဝါဒဟာလည်း အခု တင်ပြနေတဲ့ ရုပ်ဝါဒ သမိုင်းရေး အမြင်နဲ့ မအပ်စပ်တော့ဘူး။ အစောပိုင်း ဆိုရှယ်လစ်ဝါဒကလည်း အရင်းရှင် ကုန် ထုတ်စနစ်နဲ့ ဒီစနစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဝေဖန်တိုက်ခိုက်ခဲ့တာပဲ။ ဒါပေမယ့် ဒါတွေ ဘာလို့ ဖြစ်နေရ သလဲ ဆိုတာကို ရှင်းမပြနိုင်ဘူး၊ ဒီတော့ ဇာတ်ကြိုးတပ် မောင်းနှင်ခြင်း မပြုနိုင်ဘူး။ အရင်းရှင် စနစ်ကြီးက ဆိုး လိုက်တာလို့ ပြောပြီး ငြင်းပယ်တာပဲ လုပ်နိုင်တယ်။ အရင်းရှင်းစနစ် အောက် ရှောင်လွှဲမရနိုင်သော အလုပ်သမား လူတန်းစား သွေးစုပ်ခံရခြင်းကို အစောပိုင်း ဆိုရှယ်လစ်ဝါဒက အပြင်းအထန် ဝေဖန်လေ၊ ဒီသွေးစုပ် ခြယ်လှယ် ခြင်း ဆိုရာမှာ ဘာတွေပါနေသလဲ၊ ဘယ်လို ဖြစ်ပေါ်လာသလဲ ဆိုတာကို ရေရေရာရာ ရှင်းမပြနိုင်လေ ဖြစ်ရတယ်။ ဒီလို ရှင်းပြနိုင်ဖို့ ဟောဒီအချက်တွေ လိုအပ်တယ် -
၁) အရင်းရှင် ကုန်ထုတ်စနစ်ကို သမိုင်းဖြစ်စဉ်နဲ့ ချိတ်ဆက်တင်ပြဖို့၊ သက်ဆိုင်ရာ သမိုင်းခေတ်အတွင်း ဒီစနစ် အဖို့ မလွဲမသွေ ထွက်ပေါ်လာရမယ်၊ ဒါ့ကြောင့် မလွဲမသွေ ပြိုကျသွားရမယ်လို့ ရှင်းလင်းတင်ပြဖို့။ ဒါ့အပြင်
၂) အရင်းရှင် ကုန်ထုတ်စနစ်ရဲ့ အရေးအကြီးဆုံး ဝိသေသကို ဆွဲခွာပြဖို့။ ဒါဟာ အရင်းရှင်စနစ်ရဲ့ လျှို့ဝှက်ချက် တခု ဖြစ်နေဆဲ။ အစွန်းထွက်တန်ဖိုးကို ရှာတွေ့သွားမှ အဲဒီသော့ချက်ကို ဖွင့်နိုင်ခဲ့တယ်။
အဖိုးအခ ပေးချေထားခြင်း မရှိသော လုပ်အားကို ခိုင်းစေစားသုံးခြင်းဟာ အရင်းရှင် ကုန်ထုတ်စနစ်ရဲ့ အခြေခံ ဖြစ် တယ်၊ ဒီစနစ်အတွင်း ဖြစ်ပွားနေသော အလုပ်သမား လူတန်းစားကို သွေးစုပ်ခြယ်လှယ်ခြင်းရဲ့ အခြေခံ ဖြစ်တယ် လို့ ဖော်ထုတ်ပြခဲ့တယ်။ အရင်းရှင်က အလုပ်သမားရဲ့ လုပ်အားစွမ်းပကားကို ဈေးကွက်မှာ ရောင်းကုန်တခု အနေ နဲ့ တန်ဖိုးအပြည့်ပေးပြီး ဝယ်ခဲ့တယ် ဆိုရင်တောင် အရင်းရှင်က လုပ်အားခအဖြစ် ပေးချေထားတာထက် ပိုလျှံ သော တန်ဖိုးတွေကို ထုတ်ယူနေတယ်။ နောက်ဆုံး သတ္ထုချလိုက်ရင် ဓနရှင် လူတန်းစားလက်ထဲ အရင်းတွေ မ ပြတ်တိုးပွား စုံပုံလာခြင်းဟာ အဲဒီ အစွန်းထွက် တန်ဖိုးတွေကြောင့်ပဲ။ ဒီမှာ အရင်းရှင် ကုန်ထုတ်စနစ် မွေးဖွားလာ ခြင်းနဲ့ အရင်း ထုတ်လုပ်ခြင်းရဲ့ ပဟေဠိကို ရှင်းပြနိုင်သွားတယ်။
အစွန်းထွက်တန်ဖိုး သဘောတရားကနေ အရင်းရှင် ကုန်ထုတ်စနစ်ရဲ့ လျှို့ဝှက်ချက်ကို ဖွင့်ထုတ်နိုင်ခြင်း နဲ့ ရုပ်ဝါဒ သမိုင်းရေး အမြင်တို့ဟာ မာ့က်စ်ရဲ့ ကြီးမားလှသော တွေ့ရှိချက်တွေ ဖြစ်တယ်။ ဒီနှစ်ချက်ကို ဖော်ထုတ်လိုက်တဲ့ အခါ၊ဆိုရှယ်လစ်ဝါဒက သိပ္ပံပညာတခု ဖြစ်သွားတယ်။ နောက်ထပ်လုပ်ရမှာက အသေးစိတ် အချက်တွေနဲ့ ဆက် နွှယ်ချက်တွေကို ဖော်ထုတ်ရှင်းလင်းဖို့ပဲ။
III
သမိုင်းရေး ရုပ်ဝါဒ
သမိုင်းရေး ရုပ်ဝါဒအမြင်က “လူသားဘဝ ရှင်သန်တည်မြဲရေး လိုအပ်ချက်တွေ ထုတ်လုပ်ခြင်း (ဒါနဲ့အတူ တွဲပါလာ သော ကုန်ဖလှယ်ခြင်း) ဟာ လူမှုအဆောက်အအုံ အားလုံးရဲ့ အခြေခံ ဖြစ်တယ်” ဆိုတဲ့ ယူဆချက်ကနေ အစပြု တယ်။ သမိုင်းမှာ ပေါ်လာသမျှ လူ့အဖွဲ့အစည်းတိုင်း မှာ ဓနဥစ္စာတွေ ဘယ်လို ခွဲဝေထားသလဲ၊ လူတန်းစားတွေ ဘယ်လို ကွဲထွက်သွားသလဲ ဆိုတာ ဘာတွေ ထုတ်လုပ်သလဲ၊ ဘယ်လို ထုတ်လုပ်သလဲ၊ ထုတ်ကုန်တွေကို ဘယ် လို ဖလှယ်ကြသလဲ ဆိုတဲ့ အချက်တွေပေါ် မူတည်နေခြင်း ဖြစ်တယ်။ ဒီလို သမိုင်းရေး ရုပ်ဝါဒ ရှုထောင့်ကကြည့် ရင်၊ လူ့အဖွဲ့အစည်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ နိုင်ငံရေး တော်လှန်ပြောင်းလဲမှုတွေရဲ့(နောက်ဆုံးအရင်းခံအကြောင်း တရားတွေ)* ကို လူသားရဲ့ ဦးနှောက်ထဲ သွားရှာလို့ မတွေ့ဘူး၊ ထာဝရ သစ္စာနဲ့ ပကတိ တရားမျှတမှုကို လူတွေ ထိုးထွင်း သိမြင်လာခြင်းမှာ သွားရှာလို့ မတွေ့ဘူး၊ ကုန်ထုတ်လုပ်ခြင်း (နဲ့ဖလှယ်ခြင်း) စနစ်တွေ ပြောင်းလဲလာ ခြင်းမှာ သွားတွေ့ရတယ်။ သမိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရဲ့ နောက်ဆုံးအရင်းခံ အကြောင်းတရားတွေကို အဘိဓ မ္မာထဲ ရှာရမှာ မဟုတ်ဘူး၊ သက်ဆိုင်ရာ သမိုင်းခေတ်ရဲ့ ကုန်ထုတ်စီးပွားဘဝမှာ ရှာဖွေရမယ်။ တည်ဆဲ လူ့အဖွဲ့အ စည်းရဲ့ အင်စတီကျူးရှင်းတွေက ကြောင်းကျိုးခိုင်လုံမှု မရှိတော့ဘူး၊ တရား မျှတမှု မရှိတော့ဘူး၊ ဆင်ခြင်တုံတ ရား နေရာမှာ ဆင်ခြင်တုံတရား ကင်းမဲ့မှုက မင်းမူလာတယ်၊ ဓမ္မအစား အဓမ္မတွေသာ ကြီးစိုးလာတယ် လို့ ပိုပိုပြီး သိမြင်လာခြင်းဟာ ကုန်ထုတ်လုပ်ခြင်းနဲ့ ဖလှယ်ခြင်း စနစ်တွေမှာ ပြောင်းလဲမှုတွေ တိတ်တဆိတ် ဖြစ်ပွားသွား ကြောင်း သက်သေထူ ပေးခြင်းသာ ဖြစ်တယ်။ အစောပိုင်း ကုန်ထုတ်စီးပွားဘဝနဲ့ လိုက်လျောညီထွေ ဖြစ်ခဲ့တဲ့ လူ မှုစနစ်က အခုလို ကုန်ထုတ်စနစ် ပြောင်းလဲလာချိန်မှာ အံကိုက်ခြင်း မရှိတော့ဘူး။ ဒီလို သမိုင်းရေး ရုပ်ဝါဒအမြင် ကနေ ကြည့်ရင် ဒီလို ကဏ္ဍကောစ ဖြစ်လာတာတွေကို ဖယ်ရှားပစ်နိုင်မယ့် နည်းလမ်းတွေကိုလည်း ပြောင်းလဲ သွားသော ကုန်ထုတ်စနစ်တွေ အတွင်းမှာပဲ ရှာတွေ့မယ်။ အဲဒီ ပဋိပက္ခတွေ ချုပ်ငြိမ်းစေမယ့် နည်းလမ်းတွေကို အ ခြေခံမူတွေကနေ ဆင်ခြင်ထုတ်နှုတ်ပြီး ဖန်တီးယူရမှာ မဟုတ်ဘူး၊ တည်ဆဲ ကုန်ထုတ်စနစ်ရဲ့ အခိုင်အမာ အချက် အလက်တွေကို ဆန်းစစ်ပြီး ဖွေရှာရမယ်။
[*= the final causes လို့ သုံးပါတယ်။ ဒိုင်ယာလက်တစ် အပိုင်းမှာတုန်းက ultimate explanation လို့ အလေးအနက်ထား သုံးသလို ဒီနေရာမှာလည်း final ဆိုတဲ့ အထူးပြုစကားလုံးကို အသေအချာ ထည့်သုံးပါ တယ်။ သဘောက နိုင်ငံရေး ပြောင်းလဲမှု၊ လူ့အဖွဲ့အစည်း ပြောင်းလဲမှုတွေရဲ့ final causes ကို ကုန်ထုတ် စီးပွား ဘဝမှာပဲ ရှာရမယ် ဆိုခြင်းဟာ final causes မဟုတ်တဲ့ တခြား အကြောင်းတရားတွေကို ကုန်ထုတ် စီးပွားဘဝ မဟုတ်တဲ့ တခြားနေရာတွေမှာ ရှိနိုင်တယ်လို့ အသိအမှတ်ပြုခြင်း ဖြစ်တယ်။ အမေရိကန်မှာ ဂျော့ဖလွိုက် အသတ် ခံရခြင်းကို အကြောင်းပြုပြီး လူတွေ အမြောက်အမြား လမ်းမပေါ်ထွက် တိုက်ပွဲဝင်ကြတယ်။ ဂျော့ဖလွိုက် အ သတ်ခံရခြင်းဟာ ဒီလူတွေ လမ်းပေါ်ထွက် တိုက်ရခြင်းရဲ့ အကြောင်းတရား တခုဖြစ်တယ်။ ဒါဟာ ကုန်ထုတ်စီး ပွားမှာ ဖြစ်ပွားတဲ့ အကြောင်းတရား မဟုတ်ဘူး။ ဒါ့ကြောင့် မင်းတို့ မာ့က်စ်ဝါဒက ဆိုသလို ကုန်ထုတ် စီးပွားဘဝ မှာပဲ အကြောင်းတရားကို ရှာရမှာ မဟုတ်ဘူး။ လူတွေဟာ မတရားမှုကို လက်မခံဘဲ တရားမျှတမှုအတွက် တိုက်ပွဲ ဝင်ကြတယ်လို့ ထောက်ပြလိုသူတွေ တပုံတပင် ရှိတယ်။ ဟုတ်ပြီ မိတ်ဆွေ။ မာ့က်စ်ဝါဒကလည်း အကြောင်းတ ရား အားလုံးကို ကုန်ထုတ်စီးပွားဘဝမှာ တွေ့ရမယ်လို့ ဘယ်နေရာမှာမှဆို မထားဘူး၊ final causes or ultimate explanation ကိုသာ ကုန်ထုတ်စနစ် ပြောင်းလဲခြင်းမှာ ရှာရမယ် ဆိုခြင်း ဖြစ်တယ်။ ဂျော့ဖလွိုက် အသတ်ခံရခြင်း ဟာ အမေရိကန် လူထု လမ်းမပေါ်ထွက် တိုက်ရခြင်းရဲ့ အကြောင်းတရားတခု ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒါဟာ final cause မဟုတ်ဘူး ဆိုတာတော့ သတိပြုဖို့ လိုတယ်။ လူတွေဟာ လူမည်းတယောက် အသတ်ခံရလို့ တရားမျှ တမှုအတွက် လမ်းမပေါ် ထွက်လာကြတာဆိုရင် အမေရိကမှာ လူမည်းတွေ တနှစ်တနှစ် အမြောက်အမြား အ သတ်ခံနေရတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီ၊ အဲဒီတုန်းက ဘာ့ကြောင့် ဂျော့ဖလွိုက် အသတ်ခံရသလို လူ တွေ မအုံကြွခဲ့သလဲ။ ဒါ့ကြောင့် ဂျော့ဖလွိုက် အသတ်ခံရခြင်းဟာ လူထုလှုပ်ရှားမှု ဖြစ်ပွားလာခြင်းရဲ့ final cause မဟုတ်ဘူး၊ immediate cause or triggering factor မျှသာ ဖြစ်တယ်။ လူထု လမ်းမပေါ်ထွက် တိုက်ပွဲ ဝင်ခြင်းရဲ့ final cause ကိုကုန်ထုတ်စနစ် ပြောင်းလဲမှုမှာသာ ရှာဖွေမှ တွေ့လိမ့်မယ်။ - ဘာသာပြန်သူ၏ ဖြည့်စွက် ရှင်းလင်းချက်]
ဒါဖြင့် ခေတ်သစ် ဆိုရှယ်လစ်ဝါဒက ရုပ်ဝါဒ သမိုင်းရေးအမြင်နဲ့ဆိုရင် ဘယ်လိုပြောသလဲ။
လူ့အဖွဲ့အစည်းရဲ့ လက်ရှိ အခြေအနေဟာ ဒီကနေ့ အုပ်စိုးသူ လူတန်းစားဖြစ်နေတဲ့ ဘူဇွှာတွေရဲ့ ဖန်တီးမှုဖြစ် တယ် (ဒီအချက်ကို အခုချိန်မှာ တော်တော်များများ လက်ခံလာရပြီ)။ ဘူဇွှာလူတန်းစား လက်ထက်မှာမှ ဖြစ်ထွန်း လာတဲ့ ကုန်ထုတ်စနစ်ကို မာ့က်စ် လက်ထက်ကတည်းက အရင်းရှင် ကုန်ထုတ်စနစ်လို့ ခေါ်တွင်ခဲ့ကြတယ်။ အဲဒီ အရင်းရှင် ကုန်ထုတ်စနစ်က ပဒေသရာဇ် လူမှုစနစ်နဲ့ သဟဇာတ မဖြစ်တော့ဘူး။ ပဒေသရာဇ် စနစ်မှာက လက် သင့်ရာ စားတော်ခေါ်ခွင့် ပေးထားတယ်၊ ဒီလို အခွင့်ထူးခံ လူ့အလွှာတခုဟာ အခိုင်အမာ စုဖွဲ့မိနေတယ်၊ ဒေသန္တရ ကော့ပရေးရှင်းတွေ မင်းမူနေတယ်၊ မျိုးရိုးစဉ်ဆက် ကျွန်ပြုခံရတာမျိုး ရှိတယ်၊ ဒါတွေက ပဒေသရာဇ် လူ့သမဂ္ဂရဲ့ ဖွဲ့စည်းမှုဖြစ်ခဲ့တယ်။ ဒီလူမှုစနစ်နဲ့ ပြောင်းလဲလာတဲ့ အရင်းရှင် ကုန်ထုတ်စနစ် ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဘူဇွှာလူတန်းစားက ပဒေသရာဇ် စနစ် အကာကို ဖောက်ဖျက်ပစ်ခဲ့ရတယ်၊ ပဒေသရာဇ် အကာတွေ တစစီပြိုပျက် နေတဲ့ နေရာမှာ အရင်းရှင် လူမှုစနစ်ကို တည်ဆောက်ခဲ့တယ်။ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတဲ့၊ တဦးချင်း လွတ် လပ်မှုကို အာမခံတဲ့၊ ဥပဒေရှေ့မှာ ရောင်းကုန် ပိုင်ရှင်အားလုံး တန်းတူရည်တူရှိတဲ့၊ တခြား တခြားသော အရင်းရှင် မင်္ဂလာအပေါင်း ပြည့်လျှမ်းနေတဲ့ နိုင်ငံတော်ကို ထူထောင်ခဲ့ကြတယ်။ အဲဒီအချိန်ကစလို့ အရင်းရှင် ကုန်ထုတ်စ နစ်ဟာ လွတ်လွတ်လပ်လပ် ဖွံ့ဖြိုးလာခဲ့တယ်။ ရေနွေးငွေ့စွမ်းအင်နဲ့ စက်ယန္တယားကြီးတွေ၊ စက်ယန္တယားကို စက်ယန္တယားသုံး ထုတ်လုပ်ခြင်းတွေ စတဲ့ ကုန်ထုတ်စွမ်းအား အသစ်တွေကြောင့် ခေတ်ဟောင်း အလုပ်ရုံကြီးတွေ (manufacture) ကို ခေတ်သစ် စက်ရုံကြီးတွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ ဘူဇွှာလူတန်းစားရဲ့ ပဲ့ကိုင်မှုအောက် ဖြစ်ထွန်းလာတဲ့ ကုန်ထုတ် စွမ်းအားစုတွေက တဟုန်ထိုး တိုးတက်လာတယ်၊ တခါမှ မကြုံဖူး မကြားဖူးအောင် မြန်ဆန်လွန်းလှတယ်။ ဒါပေမယ့် ခေတ်ဟောင်း အလုပ်ရုံကြီးတွေ၊ လက်မှု အလုပ်ရုံလေးတွေဟာ ပဒေသရာဇ် ခေတ် ဂစ်(လ်ဒ်)တွေရဲ့ ကွပ်ညှပ်မှုအောက်ကနေ ဖွံ့ဖြိုးကြီးထွားလာရာက ပဒေသရာဇ် လူမှုစနစ်နဲ့ ပဋိပက္ခဖြစ် လာခဲ့တယ်၊ အလားတူပဲ၊ အခုလည်း ခေတ်သစ် စက်ရုံကြီးတွေ (ကုန်ထုတ်စွမ်းအားစုတွေ) ဟာ အရင်းရှင် ကုန် ထုတ်စနစ်ကို သိုင်းခြုံထားတဲ့ စနစ်အကာခွံနဲ့ ပဋိပက္ခဖြစ်လာတယ်။ ကုန်ထုတ်စွမ်းအားစု အသစ်တွေဟာ သူတို့ ကို စေခိုင်းမောင်းနှင်နေတဲ့ အရင်းရှင်စနစ်ဘောင်ကို ကျော်လာပြီ။ ကုန်ထုတ်စွမ်းအားစုတွေ နဲ့ ကုန်ထုတ်စနစ် တွေကြားက ပဋိပက္ခဟာ (နဂိုကတည်းက ပါလာတဲ့ အကုသိုလ် နဲ့ စင်ကြယ်လှသော တရားမျှတမှု ကြားက ပဋိပ က္ခလို) လူသားရဲ့ စိတ်ဆန္ဒအရ ဖြစ်တည်လာသော ပဋိပက္ခ မဟုတ်ဘူး။ ဒီပဋိပက္ခက ငါတို့ရဲ့ ပြင်ပမှာ (objective -ly) တည်ရှိနေတယ်၊ ငါတို့ရဲ့ သိစိတ်နဲ့ ကင်းလွတ်ပြီး တည်ရှိနေခြင်း ဖြစ်တယ်၊ ဒီကုန်ထုတ် စွမ်းအားစုကို ဖန်တီး လိုက်သူတွေရဲ့ အပြုအမူတွေကနေ ကင်းလွတ်ပြီး တည်ရှိနေတယ်။ ခေတ်သစ် ဆိုရှယ်လစ်ဝါဒ ဆိုတာ ဒီပဋိပက္ခ ကို အတွေးအခေါ်အဖြစ် ထင်ဟပ် ဖော်ထုတ်ခြင်းသာ ဖြစ်တယ်၊ အစောပိုင်းမှာ ဒီပဋိပက္ခဒဏ် တိုက်ရိုက်ခံနေရတဲ့ လူတန်းစား (အလုပ်သမား လူတန်းစား) ရဲ့ သိစိတ်မှာ စိတ်ကူးစံသဘော ထင်ဟပ်လာခြင်း ဖြစ်တယ်။
အခုဆိုရင် ဒီပဋိပက္ခမှာ ဘာတွေ ပါဝင်နေလဲ?
