(ဂ်)ဟာ ဂျာမန် ဆိုရှယ်ဒီမိုကရေစီရဲ့ အချောင်သမားဝါဒကို တိုက်ခိုက်ရာမှာ အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့သော ထူးချွန်ထက်မြက်လှတဲ့ တော်လှန်ရေးသမား မာ့(က်စ်)ဝါဒီတယောက်ဖြစ်တယ်။ ဂျာမနီ ကွန်မြူနစ်ပါတီကို အုတ်မြစ်ချပေးခဲ့သူလည်း ဖြစ်တယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ သူမရဲ့ လက်ရာတချို့နဲ့ မိန့်ခွန်းတချို့ကို လိုသလိုဆွဲယူပြီး သူမရဲ့ ရပ်တည်ချက်ကို လုံးလုံးလျားလျား ပုံဖျက်ပစ်ခဲ့ကြတယ်၊ လီနင်နဲ့ ဘော်ရှီဗစ်တွေရဲ့ ဆန့်ကျင်ဖက်တယောက်လို ပုံဖော်ခဲ့ကြတယ်။
‘လူဇင်ဘာ့(ဂ်)ဝါဒီ’ဆိုသူတွေက သူမကို အလုပ်သမား လူတန်းစားရဲ့ ‘အလိုအလျောက် တိုက်ပွဲဝင်မှု’ နဲ့ ဖန်တီးမှု ဘက်က ရပ်ခံကာကွယ်သူ၊ အလုပ်သမားထုရဲ့ ကိုယ်ထူကိုယ်ထ တိုက်ပွဲဝင်ခြင်းကို ချိုးနှိမ်ပြီး အမိန့်နဲ့ ထိန်းချုပ် မောင်းနှင်ဖို့ ကြိုးစားတဲ့ ‘ဗဟိုချုပ်ကိုင်မှု အစွန်းရောက်ဝါဒီ’ လီနင်နဲ့ ဆန့်ကျင်ဖက်အဖြစ် ပုံဖော်လေ့ရှိတယ်။ လူဇင်ဘာ့(ဂ်)ရဲ့ ပုံရိပ်ကို အဲဒီလို တည်ဆောက်လိုက်ပြီး လက်ဝဲ ပြုပြင်ရေးဝါဒီတွေ၊ အန်းနခစ်(စ်)တွေ၊ ‘လစ်ဘာ တေးရီးယန်း ကွန်မြူနစ်တွေ’ နဲ့ ဘူဇွာ လစ်ဘရယ်တွေကပါ ဒီတော်လှန်ရေးသမားကြီးရဲ့ ဩဇာကို အသုံးပြုပြီး လီနင်ဝါဒကို ဆန့်ကျင်ထိုးနှက်ဖို့ ကြိုးစားလာကြတယ်။ ဒီအခြေခံကနေ ‘လူဇင်ဘာ့(ဂ်)ဝါဒ အယူအဆ’ကို တီထွင် ထားကြတယ်၊ မာ့(က်စ်)ဝါဒ အစဉ်အလာအတွင်းက ထူးခြားတဲ့ လမ်းကြောင်းတခုလို တည်ဆောက်ထားတယ်။
အဲဒီ ‘လူဇင်ဘာ့(ဂ်)ဝါဒ’ဆိုတဲ့အရာက ရိုးသားတဲ့ လူငယ်ကွန်မြူနစ် အလွှာတခုကို ဆွဲဆောင်ထားနိုင်တယ်၊ အဲဒီ လူငယ်ကွန်မြူနစ်အလွှာက ‘လီနင်ဝါဒ’လို့ သူတို့သတ်မှတ်ထားတဲ့အရာနဲ့ ကွဲပြားခြားနားသော အော်တာနေးတစ် မာ့(က်စ်)ဝါဒတခုကို ရှာဖွေနေကြသူတွေ။ သူတို့တတွေ အဲဒီလို အော်တာနေးတစ်တခုကို ရှာဖွေနေရတဲ့ အကြောင်းက (စတာလင်လက်ထက် ဆိုဗီယက် ပြည်ထောင်စုမှာ အစပြုခဲ့ပြီး နောင်အခါ အရှေ့ဥရောပ၊ တရုတ်၊ ဗီယက်နမ်နဲ့ တခြားတိုင်းပြည်က အုပ်ချုပ်ရေးစနစ်တွေမှာ ပုံတူထပ်ပွားခဲ့တဲ့) စတာလင်နစ်(စ်) ဗျူရိုကရက်တစ် ပုံပျက်ပန်းပျက် ဆိုရှယ်လစ်ဝါဒကို ‘လီနင်ဝါဒ’လို့ ပုံဖော်ထားကြလို့ပဲ (ဒီကနေ့ခေတ် စတာလင်ဝါဒီတွေ ခေါ်စေ ချင်သလိုဆိုရင် ‘မာ့က်စ်-လီနင်ဝါဒ’ လို့ ပုံဖော်ထားကြလို့ပဲ)။