အရင်းရှင် ကုန်ထုတ်စနစ် မတိုင်ခင်က (အလယ်ခေတ်တုန်းက) အသေးစား လက်မှု အလုပ်ရုံ စနစ်ဆိုတာ ကုန် ထုတ်လုပ်သူတွေကိုယ်တိုင် သူတို့ရဲ့ ကုန်ထုတ် ပစ္စည်းတွေကို ပုဂ္ဂလိက ပစ္စည်းအဖြစ် ပိုင်ဆိုင်မှုအပေါ် အခြေ တည်ထားခြင်း ဖြစ်တယ်။ ကျေးလက်မှာ အသေးစား လယ်သမားတွေ၊ မြေကျွန် (သို့) လွတ်လပ်သူတွေ ကုန် ထုတ်လုပ်ကြတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှိတယ်။ မြို့ပေါ်မှာ၊ ဂစ်(လ်ဒ်)တွေအဖြစ် စုစည်းထားတဲ့ လက်မှုလုပ်ငန်း တွေရှိတယ်။ ကုန်ထုတ် ကိရိယာတွေ (မြေယာ၊ လယ်ယာစိုက်ပျိုးရေးသုံး ပစ္စည်းတွေ၊ အလုပ်ရုံ၊ လက်မှုပစ္စည်း ကိရိယာ) ဟာ လူတဦးချင်းစီ ကိုင်တွယ်အသုံးပြုရတဲ့ ကိရိယာတွေ ဖြစ်ခဲ့တယ်၊ ကုန်ထုတ်လုပ်သူ တဦးချင်းစီ သုံး လို့ရအောင် စီရင်ထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်။ ဒီတော့ လိုအပ်ချက်အရကို၊ ဒီကုန်ထုတ် ကိရိယာတွေဟာ သေး ငယ်နေတယ်၊ မဖွံ့ဖြိုးဘူး၊ အကန့်အသတ် ရှိနေတယ်။ ဒါပေမယ့် ဒီလိုဖြစ်နေလို့ပဲ၊ ကုန်ထုတ် ကိရိယာတွေကို ကုန် ထုတ်လုပ်သူ တဦးချင်းစီက ပိုင်ဆိုင်နေခြင်း ဖြစ်တယ်။ ဒီလို တဦးချင်းစီမှာ ပြန့်ကျဲနေသော၊ အကန့်အသန့်ရှိ သော ကုန်ထုတ် ပစ္စည်းတွေကို ကြီးထွား ဖွံ့ဖြိုးလာအောင်လုပ်ဖို့ နဲ့ စွမ်းပကား ကြီးမားလှသော ကုန်ထုတ် ပစ္စည်း တွေအဖြစ် ပြောင်းလဲပစ်ရေးဟာ အရင်းရှင် ကုန်ထုတ်စနစ်နဲ့ ဒီစနစ်ကို သယ်ပိုးသူ ဘူဇွှာလူတန်းစားရဲ့ သမိုင်းရေး တာဝန် ဖြစ်ခဲ့တယ်။ ၁၅ ရာစုကစလို့ (၁)ရိုးစင်းသော ပူးပေါင်းလုပ်ဆောင်မှု (၂) အလုပ်ရုံကြီးတွေ (၃)ခေတ်သစ် စက်ရုံကြီးတွေ ဆိုတဲ့ အဆင့်သုံးဆင့်ကို ဖြတ်သန်းပြီး၊ အသေးစား ကုန်ထုတ် ကိရိယာတွေကနေ စွမ်းအားမြင့် ကုန် ထုတ် ကိရိယာတွေအဖြစ် ဘယ်လို ကူးပြောင်းသွားသလဲဆိုတာ အရင်းကျမ်း စတုတ္ထမြောက် ကဏ္ဍမှာ မာ့က်စ်က အသေးစိတ် ရှင်းပြခဲ့တယ်။ ဒီလို ရှင်းပြတဲ့နေရာမှာ၊ ဘူဇွှာလူတန်းစား အနေနဲ့ အဲဒီ အသေးစား ကုန်ထုတ် ပစ္စည်း တွေကို စွမ်းပကား ကြီးမားလှသော ကုန်ထုတ် စွမ်းအားစုတွေအဖြစ် ကူးပြောင်းဖို့ တဦးချင်းစီ ပိုင်ဆိုင်ထားတဲ့ ကုန်ထုတ်ပစ္စည်းတွေကို လူအများ စုပေါင်းလုပ်မှ ရနိုင်သော ကုန်ထုတ်ပစ္စည်းတွေ အဖြစ် မလွဲမသွေ ပြောင်းလဲပစ် ခဲ့ရတယ်။ ရစ်ဘီး၊ လက်ရက်ကန်း၊ ပန်းပဲသမားရဲ့ တူ နေရာမှာ ချည်ငင်စက်၊ ပါဝါလွန်း၊ ရေနွေးငွေ့ စွမ်းအင်သုံး တူကြီးတွေနဲ့ အစားထိုးပစ်ခဲ့တယ်။ လူတဦချင်းစီ ဦးဆောင်လုပ်တဲ့ အလုပ်ရုံလေးတွေနေရာမှာ လူတွေ ရာထောင် ချီ ပူးပေါင်းလုပ်ဆောင်မှ လည်ပတ်နိုင်တဲ့ စက်ရုံကြီးတွေ အစားထိုးဝင် ရောက်လာခဲ့တယ်။ အလားတူပဲ၊ ကုန် ထုတ်လုပ်ခြင်းဟာ လူတဦးချင်းစီ စီတန်း လုပ်ကိုင်ရာကနေ အများစုပေါင်း လုပ်ဆောင်ခြင်း အဖြစ် ပြောင်းလဲ သွားခဲ့တယ်။ တဦချင်း ကုန်ထုတ်လုပ်ခြင်းကနေ အများစုပေါင်း ကုန်ထုတ်ခြင်း ဖြစ်လာတယ်။ စက်ရုံက ထွက်လာ သမျှ ချည်၊ အထည်၊ သတ္ထုပစ္စည်းတို့ဟာ အလုပ်သမား အမြောက်အမြားရဲ့ စုပေါင်း ထုတ်ကုန်ဖြစ်တယ်၊ ဒီကုန်ပ စ္စည်းတွေ ဖြစ်လာအောင် လက်ပေါင်းများစွာကို လက်ဆင့်ကမ်း ကူးပြောင်းလာခဲ့ရတယ်။ အခုချိန်မှာ ဘယ်သူ တ ဦးတယောက်ကမှ “ဒါငါ့ပစ္စည်း၊ ငါဖန်တီး လိုက်တာ” လို့ ပြောမရတော့ဘူး။
လုပ်အားခွဲဝေခြင်းက တစတစ တိုးဝင်လာတယ်၊ ဒါပေမယ့် တင်ကူးချမှတ်ထားတဲ့ အစီအစဉ်နဲ့ စနစ်တကျ လုပ် အား ခွဲဝေခြင်းမျိုးတော့ မဟုတ်သေး၊ အဲဒီလို အလိုအလျောက် လုပ်အားခွဲဝေမှုပေါ် အခြေတည်ထားတဲ့ ကုန်ထုတ် စနစ်က အဓိက ပုံစံဖြစ်နေတဲ့ လူ့အဖွဲ့အစည်းတခုမှာ ထုတ်ကုန်တွေက ရောင်းကုန်ပုံစံ ဖြစ်လာတယ်။ ထုတ်ကုန် တွေကို ရောင်းကုန်အဖြစ် ရောင်းကြ၊ ဝယ်ကြ အပြန်အလှန် ဖလှယ်ကြရင်း ကုန်ထုတ်လုပ်သူ တဦးချင်းစီရဲ့ များ မြောင်လှသော လိုအင်တွေ ပြည့်ဝသွားရတယ်။ အလယ်ခေတ်မှာ ဒီလို ဖြစ်ခဲ့တယ်။ လယ်သမားက လယ်ယာ ထွက်ကုန်တွေ လက်မှုလုပ်ငန်းရှင်ဆီ ရောင်းချတယ်၊ သူ့ဆီကနေ လက်မှုပစ္စည်းတွေ ပြန်ဝယ်တယ်။ ဒီလို ကိုယ့် ကုန်ထုတ် ပစ္စည်းကိုယ် ကိုယ်ပိုင်ကြတဲ့ တဦးချင်း ကုန်ထုတ်လုပ်သူတွေ ရောင်းကုန် ထုတ်သူတွေ စုရုံး နေထိုင်ကြ တဲ့ လူ့အဖွဲ့အစည်းအတွင်း ကုန်ထုတ် စနစ်သစ်တခု ထိုးဖောက် ဝင်ရောက်လာခဲ့တယ်။ တိကျတဲ့ စီမံကိန်းမရှိဘဲ အလိုအလျောက် လုပ်အားခွဲဝေမှုကသာ လူ့အဖွဲ့အစည်း တခုလုံးကို အုပ်စိုးထားချိန် တိကျတဲ့ စီမံကိန်းတခုအပေါ် အခြေတည်ထားတဲ့ လုပ်အားခွဲဝေမှု အသစ် ထွက်ပေါ်လာတယ်၊ စက်ရုံ တခုချင်းစီအလိုက် စနစ်တကျ လုပ်အားခွဲ ဝေမှု ပုံစံအသစ်ကို ကျင့်သုံးလာတယ်။ တဦးချင်း ကုန်ထုတ်လုပ်မှုနဲ့ အပြိုင် စုပေါင်း ကုန်ထုတ်လုပ်ခြင်း ထွက်ပေါ် လာတယ်။ သူတို့နှစ်ဖက်စလုံးက ထုတ်လိုက်သမျှ ထုတ်ကုန်တွေကို ဈေးကွက်တခုတည်းမှာ ယှဉ်ရောင်းကြတယ်။ ဒီတော့ ဈေးနှုန်းကလည်း ဗိန်မသာ လိမ်မသာ ဖြစ်ရတယ်။ တိကျတဲ့ စီမံကိန်းနဲ့ ကုန်ထုတ်လုပ်ခြင်းဟာ အလိုအ လျောက် လုပ်အားခွဲဝေမှုနဲ့ ကုန်ထုတ်လုပ်ခြင်းထက် စွမ်းအားပိုကြီးတယ်။ လူတွေ အများကြီး စုပေါင်းမှုနဲ့ ထွက် ပေါ်လာတဲ့ စုစည်းထားသော ကုန်ထုတ် စွမ်းအားစုတွေကို အသုံးချစေခိုင်းတဲ့ စက်ရုံကြီးတွေက တဦးချင်း အသေး စား ကုန်ထုတ်လုပ်သူတွေထက် ရောင်းကုန်တွေကို ဈေးချိုချိုနဲ့ အများကြီး ပိုထုတ်နိုင်တယ်။ တဦးချင်း ကုန်ထုတ် လုပ်သူတွေဟာ ကဏ္ဍ တခုပြီးတခု လက်လျှော့သွားရတယ်။ အများနဲ့ စုပေါင်း ကုန်ထုတ်လုပ်ခြင်း (Socialized production) က ကုန်ထုတ်နည်းစနစ် အဟောင်းအားလုံးကို မြေလှန် ပြောင်းလဲပစ်လိုက်တယ်။ ဒါပေမယ့်သူ့ရဲ့ တော်လှန်ရေး လက္ခဏာကို မဆိုစလောက်ပဲ သိခဲ့ကြတယ်၊ ဒီတော့ ရောင်းကုန်ထုတ်လုပ်ခြင်း ပိုကြီးထွား ကျယ် ပြန့်လာအောင် လုပ်ဖို့ပဲ စုပေါင်း ကုန်ထုတ်လုပ်ခြင်းကို အသုံးပြုခဲ့ကြတယ်။ စုပေါင်း ကုန်ထုတ်လုပ်ခြင်း ပေါ်ထွန်း လာတဲ့အခါ၊ ရောင်းကုန် ထုတ်လုပ်ခြင်း၊ ဖလှယ်ခြင်းပြုဖို့ အရံသင့်ရှိနေပြီးသား ယန္တယားတွေကို ဖောဖောသီသီ အသုံးပြုခဲ့တယ်၊ အဲဒါတွေက ကုန်သည်အရင်း၊ လက်မှုလုပ်ငန်း၊ လုပ်ခစား လုပ်အား။ စုပေါင်း ကုန်ထုတ်လုပ်ခြင်း က ရောင်းကုန် ထုတ်လုပ်ခြင်း ပုံစံအသစ်တခု အနေနဲ့ ဝင်ရောက်လာပေမယ့်၊ သိမ်းယူ ပိုင်ဆိုင်ခြင်း ပုံစံအဟောင်း တွေက ဒင်ပြည့်ကျပ်ပြည့် မင်းမူဆဲ၊ စုပေါင်း ကုန်ထုတ်လုပ်ခြင်းက ထွက်လာသမျှ ထုတ်ကုန်တွေကိုလည်း ပုံစံ ဟောင်းအတိုင်း သိမ်းယူပိုင်ဆိုင်နေဆဲ ဖြစ်တယ်။
အလယ်ခေတ် ရောင်းကုန်ထုတ်လုပ်ခြင်း အဆင့်မှာ လုပ်အားရဲ့ အသီးအပွင့်ကို ဘယ်သူပိုင်သလဲ မေးနေစရာ မ လို။ တဦးချင်း ကုန်ထုတ်လုပ်သူတွေက သူပိုင်တဲ့ ကုန်ကြမ်းတွေ၊ သူပိုင်တဲ့ ကုန်ထုတ် ကိရိယာတွေ သုံးပြီး သူ့လုပ် အား (ဒါမှမဟုတ်) သူ့မိသားစု လုပ်အားနဲ့ လက်မှုပစ္စည်းတွေ ထုတ်လုပ်လေ့ရှိတယ်။ သူ့အဖို့ ထုတ်ကုန် အသစ်ကို သိမ်းယူပိုင်ဆိုင်ဖို့ မလိုအပ်ဘူး။ အကုန်လုံးက သူပိုင်ချည်း မဟုတ်ပါလား။ ထုတ်ကုန်ကို သူပိုင်ခြင်းဟာ သူ့လုပ် အားနဲ့ လုပ်ထားလို့ ပိုင်ခြင်းဖြစ်တယ်။ တခြားသူရဲ့ အကူအညီ ယူရရင်တောင် သိပ်အရေးမပါလှဘူး၊ သူ့ဘက်က လုပ်အားခပေးတဲ့ ပုံစံမဟုတ်ဘဲ တခြားနည်းနဲ့ ပြန်ကူညီပေးလိုက်ရုံပဲ။ ဂစ်(လ်ဒ်)တွေမှာ လာလုပ်နေကြတဲ့ အ လုပ်သင်တွေ၊ နေ့စားသမားတွေဆိုတာ စားဝတ်နေရေးအတွက် အဖိုးအခရဖို့ လုပ်နေကြတာမျိုး မဟုတ်ဘဲ၊ နောင် တချိန် သူတို့ကိုယ်တိုင် လက်မှုလုပ်ငန်းရှင် ဖြစ်လာအောင် ပညာလာယူကြခြင်း ဖြစ်တယ်။
ဒီနောက်၊ ကုန်ထုတ်ပစ္စည်းတွေ နဲ့ ကုန်ထုတ်လုပ်သူတွေကို အကြီးစား အလုပ်ရုံကြီးတွေအဖြစ် စုစည်းပစ်လိုက် တယ်၊ အများနဲ့ စုပေါင်းလုပ်မှ ရနိုင်သော ကုန်ထုတ် ပစ္စည်းတွေအဖြစ် ပြောင်းလဲပစ်လိုက်သလို တဦးချင်း ကုန် ထုတ်လုပ်သူတွေကိုလည်း စုပေါင်း ကုန်ထုတ်သူတွေအဖြစ် ပြောင်းလဲပစ်လိုက်တယ်။ ဒါပေမယ့် ဒီလို ပြောင်းလဲ သွားတဲ့ နောက်မှာလည်း စုပေါင်း ကုန်ထုတ်လုပ်သူတွေ၊ အများနဲ့ စုပေါင်းလုပ်မှ ရနိုင်သော ကုန်ထုတ် ပစ္စည်းတွေ နဲ့ သူတို့ ဖန်တီးလိုက်တဲ့ ထုတ်ကုန်တွေကို အရင်ကလိုပဲ သဘောထား ပြုမူကြတယ်၊၊ အရင်ကလိုပဲ ဆိုတာက တဦးချင်း ပိုင်ဆိုင်ထားတဲ့ ကုန်ထုတ် ပစ္စည်းတွေလို၊ တဦးချင်း ထုတ်လိုက်တဲ့ ထုတ်ကုန်တွေလို သဘောထား ပြု မူနေခြင်း ဖြစ်တယ်။ ဒီမတိုင်ခင်အထိ၊ ကုန်ထုတ်ကိရိယာ ပိုင်ရှင်က ထုတ်ကုန်ကို သူ့ပစ္စည်းအဖြစ် သိမ်းယူ ပိုင် ဆိုင်ခဲ့တယ်၊ ဒီလို သိမ်းယူပိုင်ဆိုင်ခြင်းဟာ သူ့လုပ်အားရဲ့ အသီးအပွင့် ဖြစ်နေလို့။ တခြားသူရဲ့ လုပ်အား အကူအ ညီ ယူရတယ်ဆိုတာ ခြွင်းချက်။ ဒီကနေ့ခေတ်မှာကျ၊ ကုန်ထုတ်ကိရိယာ ပိုင်ဆိုင်ထားသူက ထုတ်ကုန်ကို သိမ်းယူ ပိုင်ဆိုင်တယ်၊ ဒါပေမယ့် ဒီထုတ်ကုန်က သူ့လုပ်အားရဲ့ အသီးအပွင့် မဟုတ်တော့ဘူး၊ တခြား လူအများရဲ့ စုပေါင်း လုပ်အား အသီးအပွင့်သာ ဖြစ်တယ်။ ဒါ့ကြောင့် အများစုပေါင်းအားနဲ့ ထုတ်လိုက်တဲ့ ပစ္စည်းတွေကို ကုန်ထုတ် ပ စ္စည်းတွေ တကယ် မောင်းနှင်အသုံးချပြီး ရောင်းကုန်အဖြစ် ထုတ်ပေးနေသူတွေက သိမ်းပိုက် ပိုင်ဆိုင်ခြင်း မပြုရ ဘူး၊ အရင်းရှင်တွေကပဲ သိမ်းပိုက် ပိုင်ဆိုင်နေကြတယ်။ ကုန်ထုတ်ပစ္စည်းတွေနဲ့ ကုန်ထုတ် ဖြစ်စဉ်တို့က အနှစ်သာ ရအားဖြင့် (Socialized) အများစုပေါင်းလက္ခဏာ အပြည့်ရှိနေပြီ။ ဒါပေမယ့် ဒီလို အများ စုပေါင်းလုပ်မှ ဖြစ်နိုင် တဲ့ ကုန်ထုတ် ပစ္စည်းတွေနဲ့ ကုန်ထုတ်ဖြစ်စဉ်ကို တဦးချင်း ကုန်ထုတ်လုပ်ခြင်း ပြုစဉ်က ကျင့်သုံးခဲ့တဲ့ သိမ်းပိုက် ပိုင်ဆိုင်မှုစနစ်အောက် သွတ်သွင်းထားတယ်။ တဦးချင်း ကုန်ထုတ်လုပ်ခြင်း ပြုစဉ်က ကိုယ်ထုတ် ပစ္စည်းကို ကိုယ် ပိုင်တယ်၊ ကိုယ်ပိုင်တဲ့ ထုတ်ကုန်ကို ဈေးကွက်တင် ရောင်းကြတယ်။ အခု အဲဒီလို သိမ်းပိုက် ပိုင်ဆိုင်မှု စနစ်မျိုး ကျင့်သုံးစရာ အခြေအနေတွေ မရှိတော့ဘူး၊ ဒါပေမယ့် လက်ရှိ ကုန်ထုတ်စနစ်ကို အရင် သိမ်းပိုက် ပိုင်ဆိုင်မှုပုံစံ ဟောင်းအောက် သွတ်သွင်းထားဆဲ ဖြစ်နေတယ်။
ကုန်ထုတ် စနစ်အသစ်ကို အရင်းရှင် လက္ခဏာဆောင်စေတဲ့ ဒီပဋိပက္ခအတွင်းမှာ ဒီကနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ ပဋိပက္ခ အလုံးစုံ ပေါက်ဖွားလာစေမယ့် မျိုးစေ့ပါနေတယ်။ ကုန်ထုတ်စနစ်အသစ်က ကုန်ထုတ်လုပ်မှုရဲ့ အရေးကြီး ကဏ္ဍအားလုံးနဲ့ ကုန်ထုတ် တိုင်းပြည်အားလုံးကို လွှမ်းခြုံကြီးစိုးသွားလေ၊ တဦးချင်း ကုန်ထုတ်လုပ်ခြင်းလည်း မ ဆိုစလောက်အဆင့်ကို လျှောကျသွားလေ ဖြစ်တယ်၊ ဒီလိုဖြစ်လေ အများစုပေါင်း ကုန်ထုတ်လုပ်ခြင်းနဲ့ အရင်းရှင် လူတန်းစားက သိမ်းယူ ပိုင်ဆိုင်ခြင်းကြား ပဋိပက္ခက ပိုထင်ရှားလာလေ ဖြစ်တယ်။
ဆိုခဲ့ပြီးသလိုပဲ၊ ပေါ်ထွန်းစ အရင်းရှင်တွေဟာ တခြား လုပ်အားပုံစံတွေနဲ့အတူ အခစား လုပ်အားပုံစံကို ဈေးကွက် ထဲမှာ အရံသင့် သွားတွေ့တယ်။ ဒါပေမယ့် အဲဒီကာလမှာ အခစား လုပ်အားက မကျယ်ပြန့်သေးဘူး၊ ခြွင်းချက်ဖြစ် နေသေးတယ်၊ တခြားလုပ်အားပုံစံတွေရဲ့ ဖြည့်ဘက်အဆင့်၊ အရံအဆင့်၊ ယာယီသဘောသာ ဖြစ်နေသေးတယ်။ မြေယာအလုပ်သမားဆိုရင် ရံဖန်ရံခါ နေ့စားသဘောနဲ့ သူ့လုပ်အားကို ရောင်းချပေမယ့်၊ သူကိုယ်ပိုင် မြေဧက မဆို စလောက် ရှိသေးတယ်။ သူပိုင် မြေကွက်လေးကို လုပ်ကိုင်စားသောက်ရင်း မသေရုံ အသက်ဆက်နိုင်တယ်။ ဂစ်လ် တွေရဲ့ စုစည်းမှုအား သိပ်ကောင်းလွန်းတယ်၊ ဒီတော့ လောလောဆယ် ဂစ်လ်ဒ်မှာ နေ့စား လာလုပ်နေသူတွေက နောင်မှာ လက်မှုလုပ်ငန်းရှင် ဖြစ်လာဖို့ သေချာသလောက်ပဲ။ ကုန်ထုတ် ပစ္စည်းတွေကို အရင်းရှင်တွေ လက်ထဲ စု စည်းပစ်လိုက်တယ်၊ အများစုပေါင်း လုပ်ဆောင်လာရတယ်။ ဒီအခါ အထက်ပါ အခြေအနေတွေ အားလုံး ပြောင်း လဲ သွားခဲ့ပြီ။ တသီးပုဂ္ဂလ ကုန်ထုတ်လုပ်သူတွေရဲ့ ကုန်ထုတ်ပစ္စည်းတွေနဲ့ ထုတ်ကုန်တွေဟာ သိပ်အရေးမပါ တော့ဘူး။ အသေးစား ကုန်ထုတ်လုပ်သူတွေအဖို့ ရွေးစရာ မကျန်တော့၊ အရင်းရှင်ဆီမှာ အခစား အလုပ်သမားအ ဖြစ် ဝင်လုပ်ရုံပဲ ရှိတော့တယ်။ ဒီအရင်က ခြွင်းချက်ပုံစံ၊ အရံသဘောသာ ရှိခဲ့တဲ့ အခစား လုပ်အားဟာ အခုတော့ ယေဘုယျ ပုံစံဖြစ်လာတယ်၊ ကုန်ထုတ်လုပ်မှု အားလုံးရဲ့ အခြေခံ ဖြစ်လာတယ်။ အချိန်ပိုင်း အခစားအလုပ်သမား အဖြစ်ကနေ တသက်တာ အခစား အလုပ်သမား ဖြစ်လာတယ်။ တချိန်တည်းမှာ ပဒေသရာဇ် ပြိုကွဲသွားလို့လဲ ရာ သက်ပန် အခစား အလုပ်သမား အရေအတွက် အမြောက်အမြား တိုးပွားသွားခဲ့တယ်။ ပဒေသရာဇ် စနစ် ပြိုကွဲ သွားတဲ့အခါ၊ ပဒေသရာဇ် မြေရှင်ကြီးတွေကို အလုပ်အကျွေးပြုနေရတဲ့ မြေကျွန်တွေကို ဖြေလွှတ်ပစ်လိုက်တယ်၊ ကျေးလက်က လယ်သမားတွေကို သူတို့ လုပ်ကိုင်စားသောက်နေတဲ့ မြေယာတွေကနေ မောင်းထုတ်ပစ်လိုက် တယ်၊ ဒီလိုနဲ့ ရာသက်ပန် အခစား အလုပ်သမား အရေအတွက် ဆတက်ထပိုး တိုးပွားလာခဲ့တယ်။ တဖက်မှာ အ ရင်းရှင်တွေ လက်ထဲ ကုန်ထုတ်ပစ္စည်းတွေ စုပုံသွားတယ်၊ တခြားတဖက်မှာတော့ လုပ်အား စွမ်းပကားကလွဲလို့ ဘာပစ္စည်းမှ မပိုင်တော့တဲ့ ကုန်ထုတ်လုပ်သူတွေ။ ကုန်ထုတ်ပစ္စည်း နဲ့ လုပ်အား စိုက်ထုတ် ကုန်ထုတ်လုပ်သူတွေ ကို ခွဲထုတ်ခြင်း ပြီးမြောက်သွားတယ်။ အများစုပေါင်း ကုန်ထုတ်လုပ်ခြင်း နဲ့ အရင်းရှင်လူတန်းစားက ပုဂ္ဂလိက ပိုင် သိမ်းယူခြင်းကြားက ပဋိပက္ခဟာ ပစ္စည်းမဲ့ လူတန်းစားနဲ့ ဘူဇွှာ လူတန်းစားကြားက ပဋိပက္ခအဖြစ် ထွက်ပေါ် လာတယ်။
[proletariat ကို တွင်ကျယ်ပြီးသားဖြစ်တဲ့ ပစ္စည်းမဲ့လို့ပဲ ဘာသာပြန်ပါတယ်။ မာ့က်စ်ဝါဒကို အခြေခံမှ မသိဘဲ ဝေ ဖန်လေကန်ချင်ကြတဲ့ ပညာတတ် ယောင်ယောင်တွေက အလုပ်သမား တယောက်က ဖုန်းကိုင်တာ၊ ဆိုင်ကယ် ပိုင်တာ (ဒါမှမဟုတ်လည်း) ရှေ့တန်းရောက် အရင်းရှင် တိုင်းပြည်က အလုပ်သမား မိသားစုတွေရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတချို့ကို လက်ညှိုးထိုးပြပြီး ပစ္စည်းမဲ့ လူတန်းစားလို့ ဘာသာပြန် ခေါ်ဝေါ်တာကိုပဲ အဓိပ္ပါယ်လွဲနေသ ယောင် အာချောင်ချင်ကြတယ်။ မာ့က်စ်ဝါဒီတွေက ပစ္စည်းမဲ့ လူတန်းစားလို့ ခေါ်ဝေါ်ခြင်းဟာ သူတို့ပြောတဲ့ ပ စ္စည်းတွေ (ariticles of consumption) ပိုင်ခြင်း မပိုင်ခြင်း လက်မဲ့ဖြစ်ခြင်း မဖြစ်ခြင်းကို အခြေခံ ပြောခြင်း မ ဟုတ်။ means of production လို့ခေါ်တဲ့ ကုန်ထုတ်ပစ္စည်းတွေ မပိုင်ဆိုင်ခြင်းကို အခြေခံ ပြောခြင်း ဖြစ်တယ်။ ဒီ နေရာမှာလည်း စကားကပ်ချင်တာ ရှိသေးတယ်။ ဥပမာ - အလုပ်သမား မိသားစုတခုမှာ အပ်ချုပ်စက်ကလေး ရှိ တယ် ဆိုပါစို့။ ဒါကို ကြည့်ပြီး သူတို့မှာ ကုန်ထုတ်ပစ္စည်း ရှိနေတာပဲ၊ ဘယ်လိုလုပ် ပစ္စည်းမဲ့လို့ ပြောမလဲ မေးစရာ ရှိတယ်။ ဒီလို ကြောင်တောင်တောင် မေးခွန်းမျိုးကို အန်းဂယ်လ်စ်က အပေါ်မှာ ရှင်းခဲ့ပြီးသား ဖြစ်တာ၊ စာဖတ်သူ တွေ သတိထားမိလိမ့်မယ်။ အလယ်ခေတ် ဂစ်လ်ဒ်တွေ လက်ထက်က အသေးစား လက်မှု လုပ်ငန်းရှင်လေးတွေ ပိုင်တဲ့ ကုန်ထုတ်ပစ္စည်းတွေ ပျောက်ကွယ်သွားလို့ မဟုတ်ဘဲ၊ သူတို့ထက် ပိုကျယ်ပြန့်တဲ့ ပိုဖွံ့ဖြိုးတဲ့ ကုန်ထုတ် ပစ္စည်းတွေ ပေါ်ထွန်းလာတဲ့အခါ တဉီးချင်း ကုန်ထုတ်လုပ်သူလေးတွေ ပိုင်တဲ့ ကုန်ထုတ်ပစ္စည်းတွေက မယှဉ်နိုင် တော့လို့ နောက်ဆုတ်သွားခဲ့ရခြင်း ဖြစ်တယ်။ ဒီအခါ မဖြစ်ညစ်ကျယ် ကုန်ထုတ်ကိရိယာလေးတွေနဲ့ ဆက်လုပ် နေလည်း မစားလောက်တော့လို့ ကုန်ထုတ်ပစ္စည်းတွေ စုပြုံပိုင်ဆိုင်ထားတဲ့ အရင်းရှင်တွေဆီ လုပ်အားစွမ်းပကား ကို ရောင်းချ အသက်မွေးရတော့တယ်။ အခု နမူနာပေးတဲ့ အပ်ချုပ်စက်ကလေးကိုပဲ ကြည့်ပါ။ အလုပ်သမား မိ သားစုဝင်တွေရဲ့ အဝတ်အထည်လေးတွေ စုတ်ပြဲရင် ဒီအပ်ချုပ်စက်ဟာ အသုံးတည့်ကောင်း တည့်မယ်။ ဒီလို အ သုံးပြုရင် သူဟာ article of consumption တမျိုးပဲ ဖြစ်မယ်။ ဒါပေမယ့် အထည်ချုပ် စက်ရုံကြီးနဲ့ အလုပ်သမား တွေ ရာထောင်ချီ လည်ပတ်နေတဲ့ အထည်ချုပ် အရင်းရှင်တွေနဲ့အပြိုင် အဆိုပါ အပ်ချုပ်စက် ပိုင်ရှင်လေးက ဘယ်လို အထည်ထုတ်နိုင်ပါ့မလဲ။ ဒီလို ဖူလုံတဲ့ ကုန်ထုတ်လုပ်ငန်းကို မလုပ်နိုင်ဘဲ အိမ်ကမိသားစုဝင်တွေအတွက် လောက်ပဲ အသုံးတည့်တဲ့ ကိရိယာကို means of production လို့ ခေါ်မရဘူး။
ဒီတော့ အနှစ်ချုပ်ရရင် proletariat ကို ပစ္စည်းမဲ့လူတန်းစားလို့ ခေါ်ခြင်းဟာ ကုန်ထုတ်ပစ္စည်းလက်မဲ့ ဖြစ်ခြင်းကို အခြေခံ ပြောခြင်းဖြစ်တယ်။ (articles of consumption) ရှိတာ/မရှိတာတွေ လာထောက်ပြပြီး ဘာပစ္စည်းမဲ့လဲ ပြောစရာမလို။ မဖြစ်ညစ်ကျယ် ကုန်ထုတ်ပစ္စည်းလေး မဆိုစလောက်ပိုင်တာကိုလည်း ကုန်ထုတ်ပစ္စည်း ရှိနေတာ ပဲ ပြောလို့မရ။ ရောင်းကုန်ထုတ် စနစ်အတွင်းမှာ စားဝတ်နေရေး ဖူလုံအောင် ထုတ်လုပ်နိုင်ခြင်း မရှိရင် ကုန်ထုတ် ပစ္စည်း မဆိုစလောက် ရှိနေလည်း လက်မဲ့နဲ့ အတူတူပဲ။]
အရင်းရှင် ကုန်ထုတ်စနစ်က ရောင်းကုန် ထုတ်လုပ်သူတွေ (တဉီးချင်း ကုန်ထုတ်လုပ်သူတွေ) နဲ့ ဖွဲ့စည်းထားတဲ့ လူ့သမဂ္ဂအတွင်း ချဉ်းနင်း ဝင်ရောက်လာပုံကို တွေ့ခဲ့ရပြီ။ ဒီလို လူ့အဖွဲ့အစည်းက လူလူချင်း ပတ်သက် ယှက်နွှယ် မှုဟာ ကုန်ပစ္စည်းချင်း ဖလှယ်မှု ဖြစ်တယ်။ ရောင်းကုန် ထုတ်လုပ်ခြင်း အခြေခံ လူ့အဖွဲ့အစည်းတိုင်းမှာ ထူးခြား ချက်ရှိတယ်၊ အဲဒါက ကုန်ထုတ်လုပ်သူတွေဟာ သူတို့ အချင်းချင်းကြားက လူမှု ဆက်နွှယ်ချက်တွေ အပေါ် ပဲ့ကိုင် မောင်းနှင်နိုင်ခြင်း မရှိတာပဲ။ လူတဉီးချင်းစီဟာ သူ့မှာ ရှိနိုင်တဲ့ ကုန်ထုတ် ပစ္စည်းတွေနဲ့ ကုန်ထုတ်လိုက်တယ်၊ ကျန်နေသေးတဲ့ သူ့လိုအင်တွေ ဖြည့်ဆည်းနိုင်အောင် ကုန်ဖလှယ်မှုကို လုပ်ရတယ်။ သူထုတ်လိုက်တဲ့ ကုန်ပစ္စည်း မျိုး ဈေးကွက်ထဲ ဘယ်လောက် ရှိနေမလဲ ဘယ်သူမှ ကြိုမသိဘူး၊ သူထုတ်လိုက်တဲ့ ကုန်ပစ္စည်းကို ဈေးကွက်က ဘယ်လောက်ထိ ဝယ်လိုအား ရှိမလဲ ဘယ်သူမှ မသိဘူး။ သူထုတ်လိုက်တဲ့ ကုန်ပစ္စည်းကို ဝယ်လိုတဲ့သူ တကယ်ရှိ မရှိ ဘယ်သူမှ မသိဘူး၊ ရောင်းရရင်လည်း ကုန်ကျစရိတ် ကာမိပါ့မလား မပြောနိုင်ဘူး။ ရောင်းကော ရောင်းရပါ့မ လား ဒါလည်း ဘယ်သူမှ မသိဘူး။ စုပေါင်း ကုန်ထုတ်လုပ်ခြင်း စနစ်အတွင်းမှာ အနာခီ မင်းမူနေတယ်။
တခြား ကုန်ထုတ်စနစ်တွေလိုပဲ ရောင်းကုန် ထုတ်လုပ်ခြင်းမှာလည်း သူ့ကိုယ်ပိုင် ထူးခြားချက်ရှိသော၊ ဖယ်ထုတ် လို့မရတဲ့ အတွင်းသား နိယာမတွေ ရှိတယ်။ အနာခီ ရှိပေမယ့် ဒီနိယာမတွေက သူ့အလုပ်သူ လုပ်နေတယ်၊ အနာခီ ဖြစ်ခြင်းကနေ အလုပ်လုပ်နေတယ်။ ဒီနိယာမတွေက ကုန်ဖလှယ်ခြင်း ဆက်ဆံရေးမှာ သူတို့ကိုယ်တိုင် ထင်ဟပ် ဖော်ထုတ်လာတယ်။ ကုန်ဖလှယ်ခြင်း ဆက်ဆံရေးတွေ အတွင်းမှာ ကုန်ထုတ်လုပ်သူ တဉီးချင်းစီကို ယှဉ်ပြိုင်ခြင်း နိယာမတွေအဖြစ်နဲ့ မလွဲမသွေ လိုက်နာခိုင်းတယ်။ ကနဉီးမှာတော့၊ ကုန်ထုတ်လုပ်သူတွေက ဒီနိယာမတွေကို နားမလည်သေးဘူး၊ အတွေ့အကြုံကနေ တစတစ တွေ့ရှိသွားခြင်း ဖြစ်တယ်။ ဒီနိယာမတွေက ကုန်ထုတ်လုပ်သူ တွေရဲ့ ကြိုးကိုင်မှုအောက် ရှိမနေဘဲ သူ့သဘောသူ ဆောင်သွားတယ်။ ကုန်ထုတ်လုပ်သူတွေရဲ့ စိတ်ဆန္ဒနဲ့ ဖီလာ ဆန့်ကျင်သွားတယ်။ ရောင်းကုန်ထုတ်စနစ်မှာ တားလို့မရစကောင်းတဲ့ သဘာ၀ နိယာမတွေလို သူထင်ရာစိုင်းနေ တယ်။ ထုတ်ကုန်က ဖန်တီးရှင် ကုန်ထုတ်လုပ်သူကို ပြန်အုပ်စိုးနေတယ်။
အလယ်ခေတ် လူ့အဖွဲ့အစည်းမှာ၊ အထူးသဖြင့် အစောပိုင်း ရာစုနှစ်တွေမှာ ကုန်ထုတ်လုပ်ခြင်းကို လူတွေရဲ့ လို အင်ဆန္ဒတွေ ဖြည့်ဆည်းဖို့ပဲ အဓိက ရည်ရွယ်ခဲ့တယ်။ အဓိကကတော့ ကုန်ထုတ်လုပ်သူနဲ့ သူ့မိသားစုရဲ့ လိုအင် ဆန္ဒ ပြည့်ဝဖို့ပဲ။ ကျေးလက်လို ကျေးဇူးခံကျေးဇူးစား ဆက်ဆံရေးတွေ ရှိနေတဲ့ နေရာမျိုးမှာတော့ ပဒေသရာဇ်မြေ ရှင်တွေရဲ့ လိုဘဖြည့်အောင် ကုန်ထုတ်ပေးရတယ်။ ဒါ့ကြောင့် အဲဒီကာလ ကုန်ထုတ်လုပ်မှု ပုံစံတွေမှာ ဖလှယ်ခြင်း ဆိုတာ မရှိခဲ့ဘူး။ ဒီတော့ ထုတ်ကုန်တွေ (products) က ရောင်းကုန် (commodity) လက္ခဏာ မဆောင်ခဲ့ဘူး။ လယ်သမား မိသားစုက သူတို့ လိုအပ်တာ အားလုံးနီးပါးကို သူတို့ကိုယ်တိုင် လုပ်အားစိုက်ထုတ် ကုန်ထုတ်ကြ တယ်။ အဝတ်အထည်တွေ၊ အိမ်အသုံးအဆောင် ပစ္စည်းတွေနဲ့ စားသောက်ဖွယ်တွေ အပါအဝင် အားလုံးကို ကိုယ့် မိသားစု လုပ်အားနဲ့ကိုယ် ထုတ်ကြတယ်။ သူတို့ မိသားစု လိုအင်တွေ၊ ပဒေသရာဇ် အရှင်သခင်တွေကို ဆက်သရ မှာတွေထက် ပိုလျှံလာမှသာ ကုန်ပစ္စည်းချင်း ဖလှယ်ကြတယ် (ရောင်းကုန်တွေ ထုတ်ကြတယ်)။ လူအများကြား ကုန်ဖလှယ်ခြင်းပြုဖို့ ဈေးကွက်ထဲ ပစ်တင်လိုက်တဲ့ အပိုအလျှံ ကုန်ပစ္စည်းတွေက ရောင်းကုန် ဖြစ်လာတယ်။
မှန်ပါတယ်၊ မြို့ပေါ်က လက်မှုလုပ်ငန်းရှင်တွေက အစောပိုင်းကတည်းက ဖလှယ်ဖို့ ကုန်ထုတ်ခဲ့ကြတယ်။ ဒါပေမဲ့ လက်မှုလုပ်ငန်းရှင်တွေဟာလည်း သူတို့မိသားစု စားဝတ်နေရေး လိုအပ်ချက်ကို သူတို့ကိုယ်တိုင် ကုန်ထုတ် ဖြည့် ဆည်းခဲ့ကြတယ်။ လက်မှုလုပ်ငန်းရှင်တွေမှာ ကိုယ်ပိုင် ခြံတွေ၊ မြေကွက်တွေ ရှိကြတယ်။ မွေးထားတဲ့ ကျွဲနွားတိ ရစ္ဆာန်တွေကို ဘုံပိုင် တောတွေထဲ လွှတ်ထားကြတယ်။ ဘုံပိုင် သစ်တောတွေကနေ ကျွန်းသစ်နဲ့ ထင်းကို ရကြ တယ်။ မိန်းမတွေက ချည်ငင်ကြ၊ သိုးမွှေးထိုးကြ စတဲ့ ကုန်ထုတ်လုပ်ငန်းတွေကို တာဝန်ယူကြတယ်။ ဒီကာလမှာ ဖလှယ်ဖို့ ရည်ရွယ်ချက်နဲ့ ကုန်ထုတ်လုပ်ခြင်း (ရောင်းကုန် ထုတ်လုပ်ခြင်း) က သန္ဓေသား အဆင့်ပဲ ရှိသေးတယ်။ ဖလှယ်မှုကို ကန့်သတ်ထားတယ်။ ဈေးကွက်ကလည်း ကျဉ်းတယ်။ ကုန်ထုတ် နည်းတွေကလည်း အပြောင်းအလဲ မရှိလှဘူး။ ဒေသန္တရ သီးသန့်သာ ရှိသေးတယ်။ ဒေသအလိုက် စည်းလုံးမှု ရှိတယ်။ ကျေးလက်မှာ မာ့(ခ်)*၊ မြို့ တွေမှာ ဂစ်(လ်ဒ်)။ [* = Mark အကြောင်းကို ဒီစာအုပ်ငယ်ရဲ့ နောက်ဆက်တွဲအခန်းမှာ ဖော်ပြထားတယ်လို့ အန်း ဂယ်စ် အမှာစာမှာ ရေးထားပေမယ့် နောက်ဆက်တွဲအခန်းကို မတွေ့ရပါ။ အန်းဂယ်စ် ရေးတဲ့ အိမ်ထောင်စု၊ ပုဂ္ဂလိ ကပိုင်ဆိုင်မှုနဲ့ နိုင်ငံတော်တို့ရဲ့ မူလအစ ကျမ်းမှာ Mark အကြောင်းကို တခန်းသက်သက် ရေးထားတာ ဖတ်ရပါ တယ်။ မော်ဂန်ရဲ့ လေ့လာချက်တွေမှာ gen ဆိုတာကို သုံးလေ့ရှိတယ်။ teutonic မျိုးနွှယ်စုတွေကြားက စုဖွဲ့မှု ယူ နစ်ကို Mark လို့ သုံးတယ်။ gen တွေ စုပေါင်းပြီး tribe ဖြစ်သလို၊ Mark တွေ စုပေါင်းပြီး tribe ဆိုတဲ့ မျိုးနွှယ်စု တခု ဖြစ်နေတယ်။
ကျေးလက်က Mark အဖွဲ့ဝင်တွေဟာ အစောပိုင်း သမိုင်းကာလမှာ စားကျက်မြေတွေ၊ စိုက်ပျိုးမြေတွေကို ဘုံပိုင်ခဲ့ ကြတယ်။ အတူတကွဲ ပူးပေါင်း လုပ်ကိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ လူ့အဖွဲ့အစည်းက ကြီးထွားလာချိန်မှာ Mark တခုလုံး က ဘုံပိုင်တဲ့ ပုံစံနဲ့ မကိုက်တော့ဘဲ၊ မိသားစုအလိုက် ခွဲဝေ ပိုင်ဆိုင်တဲ့ပုံစံကို ပြောင်းလာခဲ့တယ်။]
ဒါပေမယ့် ရောင်းကုန် ထုတ်လုပ်ခြင်း ချဲ့ထွင်လာခြင်း၊ အရင်းရှင် ကုန်ထုတ်စနစ်ကို စတင်လာခြင်းနဲ့အတူ ရောင်း ကုန်ထုတ် စနစ်ရဲ့ နိယာမတွေဟာ အောင်းနေရာကနေ ဗြောင်ကျကျ သက်ဝင် လှုပ်ရှားလာတယ်။ အားကောင်း ကောင်းနဲ့ လှုပ်ရှားလာတယ်။ နှောင်ကြိုးဟောင်းတွေ ပြေလျော့သွားရတယ်။ အတိတ်က ဒေသအလိုက် အကန့် အသတ်တွေ ကျိုးပေါက်သွားတယ်။ ကုန်ထုတ်လုပ်သူတွေက လွတ်လွတ်လပ်လပ်နဲ့ တသီးတခြားစီ ရောင်းကုန် ထုတ်လုပ်သူတွေ အဖြစ် ပြောင်းသွားခဲ့တယ်။ လူ့အဖွဲ့အစည်း တခုလုံးရဲ့ ကုန်ထုတ်လုပ်မှုကို ဘာအစီအစဉ်မှ မရှိ ဘဲ ထင်သလို စိုင်းနေတာ ထင်ရှားလာတယ်။ ဒီ အနာခီက တနေ့တခြား ပြင်းထန်လာနေတယ်။ ဒါပေမယ့် အရင်း ရှင် ကုန်ထုတ်စနစ်က အများစုပေါင်း ကုန်ထုတ်လုပ်ခြင်းမှာ ရှိနေတဲ့ အဲဒီ အနာခီကို ပို ပြင်းထန်သွားအောင် လုပ် ရာမှာ သုံးတဲ့ အဓိက လက်နက်က အနာခီ နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ အရာ ဖြစ်နေတယ်။ အဲဒီလက် နက်က အများစုပေါင်းမှု အခြေခံသော ကုန်ထုတ်လုပ်မှုကို တိုးချဲ့သထက် တိုးချဲ့နေခြင်းပဲ။ ကုန်ထုတ်ကဏ္ဍတခု ချင်းစီမှာ အများစုပေါင်းမှုနဲ့ ကုန်ထုတ်လုပ်ခြင်းကို သွတ်သွင်းလာတယ်။ ဒီလိုနဲ့ အတိတ်က တည်ငြိမ် အေးဆေး နေတဲ့ အခြေအနေတွေ ချုပ်ငြိမ်းသွားခဲ့တယ်။ ဒီလို ကုန်ထုတ်လုပ်မှု ပုံစံကို သွတ်သွင်းလိုက်တဲ့ ကဏ္ဍတိုင်းမှာ၊ တ ခြား ဘယ်ကုန်ထုတ် စနစ်ကိုမှ သူ့နံဘေး တည်ရှိခွင့် မပေးတော့ဘူး။ ကုန်ထုတ်လုပ်ခြင်း နယ်ပယ်ဟာ စစ်မြေပြင် ဖြစ်လာတယ်။ ပထဝီဒေသကြီးတွေ ထပ်မံတွေ့ရှိခြင်း၊ ဒီနောက် ကိုလိုနီအဖြစ် သိမ်းယူခြင်းတွေ လုပ်လာတော့ ဈေးကွက်တွေ ပွားများလာတယ်။ လက်မှုလုပ်ငန်းကနေ အလုပ်ရုံကြီးတွေအဖြစ် မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ခဲ့ တယ်။ ဒေသအလိုက် ကုန်ထုတ်လုပ်သူတွေ အချင်းချင်းကြားက စစ်ပွဲမျိုး မဟုတ်တော့။ ဒေသန္တရ စစ်ပွဲတွေက နေ တိုင်းပြည်အဆင့် စစ်ပွဲ ဖြစ်လာတယ်၊ ၁၇ နဲ့ ၁၈ ရာစုရဲ့ ကုန်သွယ်ရေး စစ်ပွဲတွေအဆင့် ရောက်လာတယ်။
နောက်ဆုံး၊ ခေတ်သစ် စက်ရုံကြီးတွေ ပေါ်ထွန်းလာပြီး၊ ကမ္ဘာ့ဈေးကွက် ပွင့်သွားတော့ ဒီစစ်ပွဲတွေက နေရာအနှံ့ ဖြစ်သွားတယ်။ မကြုံဖူး မကြားဖူးလောက်အောင် ပြင်းထန်လာခဲ့တယ်။ ကုန်ထုတ်လုပ်မှုရဲ့ သဘာဝ (သို့) လူလုပ် ထားတဲ့ အခြေအနေတွေ အားသာချက်ရှိခြင်း မရှိခြင်းက သက်ဆိုင်ရာ အရင်းရှင်တွေ၊ စက်မှုလုပ်ငန်းတွေသာမက တိုင်းပြည်တွေရဲ့ တည်ရှိခြင်း လဲပြိုခြင်းကို အဆုံးအဖြတ် ပြုလာတယ်။ ပြိုလဲသွားရင် မညှာမတာ ဖယ်ရှားခံရ မယ်။ သက်ရှိ တကောင်ချင်းစီက သဘာဝအရိုင်းမှာ ရှင်သန်နိုင်အောင် ရုန်းကန် တိုက်ပွဲဝင်ရတယ် ဆိုတဲ့ ဒါဝင်နီ ယန် သဘောတရားက လူ့အဖွဲ့အစည်းအတွင်း ဝင်ရောက်လာတယ်။ တိရစ္ဆာန်တွေ သဘာဝမှာ ရှင်သန်နေရတဲ့ ဘဝအခြေအနေမျိုးဟာ လူသား ဖွံ့ဖြိုးမှုရဲ့ နောက်ဆုံး အနေအထားလို ထင်လာရတယ်။ အများစုပေါင်းကုန်ထုတ် ခြင်းနဲ့ အရင်းရှင်ရဲ့ ပုဂ္ဂလိကပိုင် သိမ်းယူခြင်း ကြားက ပဋိပက္ခဟာ အလုပ်ခွင် တခုချင်းစီ မှာ စနစ်တကျ စုပေါင်း ကုန်ထုတ်လုပ်ခြင်းနဲ့ လူ့အဖွဲ့အစည်းတခုလုံးမှာ အနာခီဖြစ်နေခြင်းကြားက ပဋိပက္ခအနေနဲ့ ထွက်ပေါ်လာတယ်။
အရင်းရှင် ကုန်ထုတ်စနစ်ဟာ ကနဉီးကတည်းက တွဲပါလာသော အဲဒီပဋိပက္ခ ပုံစံနှစ်ခုနဲ့ လည်ပတ်နေတယ်။ ဖိုရီ ယေး တွေ့ရှိခဲ့ပြီး ဖြစ်တဲ့ ဒီ “အဆိုးကျော့ သံသရာ” ကနေ ဘယ်လိုမှ ရုန်းမထွက်နိုင်ဘူး။ သူ့ခေတ်မှာ ဖိုရီယေး မ မြင်နိုင်သေးတာက ဒီစက်ဝန်းဟာ တစတစ ကျဉ်းလာတယ်၊ ကြောင်လိမ်လှေကားလို ပိုပိုပြီး ဖြစ်လာတယ်၊ ဂြိုဟ် တွေရဲ့ လှုပ်ရှားမှုလို ဗဟိုချက်နဲ့ ပွတ်တိုက်မိပြီး အဆုံးသတ်ကို မလွဲမသွေ ရောက်သွားရမယ် ဆိုတဲ့ အချက်။ လူ့အ ဖွဲ့အစည်းတခုလုံး အတိုင်းအတာနဲ့ မင်းမူနေတဲ့ အနားခီ ရဲ့ တွန်းအားကြောင့် လူတွေ အမြောက်အမြား ပစ္စည်းမဲ့ လူတန်းစား ဖြစ်သွားခဲ့တယ်။ အဲဒီ ပစ္စည်းမဲ့ထုကပဲ ကုန်ထုတ်စနစ်အတွင်း မင်းမူနေသော အနာခီကို အဆုံးတိုင် ချုပ်ငြိမ်းစေလိမ့်မယ်။ အများစုပေါင်း ကုန်ထုတ်လုပ်ခြင်းမှာ မင်းမူနေတဲ့ အနာခီရဲ့ တွန်းအားပေးမှုကြောင့် ခေတ် သစ်စက်ရုံကြီးတွေက စက်ယန္တယားကြီးတွေ အဆုံးမရှိ တိုးတက်ကောင်းမွန်စေခြင်းဟာ မလွဲမသွေ လုပ်ကိုလုပ်ရ မယ့် နိယာမတခု ဖြစ်လာတယ်။ ဒီနိယာမရဲ့ ဖိအားအောက်မှာ၊ စက်မှုအရင်းရှင် တဉီးချင်းစီက သူတို့ရဲ့ စက်ယန္တ ယားတွေကို ပိုပြီး ကောင်းသထက် ကောင်းအောင် လုပ်နေရတယ်၊ မလုပ်နိုင်ရင် သူတို့ဘဝတွေ လွင့်စင်သွားမှာပဲ။
ဒါပေမယ့် စက်ယန္တယားတွေ ပိုကောင်းသထက် ကောင်းလာတော့ လူ့လုပ်အားက အပို ဖြစ်လာတယ်။ စက်ယန္တ ယားကြီးတွေ သုံးစွဲလာတဲ့အခါ သန်းနဲ့ချီတဲ့ ကြွက်သားအားပြု အလုပ်သမားတွေနေရာမှာ စက်ကိုင် အလုပ်သမား အနည်းအကျဉ်းနဲ့ အစားထိုးပစ်လိုက်တယ်။ ဒီထက် စက်ယန္တယားတွေ ပိုတိုးတက်လာရင် စက်ကိုင် အလုပ်သမား တွေပါ တစတစ ပိုလျှော့ချခံလာရတယ်။ နောက်ဆုံးမှာ “အရင်း” ရဲ့ ပျမ်းမျှ လိုအပ်ချက်ထက် အလုပ်လုပ်လိုတဲ့ အခစား အလုပ်သမား အရေအတွက်က အဆမတန် ပိုများလာမယ်။ ၁၈၄၅ ကစလို့ ကျနော်ခေါ်ဝေါ် သုံးစွဲခဲ့တဲ့ စက်မှု အလုပ်သမား အရံတပ်ကြီး အပြည့်အဝ ဖြစ်ထွန်းလာမယ်။ [အန်းဂယ်စ် အသက် ၂၅ ဝန်းကျင်လောက်က ရေးခဲ့တဲ့ The Condition of the Working-Class in England စာအုပ်မှာ ဒီဝေါဟာရကို စသုံးခဲ့တယ် လို့ ရည်ညွှန်းခြင်း ဖြစ်တယ်။] အသည်းအသန် ရုန်းကန်နေရတဲ့ စက်မှုလုပ်ငန်းတွေ မလွဲမရှောင်သာ အကြပ်ဆိုက် သွားတဲ့အခါ အဲဒီ အလုပ်လက်မဲ့ အရံတပ်တွေ စားရမဲ့ သောက်ရမဲ့ ဘဝနဲ့ လမ်းမပေါ် ရောက်သွားရတယ်။ ဒီလို အလုပ်လက်မဲ့ အရံတပ်ကြီး ရှိနေခြင်းဟာ အလုပ်သမား လူတန်းစားအဖို့ အရင်း နဲ့ တုပြိုင်ပြီး ရှင်သန်ရေး တိုက်ပွဲ ဝင်ရာမှာ ခြေထောက်ကို သေလောက်တဲ့ ဝန်ထုပ်ကြီး တက်ကြိတ်ခံထားရသလို ဖြစ်နေတယ်။ ဒီလို အလုပ် လက် မဲ့ အရံတပ် ရှိနေလို့ လုပ်ခလစာ နှုန်းထားကို အနိမ့်ဆုံး အဆင့်ထိ လျှော့ချပစ်နိုင်တယ်၊ ဒီတော့ အရင်း (ပိုင်သူ လူ တန်းစားရဲ့) အကျိုးကို ဖြစ်ထွန်းစေတယ်။
မာ့က်စ် စကားကို ယူသုံးရရင် စက်ယန္တယားကြီးတွေဟာ အရင်း(ရှင်)ရဲ့ အလုပ်သမား လူတန်းစား ဆန့်ကျင်ရေး စစ်ပွဲမှာ စွမ်းအား အထက်ဆုံး လက်နက် ဖြစ်တယ်။ ကုန်ထုတ် ကိရိယာတွေ ပိုတိုးတက်လာလေ အလုပ်သမား လက်ထဲက စားစရာတွေ ပုတ်ချခံရလေ ဖြစ်လာတယ်။ အလုပ်သမားကိုယ်တိုင် ဖန်တီးလိုက်တဲ့ ထုတ်ကုန်တွေက သူ့ကို ကျွန်ပြုရေး လက်နက် ဖြစ်သွားတယ်။
ကုန်ထုတ် ကိရိယာတွေ တိုးတက်လာလို့ အလုပ်ချိန်နည်းနည်း အလုပ်သမား နည်းနည်းနဲ့ ကုန်များများ ထုတ်နိုင် လာတယ်၊ တချိန်တည်းမှာ အလုပ်သမားတွေရဲ့ လုပ်အား စွမ်းပကားကို တရစပ် ဖြုန်းတီးပစ်လိုက်တယ်၊ သာမန် အခြေအနေတွေမှာကို အလုပ်သမား လူတန်းစားဆီကနေ အရင်းရှင်က လုယူသိမ်းပိုက်နေတယ်။ [သာမန် အခြေ အနေတွေလို့ ဆိုရာမှာ အရင်းရှင်စနစ် အကြပ်အတည်း ဆိုက်နေချိန်မျိုး မဟုတ်ဘဲ ပုံမှန် လည်ပတ်နေချိန်တွေမှာ အလုပ်သမားက သူပိုင်ဆိုင်ရာ လုပ်အားစွမ်းပကားကို ရောင်းကုန်အနေနဲ့ အရင်းကို ပိုင်ဆိုင်ထားသူ အရင်းရှင်ဆီ ရောင်းချတယ်။ ဝယ်ပြီးသွားတဲ့အခါ အရင်းရှင်က လုပ်အားစွမ်းပကားကို သူ့ပစ္စည်းအဖြစ် ပိုင်ဆိုင်သွားပြီ။ ဒီအခါ သူပိုင်ဆိုင်ထားတဲ့ စွမ်းအားမြင့် ကုန်ထုတ်ကိရိယာတွေ အသုံးချပြီး သူဝယ်လိုက်တဲ့ လုပ်အားစွမ်းပကားနဲ့ တရ စပ် ကုန်ထုတ်တော့တယ်။ လုပ်အား စွမ်းပကားကို သူဝယ်စဉ်က ၅၀ ပေးရရင်၊ သူဝယ်ပြီးလို့ သူပိုင်ပစ္စည်းအနေနဲ့ အသုံးချ ခိုင်းစေတဲ့အခါ တန်ဖိုးအသစ် ၂၀၀ ဖန်တီးပေးနိုင်တယ် ဆိုပါစို့။ ဒါဆို သူရင်းထားရတာထက် ၁၅၀ ပိုရ လိုက်တယ်။ ဒီလို တန်ဖိုး အပို ၁၅၀ ရအောင် ခိုင်းစေထားတဲ့ အလုပ်ချိန်တွေအတွက် အလုပ်သမားကို လုပ်ခထပ် မပေးရတော့။ အဖိုးအခ မပေးရဘဲ ဒီတိုင်းရနေတာမို့ သာမန် အခြေအနေတွေမှာကို အရင်းရှင်က အလုပ်သမားကို ဓားပြတိုက်နေတာ၊ လုယူသိမ်းပိုက်နေတာလို့ ပြောခြင်း ဖြစ်တယ်။] လုပ်အား စိုက်ထုတ်ရချိန် လျှော့ချရာမှာ စွမ်း အား အထက်ဆုံး လက်နက်ဖြစ်တဲ့ စက်ယန္တယားကြီးတွေဟာ အလုပ်သမားနဲ့ သူမိသားစုရဲ့ ဘဝ တသက်တာကို အရင်းရှင် ပြုသမျှ နုရမယ့် ဘဝရောက်အောင် ပြောင်းပစ်ဖို့ အသုံးတည့်ဆုံး ယာဉ်တွေ ဖြစ်လာတယ်။
(Capital Vol. 1, Penguin, 532)
တချို့လူတွေ အလွန်အကျွံ အလုပ် လုပ်နေရခြင်းဟာ တခြားလူတွေ အပျင်းကြီးနိုင်ဖို့ ရေခံမြေခံ လိုအပ်ချက် ဖြစ် လာတယ်။ ကမ္ဘာတလွှားက စားသုံးသူ အသစ်တွေ ရရှိရေး အမဲလိုက်နေတဲ့ ခေတ်သစ် စက်ရုံကြီးတွေဟာ မိခင် မြေက လူထုရဲ့ စားသုံးနိုင်စွမ်းကို မသေရုံတမယ် ငတ်နေရတဲ့ အနိမ့်ဆုံးအဆင့်ထိ လျှော့ချပစ်နေတယ်။ ဒီလိုလုပ် ရင်း ပြည်တွင်း ဈေးကွက်ကို ဖျက်စီးမိရက်သား ဖြစ်နေတယ်။
နှိုင်းရ* ပိုလျှံ လူဉီးရေ (သို့) စက်မှု အလုပ်လက်မဲ့ အရံတပ်ကို စုပြုံခြင်း ပြင်းအား၊ အတိုင်းအဆနဲ့ ကိုက်နေအောင် ထိန်းပေးထားတဲ့ နိယာမကြောင့် အလုပ်သမားဟာ အရင်းနဲ့ တွယ်ကပ်နေရတယ်။ ပရမီးသီးယပ်(စ်) ကို ကျောက် ဆောင်မှာ ဟဖက်(စ်)တပ်(စ်) ဖန်တီးပေးသော သပ်တွေနဲ့ တွယ်ရိုက်ထားတာထက် ပိုခိုင်မြဲသေးတယ်။** ဆင်းရဲ ဒုက္ခအထွေထွေ စုပြုံလာခြင်းဟာ အခြားတဖက်မှာ ဓနဥစ္စာတွေ စုပြုံလာစေဖို့ ရှိရမယ့် အခြေအနေ ဖြစ်လာ တယ်။ ဝင်ရိုးစွန်းတဖက်မှာ ဓနဥစ္စာတွေ စုပြုံလာခြင်းဟာ ဆန့်ကျင်ဖက် ဝင်ရိုးစွန်းမှာ ဆင်းရဲဒုက္ခတွေ၊ ချုံးချုံးကျ ကျ လုပ်အားစိုက်ထုတ်ရတာတွေ၊ ကျွန်ပြုခံရတာတွေ၊ အသိအလိမ္မာ ကင်းမဲ့တာတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ နဲ့ ကိုယ်ကျင့်တရား ယိုယွင်းပျက်စီးမှုတွေ စုပြုံလာစေတယ်။ ဒီလို မကောင်းတာတွေချည်း စုပြုံလာတဲ့ ဆန့်ကျင် ဖက် ဝင်ရိုးစွန်းဆိုတာ ထုတ်ကုန်တွေကို အရင်း ဖြစ်လာအောင် လုပ်အားစိုက်ထုတ် ဖန်တီးပေးလိုက်တဲ့ လူတန်း စားရှိတဲ့ အခြမ်းမှာ ဖြစ်နေတယ်။ (Capital Vol. 1, Penguin, 799)
[* = Malthus က absolute ပိုလျှံလူဉီးရေကို ပြောပါတယ်။ မာ့က်စ်က ဒါနဲ့ ဆန့်ကျင်ဖက် relative ပိုလျှံ လူဉီးရေ ကို ပြောခြင်း ဖြစ်တယ်။ ** = ဂရိ ဒဏ္ဍာရီလာ ပရမီးသီးယပ်(စ်) ဆိုတာ ဇူး နတ်မင်း ဆီကနေ မီးကို ခိုးယူပြီး လူ သားတွေဆီ ဆောင်ကျဉ်းပေးခဲ့လို့ ဇူး နတ်မင်းရဲ့ အပြစ်ပေးခြင်းကို ခံခဲ့ရသူ ဖြစ်တယ်။ ဇူး က ပရမီးသီးယပ်(စ်) ကို တချီတည်း မသေစေဘဲ ကျောက်ဆောင်မှာ သပ် နဲ့ ရိုက်ကပ်ထားစေတယ်၊ ဒီလို ကျောက်ဆောင်မှာ တွယ် ရိုက်ပေးဖို့ သပ် ကို ပန်းပဲဖိုနတ် ဟဖက်(စ်)တပ်(စ်) က ထုလုပ်ပေးရတယ်။ အလုပ်သမား/လုပ်အား က အရင်းရှင် /အရင်းရဲ့ ပြုသရနုရတဲ့ ဘဝရောက်နေပုံ မြင်သာအောင် မာ့က်စ်က အခုလို ပုံခိုင်း သုံးသွားခြင်း ဖြစ်တယ်။]
အရင်းရှင် ကုန်ထုတ် စနစ်ကနေ တခြားသော ထုတ်ကုန် ခွဲဝေမှု ပုံစံမျိုး မျှော်လင့်နေခြင်းဟာ ဘတ်ထရီတလုံးရဲ့ လျှပ်စစ်ငုတ်တိုင်တွေကနေ အက်ဆစ်ဆား ပေါက်နေတဲ့ ရေတွေကို မဖြိုခွဲဖို့၊ အဖိုစွန်းဘက်မှာ အောက်ဆီဂျင်တွေ မထုတ်ဖို့၊ အမစွန်းဘက်မှာ ဟိုက်ဒရိုဂျင်တွေ မထုတ်ဖို့ မျှော်လင့်နေတာနဲ့ အတူတူပဲ။ ဘတ်ထရီနဲ့ ချိတ်ထားသ ရွေ့ ဒါတွေ ထွက်နေမှာပဲ။
အများစုပေါင်း ကုန်ထုတ်လုပ်ခြင်းမှာ မင်းမူနေတဲ့ အနာခီ တွန်းအားကြောင့် ခေတ်သစ် စက်ယန္တယားကြီးတွေ ပို ကောင်းသထက် ကောင်းလာခြင်းဟာ စက်မှု အရင်းရှင်တိုင်း မလွဲမသွေ လိုက်နာနေရမယ့် နိယာမတခု အဖြစ် ပြောင်းသွားခဲ့တယ်။ အဲဒီ နိယာမအရ စက်မှုအရင်းရှင်ဟာ သူ့စက်ယန္တယားတွေ တိုးတက်သထက် တိုးတက်လာ အောင် အမြဲ လုံးပမ်းနေရတယ်။ ဒီအချက်ကို တွေ့ခဲ့ရပြီးပြီ။ ကုန်ထုတ်လုပ်မှု နယ်ပယ် တိုးချဲ့လို့ ရနိုင်ခြေ ရှိရုံက လေးကိုပင် သူ့အဖို့ မဖြစ်မနေ လိုက်နာရမယ့် နိယာမသဖွယ် ပြောင်းလဲသွားတယ်။ ခေတ်သစ် စက်ရုံကြီးတွေရဲ့ ကြီးမားလှသော တိုးချဲ့နိုင်အားနဲ့ နှိုင်းစာလိုက်ရင် ဓာတ်ငွေ့တွေရဲ့ ချဲ့ကားနိုင်စွမ်းဆိုတာ ဘာမှ မပြောပလောက် တော့။ ဒီစွမ်းပကားဟာ ကျနော်တို့အဖို့ တိုးချဲ့ပြီးရင်း တိုးချဲ့နေရမယ့် လိုအပ်ချက် နိယာမတခုလို ထင်နေရတယ်။ အရည်အသွေး အရရော၊ အရေအတွက် အရပါ တိုးချဲ့နေတဲ့ လမ်းမှာ ဘယ်လို အတားအဆီးကိုမှ အလေးမူနေတာ မဟုတ်။ ခေတ်သစ် စက်ရုံကြီးတွေရဲ့ ထုတ်ကုန်တွေကို ဈေးကွက်က တင်ရောင်းနိုင်စွမ်း၊ စားသုံးနိုင်စွမ်း တို့က ဒီ လို တိုးချဲ့နေမှုကို အဟန့်အတား ပြုလာကြတယ်။ ဈေးကွက်ရဲ့ တိုးချဲ့နိုင်စွမ်း (နေရာအသစ် ချဲ့ထွင်အားရော၊ တူ ညီတဲ့ နေရာမှာပဲ ပြင်းထန်မှု အတိုင်းအဆ တိုးမြှင့်ချဲ့ထွင်အားရော) ကို ပဲ့ကိုင် မောင်းနှင်နေတဲ့ နိယာမတွေက သက်သက်ဖြစ်တယ်။ ဒီနိယာမတွေက အင်တိုက်အားတိုက် အလုပ်လုပ်နေတာ မဟုတ်ဘူး။ဒီတော့ ကုန်ထုတ်လုပ် မှုနယ်ပယ်တွေ တိုးချဲ့လာသလောက် ဈေးကွက်က လိုက်မချဲ့နိုင်ဘူး။ ဒီနှစ်ခုကြား ပဋိပက္ခဟာ မလွဲမသွေ ထွက် ပေါ်လာရတယ်။ အရင်းရှင် ကုန်ထုတ်စနစ်ကို တစစီ ဖြိုဖျက် မပစ်သရွေ့ မှန်ကန်တဲ့ ဖြေရှင်းမှု လုပ်နိုင်မှာ မဟုတ် ဘူး။ ဒီပဋိပက္ခတွေက မှန်မှန် ထွက်ပေါ်လာနေဉီးမယ်။ အရင်းရှင် ကုန်ထုတ်စနစ်ဟာ နောက်ထပ် “အဆိုးကျော့ သံသရာ” တခုကို ထပ်မံ မွေးဖွားပေးလိုက် ပြန်ပြီ။
အချက်အလက်နဲ့ ပြောရရင်၊ ပထမဆုံး အထွေထွေ အကြပ်အတည်း စတင်ပေါက်ကွဲထွက်ခဲ့တဲ့ ၁၈၂၅ ခုနှစ်ကစ လို့ စက်မှုလောကနဲ့ ကုန်သွယ်လောကတခုလုံး၊ ယဉ်ကျေးမှု ထွန်းကားပြီးသား တိုင်းပြည်တွေ အားလုံးနဲ့ သူတို့ရဲ့ ဘားဘရစ်(ခ်) ကပ်ဖားတွေကြားက ကုန်ဖလှယ်မှု၊ ကုန်ထုတ်လုပ်မှု တစုံလုံး ဆယ်နှစ်တကြိမ် ဗရမ်းဗတာ ဖြစ် ဖြစ်သွားတယ်။ ကုန်သွယ်ရေးတွေ တုံ့ဆိုင်းကုန်တယ်။ ဈေးကွက်ထဲ ကုန်စည်တွေ ပြွတ်သိပ်ကုန်တယ်။ ထုတ်ကုန် တွေ စုပြုံလာတယ်။ ရောင်းမထွက်သမျှ ကုန်တွေ အစုံပဲ။ ငွေသားတွေ ရှာမရတော့သလို၊ ခရက်ဒစ်တွေလည်း ခမ်းကုန်တယ်။ စက်ရုံတွေ ပိတ်ပစ်ရတယ်။ အလုပ်သမားထုက စားစရာ မရှိ။ စားဝတ်နေရေး ကုန်ပစ္စည်းတွေကို အလွန်အမင်း ထုတ်ခဲ့တာလည်း ဒီအလုပ်သမားတွေပဲ။ အဲသလို ထုတ်ခဲ့လို့ သူတို့မှာ စားစရာ မရှိ ဖြစ်နေရတယ်။ ဒေဝါလီတွေ ဆက်တိုက်ခံရတယ်။ စက်မှုလုပ်ငန်းတွေဟာ နှစ်အတော်ကြာ ထိုင်းသွားတယ်။ ကုန်ထုတ်စွမ်းအားစု တွေနဲ့ ထုတ်ကုန်တွေကို အလုံးအရင်း ဖျက်စီးပစ်လိုက်ရတယ်။ စုပြုံနေတဲ့ ရောင်းကုန်တွေ စတင် စီးဆင်းသွားနိုင် တဲ့အထိ (တန်ဖိုးတော့ အနည်းနဲ့အများ ကျသွားမယ်)၊ ကုန်ထုတ်လုပ်ငန်းနဲ့ ကုန်ဖလှယ်ခြင်း တစတစ အသက် ဝင်လာချိန်အထိ ကုန်ထုတ်စွမ်းအားစုတွေနဲ့ ထုတ်ကုန်တွေကို အလုံးအရင်းနဲ့ ဖျက်စီးပစ်ရတယ်။ တဖြည်းဖြည်းနဲ့ ခြေလှမ်းသွက်လာတယ်။ (မြင်သာအောင် မြင်းပြေးတဲ့ပုံစံနဲ့ တင်စား ရေးပြထားတယ်)။ ခြေလှမ်းသွက်လာပြီး ခပ် သုတ်သုတ် ပြေးတဲ့အဆင့် (trot) ရောက်လာတယ်။ စက်မှုလုပ်ငန်းတွေ ခပ်သုတ်သုတ် ပြေးတဲ့အဆင့်ကနေ ခုန် ပြေးတဲ့အဆင့် (canter) ကို ကူးသွားတယ်။ ဒီလိုနဲ့ လည်တန်ကို ဆန့်ပြီး အသားကုန်ပြေးတဲ့ အမြန်ဆုံးအဆင့် (gallop) ကို စက်မှုလုပ်ငန်းတွေ ရောက်သွားတော့တယ်။ ဒီလို အရှိန်ကုန် ပြေးလာတဲ့ စက်မှုလုပ်ငန်းတွေနဲ့အတူ၊ ကုန်သွယ်ရေး ခရက်ဒစ်တွေ၊ ဈေးကစားခြင်း (speculation) တွေ အပြိုင်းအရိုင်း ဖြစ်ထွန်းလာပြန်တယ်။ ဇက် ကျိုးလုမတတ် အရှိန်ကုန် ခုန်ပြေးပြီး နောက်ဆုံးမှာတော့ အစပြုခဲ့တဲ့ နေရာမှာပဲ ပြန်အဆုံးသတ် သွားတော့ တယ်။ အစပြုခဲ့ရတဲ့ အကြပ်အတည်း ချောက်ထဲကို တဟုန်ထိုး ကျဆင်းသွားရတယ်။ ဒီလို အဆိုးကျော့စက်ဝန်း ကို ထပ်ကျော့ပြီးရင်း ကျော့နေတော့တယ်။ ၁၈၂၅ ခုနှစ်ကစလို့ ဒါမျိုး ငါးကြိမ် ဖြတ်သန်းခဲ့ရပြီးပြီ။ အခုတချီ (၁၈၇၇)မှာ ငါတို့ကြုံနေရတာ ဆဌမမြောက် အကြပ်အတည်း ကာလပဲ။ ဒီအကြပ်အတည်းတွေရဲ့ လက္ခဏာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားပြီးသား ဖြစ်တယ်။ အလွန်အမင်း ပိုလျှံခြင်းကနေ ထွက်ပေါ်လာသော အကြပ် အတည်း “crise plethorique” လို့ ပထမဆုံး စပြောကတည်းက ဖိုရီယေးဟာ ဒီအကြပ်အတည်းရဲ့ လက္ခ ဏာတွေကို အကျွမ်းတဝင် ရှိနေပြီ။