ဒါပေမယ့်လည်း လီနင်ရဲ့ နောက်ဆုံး သေတမ်းစာ (၁၉၂၂ ဒီဇင်ဘာ - ၁၉၂၃ ဇန်နဝါရီမှာ ရေးခဲ့တဲ့ ကွန်ဂရက်သို့ ပေးစာများ ‘နောက်ဆုံး သေတမ်းစာ’) ဖတ်ကြည့်ရင်ကို သူမသေခင်ကတည်းက ဆိုဗီယက် ပြည်ထောင်စုအတွင်း ပေါ်ပေါက်လာနေတဲ့ ဗျူရိုကရက်တစ် တိမ်းညွှတ်မှု အင်အားတွေကို လီနင် စိုးရိမ်တကြီး သတိပေးတပ်လှန့်ထား ခဲ့တာ တွေ့ရလိမ့်မယ်၊ အဲဒီပေးစာတွေထဲမှာ ပေါ်ထွန်းလာနေတဲ့ ဗျူရိုကရေစီကို တိုက်ဖျက်ဖို့ နည်းလမ်းတွေ လည်း အကြံပြုထားခဲ့တယ်။ စတာလင်ဝါဒဟာ လီနင်ဝါဒကနေ သဘာဝကျကျ ပေါက်ဖွားလာတဲ့ သားသမီး မဟုတ်တဲ့အပြင် လီနင်ရဲ့ ရပ်တည်ချက်ကို အလုံးစုံ ချေဖျက်ထားခြင်းသာ ဖြစ်တယ်။ နှောင်းခေတ် လူဇင်ဘာ့(ဂ်) ဝါဒီတွေက ဒီအချက်ကို ခပ်လွယ်လွယ်ပဲ လစ်လျူရှုပစ်လိုက်ကြတယ်။
ဒါ့ကြောင့် အဲဒီ ‘လူဇင်ဘာ့ဂ်ဝါဒ’မှာ အမှန်တကယ် ဘာတွေ ပါနေသလဲလို့ ကျနော်တို့ မေးခွန်းထုတ်ရမယ်။ လူဇင် ဘာ့(ဂ်)ဝါဒက လီနင်တို့ ဘောရှီဗစ်တွေရဲ့ တော်လှန်သော မာ့(က်စ်)ဝါဒနဲ့ ကွာခြားသလား။ ရိုဆာ လူဇင်ဘာ့(ဂ်) ရဲ့ အရေးအသားတွေ၊ သူမရဲ့ ဘဝတသက်တာနဲ့ သူမ တိုက်ပွဲဝင်ခဲ့တဲ့အရာတွေကို အလေးအနက် လေ့လာကြည့် ရင် တကယ့် ရိုဆာဟာ တော်လှန်ရေးသမားဆိုတာ အထင်အရှား တွေ့ရမယ်။ ကမ္ဘာ့ အလုပ်သမား လှုပ်ရှားမှုက တော်လှန်ရေးဘက်နဲ့ ပြုပြင်ရေးဘက်ဆိုပြီး နှစ်ခြမ်းကွဲထွက်သွားတဲ့အခါ လူဇင်ဘာ့(ဂ်)က ဘော်ရှီဗစ်တွေနဲ့ က တုတ်ကျင်း တခုထဲမှာ အတူရှိခဲ့သူ။ ဘော်ရှီဗစ်တွေက မင်ရှီဗစ်တွေရဲ့ အချောင်သမား ရေစီးကို ဆန့်ကျင်တိုက် ခဲ့ရသလို လူဇင်ဘာ့(ဂ်)ကလည်း ဂျာမနီ ဆိုရှယ်ဒီမိုကရက် ခေါင်းဆောင်တွေရဲ့ အချောင်သမားဝါဒကို ဆန့်ကျင် တိုက်ပွဲဝင်ခဲ့ရတယ်။ လူဇင်ဘာ့(ဂ်)က လီနင်တို့ ဘော်ရှီဗစ်တွေကို ဝေဖန်တာတွေ ရှိခဲ့ပေမယ့်လည်း လီနင်နဲ့ ဘော်ရှီဗစ်တွေ ခေါင်းဆောင်ခဲ့တဲ့ ရုရှား တော်လှန်ရေးကို သူမ အပြည့်အဝ အားပေးထောက်ခံခဲ့တယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရိုဆာ လူဇင်ဘာ့(ဂ်)ကို ဘော်ရှီဗစ်ဇင်ရဲ့ ရန်ဖက်အဖြစ် ပုံဖော်ဖို့ ကြိုးစားတဲ့ ယုံတမ်းတွေ အများ ကြီး ရှိနေတယ်။ ဒီယုံတမ်းတွေထဲက တခုကတော့ လူဇင်ဘာ့(ဂ်)ဟာ လီနင်ဝါဒရဲ့ တော်လှန်ရေး ပါတီ ‘မို ဒယ်လ်’နဲ့ ဆန့်ကျင်ဖက် လူထုရဲ့ အလိုအလျောက် ရုန်းထမှုကို ခုခံကာကွယ်သူဆိုတဲ့ အယူအဆပဲ။ လက်ဝဲ ပြု ပြင်ရေးဝါဒီ Die Linke ပါတီနဲ့ ချိတ်ဆက်ထားတဲ့ ဂျာမနီက တတ်သိပညာရှင် အဖွဲ့တခုဖြစ်သော ‘Rosa-Luxemburg-Stiftung’ရဲ့ ရိုဆာအကြောင်း ရေးသားချက်မှာ ဒီလို ပုံဖျက်မှု စံနမူနာတခုကို ဖတ်နိုင်တယ် -
“လူဇင်ဘာ့(ဂ်)က လီနင်ရဲ့ ဗဟိုချုပ်ကိုင်မှု တင်းကြပ်လွန်းသော တပ်ဦးပါတီ အယူအဆကို ဝေဖန်ခဲ့တယ်၊ လူဇင် ဘာ့(ဂ်)အလိုအရ ဒါဟာ အလုပ်သမား လူတန်းစားကို အုပ်ထိန်းဖို့ ကြိုးစားခြင်းဖြစ်တယ်။ သူမရဲ့ ငြင်းချက် တွေမှာ ဘယ်သူ့မှ အားကိုးစရာမလိုဘဲ ကိုယ်ထူကိုယ်ထ ဆုံးဖြတ် လုပ်ကိုင်နိုင်စွမ်းရှိသော အလုပ်သမားထုရဲ့ လှုပ်ရှားမှု၊ အလုပ်သမားထုက သူတို့ကိုယ်ပိုင် အတွေ့အကြုံနဲ့ အမှားတွေကနေ သင်ယူနိုင်စွမ်းရှိခြင်း၊ သာမန် အောက်ခြေလူထုရဲ့ ဒီမိုကရက်တစ် အဖွဲ့အစည်းတခု လိုအပ်ခြင်း အစရှိတဲ့ အချက်တွေ ပါဝင်နေတယ်၊ ဒီငြင်း ချက်တွေက သူမ လက်ရာအားလုံးရဲ့ ဝိသေသလို ဖြစ်နေတယ်။”
အလားတူပဲ၊ အန်နာခို ဆင်ဒီကယ်လစ် လစ်ဘာတေးရီးယန်း ဆိုရှယ်လစ်တဦးလို့ ဆိုထားတဲ့ Noam Chomsky ကလည်း လီနင်ကို ရုရှား တော်လှန်ရေးကို လျှို့ဝှက်အစီအမံနည်းနဲ့ အပိုင်စီးလိုက်သူ၊ ကွန်မြူနစ် လူ့အဖွဲ့အစည်း ဆီ ဖွဲ့ဖြိုးတိုးတက်သွားနိုင်စွမ်းကို ဖျက်ဆီးပစ်ခဲ့သူအဖြစ် ပုံဖော်တယ်။ လူဇင်ဘာ့(ဂ်)က ဒီအန္တရာယ်ကို ကြိုတင် သတိပေးခဲ့ကြောင်း Noam Chomsky က ဆိုထားသေးတယ် -
“ရိုဆာ လူဇင်ဘာ့(ဂ်)လို ဝေဖန်သူတချို့က လက်ယာဘက် အတော်ယိမ်းတယ်လို့ သူတို့သတ်မှတ်ထားတဲ့ လီနင့် လုပ်ငန်းစဉ် (ကျနော်လည်း လက်ယာယိမ်း လုပ်ငန်းစဉ်လို့ သတ်မှတ်တယ်) အတိုင်းဆိုရင် ပစ္စည်းမဲ့ တော်လှန် ရေး ဖြစ်လာလိမ့်မယ်၊ ပါတီက ပစ္စည်းမဲ့ လူတန်းစားဆီကနေ အာဏာယူသွားလိမ့်မယ်၊ ဗဟို ကော်မတီက ပါတီ ဆီကနေ အာဏာယူသွားလိမ့်မယ်၊ ဒီနောက် ထိပ်ပိုင်း ခေါင်းဆောင်ကြီးက ဗဟို ကော်မတီဆီကနေ အာဏာ ယူ သွားလိမ့်မယ်။”