အများစုပေါင်း ကုန်ထုတ်လုပ်ခြင်း နဲ့ အရင်းရှင်တွေက ပုဂ္ဂလိကပိုင် သိမ်းယူခြင်းကြားက ပဋိပက္ခဟာ ဒီလိုအ ကြပ်အတည်းတွေအဖြစ်နဲ့ အပြင်းအထန် ပေါက်ကွဲ အဆုံးသတ်တယ်။ ခဏတာအားဖြင့် ရောင်းကုန်စီးဆင်းမှု တွေ ရပ်တန့်သွားတယ်။ ကုန်စည်စီးဆင်းမှုရဲ့ ယာဉ် ဖြစ်သော ငွေကြေးဟာ စီးဆင်းမှုကို ဟန့်တားသူ ဖြစ်လာ တယ်။ ရောင်းကုန် ထုတ်လုပ်ခြင်းနဲ့ စီးဆင်းခြင်း နိယာမတွေအားလုံး ကပြောင်းကပြန် ဖြစ်ကုန်တယ်။ စီးပွားရေး ပဋိပက္ခဟာ အထွတ်အထိပ်ကို ရောက်သွားတယ်။ ကုန်ထုတ်လုပ်မှု စနစ်က ဖလှယ်မှုစနစ်ကို ပုန်ကန်လာတယ်။
စက်ရုံအတွင်း စနစ်တကျ စုပေါင်း ကုန်ထုတ်လုပ်ခြင်းက အလွန် ဖွံ့ဖြိုးလာတော့ (သူနဲ့အတူ ယှဉ်တွဲတည်ရှိနေပြီး သူ့အပေါ် အုပ်မိုးထားသော) လူ့အဖွဲ့အစည်းအတွင်းက ကုန်ထုတ်လုပ်ခြင်း အနာခီနဲ့ သဟဇာတ မဖြစ်တော့ဘူး။ ဒီအချက်ကို အရင်းရှင် လူတန်းစား ကိုယ်တိုင် ထင်ထင်ရှားရှား မြင်လာကြပြီ။ အကြပ်အတည်း ကာလတွေမှာ အကြီးစား အရင်းရှင် လုပ်ငန်း တော်တော်များများနဲ့ အသေးစား အရင်းရှင် အမြောက်အမြား ပြိုလဲသွားပြီး လက် တဆုပ်စာ အရင်းရှင်ကြီးတွေဆီမှာပဲ အရင်းတွေ ဒလဟော သွားစုကုန်တယ်။ ဒီလိုနဲ့ ဆိုခဲ့ပါ အချက်ကို ထင်ထင် ရှားရှား သိမြင်လာကြတာ။ အရင်းရှင် ကုန်ထုတ်စနစ် ယန္တယား တစုံလုံးက ကုန်ထုတ်စွမ်းအားစုတွေ ကြီးထွားပြီး ရင်း ကြီးထွားလာနေတဲ့ ဖိအားအောက်မှာ သူကိုယ်တိုင် ဖန်တီးထားတာတွေကို ဖြိုကွဲပစ်နေရတယ်။ များပြားလှ တဲ့ ကုန်ထုတ် ပစ္စည်းတွေကို “အရင်း” အဖြစ် မပြောင်းနိုင်တော့ဘူး။ အရင်း ဖြစ်မလာတဲ့ ကုန်ထုတ် ပစ္စည်းတွေ ကို ဒီအတိုင်း ပစ်ထားရတယ်။ အဲဒါကြောင့် စက်မှု အလုပ်လက်မဲ့ အရံတပ်ကြီးလည်း အလုပ်လုပ်ရဖို့ လမ်းမမြင် တော့။ ကုန်ထုတ် ပစ္စည်းတွေ၊ ဘဝရှင်သန် တည်မြဲရေး ပစ္စည်းတွေ၊ အလုပ်လုပ်လိုတဲ့ အလုပ်သမားတွေ အစရှိ တဲ့ ကုန်ထုတ်ဖြစ်စဉ်ရဲ့ လိုအပ်ချက်အားလုံး နဲ့ အထွေထွေ ဓနဥစ္စာတွေဟာ အလျှံပယ် ပေါကြွယ်နေတယ်။ ဒါပေ မယ့် “အလျှံပယ် ပေါကြွယ်ဝမှုဟာ ဆာလောင်မှု နဲ့ ဒုက္ခ အထွေထွေကို ပေါ်ပေါက်စေသော ရေသောက်မြစ် ဖြစ် လာတယ်” (ဖိုရီယေး)၊ အကြောင်းက ကုန်ထုတ်ပစ္စည်းတွေ၊ ဘဝရှင်သန်တည်မြဲရေး ပစ္စည်းတွေကို အရင်းအဖြစ် မပြောင်းနိုင်အောင် အလျှံပယ် ပေါကြွယ်ဝခြင်းက ဟန့်တားထားလို့ပဲ။ အရင်းရှင် လူ့အဖွဲ့အစည်းမှာ ကုန်ထုတ် ပစ္စည်းတွေဟာ (လူသားရဲ့ လုပ်အား စွမ်းပကားကို သွေးစုပ် ခြယ်လှယ်ရေး လက်နက် ဖြစ်သော) “အရင်း” အဖြစ် ကနဉီး ပြောင်းလဲပြီးမှသာ ကုန်ထုတ်ရာမှာ ပါဝင်လို့ရတယ်။ ကုန်ထုတ်ပစ္စည်းတွေ၊ ဘဝရှင်သန်ရေး ပစ္စည်းတွေ ကို အရင်း အဖြစ် ကူးပြောင်းဖို့ လိုအပ်ခြင်းဟာ အလုပ်သမားနဲ့ သူတို့ကြား တစ္ဆေကြီးလို ဝင်ရပ်နေတယ်။ ဒီလို အ ရင်း အဖြစ် ပြောင်းလဲပစ်ဖို့ လိုအပ်ချက်ရှိနေလို့ ကုန်ထုတ်ဖြစ်စဉ်ရဲ့ ရုပ်ပိုင်း အချက်အလက်တွေနဲ့ လူသားရဲ့စွမ်းပ ကားတွေ အတူတကွ မပေါင်းစည်းနိုင်ခြင်း ဖြစ်တယ်။ ကုန်ထုတ်ဖြစ်စဉ်အတွင်း လည်ပတ်အသုံးချခံလိုတဲ့ ကုန် ထုတ်ပစ္စည်းတွေနဲ့ အလုပ်လုပ်လို အသက်ရှင်လိုတဲ့ အလုပ်သမားတွေ မပေါင်းစည်းနိုင်ခြင်း ဖြစ်တယ်။ ဒါ့ကြောင့် တဖက်မှာ အရင်းရှင် ကုန်ထုတ်စနစ်က အဲဒီ ကုန်ထုတ် စွမ်းအားစုတွေကို ရှေ့ဆက် ပဲ့ကိုင် မောင်းနှင်နိုင်ခြင်း မရှိ တော့ဘူးလို့ အခိုင်အမာ ရပ်ခံပြနေတယ်။ တခြား တဖက်မှာတော့ အဲဒီကုန်ထုတ် စွမ်းအားစုတွေက အခုလက်ရှိ တည်ရှိနေသော ပဋိပက္ခကို ဖယ်ရှားပစ်ဖို့ အပြင်းအထန် တောင်းဆိုလာတယ်၊ ကုန်ထုတ် စွမ်းအားစုတွေကို “အ ရင်း” ပုံစံသွင်းထားခြင်းကို ဖျက်သိမ်းပစ်ဖို့ သူတို့ကိုယ်တိုင် တွန်းဆော်လာကြတယ်၊ သူတို့ကို လူ့အဖွဲ့အစည်း လ က္ခဏာဆောင်သော ကုန်ထုတ်စွမ်းအားစုတွေအဖြစ် အသိအမှတ်ပြုဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုလာကြတယ်။
ပိုပိုပြီး စွမ်းပကား ကြီးထွားလာတဲ့ ကုန်ထုတ် စွမ်းအားစုတွေက “အရင်း” အနေနဲ့ ပုံသွင်းထားခြင်းကို ပုန်ကုန်လာ ကြတယ်၊ သူတို့မှာ ရှိနေတဲ့ လူ့အဖွဲ့အစည်း လက္ခဏာကို အသိအမှတ်ပြုဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုလာကြ တယ်၊ သူတို့ကို လူ့အဖွဲ့အစည်း လက္ခဏာဆောင်သော ကုန်ထုတ် စွမ်းအားစုတွေအဖြစ် အရင်းရှင် လူတန်းစား ကိုယ်တိုင်က အသိအမှတ်ပြုလာရအောင် ဖိအားပေးလာကြတယ်၊ အရင်းရှင် စနစ်အောက် လုပ်လို့ ရသလောက် ဖိအားပေးလာကြတယ်။ အကန့်အသတ်မရှိ ခရက်ဒစ်တွေ ဖောင်းပွနေပြီး၊ ဖိအားတွေဒင်းကြမ်းနဲ့ စက်မှုထုတ်လုပ် ရေးကာလမှာ ဧရာမ အရင်းရှင် အဆောက်အအုံကြီးတွေ ပြိုကျမှု ဖြစ်ပွားတယ် (ပျက်ကပ်ကာလတခုထက် ပြင်း အားမလျော့ဘူး)၊ ဒီကာလမျိုးမှာ ကုန်ထုတ်ပစ္စည်းတွေ တပြုံတမကြီးကို အများစုပေါင်း ပိုင်ဆိုင်မှု ပုံစံဖော်ဆောင် လိုကြတယ်၊ ဒီအချင်းအရာကို ပူးတွဲ စတော့(ခ်) ကုမ္ပဏီကြီး ပုံစံအမျိုးမျိုးမှာ တွေ့ကြရတယ်။
အဲဒီ ကုန်ထုတ် ပစ္စည်းနဲ့ ဖြန့်ဖြူးရေး ပစ္စည်း တော်တော်များများက ကနဉီးကတည်းက အင်မတန် ကြီးမားကျယ် ပြန့်တယ်၊ (ဥပမာ - မီးရထားလမ်းတွေ) ဆိုတော့ သူတို့ကို အရင်းရှင် ပုံစံနဲ့ ချဲ့ထွင်တားမျိုး လက်မခံဘူး။ အီဗလူး ရှင်း နောက်တဆင့်မှာ ဒီပုံစံက လုံလောက်ခြင်း မရှိတော့ဘူး။ နိုင်ငံတခုခုက စက်မှုကဏ္ဍတခုခုမှာ အကြီးစား ကုန် ထုတ်နေသူတွေဟာ “ထရပ်(စ်)” တခုအနေနဲ့ စုစည်းသွားကြတယ်၊ ကုန်ထုတ်ဖြစ်စဉ်ကို ဇက်ခွံ့ထိန်းကွပ်ဖို့ ရည် ရွယ်ချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ သမဂ္ဂတမျိုးပဲ။ အဲဒီ “ထရပ်(စ်)” ကနေ ထုတ်ရမယ့် ပမာဏကို ဆုံးဖြတ်တယ်၊ ထွက် လာတဲ့ ထုတ်ကုန်တွေကို ထရပ်(စ်)အတွင်း ပါဝင်နေတဲ့ အရင်းရှင်ကြီးတွေကြား အချိုးကျ ခွဲဝေကြတယ်၊ ဒီလို ထိန်းကွပ်ထားတော့ ဒီကုန်ပစ္စည်းတွေရဲ့ ရောင်းဈေးကိုပါ တင်ကူး ပြဌာန်းပြီးသား ဖြစ်သွားတယ်။ ဒါပေမယ့် ဒီလို စုစည်းထားတဲ့ ထရပ်(စ်)တွေဟာ စီးပွားရေး လုပ်ငန်း အခြေအနေမကောင်းရင် လွယ်လွယ်လေး ပြိုကွဲသွားမယ်။ ဒီလို ဖြစ်တတ်လို့ ဒီထက် ပိုကျစ်လစ် ခိုင်မာတဲ့ စုဖွဲ့မှုမျိုးကို လိုအပ်လာတယ်။ စက်မှုကဏ္ဍ တခုလုံးကို ဧရာမ ပူး တွဲ စတော့(ခ်) ကုမ္ပဏီကြီးအဖြစ် ပြောင်းပစ်လိုက်တယ်။ ဒီလို အုပ်စုတွင်း ယှဉ်ပြိုင်မှုကနေ အုပ်စုတွင်း ကုမ္ပဏီ ကြီးတခုခုရဲ့ လက်ဝါးကြီးအုပ်မှု အဖြစ် ကူးပြောင်းသွားတယ်။ ဒီလို စုဖွဲမှုမျိုး ၁၈၉၀ မှာ ဖြစ်ခဲ့တယ်၊ အင်္ဂလန်မှာ အယ်ကာလီ ထုတ်လုပ်ရေး နယ်ပယ်က အကြီးစား စက်ရုံကြီး ၄၈ ခုကို စုပေါင်းလိုက်ပြီး ပူးတွဲစတော့ခ် ကုမ္ပဏီ ကြီးတခု အဖြစ် ဖွဲ့လိုက်တယ်၊ ဒီစုဖွဲ့မှုအတွင်းမှာ အားလုံးကို တိကျတဲ့ စီမံကိန်းတခုအောက်မှာ အကောင်အထည် ဖော်နေတယ်၊ အကြီးစား အရင်းရှင် လုပ်ငန်းတွေ စုစည်းထားတဲ့ ဧရာမ ကုမ္ပဏီကြီးမှာ “အရင်း” အနေနဲ့ ယူရို ၆ သန်း ရှိနေတယ်။ (၁၈၉၀ ခုနှစ်က ကိန်းဂဏန်း ဖြစ်ပါတယ်)။
ထရပ်(စ်)တွေအတွင်းမှာ၊ လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ခြင်းကနေ သူနဲ့ဆန့်ကျင်ဘက် လက်ဝါးကြီးအုပ် ပုံစံကို ပြောင်းလဲသွားတယ်၊ အရင်းရှင် လူ့အဖွဲ့အစည်းမှာ တိကျတဲ့ စီမံကိန်းမရှိဘဲ ထင်သလိုစိုင်းနေတဲ့ ကုန်ထုတ်လုပ် ရေးက ချဉ်းနင်းဝင်ရောက်လာနေတဲ့ ဆိုရှယ်လစ် လူ့အဖွဲ့အစည်းရဲ့ တိကျတဲ့ စီမံကိန်းအခြေခံ ကုန်ထုတ်လုပ်ရေး ကို အလျှော့ပေးလာရတယ်။ သေချာပါတယ်၊ ဒါဟာ အခုချိန်ထိ အရင်းရှင်ကြီးတွေကိုသာ အကျိုး ဖြစ်ထွန်းစေ တယ်။ ဒါပေမယ့် ဒီအနေအထားမှာ၊ သွေးစုပ်ခြယ်လှယ်မှုက အင်မတန် ထင်ရှားလွန်းနေပြီ၊ ဆိုတော့ အရင်းရှင်စ နစ် အကာကို ဖောက်ခွဲပစ်ရတော့မယ်။ လူ့အဖွဲ့အစည်းကို အမြတ်ရဖို့ပဲ သိတဲ့ သွေးစုပ်ကောင် လက်တဆုပ်စာက မျက်နှာပြောင်တိုက် သွေးစုပ်ခြယ်လှယ်နေတယ်၊ ဒီလို ထရပ်(စ်)တွေက ဦးဆောင်လုပ်နေတဲ့ ကုန်ထုတ်လုပ်မှုကို ဘယ်လို တိုင်းပြည်ကမှ ဆက်သည်းခံနိုင်မှာ မဟုတ်ဘူး။
ထရပ်(စ်)တွေ ရှိသည်ဖြစ်စေ၊ ထရပ်(စ်)တွေ မရှိသည်ဖြစ်စေ၊ အရင်းရှင် လူ့အဖွဲ့အစည်းရဲ့ တရားဝင် ကိုယ်စား လှယ် ဖြစ်တဲ့ နိုင်ငံတော်က “နောက်ဆုံးမှာ” ကုန်ထုတ်လုပ်မှုကို ဉီးဆောင် ပဲ့ကိုင်သွားရမယ်။ ဒီလို နိုင်ငံတော်ပိုင် ပြောင်းလဲဖို့ လိုအပ်ချက်ကို ပို့ဆောင် ဆက်သွယ်ရေး အင်စတီကျူးရှင်းကြီးတွေမှာ ကနဦး ခံစားမိလာမယ်၊ (စာ တိုက်လုပ်ငန်း၊ တယ်လီဂရပ်ဖ် လုပ်ငန်း၊ မီးရထားလမ်းလုပ်ငန်း စသဖြင့်)။
ခေတ်သစ် ကုန်ထုတ်စွမ်းအားစုတွေကို ဘူဇွှာ လူတန်းစားက ပဲ့ကိုင် မောင်းနှင်နိုင်စွမ်း မရှိဘူးလို့ အကြပ်အတည်း တွေကတဆင့် ဖွင့်ထုတ်ပြသွားတယ်၊ ဒါ့ကြောင့် ကုန်ထုတ်လုပ်ရေး၊ ကုန်ဖြန့်ဖြူးရေး ဧရာမ အဆောက်အအုံကြီး တွေကို ပူးတွဲ စတော့(ခ်) ကုမ္ပဏီကြီးတွေ၊ ထရပ်(စ်)တွေနဲ့ နိုင်ငံတော် ပိုင်ဆိုင်မှု ပုံစံတွေအဖြစ် ပြောင်းလဲလာရ တယ်၊ ဒါဆိုရင် ဘူဇွှာ လူတန်းစားဟာ ကုန်ထုတ်လုပ်ရေး ကုန်ဖြန့်ဖြူးရေး လုပ်ဖို့ရာ လုံးဝ မလိုအပ်တော့ဘူး ဆို တာကို ရှင်းရှင်းလင်းလင်း မြင်ရလိမ့်မယ်။
တချိန်က အရင်းရှင်တွေ ထမ်းဆောင်ခဲ့တဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းတာဝန်တွေကို အခု လစာပေးထားတဲ့ ဝန်ထမ်းတွေက လုပ်နေကြပြီ။ ဒီကနေ့ လူ့အဖွဲ့အစည်းမှာ အရင်းရှင် လူတန်းစားရဲ့ လူမှု အခန်းကဏ္ဍ မရှိတော့ ဘူး။ ရှယ်ယာအလိုက် ရလာတဲ့ အမြတ်တွေ အိတ်ထဲထည့်နေရုံ၊ ငွေပေါ်ကနေ ငွေထိုင်သဲ့နေရုံ၊ အရင်းရှင်တွေ အချင်းချင်း တယောက်ရဲ့ ပိုင်ဆိုင်မှုကို နောက်တယောက်က ခိုးယူနေတဲ့ စတော့(ခ်) အိတ်ချိန်းလို လောင်းကစား မျိုး လုပ်နေရုံပဲ ရှိတော့တယ်။
ပူးတွဲစတော့(ခ်) ကုမ္ပဏီကြီးတွေ နဲ့ ထရပ်(စ်)တွေအဖြစ် ပြောင်းလဲလိုက်ခြင်း (ဒါမှမဟုတ်) နိုင်ငံတော်ပိုင်ပြောင်း လိုက်ခြင်း လုပ်ပေမယ့်၊ ကုန်ထုတ် စွမ်းအားစုတွေရဲ့ အရင်းရှင် လက္ခဏာကို ဖယ်ရှားမပစ်နိုင်ဘူး။ ပူးတွဲစတော့ခ် ကုမ္ပဏီတွေနဲ့ ထရပ်(စ်)တွေမှာ ဒီအချက်ကို ထင်ထင်ရှားရှား တွေ့ရမယ်။ ဒါ့အပြင်၊ ခေတ်သစ် နိုင်ငံတော်ဆိုတာ အရင်းရှင် ကုန်ထုတ်စနစ်ရဲ့ ပြင်ပ အခြေအနေတွေကို အလုပ်သမားတွေရော အရင်းရှင် တဉီးချင်းစီကပါ ထိပါး နှောင့်ယှက်ခြင်း မလုပ်နိုင်အောင် ဘူဇွာ လူ့အဖွဲ့အစည်းက တည်ဆောက်ထားတဲ့ အဖွဲ့အစည်းသာ ဖြစ်တယ်။ ခေတ်သစ် နိုင်ငံတော်ဆိုတာ ပုံသဏ္ဍာန်တွေ ဘယ်လိုပဲကွဲကွဲ၊ အနှစ်သာရအားဖြင့် အရင်းရှင် ယန္တယား တခုပဲ၊ တိုင်းပြည်တခုလုံးက “အရင်း” အားလုံးကို လူအဖြစ် စံပြုထားသော အရင်းရှင် လူတန်းစားရဲ့ နိုင်ငံတော်သာ ဖြစ် တယ်။ ကုန်ထုတ် စွမ်းအားစုတွေကို နိုင်ငံတော်ပိုင် ပြုလေ၊ နေရှင်နယ် အရင်းရှင်ပုံစံ ပိုဖြစ်လာလေ၊ နိုင်ငံသားတွေ က ပိုပိုပြီး သွေးစုပ်ခံရလေ ဖြစ်တယ်။ အလုပ်သမားတွေက အခစား အလုပ်သမား (ပစ္စည်းမဲ့ လူတန်းစား) ဖြစ်မြဲ ဖြစ်နေတယ်။ အရင်းရှင် ကုန်ထုတ်ဆက်ဆံရေးကို ဖယ်ရှားမပစ်နိုင်ဘူး။ အရင်းရှင် ကုန်ထုတ်ဆက်ဆံရေးကို အ ထွတ်အထိပ် ရောက်သွားစေတယ်။ ဒါပေမယ့် ထိပ်ဖျား ရောက်သွားပြီးရင် ပြိုကျသွားရမယ်။ ကုန်ထုတ်စွမ်းအားစု တွေကို နိုင်ငံတော်ပိုင် ပြုခြင်းဟာ ပဋိပက္ခကို အဖြေ မဟုတ်သေးဘူး။ ဒါပေမယ့်၊ ပဋိပက္ခကို ဖြေရှင်းနိုင်မယ့် ရုပ် ပိုင်း အကြောင်းအချက်တွေကို သူ့ထဲမှာ ဖုံးအုပ်ထားတယ်။
အဲဒီအဖြေထဲမှာ ခေတ်သစ် ကုန်ထုတ် စွမ်းအားစုတွေရဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ သဘော သဘာဝကို လက်တွေ့ အသိအမှတ်ပြုခြင်း ပါဝင်တယ်၊ ဒီတော့ ကုန်ထုတ် ပစ္စည်းတွေရဲ့ အများစုပေါင်း လက္ခဏာနဲ့ သဟဇာတဖြစ် အောင် ပြုလုပ်ခြင်း ပါဝင်နေတယ်။ ကုန်ထုတ် စွမ်းအားစုတွေဟာ အဆမတန် ဖွံ့ဖြိုး ကြီးထွားလာတယ်၊ လူ့အဖွဲ့ အစည်း တခုလုံးရဲ့ ပဲ့ကိုင် မောင်းနှင်မှုကလွဲလို့ ဘယ်လိုပုံစံနဲ့မှ ထိန်းကွပ် မရတော့ဘူး။ ဒါ့ကြောင့် လူ့အဖွဲ့အစည်း က ကုန်ထုတ် စွမ်းအားစုတွေကို ဗြောင်ကျကျ တိုက်ရိုက် သိမ်းယူပြီးမှပဲ အဆိုပါ ပဋိပက္ခကို တကယ် ဖြေရှင်းနိုင် မယ်။ ကုန်ထုတ် ပစ္စည်းတွေနဲ့ ထုတ်ကုန်တွေရဲ့ အများ စုပေါင်း လက္ခဏာဟာ ထုတ်လုပ်သူတွေကို တန်ပြန်ဆန့် ကျင်လာကြတယ်၊ ကုန်ထုတ်လုပ်ခြင်း ကုန်ဖလှယ်ခြင်း ဖြစ်စဉ်တွေကို အချိန်မှန် နှောင့်ယှက်လာတယ်၊ သဘာဝ နိယာမတခုလို သူထင်ရာ လုပ်လာတယ်၊ အကြမ်းပတမ်းနဲ့ ဖျက်လိုဖျက်စီး လုပ်လာတယ်။ ဒါပေမယ့် လူ့အဖွဲ့အ စည်းက ကုန်ထုတ် စွမ်းအားစုတွေကို သိမ်းယူပြီးသွားရင် ကုန်ထုတ် ပစ္စည်းတွေ နဲ့ ထုတ်ကုန်တွေရဲ့ အများစု ပေါင်း လက္ခဏာကို ကုန်ထုတ်သူတွေက အသုံးချနိုင်လိမ့်မယ်၊ ဒီသဘော သဘာဝကို အပြည့်အဝ နားလည်ပြီး ပဲ့ ကိုင် မောင်းနှင်ကြလိမ့်မယ်။ ကုန်ထုတ် စွမ်းအားစုတွေ ဖွံ့ဖြိုးတိုးတက်ခြင်းက အချိန်မှန် အနှောင့်အယှက် ပေးရာ၊ အကြပ်ဆိုက်စေရာ လက်သည် ဖြစ်နေမှာ မဟုတ်တော့ဘူး၊ ကုန်ထုတ် ဖြစ်စဉ်ရဲ့ စွမ်းအား အထက်ဆုံး လက်နက် ဖြစ်လာလိမ့်မယ်။
လူမှု အင်အားစုတွေဟာ သဘာဝ အင်အားစုတွေလိုပဲ အလုပ်လုပ်တယ်၊ သူတို့ရဲ့ သဘော သဘာဝကို နားမလည် သေးသရွေ့၊ သူတို့ရဲ့ သဘာဝကို အလေးအနက် ထည့်သွင်း မစဉ်းစားသရွေ့ သူ့သဘောသူဆောင်ပြီး ထင်ရာစိုင်း ကြတယ်၊ ဖျက်လိုဖျက်စီး ကြမ်းကြ ရမ်းကြတယ်။ ဒါပေမယ့် သူတို့ကို နားလည်သွားတာနဲ့၊ သူတို့ရဲ့ လုပ်ဆောင်မှု ဉီးတည်ရာလမ်းနဲ့ အကျိုးသက်ရောက်မှုတွေကို နားလည် ဖမ်းဆုပ်မိတာနဲ့ ဒီလူမှုအင်အားစုတွေကို ကျနော်တို့ အလိုအတိုင်း ဇက်ခွံ့ခိုင်းစေနိုင်သွားပြီ။ ဒီလူမှုအင်အားစုတွေကို ဇက်ခွံ့ခိုင်းစေပြီး ကျနော်တို့ရဲ့ လိုလားချက် ပန်း တိုင်တွေဆီ ချီတက်နိုင်ပြီ။ ဒါဟာ ဒီကနေ့ခေတ်ရဲ့ စွမ်းပကား ကြီးမားလှသော ကုန်ထုတ် စွမ်းအားစုတွေအဖို့ အထူး မှန်ကန်တဲ့ အချက်ဖြစ်တယ်။ ဒီကုန်ထုတ် စွမ်းအားစုတွေရဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ လက္ခဏာကို ဖမ်းဆုပ် နားလည်ဖို့ မျက်စိစုံမှိတ် ငြင်းနေဉီးမယ်ဆိုရင် ဒီစွမ်းအားစုတွေက ကျနော်တို့ ထိန်းချုပ်မှုအောက် မရှိဘဲ ထင်ရာ စိုင်းနေဉီးမယ်၊ လူသားတွေ အကျိုးနဲ့ ဖီလာဆန့်ကျင် ဖြစ်နေဉီးမယ်၊ သူတို့ကပဲ ကျနော်တို့ကို မောင်းနှင်ခိုင်းစေ နေဉီးမယ်၊ ဒီအချက်တွေကို အထက်မှာ အသေးစိတ် ဖော်ပြခဲ့ပြီးပြီ။ (ကုန်ထုတ် အင်အားစုတွေရဲ့ အများစုပေါင်း လက္ခဏာကို ဖမ်းဆုပ် နားလည်ခြင်းဟာ အရင်းရှင် ကုန်ထုတ်စနစ် နဲ့ သူ့ရှေ့နေတွေရဲ့ အကျိုးကို ဆန့်ကျင်နေ တယ်)။
သူတို့ရဲ့ သဘောသဘာဝကို ဖမ်းဆုပ်မိတာနဲ့ စုပေါင်း ကုန်ထုတ်လုပ်သူတွေရဲ့ လက်ထဲမှာ ဆိုးသွမ်း အရှင်သခင် တွေဘဝကနေ ကျိုးနွံသော အစေခံတွေ အဖြစ် ပြောင်းလဲသွားနိုင်တယ်။ မိုးသက် မုန်တိုင်းတွေကြားက လျှပ်စီးရဲ့ အဖျက်စွမ်းအား နဲ့ တယ်လီဂရက်(ဖ်)တွေ၊ ဗော်(လ်)တိုင်းယစ်(ခ်) ပတ်လမ်းတွေ အတွင်း လူသားရဲ့ ဇက်ခွံ့ခိုင်း စေမှုအောက်က လျှပ်စစ်ဓာတ်ရဲ့ အလုပ်အကျွေးပြုမှု ကွာသလို ကွာခြားသွားလိမ့်မယ်။ တောမီး နဲ့ လူသားအလို ကျ စေခိုင်းခံနေရတဲ့ မီး ကွာသလို ကွာခြားသွားလိမ့်မယ်။ ဒီကနေ့ခေတ် ကုန်ထုတ် စွမ်းအားစုတွေရဲ့ သဘောသ ဘာဝ အမှန်ကို နားလည် ဖမ်းဆုပ်မိပြီး လူ့အဖွဲ့အစည်းအတွင်းက အနာခီ ဆန်သော ကုန်ထုတ်လုပ်မှု နေရာမှာ စနစ်တကျ စီမံကိန်းအပေါ် အခြေတည်ထားသော ကုန်ထုတ်ဖြစ်စဉ်ကို လူ့အဖွဲ့အစည်းက ဇက်ကိုင်မောင်းနှင်ခြင်း နဲ့ အစားထိုးလိုက်မယ်။ လူ့သမဂ္ဂဝင် တဉီးချင်းစီရဲ့ လိုအပ်ချက်၊ လူ့သမဂ္ဂ တခုလုံးရဲ့ လိုအပ်ချက်တွေနဲ့ အညီ ကုန်ထုတ်ဖြစ်စဉ်ကို ပဲ့ကိုင် မောင်းနှင်ကြလိမ့်မယ်။ ဒါ့အပြင် ထုတ်ကုန်က ကုန်ထုတ်သူတွေကို ပထမ ကျွန်ပြု၊ ဒီ နောက် သိမ်းပိုက် ပိုင်ဆိုင်သူကို ဆက်ကျွန်ပြုတဲ့ အရင်းရှင် ပိုင်ဆိုင်မှု စနစ်ကို ခေတ်သစ် ကုန်ထုတ် ပစ္စည်းတွေရဲ့ သဘောသဘာဝပေါ် အခြေခံထားတဲ့ ပိုင်ဆိုင်မှု စနစ်နဲ့ အစားထိုးသွားမယ်။ ဒီပိုင်ဆိုင်မှု စနစ်အသစ်မှာ မျက်နှာစာ နှစ်ဖက် ရှိမယ်၊ ကုန်ထုတ်လုပ်မှုကို ဆက်ထိန်းဖို့ နဲ့ တိုးချဲ့ဖို့ရာ ကုန်ထုတ် ပစ္စည်းတွေကို လူ့အဖွဲ့အစည်းက တိုက် ရိုက် စုပေါင်း ပိုင်ဆိုင်မယ်၊ တခြားတဖက်မှာ - ဘဝရှင်သန် တည်မြဲရေးနဲ့ သုခခံစားရေး ကုန်ပစ္စည်းတွေကို လူ့ သမဂ္ဂဝင် တဉီးချင်းစီက တိုက်ရိုက် ပိုင်ဆိုင်မှု ရှိမယ်။*
[*= သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒကို နားလည်မှုလွဲနေတဲ့ (သို့) သိသိရက်နဲ့ တမင် ပုံဖျက်ကြတဲ့ အချက်တချက် ဖြစ်တယ်။ ဆိုရှယ်လစ်ဝါဒဟာ ဘုံစနစ် ဖြစ်တယ်၊ လူ့အဖွဲ့အစည်းမှာ ရှိသမျှ အကုန် ဘုံပိုင်လုပ်သလို ထင်မြင် ပြောဆိုကြတာ အင်မတန် များတယ်။ နောက်ဆုံး မိန်းမတွေကိုတောင် ဘုံပိုင် လုပ်ကြတယ်လို့ ဆိုတဲ့အထိ အောက်လုံးထိုး ပုံဖျက်ကြတယ်။ အခု အန်းဂယ်(စ်) ပြောသွားတာ အင်မတန် ရှင်းပါတယ်။ အရင်းရှင် ပိုင်ဆိုင်မှု စနစ်နေရာမှာ ပိုင်ဆိုင်မှု စနစ်အသစ်နဲ့ အစားထိုးမယ်၊ အဲဒီ ပိုင်ဆိုင်မှု စနစ်အသစ်မှာ မျက်နှာစာ နှစ်ခြမ်းရှိတယ်၊ means of production ခေါ်တဲ့ ကုန်ထုတ် ပစ္စည်းတွေကို direct social appropriation လုပ်ထားမယ် (လူ့အဖွဲ့ အစည်းက တိုက်ရိုက် စုပေါင်း ပိုင်ဆိုင်မယ်)။ အထက်မှာ အန်းဂယ်(စ်) ခဏခဏ တင်ပြခဲ့သလိုပဲ၊ ကုန်ထုတ် ပစ္စည်းတွေဟာ အများစုပေါင်း လက္ခဏာဆောင်နေပြီ။ အလယ်ခေတ် အစောပိုင်း ကာလတုန်းကလို တဉီးချင်း လ က္ခဏာ မဆောင်တော့ဘူး။ ဒါ့ကြောင့် ပိုင်ဆိုင်မှု စနစ်အသစ်မှာ ကုန်ထုတ် ပစ္စည်းတွေကို direct social appro- priation လုပ်ထားမယ် (လူ့အဖွဲ့အစည်းက တိုက်ရိုက် စုပေါင်း ပိုင်ဆိုင်မယ်) လို့ ဆိုခြင်း ဖြစ်တယ်။ ကုန်ထုတ် ဖြစ်စဉ်က social process ဖြစ်နေတယ်၊ ကုန်ထုတ် ပစ္စည်းတွေကလည်း social character ရှိနေပြီ။ ဒီလိုအခြေ အနေမှာ အရင်းရှင် လူတန်းစားက ကုန်ထုတ် ပစ္စည်းတွေကို ပုဂ္ဂလိကပိုင် ပြုထားခဲ့တာ။ ဒီအစား အန်းဂယ်(စ်) က social process ဖြစ်နေတဲ့ ကုန်ထုတ်ဖြစ်စဉ်ကို ဆက်ထိန်းဖို့နဲ့ တိုးချဲ့ဖို့ ကုန်ထုတ် ပစ္စည်းတွေကို လူ့အဖွဲ့အ စည်းက တိုက်ရိုက် စုပေါင်း ပိုင်ဆိုင်ရမယ် ဆိုလိုခြင်း ဖြစ်တယ်။ နားမလည်ဘဲ ပုံဖျက်သူတွေက ရှိသမျှ အကုန် ဘုံ ပိုင်ပြုခြင်းလိုလို ပြောဆိုကြတယ်။ means of production ခေါ်တဲ့ ကုန်ထုတ် ပစ္စည်းတွေကိုပဲ လူ့အဖွဲ့အစည်းက တိုက်ရိုက် စုပေါင်း ပိုင်ဆိုင်ရမယ်လို့ ပြောတာကို ရောချပစ်လိုက်တယ်။ ကုန်ထုတ် ပစ္စည်းဆိုတာ ဘာမှန်းလည်း နားလည်မှာ မဟုတ်ပါဘူး။
သူတို့ ပုံဖျက်သလို ရှိသမျှ ဘုံပိုင်သိမ်းတာ မဟုတ်ဘူးဆိုတာကို ပိုင်ဆိုင်မှု စနစ်အသစ်ရဲ့ နောက်မျက်နှာစာအနေနဲ့ အန်းဂယ်(စ်)က တဆက်တည်း ရှင်းပြခဲ့တယ်။ ဘဝရှင်သန် တည်မြဲရေးနဲ့ သုခခံစားရေး ကုန်ပစ္စည်းတွေ (means of subsistence and of enjoyment) ကို လူ့သမဂ္ဂဝင် တဦးချင်းစီက တိုက်ရိုက် ပိုင်ဆိုင်မှု ရှိမယ် (direct individual appropriation) လို့ ရှင်းရှင်းလင်းလင်း ဆိုထားတယ်။ စားရေး နေရေး ဝတ်ရေးလို အခြေခံ ပစ္စည်း တွေသာမက လူပီပီသသ သုခပြည့်စုံစွာ နေနိုင်ရေး လိုအပ်ချက်မှန်သမျှကို လူ့သမဂ္ဂဝင် တဉီးချင်းစီက တိုက်ရိုက် ပိုင်ဆိုင်မှု ရှိနေမယ်။ လစ်ဘရယ်တွေ ကိုးကွယ်တဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုဆိုတာ လူ့သမဂ္ဂဝင် အများအပြား လိုအပ် နေတဲ့ ဘဝရှင်သန် တည်မြဲရေးနဲ့ သုခခံစားရေး ကုန်ပစ္စည်းတွေ (means of subsistence and of enjoyment) ကို တဉီးချင်းစီက တိုက်ရိုက် ပိုင်ဆိုင်မှု ရှိရေးမဟုတ်ဘဲ means of production ခေါ်တဲ့ ကုန်ထုတ် ပစ္စည်းတွေကို “အရင်း” အနေနဲ့ မောင်ပိုင်စီးထားတဲ့ လူတန်းစားရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို ကာကွယ်ရေးသာ ဖြစ်နေတယ်။ လစ် ဘရယ်တွေပြောတဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုကို သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒီတွေ ဝေဖန်တာ ဒီအချက်ပဲ၊ ဒီလို ဝေဖန် တာကို ကြည့်ပြီး ဆိုရှယ်လစ်တွေက ဘဝရှင်သန် တည်မြဲရေးနဲ့ သုခခံစားရေး ကုန်ပစ္စည်းတွေကိုပါ ဘုံပိုင်ပြုလို တယ်လို့ ထင်မှတ်မှားနေကြတာ များတယ်။
အန်းဂယ်(စ်)ကပဲ ဒီလို တင်ပြခဲ့တာလား၊ မာ့(က်စ်)ကကော ဘယ်လို ပြောခဲ့သလဲ။ စိတ်ဝင်စားရင် အရင်းကျမ်း မှာ ရှင်းရှင်းလင်းလင်း ဖတ်ရပါလိမ့်မယ်။ လူ့အဖွဲ့အစည်းမှာ ထုတ်လုပ်နေတဲ့ ကုန်ပစ္စည်းတွေက မရေမတွက်နိုင် အောင် များပြားလှတယ်၊ ဒါပေမယ့် ခွဲခြားဆန်းစစ်ဖို့ အုပ်စုဖွဲ့လိုက်ရင် ဌာနကြီး နှစ်ခုပဲ ရှိတယ်လို့ မာ့က်စ်က ရှင်း ပြခဲ့တယ်၊ (၁) Department of means of production ကုန်ထုတ် ပစ္စည်းထုတ်လုပ်ရေး ဌာနကြီးနဲ့ (၂) Depart- ment of articles of consumption စားသုံးဖို့ သုံးစွဲဖို့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရေး ဌာနကြီး ဆိုပြီး နှစ်ခုပဲရှိပါ တယ်။ ကြိုက်တဲ့ ကုန်ပစ္စည်းကို ယူလိုက်ပါ၊ ဒီဌာန တခုခုထဲက ဖြစ်နေလိမ့်မယ်။ တချို့က သုံးတဲ့ ရည်ရွယ်ချက် ပေါ်မူတည်ပြီး ကုန်ထုတ် ပစ္စည်းလား articles of consumption လား ကွဲသွားတတ်တယ်။ ကွန်ပျူတာတလုံးကို ကိုယ့်ဘာသာ ရုပ်ရှင်ကြည့်ဖို့ အင်တာနက်ကြည့်ဖို့လောက်ပဲ သုံးရင် article of consumption တမျိုးလို့ ဆိုနိုင် မယ်၊ အဲလိုမဟုတ်ဘဲ ကုမ္ပဏီတခုမှာ ဆော့ဖ်ဝဲရေးဖို့ အသုံးပြုနေရင် အဲဒီ ကွန်ပြူတာဟာ ကုန်ထုတ်ပစ္စည်းတမျိုး ဖြစ်သွားပြီ။
မာ့က်စ်က articles of consumption လို့ သုံးတယ်၊ အန်းဂယ်(စ်)က ဘဝရှင်သန် တည်မြဲရေးနဲ့ သုခခံစားရေး ကုန်ပစ္စည်းတွေ (means of subsistence and of enjoyment) လို့ သုံးတယ်၊ ဒါပဲ ကွာပါတယ်။ အနှစ်သာရ အ တူတူပါပဲ။ မာ့(က်စ်) သုံးတဲ့ ဝေါဟာရရဲ့ အနက်ကို ပေါ်လွင်အောင် အန်းဂယ်(စ်)က (means of subsistence and of enjoyment) လို့ သုံးပြလိုက်တာ ဖြစ်တယ်။
နောက်ထပ် သတိထားဖို့လိုတဲ့ တချက်က အရင်းရှင် ကုန်ထုတ်စနစ် mode of production အဟောင်းကို ကုန် ထုတ်စနစ် အသစ်နဲ့ အစားထိုးပြီးတဲ့အခါမှ အရင်းရှင် ပိုင်ဆိုင်မှုစနစ် capitalistic mode of appropriation အဟောင်းနေရာမှာ ပိုင်ဆိုင်မှု စနစ်အသစ်နဲ့ အစားထိုးလာမယ် ပြောခြင်းဖြစ်တယ်။ ကုန်ထုတ်စနစ် ပြောင်းလဲမှု နဲ့အတူ ပိုင်ဆိုင်မှု စနစ်ကို ပြောင်းလဲရေးကိုပဲ ပြောပါတယ်။ ကုန်ထုတ်စနစ် အဟောင်းအတိုင်း ထားပြီး ပိုင်ဆိုင်မှု စနစ် အသစ်ပြောင်းရေးသက်သက်ကို အန်းဂယ်(စ်) မပြောပါဘူး။ Duhring က “ကုန်ထုတ်စနစ်က ကောင်းပါ တယ်၊ ခွဲဝေမှုစနစ်ကသာ မမျှတလို့” ဆိုတာမျိုး ပြောခဲ့လို့ အန်းဂယ်(စ်)က ချေဖျက် ရှင်းလင်းခဲ့ရသေးတယ်။ ဒါ့ ကြောင့် ကုန်ထုတ်စနစ် အသစ် ပြောင်းလဲခြင်း လုပ်နိုင်မှ ပိုင်ဆိုင်မှုစနစ် အသစ်ကိုလည်း အစားထိုးနိုင်မှာ ဖြစ် ကြောင်း အလေးအနက်ထားဖို့ အရေးကြီးပါတယ်။ - ဘာသာပြန်သူ၏ မှတ်ချက်]
အရင်းရှင် ကုန်ထုတ်စနစ်က လူ့အဖွဲ့အစည်းဝင် အများစုကို ပစ္စည်းမဲ့ လူတန်းစားအဖြစ် ပြောင်းလဲပစ်နေတယ်၊ အရင်းရှင်စနစ်ကို ဖြိုဖျက်ပစ်မယ့် အင်အားစုကို သူကိုယ်တိုင် ဖန်တီးပေးနေတာပဲ။ အများစုပေါင်းလုပ်ဆောင်နေ ရတဲ့ ကုန်ထုတ် ပစ္စည်း အများအပြားကို နိုင်ငံတော်ပိုင် အဖြစ် ပြောင်းလဲလာရတယ်၊ ဒါဟာ အရင်းရှင်စနစ် ဖျက် သိမ်းရေး တိုက်ပွဲ အောင်မြင်မယ့် လမ်းကို သူ့ဘာသာ ထုတ်ပြနေခြင်းပဲ။ ပစ္စည်းမဲ့ လူတန်းစားက နိုင်ငံတော်အာ ဏာကို သိမ်းပြီး ကုန်ထုတ် ပစ္စည်းတွေကို နိုင်ငံတော်ပိုင် အဖြစ် ပြောင်းပစ်မယ်။
ဒါပေမယ့် ဒီလိုလုပ်လိုက်တာနဲ့ ပစ္စည်းမဲ့ လူတန်းစားက ပစ္စည်းမဲ့ လူတန်းစား ဖြစ်ခြင်းကိုပါ ဖျက်သိမ်းပြီးသား ဖြစ်သွားတယ် (ကုန်ထုတ် ပစ္စည်း လက်မဲ့ဖြစ်နေလို့ ပစ္စည်းမဲ့ လူတန်းစား ဖြစ်နေတာ မဟုတ်လား၊ အခုလို ပစ္စည်း မဲ့လူတန်းစားက နိုင်ငံတော် အာဏာလက်ဝယ် ရရှိပြီး ကုန်ထုတ်ပစ္စည်းတွေကို သိမ်းယူလိုက်ရင် ပစ္စည်းမဲ့လူတန်း စား မဟုတ်တော့ဘူး)၊ ဒီတော့ လူတန်းစား ကွဲပြားမှုတွေကို ပယ်ဖျက်ပစ်လိုက်ရာ ရောက်တယ်၊ ဆိုတော့ လူတန်း စား ပဋိပက္ခတွေကိုလည်း ဖျက်သိမ်းပြီးသား ဖြစ်မယ်၊ နိုင်ငံတော်ဆိုတာကိုလည်း နိုင်ငံတော်အဖြစ်ကနေ ဖျက် သိမ်းပစ်လိုက်တယ်။ ပစ္စည်းမဲ့ လူတန်းစားက အခုလို မဖျက်သိမ်းခင်အထိ လူတန်းစား ပဋိပက္ခတွေ ဒင်းကြမ်း ပြည့်နေတဲ့ လူ့အဖွဲ့အစည်းဟာ နိုင်ငံတော်ကို လိုအပ်ခဲ့တယ်။ နိုင်ငံတော်ဆိုတာ အဲဒီကာလမှာ သွေးစုပ်သူ လူ တန်းစား ဖြစ်နေတဲ့ လူတန်းစား တခုခုရဲ့ အဖွဲ့အစည်း တခုဖြစ်တယ်၊ တည်ဆဲ ကုန်ထုတ်လုပ်မှု အခြေအနေတွေ ကို ပြင်ပကနေ မနှောင့်ယှက်နိုင်အောင် တားဆီးဖို့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်၊ အထူးသဖြင့် သက်ဆိုင်ရာ ကုန်ထုတ်စနစ် (ကျေးပိုင်ကျွန်ပိုင် စနစ်၊ မြေကျွန်စနစ်နဲ့ အခစား ကျွန်စနစ်) အရ ဖြစ် ပေါ်နေတဲ့ သွေးစုပ်ဖိနှိပ်ခံ အခြေအနေမှာပဲ သွေးစုပ်ခံ လူတန်းစားတွေကို နှိပ်ကွပ်ထားဖို့ ရည်ရွယ်ချက်နဲ့ တည် ဆောက်ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ နိုင်ငံတော်ဆိုတာ လူ့အဖွဲ့အစည်း တခုလုံးကို “official” ကိုယ်စားလှယ် ဖြစ်တယ်၊ လူ့အဖွဲ့အစည်းကို မြင်သာတဲ့ ကိုယ်ထည်တခုအဖြစ် စုစည်းပေးလိုက်တဲ့ အရာပဲ။ (ဒီနေရာမှာ real ကိုယ်စားလှယ် မဟုတ်၊ “official” ကိုယ်စားလှယ်မျှသာ ဖြစ်တယ်ဆိုတဲ့ အချက်ကို ထင်ရှားအောင် ဘာသာမပြန် ဘဲ ထားလိုက်ပါတယ်)။ ဒါပေမယ့် ဒါကလည်း သူအမှန်တကယ် ကိုယ်စားပြုရတဲ့ လူတန်းစားရဲ့ နိုင်ငံတော် ဖြစ် နေတဲ့ ကာလမှာပဲ လူ့အဖွဲ့အစည်း တခုလုံးရဲ့ “official” ကိုယ်စားလှယ် ဖြစ်နိုင်ပါတယ် -
- ရှေးခေတ်ကာလမှာ ကျေးပိုင်ကျွန်ပိုင် နိုင်ငံသားတွေရဲ့ နိုင်ငံတော်
- အလယ်ခေတ်မှာ ပဒေသရာဇ် မြေရှင်ကြီးတွေရဲ့ နိုင်ငံတော်
- ကျနော်တို့ခေတ်မှာ ဘူဇွှာလူတန်းစားရဲ့ နိုင်ငံတော်။
နိုင်ငံတော်က လူ့အဖွဲ့အစည်းတခုလုံးရဲ့ “real” ကိုယ်စားလှယ် ဖြစ်လာတဲ့အခါ သူ့ကို မလိုအပ်စေတော့ဘူး။ နှိပ် ကွပ်ထားစရာ လူတန်းစားရယ်လို့ မရှိတော့တဲ့အခါ အထူးဖိနှိပ်ရေး အင်အားစုတခု ဖြစ်တဲ့ နိုင်ငံတော်ကို မလိုအပ် တော့ဘူး။ လူတန်းစား အုပ်စိုးမှု နဲ့ ဒီကနေ့ခေတ် ကုန်ထုတ်ဖြစ်စဉ်အတွင်းက အနာခီပေါ် အခြေတည်ထားတဲ့ ဘဝ ရှင်သန်ဖို့ တသီးပုဂ္ဂလ ရုန်းကန် တိုက်ပွဲဝင်ရခြင်း၊ အဲဒီကနေ ထွက်ပေါ်လာတဲ့ ပဋိပက္ခတွေကို ဖယ်ရှားပစ် လိုက်တာနဲ့ နှိပ်ကွပ်ထားစရာ ဘာမှ မရှိတော့ဘူး၊ ဒီတော့ အထူးဖိနှိပ်ရေး အင်အားစုတခု ဖြစ်တဲ့ နိုင်ငံတော်ကို မလိုအပ်တော့ဘူး။ (ကုန်ထုတ် ပစ္စည်းတွေကို လူ့အဖွဲ့အစည်းပိုင် အဖြစ် နိုင်ငံတော်က သိမ်းယူခြင်း) ဟာ နိုင်ငံ တော်ကို လူ့အဖွဲ့အစည်းရဲ့ ကိုယ်စားလှယ် အစစ်အမှန် ဖြစ်စေတဲ့ ပထမဆုံး လုပ်ဆောင်ချက် ဖြစ်သလို နိုင်ငံ တော် တခုအဖြစ် နဲ့ နောက်ဆုံးအကြိမ် လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တဲ့ အရာလည်း ဖြစ်တယ်။ လူမှု ဆက် နွှယ်ချက်တွေအတွင်း နိုင်ငံတော်ရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ နယ်ပယ် တခုပြီးတခု အပို ဖြစ်လာမယ်၊ ဒီလိုနဲ့ နိုင် ငံတော်ဆိုတာ ချုပ်ငြိမ်းသွားမယ်။ လူလူချင်း အုပ်စိုးခြင်းနေရာမှာ ရုပ်ပစ္စည်းတွေကို စီမံခန့်ခွဲခြင်းနဲ့ အစားထိုးပစ် လိုက်မယ်၊ ကုန်ထုတ် ဖြစ်စဉ်တွေကို ပဲ့ကိုင် မောင်းနှင်ခြင်းနဲ့ အစားထိုးလာမယ်။ နိုင်ငံတော်ကို ဖြိုဖျက်ပစ်လိုက် တာ မဟုတ်။* ချုပ်ငြိမ်းသွားတာ ဖြစ်တယ်။ ဒီအချက်ကို နားလည်ရင် “လွတ်လပ်သော နိုင်ငံတော်” ဆိုတဲ့ စကား စုရဲ့ တန်ဖိုး အတိမ်အနက် ကို တိုင်းတာသိနိုင်တယ်။ တခါတရံမှာ လှုံ့ဆော်ရေးသမားတွေက “လွတ်လပ်သော နိုင်ငံတော်” ဆိုတဲ့ စကားကို သုံးတတ်ကြတယ်။ ဒါကို နားလည်ပေးလို့ ရနိုင်တယ်။ ဒါပေမယ့် ဒီစကားစုရဲ့ သိပ္ပံ နည်းကျ အဓိပ္ပါယ် ရှင်းလင်းမှု မရှိတာကိုတော့ နားလည်ဖို့လိုတယ်။ အလားတူပဲ၊ အနာခစ် ဆိုသူတွေကလည်း နိုင်ငံတော် ဆိုတာကို နေ့ချင်းည ချင်း ထဖျက်သိမ်းဖို့ တောင်းဆိုကြသေးတယ်၊ ဆိုခဲ့ပါ အချက်ကို သဘောပေါက် ရင် သူတို့တောင်းဆိုချက်တွေ သိပ္ပံနည်းကျ အခြေခိုင်မှု မရှိတာ နားလည်လိမ့်မယ်။
[*= အန်းဂယ်(စ်) ပြောနေတဲ့ “နိုင်ငံတော်ကို ဖြိုဖျက်ပစ်လိုက်တာ မဟုတ်။* ချုပ်ငြိမ်းသွားတာ ဖြစ်တယ်။” စာ ကြောင်းကို တကြောင်းတည်းကွက်ပြီး လိုရာဆွဲ နားလည်လိုက်လို့ မရပေ။ အန်းဂယ်(စ်) အပေါ်မှာ ပြောလာတာ တွေကနေ ဖယ်ထုတ်လိုက်လို့ မရဘူး။ သူပြောလာတာက ပစ္စည်းမဲ့ လူတန်းစားက တော်လှန်ရေးကနေ နိုင်ငံ တော် အာဏာကို အရယူ သိမ်းပိုက်ရမယ်၊ ဒါတင် မကသေးဘူး၊ ကုန်ထုတ် ပစ္စည်းတွေကို လူ့အဖွဲ့အစည်းပိုင် အဖြစ်နဲ့ ပစ္စည်းမဲ့ လူတန်းစား နိုင်ငံတော်က သိမ်းယူရမယ်။ ထပ်ပြောပါမယ်၊ ပစ္စည်းမဲ့ လူတန်းစားရဲ့ နိုင်ငံတော် ဖြစ်ပါတယ်၊ ဘူဇွှာ နိုင်ငံတော် မဟုတ်တော့ပါ။ ဒါပေမယ့် ဒီလို ကုန်ထုတ်ပစ္စည်းတွေကို လူ့အဖွဲ့အစည်းပိုင်အဖြစ် နိုင်ငံတော်က သိမ်းပြီးတာနဲ့ နိုင်ငံတော်အဖြစ်နဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်တာ ဒါနောက်ဆုံး ဖြစ်သွားပြီ တဲ့။ ပစ္စည်းမဲ့ လူတန်းစားက ပစ္စည်းမဲ့ လူတန်းစား မဟုတ်တော့ဘူး။ ဒီအရင် အရင်းရှင် နိုင်ငံတော်ဆိုတာ သွေး စုပ်ခံ လူတန်းစားတွေကို နှိပ်ကွပ်ထားဖို့ တည်ရှိခဲ့တာ။ အခု ပစ္စည်းမဲ့ လူတန်းစားလက်ထဲမှာ နိုင်ငံတော် အာဏာ ရသွားသလို ကုန်ထုတ် ပစ္စည်းတွေကိုလည်း လူ့အဖွဲ့အစည်းပိုင်အဖြစ်နဲ့ နိုင်ငံတော်က သိမ်းပြီးတဲ့ အချိန်မှာ အရင် လို နှိပ်ကွပ်စရာ လူတန်းစားရယ်လို့ မရှိတော့ဘူး။ ဒါ့ကြောင့် နိုင်ငံတော်ဆိုတာ မလိုအပ်တော့ဘူး။ ဖြိုစရာလည်း မလိုတော့ဘူး။ နိုင်ငံတော်ကို လိုအပ်ရခြင်းရဲ့ အကြောင်းအချက်တွေ မရှိတော့လို့ နိုင်ငံတော်ဆိုတာ ချုပ်ငြိမ်း ပျောက်ကွယ်သွားမယ်လို့ အန်းဂယ်(စ်)က ပြောခြင်းဖြစ်တယ်။ ဒါပေမယ့် သတိထားရမှာက ဘူဇွှာနိုင်ငံတော်ကို ချုပ်ငြိမ်းပျောက် ကွယ်သွားမယ်လို့ အန်းဂယ်(စ်)က ပြောနေတာ မဟုတ်ဘူး။ ဘူဇွှာနိုင်ငံတော်ကို ပစ္စည်းမဲ့ လူ တန်းစား တော်လှန်ရေးကနေ “ဖြိုပစ်ရမယ်”။ ဒီနောက် ပစ္စည်းမဲ့ လူတန်းစားက နိုင်ငံတော် အာဏာကို သိမ်း မယ်၊ နောက်ဆုံးမှာ ပစ္စည်းမဲ့ လူတန်းစား နိုင်ငံတော်က ဖြိုစရာမလိုဘဲ ချုပ်ငြိမ်းသွားမယ်။ ဒီအချက်ကို လီနင်က နိုင်ငံတော်နဲ့ တော်လှန်ရေး ကျမ်းမှာ အသေးစိတ် ရှင်းလင်းခဲ့ရတယ်။ ဖတ်ကြည့်ပါ မိတ်ဆွေ။
ဒီသဘောကို နားမလည်တဲ့ အနားခစ်(စ်) ဆိုသူတွေက ပစ္စည်းမဲ့ လူတန်းစားက နိုင်ငံတော် အာဏာကို သိမ်းစရာ မလိုဘူး၊ နိုင်ငံတော်ဆိုတာကို နေ့ချင်းညချင်း ဖြိုပစ်ရမယ် လို့ သွေးရူးသွေးတန်း တောင်းဆိုကြတယ်။ နိုင်ငံတော် ဘာလို့ ပေါ်လာရသလဲ နားမလည်ကြဘူး။ နိုင်ငံတော်ပေါ်လာတာ လူတန်းစား ပဋိပက္ခတွေ ပြင်းထန်လာလို့ ဖြစ် တယ်။ ပစ္စည်းမဲ့ လူတန်းစားက တော်လှန်ရေးကနေ ဘူဇွှာနိုင်ငံတော်ကို ဖြိုပစ်ပြီး နိုင်ငံတော် အာဏာကို အရမယူ ဘဲ အနားခစ်(စ်)တွေ သွေးရူးသွေးတန်း ပြောသလို နိုင်ငံတော် အာဏာကို မတို့မထိဘဲ နေလိုက်ရင် ဘာ ဖြစ်သွား မလဲ။ ပစ္စည်းမဲ့ လူတန်းစားက နိုင်ငံတော်အာဏာကို အရယူပြီး ကုန်ထုတ် ပစ္စည်းတွေကို လူ့အဖွဲ့အစည်းပိုင်အဖြစ် သိမ်းယူရဉီးမယ်၊ အနာခီ ဆန်နေတဲ့ ကုန်ထုတ်စနစ်ကို ဒီမိုကရေစီနည်းကျ စီမံကိန်းချ ကုန်ထုတ်စနစ်ဖြစ်အောင် လုပ်ရမယ်။ ဒီလိုလုပ်လိုက်တာနဲ့ နိုင်ငံတော်တည်ရှိနေရခြင်း အကြောင်းတရားတွေ မရှိတော့ဘူး။ အဲဒီအခါ နိုင်ငံ တော် ဆိုတာကြီးကို သံယောဇဉ်ကြီး လှပါတယ် ဆိုရင်တောင် ဆက်တွေ့ရတော့မှာ မဟုတ်ဘူး။
ဘာသာပြန်သူ၏ ဖြည့်စွက် ရှင်းလင်းချက်]
သမိုင်းမှာ အရင်းရှင် ကုန်ထုတ်စနစ် စတင်ပေါ်ထွန်းလာကတည်းက ကုန်ထုတ် ပစ္စည်းတွေ လူ့အဖွဲ့အစည်းပိုင် သိမ်းရေးကို အနည်းနဲ့အများ မျှော်မှန်းခဲ့ကြတာတွေ ရှိခဲ့တယ်၊ အနာဂတ် စံ လူ့အဖွဲ့အစည်း အဖြစ် ဒီလို မျှော်မှန်း ကြသူတွေထဲ လူပုဂ္ဂိုလ် တဉီးချင်းစီ ရှိသလို ဂိုဏ်းအုပ်စုတွေလည်း ရှိခဲ့တယ်။ ဒါပေမယ့် ဒါကို လက်တွေ့အကောင် အထည်ဖော်နိုင်တဲ့ အကြောင်းအချက်တွေ အမှန်တကယ် ပြည့်စုံလာမှသာ ဒါဟာ လက်တွေ့ ဖြစ်လာနိုင်တယ်၊ သမိုင်းဖြစ်စဉ်ရဲ့ မလွဲမသွေ လိုအပ်ချက် တခုဖြစ်လာခဲ့တယ်။ လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှု အားလုံးလိုပဲ၊ လူတန်း စားတွေ တည်ရှိနေခြင်းက တရားမျှတမှု၊ တန်းတူညီမျှမှု စတဲ့စတဲ့ စံနှုန်းတွေနဲ့ ဝိရောဓိဖြစ်နေကြောင်း လူတွေက နားလည်နေလို့ လက်တွေ့ အကောင်အထည် ဖော်နိုင်တာ မဟုတ်ဘူး။ လူတန်းစားတွေ တည်ရှိနေမှုကို ဖျက်သိမ်း လိုစိတ် သက်သက်ကြောင့် အကောင်အထည် ဖော်နိုင်တာလည်း မဟုတ်ဘူး။ ကုန်ထုတ် စီးပွားဘဝ အခြေအနေ အသစ်တွေ ပေါ်ထွန်းလာမှ အကောင်အထည် ဖော်နိုင်ခြင်း ဖြစ်တယ်။ လူ့အဖွဲ့အစည်းက သွေးစုပ်သူနဲ့ သွေးစုပ်ခံ၊ အုပ်စိုးသူနဲ့ နှိပ်ကွပ်ခံ လူတန်းစားတွေ ကွဲထွက်သွားခြင်းဟာ ရှေးခေတ်အခါက ကုန်ထုတ်လုပ်မှု ဖြစ်စဉ် အကန့် အသတ် ရှိနေသေးလို့၊ ဖွံ့ဖြိုးမှု ချို့တဲ့နေသေးလို့ မလွဲမသွေ ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်ပဲ။ လူ့သမဂ္ဂဝင် အားလုံး အလုပ်လုပ်တာတောင် လူတိုင်း အသက်ရှင်နိုင်ရုံထက် မဆိုစလောက် ပိုလျှံရုံသာ ထုတ်နိုင်သေးတယ်။ လူ့သမဂ္ဂ ဝင် အားလုံးနီးပါးက အချိန်ပြည့်နီးပါး အလုပ်လုပ်နေရသေးတယ်။ ဒီလို ဖြစ်နေသရွေ့ လူ့အဖွဲ့အစည်းက မလွဲ မသွေ လူတန်းစားတွေ ကွဲထွက်သွားမှာပဲ။ အများတကာ့ အများစုကြီးက ကျေးကျွန်တွေအဖြစ်နဲ့ ကုန်းရုန်းလုပ် နေရချိန်မှာ ကုန်ထုတ်ဖြစ်စဉ်မှာ တိုက်ရိုက်ပါဝင်စရာမလိုဘဲ အားလပ်နေတဲ့ လူတန်းစား တရပ် ထွက်ပေါ်လာ တယ်။ အဲဒီလူတန်းစားက လူ့အဖွဲ့အစည်းရဲ့ အထွေထွေ ကိစ္စရပ်တွေကို စီမံခန့်ခွဲကြတယ်။ ကုန်ထုတ်ဖြစ်စဉ်ကို ပဲ့ကိုင်လမ်းညွှန်တာ၊ နိုင်ငံ့အုပ်ချုပ်ရေး လုပ်ကိုင်တာ၊ တရားဥပဒေ၊ အနုပညာ စသဖြင့်။ ဒါ့ကြောင့် အလုပ် ခွဲဝေမှု နိယာမဟာ လူတန်းစားတွေ ကွဲထွက်သွားရခြင်းရဲ့ အခြေခံ ဖြစ်နေတယ်။ ဒီလိုဆိုလိုက်လို့ အကြမ်းဖက်နည်း၊ လုယူသိမ်းပိုက်နည်း၊ လိမ်လည် လှည့်ဖျားတဲ့နည်း၊ မသမာတဲ့နည်းတွေနဲ့ လူတန်းစား ကွဲထွက်သွားအောင် မလုပ် နိုင်ဘူးလို့ မပြောဘူး၊ အသာစီးရသွားတာနဲ့ အုပ်စိုးသူ လူတန်းစားက အလုပ်သမား လူတန်းစား ကျေပြုန်းပြီး သူ တို့အာဏာ ခိုင်မြဲသထက် ခိုင်မြဲလာအောင် လုပ်လာခြင်းကို မဟန့်တားနိုင်ဘူး၊ လူ့အဖွဲ့အစည်းမှာ ခေါင်းကိုင်နေ ရာရနေခြင်းကို အသုံးချပြီး လူထုကို ပြင်းပြင်းထန်ထန် သွေးစုပ်ခြယ်လှယ်ခြင်း မလုပ်အောင်လည်း မတားနိုင် ဘူး။
လူတန်းစားတွေ ကွဲထွက်သွားခြင်းမှာ သမိုင်းဆိုင်ရာ ကြောင်းကျိုးခိုင်လုံမှု ရှိတယ်ဆိုရင် ဒါဟာ သက်ဆိုင်ရာ ကာ လအပိုင်းအခြား တခုအထိသာ ဖြစ်တယ်၊ သက်ဆိုင်ရာ လူမှုစီးပွား အခြေအနေတွေမှာပဲ ဖြစ်နိုင်တယ်။ ကုန်ထုတ် လုပ်ခြင်း လုံလောက်မှု မရှိလို့ လူတန်းစား ကွဲပြားမှု ထွက်ပေါ်လာခြင်း ဖြစ်တယ်။ ခေတ်သစ် ကုန်ထုတ် စွမ်းအား စုတွေ အပြည့်အဝ ဖွံ့ဖြိုးလာတာနဲ့ လူတန်းစား ကွဲပြားမှုကို ဖယ်ရှားပစ်နိုင်လိမ့်မယ်။ လူ့အဖွဲ့အစည်းအတွင်း လူ တန်းစားတွေ ကွဲပြားနေခြင်းကို ဖြိုဖျက်ပစ်နိုင်ဖို့ဆိုရင် သမိုင်းဖွံ့ဖြိုးမှု ဖြစ်စဉ်ရဲ့ အဆင့်တခုကို ရောက်နေဖို့ လို တယ်၊ အုပ်စိုးသူ လူတန်းစား တမျိုးမျိုးသာ မဟုတ် ဘယ်လို အုပ်စိုးသူ လူတန်းစားပဲ ဖြစ်ဖြစ် ဆက်လက်တည်ရှိ နေဖို့ မလိုအပ်တော့ဘဲ ခေတ်ကုန်သွားတဲ့ သမိုင်းအဆင့်ကို ရောက်နေဖို့ လိုအပ်တယ်၊ ဒါ့ကြောင့် လူတန်းစား ကွဲ ပြားမှု တည်ရှိနေခြင်းကို မလိုအပ်တော့တဲ့ သမိုင်းအဆင့်ကို ရောက်နေဖို့ လိုတယ်။ ဒါ့ကြောင့် ကုန်ထုတ်ဖြစ်စဉ် တိုးတက်မှုဟာ ကုန်ထုတ် ပစ္စည်းတွေ၊ ထုတ်ကုန်တွေကို လူတန်းစား တရပ်ရပ်က သိမ်းပိုက် ပိုင်ဆိုင်ထားခြင်း၊ ဒါ နဲ့အတူ နိုင်ငံရေးအရလည်း အဲဒီ လူတန်းစားက အုပ်စိုးထားခြင်း၊ ဒါ့အပြင် ယဉ်ကျေးမှု နယ်ပယ်၊ အသိပညာ နယ် ပယ်တွေမှာလည်း ဒီလူတန်းစားကပဲ မောင်ပိုင်စီးထားခြင်းတွေကို မလိုအပ်တော့ရုံမက ကုန်ထုတ် စွမ်းအားစုတွေ ဆက်လက်ဖွံ့ဖြိုးမှုကို စီးပွားရေးအရ၊ နိုင်ငံရေးအရ၊ အသိပညာပိုင်းအရ အတားအဆီး ဖြစ်လာတဲ့ အဆင့်အထိ ရောက်နေဖို့ လိုတယ်။
အဲဒီ အဆင့်ကို အခု ရောက်နေပြီ။ ဘူဇွှာ လူတန်းစားရဲ့ နိုင်ငံရေး၊ အသိပညာရေး ချွတ်ခြုံကျမှုကို သူတို့ဘာသာ မြင်လာကြပြီ။ သူတို့ ဦးဆောင်တဲ့ စီးပွားရေးဘဝက ဆယ်နှစ်တကြိမ် ပုံမှန် ချွတ်ခြုံကျနေတယ်။ အကြပ်ဆိုက် တိုင်း၊ လူ့အဖွဲ့အစည်းက သူကိုယ်တိုင် ဖန်တီးထားတဲ့ ကုန်ထုတ် စွမ်းအားစုတွေ၊ ထုတ်ကုန်တွေရဲ့ ဖိနင်းမှု အောက်မှာ လည်မြိုညစ်ခံရတယ်။ ဒီကုန်ထုတ် စွမ်းအားစုတွေနဲ့ ထုတ်ကုန်တွေကို အသုံးမချနိုင်ဘူး၊ လက်ပိုက် ကြည့်နေရတယ်၊ တဖက်မှာကျ အဓိပ္ပါယ်မရှိတဲ့ ပဋိပက္ခကို ရင်ဆိုင်နေရတယ်၊ ကုန်ထုတ်လုပ်သူတွေက စားသုံးဖို့ တောင်းတနေလည်း စားစရာ နတ္ထိ ဖြစ်နေတယ်။ ကုန်ထုတ် ပစ္စည်းတွေရဲ့ တိုးချဲ့နိုင်စွမ်းအားက သူတို့အပေါ်အုပ် မိုးထားတဲ့ အရင်းရှင် ကုန်ထုတ်စနစ်ရဲ့ နှောင်ကြိုးတွေကို ချိုးဖျက်ပစ်လိုက်တယ်။ ဒီနှောင်ကြိုးတွေကနေ လွတ် မြောက်ရေးဟာ ကုန်ထုတ် စွမ်းအားစုတွေ တဟုန်ထိုး တိုးတက်နိုင်ဖို့ အခြေခံ လိုအပ်ချက်တခု ဖြစ်တယ်၊ ဒါမှ ကုန်ထုတ်ဖြစ်စဉ် ကိုယ်တိုင်လည်း အကန့်အသတ် မရှိ ဖွံ့ဖြိုးလာနိုင်မယ်။ ဒါတင် မကသေးဘူး။ ကုန်ထုတ်ပစ္စည်း တွေကို လူ့အဖွဲ့အစည်းပိုင်ပြုလိုက်တဲ့အခါ လက်ရှိတွေ့နေရတဲ့ ကုန်ထုတ်ဖြစ်စဉ်အပေါ် လူလုပ် ကန့်သတ်ချက် တွေ ရှိတော့မှာ မဟုတ်ဘူး၊ ဒါ့အပြင် ကုန်ထုတ် စွမ်းအားစုတွေနဲ့ ထုတ်ကုန်တွေ လေလွင့်ပျက်စီးခြင်း၊ ဖျက်စီးပစ် ရခြင်းတွေလို လက်ရှိ ကုန်ထုတ်ဖြစ်စဉ်ရဲ့ မပါမဖြစ် တွဲဘက်တွေကိုလည်း ဖယ်ရှားပစ်နိုင်မယ်၊ (ကုန်ထုတ် စွမ်း အားစုတွေ၊ ထုတ်ကုန်တွေ လေလွင့်ပျက်စီးခြင်းနဲ့ ဖျက်စီးပစ်ရခြင်းကို အကြပ်အတည်းကာလတွေမှာ အများဆုံး တွေ့ရမယ်၊ လူ့အဖွဲ့အစည်းပိုင်ပြုလိုက်ရင် ဒါတွေ ပျောက်ကွယ်သွားမယ်)။ ဒါ့အပြင် ကုန်ထုတ် ပစ္စည်းတွေ၊ ထုတ် ကုန်တွေကို အဓိပ္ပါယ်မရှိ မောင်ပိုင်စီးထားတဲ့ အုပ်စိုးသူ လူတန်းစားနဲ့ သူတို့ရဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေ လက် ကနေ လွတ်မြောက်စေခြင်းအားဖြင့် လူ့အဖွဲ့အစည်းအတွက် အမြောက်အမြား အသုံးချလို့ ရသွားစေတယ်။ လူအ များစုပေါင်း ကုန်ထုတ်လုပ်ခြင်းကနေ လူ့သမဂ္ဂဝင်တိုင်းကို ရုပ်ပိုင်းဘဝ အပြည့်အဝ ဖူလုံစေရုံမက၊ သူတို့ရဲ့ ကာ ယ ဉာဏ အစွမ်းအစအားလုံးကို လွတ်လပ်စွာ ဖွံ့ဖြိုးခွင့်ရစေမယ်၊ အပြည့်အဝ အသုံးချခွင့် ရှိစေမယ်၊ ဒီလိုဘဝမျိုး ကို အာမခံပေးနိုင်စွမ်း သမိုင်းတလျှောက် ပထမဆုံး ရှိနေပြီ၊ ဟောဒီ လူ့အဖွဲ့အစည်းမှာ ရှိနေပြီ။
ကုန်ထုတ် ပစ္စည်းတွေကို လူ့အဖွဲ့အစည်းပိုင် သိမ်းလိုက်ခြင်းနဲ့အတူ၊ ရောင်းကုန် ထုတ်လုပ်ခြင်းကို ဖယ်ရှားပစ် လိုက်တယ်၊ တချိန်တည်းမှာပဲ ထုတ်ကုန်က ကုန်ထုတ်သူအပေါ် မင်းမူနေခြင်းကိုလည်း ဖယ်ရှားပြီးသား ဖြစ်မယ်။ စုပေါင်း ကုန်ထုတ်လုပ်ခြင်း အတွင်းက အနာခီ နေရာမှာ စနစ်တကျ၊ တိတိကျကျ ဖွဲ့စည်းမှုနဲ့ အစားထိုးလာ တယ်။ ဘဝရှင်သန်ရေး တဦးချင်း ရုန်းကန် တိုက်ပွဲဝင်ရတာမျိုး ပျောက်ကွယ်သွားတယ်။ အဲဒီအခါမှ လူသားဟာ ပထမဆုံးအကြိမ် တိရစ္ဆာန် လောက,ကနေ အပြီးတိုင် လမ်းခွဲထွက်သွားတယ်။ တိရစ္ဆာန်တွေ ရှင်သန်ရတဲ့ အခြေ အနေမျိုးကနေ လူပီပီသသ ရှင်သန်ရတဲ့ ဘဝအခြေကို ရောက်ရှိသွားမယ်။ လူသားကို စီရင်ပြုပြင်ခဲ့တဲ့ ဘဝအခြေ အနေတွေအားလုံး၊ အဲဒီအချိန်အထိ လူသားကို အုပ်စိုးလာတဲ့ ဘဝအခြေအနေတွေ အားလုံးကို လူသားရဲ့ လွှမ်းမိုး ချုပ်ကိုင်မှုအောက် ထားနိုင်သွားမယ်။ အဲဒီအခါမှ လူသားဟာ လူမှုအသိုက်အမြုံကို ကြိုးကိုင်နိုင်သူ ဖြစ်လာနိုင် တယ်၊ ဒီလို ပဲ့ကိုင်နိုင်လာမှပဲ သဘာဝလောကကို အမှန်တကယ် သိရှိနားလည်ပြီး ဇက်ကိုင်နိုင်တဲ့ အရှင်သခင် ဖြစ်လာတယ်။ အဲဒီအချိန်အထိ သဘာဝ နိယာမတွေလို လူသားနဲ့ သူစိမ်းတရံဆန်ဖြစ်နေတဲ့၊ လူသားကို အုပ်မိုးနေ တဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ နိယာမတွေကို လူသားက အပြည့်အဝ နားလည်လာပြီး ချုပ်ကိုင်စေခိုင်းလာနိုင်မယ်။ အဲဒီအချိန်အထိ လူမှု အသိုက်အမြုံဟာ သဘာဝနဲ့ သမိုင်းက လူသားဆီ တင်ပို့ပေးထားတဲ့ အရာလို ဖြစ်နေခဲ့ တယ်၊ အခုမှပဲ လူသားက လွတ်လွတ်လပ်လပ် လုပ်ဆောင်ခြင်းရဲ့ အသီးအပွင့် ဖြစ်လာမယ်။ ဒီကနေ့အထိ သမိုင်း ကို အုပ်စိုးလာတဲ့ ပကတိဘာဝ ပြင်ပ အင်အားစုတွေကို လူသား ထိန်းချုပ်မှုအောက် ထားနိုင်လာမယ်။ အဲဒီအချိန် ကျမှ လူသားဟာ သူ့သမိုင်းကို သူကိုယ်တိုင် သိစိတ်ရှိရှိ ဖန်တီးလာနိုင်လိမ့်မယ်။ အဲဒီအခါမှပဲ လူသား မောင်းနှင် လိုက်တဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ အရေးအရာတွေဟာ လူသား ရည်ရွယ်လုပ်လိုက်သလို ဖြစ်လာနိုင်လိမ့်မယ်၊ (လူ သား ကြံရွယ်ထားသလို ပိုပိုပြီး ဖြစ်လာလိမ့်မယ်)။ ဒါဟာ လိုအပ်ခြင်းနိယာမ နယ်မြေကနေ လွတ်လပ်ခြင်း နယ် မြေဆီ လူသား တက်လှမ်းသွားခြင်း ဖြစ်တယ်။
သမိုင်းဖွံ့ဖြိုးမှု ဖြစ်စဉ်ကို ပုံကြမ်းဆွဲခဲ့တာ အနှစ်ချုပ်ကြည့်ရအောင်။
(၁)အလယ်ခေတ် လူ့အဖွဲ့အစည်း
တဦးချင်းအလိုက် အသေးစား ကုန်ထုတ်လုပ်ခဲ့ကြတယ်။ ကုန်ထုတ် ပစ္စည်းတွေကိုလည်း တဦးချင်း အသုံးပြုလို့ရ အောင် ပြုပြင်စီရင်ထားတယ်။ ဒါ့ကြောင့် ကနဦးအဆင့်မှာပဲ ရှိသေးတယ်၊ သိပ်မတွင်ကျယ်ဘူး၊ လုပ်ရကိုင်ရတာ ကျဉ်းမြောင်းတယ်။ ကုန်ထုတ်တာ လက်ငင်းစားသုံးဖို့ ဖြစ်တယ်၊ ကုန်ထုတ်သူ ကိုယ်တိုင် စားဖို့ ဖြစ်ချင်ဖြစ်မယ် (ဒါမှမဟုတ်) ပဒေသရာဇ် အရှင်သခင် စားဖို့ ဖြစ်ချင်ဖြစ်မယ်။ ဒီလို စားသုံးဖို့ထက် ပိုလျှံသွားမှပဲ ရောင်းချဖို့လုပ် တယ်၊ ဖလှယ်ရေး နယ်ပယ်ထဲ ဝင်လာကြတယ်။ ဒါ့ကြောင့် ရောင်းကုန် ထုတ်လုပ်ခြင်းက မွေးကင်းစ အဆင့်မှာပဲ ရှိသေးတယ်။ ဒီအဆင့်မှာကို ရောင်းကုန် ထုတ်လုပ်ခြင်း အတွင်းမှာ လူ့အဖွဲ့အစည်းတခုလုံး အတိုင်းအတာနဲ့ ကုန် ထုတ်လုပ်ရာမှာ အနာခီ ဖြစ်လာမယ့် မျိုးစေ့တွေ ပါဝင်နေပြီ။
(၂)အရင်းရှင် တော်လှန်ရေး
စက်မှု လုပ်ငန်းကြီးတွေ အဖြစ် ကူးပြောင်းလာခြင်း။ အစောပိုင်းမှာ သာမန် ပူးပေါင်း ကုန်ထုတ်လုပ်ခြင်းနဲ့ အလုပ် ရုံကြီးတွေ ပေါ်ထွန်းလာတယ်။ ဒီကနေမှ စက်မှု လုပ်ငန်းကြီးတွေ အဆင့်ကို ကူးပြောင်းသွားခဲ့တယ်။ ဒီမတိုင်ခင် အထိ ပြန့်ကျဲနေခဲ့တဲ့ ကုန်ထုတ် ပစ္စည်းတွေကို အကြီးစား အလုပ်ရုံတွေဆီ စုစည်းပစ်လိုက်တယ်။ အကျိုးဆက် အနေနဲ့ တဦးချင်း လက္ခဏာဆောင်နေတဲ့ ကုန်ထုတ် ပစ္စည်းတွေကို စုပေါင်း လက္ခဏာဆောင်သော ကုန်ထုတ် ပစ္စည်းတွေအဖြစ် ပြောင်းလဲပစ်လိုက်တယ်။ ကုန်ထုတ် ပစ္စည်းတွေရဲ့ လက္ခဏာကို ဒီလို ပြောင်းလဲသွားစေပေမဲ့ လည်း၊ ပိုင်ဆိုင်မှု စနစ်ကို မထိပါးနိုင်ခဲ့ဘူး။ (ဒီအရင်ကလိုပဲ ကုန်ထုတ် ပစ္စည်းတွေနဲ့ ထုတ်ကုန်တွေကို တဦးချင်းစီ က ပုဂ္ဂလိက ပစ္စည်းအဖြစ် သိမ်းပိုက် ပိုင်ဆိုင်ထားဆဲ ဖြစ်တယ်)။ ပိုင်ဆိုင်မှု စနစ်အဟောင်းဟာ အားအင်အပြည့် နဲ့ တည်ရှိနေသေးတယ်။ အရင်းရှင် လူတန်းစား ပေါ်ထွန်းလာတယ်။ ကုန်ထုတ် ပစ္စည်းတွေရဲ့ ပိုင်ရှင်အဖြစ်နဲ့ အ ရင်းရှင်ကပဲ ထုတ်ကုန်တွေကို သိမ်းပိုက်လိုက်တယ်၊ အဲဒီ ထုတ်ကုန်တွေကို ရောင်းကုန်တွေအဖြစ် ပြောင်းလဲပစ် တယ်။ ကုန်ထုတ်လုပ်ခြင်းက အများစုပေါင်း လုပ်ဆောင်ရတဲ့ အလုပ်ဖြစ်လာတယ်။ ဖလှယ်ခြင်း နဲ့ သိမ်းပိုက်ပိုင် ဆိုင်ခြင်းကို အရင်လိုပဲ တဦးချင်း လုပ်ဆောင်နေဆဲ ဖြစ်တယ်။ လူအများ စုပေါင်း ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန် တွေကို တသီးပုဂ္ဂလ အရင်းရှင်တွေက သိမ်းပိုက် ပိုင်ဆိုင်နေကြတယ်။ ဒါဟာ အခြေခံ ပဋိပက္ခပဲ၊ ဒီကနေ့ လူ့အဖွဲ့ အစည်းအတွင်းက ပဋိပက္ခအားလုံး အဲဒီကနေ ပေါ်ထွက်လာခြင်း ဖြစ်တယ်။ ခေတ်သစ် စက်ရုံကြီးတွေ ပေါ်ထွန်း လာခြင်းဟာ အဲဒီ အခြေခံ ပဋိပက္ခကို သိသာ ထင်ရှားလာစေတယ်။
(က) လုပ်အားစိုက်ထုတ် ကုန်ထုတ်လုပ်ရသူတွေနဲ့ ကုန်ထုတ် ပစ္စည်းတွေကို ခွဲထုတ်ပစ်လိုက်တယ်။ အလုပ်သ မားတွေကို ရာသက်ပန် အခစား အလုပ်သမား ဖြစ်သွားစေတယ်။ ပစ္စည်းမဲ့ လူတန်းစားနဲ့ ဘူဇွှာ လူတန်းစားကြား ပဋိပက္ခ ပေါ်ထွန်းလာတယ်။
(ခ) ရောင်းကုန် ထုတ်လုပ်ခြင်းကို အုပ်စိုးနေတဲ့ နိယာမတွေ တွင်ကျယ်လာတယ်၊ ပိုပြီး ဩဇာညောင်းလာတယ်။ အချုပ်အခြယ်မရှိ ယှဉ်ပြိုင်ခြင်း။ စက်ရုံတခုချင်းစီအလိုက် စနစ်တကျ စုပေါင်း ကုန်ထုတ်လုပ်ခြင်း နဲ့ လူ့အဖွဲ့အ စည်းတခုလုံး အတိုင်းအတာနဲ့ ကုန်ထုတ်လုပ်ခြင်းအတွင်း ရှိနေသော အနာခီကြားက ပဋိပက္ခ။
(ဂ) တဖက်မှာ၊ အရင်းရှင်တွေ အချင်းချင်း ယှဉ်ပြိုင်မှုက ဖိအားပေးနေလို့ စက်ယန္တယားတွေကို ပိုကောင်းသထက် ကောင်းအောင် လုပ်နေရတယ်၊ စက်ယန္တယားတွေ ပိုတိုးတက်လာလေ အလုပ်သမားတွေ ဘေးရောက်သွားလေ ဖြစ်ရတယ်။ စက်မှု အလုပ်သမား အရံတပ်ဖွဲ့။ အခြားတဖက်မှာတော့၊ ယှဉ်ပြိုင်မှု ဖိအားအောက်က အရင်းရှင်တွေ ဟာ ကုန်ထုတ်လုပ်မှုကို အစဉ် တိုးချဲ့နေရတယ်။ နှစ်ဖက်စလုံးမှာ၊ မကြုံဖူး မကြားဖူးလောက်အောင် ကုန်ထုတ် စွမ်းအားစုတွေ တိုးတက်လာခဲ့တယ်၊ ဝယ်လိုအားထက် ရောင်းလိုအားက အဆမတန် ပိုများလာတယ်၊ အလွန်အ ကျွံ ကုန်ထုတ်လုပ်ခြင်း ဖြစ်လာတယ်၊ ဈေးကွက်ထဲ ရောင်းကုန်တွေ ပြည့်သိပ်လာတယ်၊ ဆယ်နှစ်တကြိမ် အကြပ် ဆိုက်လာတယ်၊ အဆိုးကျော့ သံသရာတွေ လည်နေတယ်။ ဒီမှာ ကုန်ထုတ် ပစ္စည်းတွေနဲ့ ထုတ်ကုန်တွေ တပြုံတ မကြီး ပိုလျှံနေတယ်၊ ဟိုဖက်မှာကျ အလုပ်လက်မဲ့ အလုပ်သမားတွေ၊ စားရမဲ့ သောက်ရမဲ့ အလုပ်သမားတွေ အ မြောက်အမြား ရှိနေတယ်။
ဒါပေမယ့်လည်း ကုန်ထုတ်ဖြစ်စဉ်နဲ့ လူ့အဖွဲ့အစည်း တိုးတက် ကောင်းစားရေးရဲ့ အဓိက မောင်းနှင်အားနှစ်ခု (အ လုပ်သမား နဲ့ ကုန်ထုတ် ပစ္စည်းတွေကို ရည်ညွှန်းခြင်း ဖြစ်တယ်၊ ဘယ်လူ့အဖွဲ့အစည်းမှာမဆို ကုန်ထုတ်လုပ်မယ် ဆိုရင် လူသားရဲ့ လုပ်အားစွမ်းပကားနဲ့ ကုန်ထုတ်ကိရိယာတွေ ကုန်ကြမ်းတွေ မရှိမဖြစ်လိုအပ်တယ်။ ဒါ့ကြောင့် အလုပ်သမား နဲ့ ကုန်ထုတ် ပစ္စည်းတွေကို ကုန်ထုတ်ဖြစ်စဉ်နဲ့ လူ့အဖွဲ့အစည်း တိုးတက် ကောင်းစားရေးရဲ့ အဓိက မောင်းနှင်အားနှစ်ခုလို့ အန်းဂယ်စ်က ရည်ညွှန်းလိုက်ခြင်း ဖြစ်တယ်) ဟာ အတူတကွ ပေါင်းစည်းမလုပ်နိုင် ဖြစ် နေရတယ်၊ အရင်းရှင် ကုန်ထုတ်စနစ်အောက်မှာ ကုန်ထုတ် စွမ်းအားစုတွေကို “အရင်း” အဖြစ် ပြောင်းလဲခြင်းမပြု နိုင်ရင် ကုန်ထုတ် စွမ်းအားစုတွေက ကုန်မထုတ်နိုင်ဘူး၊ ထုတ်ကုန်တွေက မစီးဆင်းနိုင်ဘူး။ ဆိုခဲ့ပြီးသလိုပဲ အခု အခါ ကုန်ထုတ် စွမ်းအားစုတွေက အင်မတန် များပြားနေတယ်၊ ဒီတော့ အကုန်လုံးကို “အရင်း” အဖြစ် လိုက်မ ပြောင်းနိုင်ဘူး။ ဒီလိုပိုလျှံနေခြင်းကိုယ်တိုင်က အရင်း အဖြစ် မပြောင်းနိုင်အောင် ပိတ်ပင်ထားခြင်း ဖြစ်နေတယ်။ ဒီပဋိပက္ခက အဓိပ္ပါယ်မရှိတဲ့ အရာတခု ဖြစ်လာတယ်။ ကုန်ထုတ်စနစ်က ဖလှယ်ရေး စနစ်ကို ပုန်ကန်ထွက်လာ တယ်။ အရင်းရှင် စနစ်အောက် အဆမတန် ကြီးထွားလာတဲ့ အဲဒီ ကုန်ထုတ် စွမ်းအားစုတွေကို ဘူဇွှာလူတန်းစား က ပဲ့ကိုင် မောင်းနှင်နိုင်စွမ်း မရှိတော့ဘူး။
(ဃ) ကုန်ထုတ် စွမ်းအားစုတွေရဲ့ အများစုပေါင်း လက္ခဏာကို အရင်းရှင်တွေကိုယ်တိုင် အတန်အသင့် အသိအ မှတ်ပြုလာရတယ်။ အစပိုင်းမှာ ကုန်ထုတ်လုပ်ရေး၊ ဆက်သွယ်ရေး အင်စတီကျူးရှင်းကြီးတွေကို ပူးတွဲစတော့ခ် ကုမ္ပဏီတွေအဖြစ် ပြောင်းလဲလာရတယ်၊ ဒီနောက် ထရပ်(စ်)ပုံစံ ပြောင်းလဲလာရတယ်၊ အဲဒီနောက်တော့ နိုင်ငံ တော်က သိမ်းယူရတယ်။ ဘူဇွှာလူတန်းစားက မလိုအပ်တော့တဲ့ ကပ်ပါး လူတန်းစား ဖြစ်လာတယ်။ ဘူဇွှာလူ တန်းစား လုပ်ခဲ့တဲ့ လူမှုတာဝန်အားလုံးကို လခစား ဝန်ထမ်းတွေက လုပ်နေကြပြီ။
(၃)စ္စည်းမဲ့ တော်လှန်ရေး
ဆိုခဲ့ပါ ပဋိပက္ခတွေရဲ့ အဖြေ ဖြစ်တယ်။ ပစ္စည်းမဲ့ လူတန်းစားက နိုင်ငံတော် အာဏာကို သိမ်းယူရမယ်။ နိုင်ငံ တော် အာဏာကို အရယူထားမှ ဘူဇွှာ လက်ထဲ မောင်ပိုင်စီးခံထားရတဲ့ အများစုပေါင်း လက္ခဏာဆောင်နေသော ကုန်ထုတ် ပစ္စည်းတွေကို လူ့အဖွဲ့အစည်းပိုင် အဖြစ် ပြောင်းပစ်နိုင်မယ်။ ဒီလို လူ့အဖွဲ့အစည်းပိုင် ပြောင်းပစ်လိုက် တဲ့အခါ ပစ္စည်းမဲ့ လူတန်းစားက အဲဒီအချိန်အထိ “အရင်း” လက္ခဏာဆောင်နေရတဲ့ ကုန်ထုတ် ပစ္စည်းတွေကို လွတ်မြောက်သွားစေမယ်၊ ဒီကုန်ထုတ် ပစ္စည်းတွေရဲ့ အများစုပေါင်း လက္ခဏာကို လွတ်လပ်ခွင့် အပြည့်နဲ့ လုပ် ကိုင်ခွင့် ရသွားစေမယ်။ အဲဒီအချိန်ကစလို့ စနစ်တကျ ပြင်ဆင်ထားတဲ့ စီမံကိန်းအခြေခံ အများစုပေါင်း ကုန်ထုတ် လုပ်ခြင်းကို လက်တွေ့ အကောင်အထည် ဖော်နိုင်သွားမယ်။ ကုန်ထုတ်လုပ်မှု တိုးတက်လာခြင်းဟာ လူတန်းစား ကွဲပြား တည်ရှိနေခြင်းကို ခေတ်ကုန်သွားစေမယ်။ လူ့အဖွဲ့အစည်းရဲ့ ကုန်ထုတ်ဖြစ်စဉ်အတွင်းက အနာခီ ပျောက် ကွယ်သွားတာနဲ့ နိုင်ငံတော်ရဲ့ နိုင်ငံရေး အာဏာလည်း ချုပ်ငြိမ်းသွားရမယ်။ လူ့အသိုက်အမြုံ တည်ဆောက် ရာမှာ ဇက်ကိုင် ထိန်းချုပ်လာနိုင်တဲ့ လူသားက သဘာဝ လောကကိုလည်း ပဲ့ကိုင်သူ အရှင် ဖြစ်လာမယ်၊ ဆိုလို တာက လူသားဟာ လွတ်မြောက်သွားမယ်။
လူသားတရပ်လုံး လွတ်မြောက်ရေးကို အောင်မြင်အောင် ဖော်ဆောင်ရေးဟာ ခေတ်သစ် ပစ္စည်းမဲ့ လူတန်းစားရဲ့ သမိုင်းရေး ခရီးစဉ်ပဲ။ သမိုင်းရေး အခြေအနေတွေ နဲ့ ပစ္စည်းမဲ့ လူတန်းစား သမိုင်းရေး ခရီးစဉ်ရဲ့ သဘောသဘာဝ ကို ရှင်းရှင်းလင်းလင်း သိမြင်ဖို့၊ အခုချိန်မှာ ဖိနှိပ်ခံနေရတဲ့ ပစ္စည်းမဲ့ လူတန်းစားကို အဲဒီ အသိအမြင်တွေ အပြည့် အဝ ပေးဝေပြီး လူသားတရပ်လုံး လွတ်မြောက်ရေး သမိုင်းခရီးစဉ်ရဲ့ အဓိပ္ပါယ်ကို နားလည်လာအောင် လုပ်ဖို့ဟာ ပစ္စည်းမဲ့ လူတန်းစား တိုက်ပွဲရဲ့ သဘောတရားရေး ဖော်ထုတ်ချက် ဖြစ်သော သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒရဲ့ အလုပ်ဖြစ်တယ်။