ဒီလို တွေးခေါ်မှုမျိုးဟာ ရုရှား တော်လှန်ရေး ဖြစ်လာခဲ့တဲ့ အခြေအနေတွေကို အလုံးစုံ မျက်ကွယ်ပြုထားတယ်၊အရေးအကြီးဆုံးကတော့ ခေတ်နောက်ကျ တိုင်းပြည်တခုအတွင်း တော်လှန်ရေး အထီးတည်းဖြစ်သွားခြင်းရဲ့ နောက်ဆက်တွဲအခြေအနေတွေကို လုံးဝ လစ်လျူရှုထားတာပဲ။ ဒါကြောင့် ဒီလို အပေါ်ယံရှပ် ဝေဖန်သူတွေ အလို အရ နောင်မှာပေါ်ထွန်းလာခဲ့တဲ့ ရက်စက်ကြမ်းကြုတ်လှသော စတာလင်နစ်(စ်) အုပ်ချုပ်ရေးစနစ်ရဲ့ ဇစ်မြစ်တွေ ကို ပကတိဘာဝ အခြေအနေတွေမှာ ရှာတွေ့မှာမဟုတ်ဘူး၊ လီနင်နဲ့ ဘော်ရှီဗစ်တွေရဲ့ အယူအဆတွေ နည်းလမ်း တွေမှာသာ တွေ့ရလိမ့်မယ်။ ဒီလို သုံးသပ်ချက်မျိုးဟာ ဗျူရိုကရက်တစ် ယိုယွင်းပျက်စီးမှုရဲ့ ပကတိဘာဝ အကြောင်းရင်းတွေကို နားလည်ဖို့ မဖြစ်နိုင်လောက်အောင် အပေါ်ယံဆန်လွန်းလှတယ်၊ အင်မတန် ခေတ်နောက် ကျနေသေးတဲ့ တိုင်းပြည်တခုမှာပဲ ရုရှား တော်လှန်ရေး အထီးတည်းဖြစ်နေခြင်းဆိုတဲ့ ပကတိဘာဝ အကြောင်းအ ချက်ကို နားလည်နိုင်စွမ်း မရှိတော့ဘူး။ အဲဒီအစား လီနင်ရဲ့ အာဏာရှင်ဆန်သော တိမ်းညွှတ်မှုတွေလို့ စွပ်စွဲထား တဲ့ အတ္တဘာဝဆိုင်ရာ ရှင်းလင်းချက်ကိုသာ သူတို့ အားပြုထားရတယ်။
အလိုအလျောက် တိုက်ပွဲဝင်ခြင်းနဲ့ ခေါင်းဆောင်မှု
လူထုရဲ့ ‘အလိုအလျောက် တိုက်ပွဲဝင်ခြင်း’အပေါ် ရိုဆာ လူဇင်ဘာ့(ဂ်)ရဲ့ အမြင်က ဘယ်လိုရှိခဲ့သလဲ။ လူထုရဲ့ အလိုအလျောက် လှုပ်ရှားမှုနဲ့ ပါတီကြား ဆက်ဆံရေးကို သူမ ဘယ်လို မြင်ခဲ့သလဲ။ သူမရဲ့အမြင်တွေက လီနင့် အမြင်တွေနဲ့ အခြေခံအားဖြင့် အမှန်တကယ် ကွဲလွဲခဲ့သလား။ သူမရဲ့ လက်ရာတခုဖြစ်တဲ့ The Mass Strike, the Political Party and the Trade Unions ကို မကြာခဏကိုးကားပြီး ရိုဆာဟာ ဘော်ရှီဗစ်ဇင်နဲ့ အခြေခံအား ဖြင့် ဆန့်ကျင်ဖက်ဖြစ်ခဲ့တယ်လို့ ဆိုတတ်ကြတယ်။ ၁၉၀၅ ရုရှား တော်လှန်ရေးတုန်းက အလိုအလျောက် ရုန်းထ လာခဲ့တဲ့ လူထု သပိတ်လှုပ်ရှားမှုကြီးရဲ့ အင်အားကို ဆန်းစစ်ထားတဲ့ အဲဒီလက်ကမ်းစာစောင်ထဲမှာ ရိုဆာ လူဇင် ဘာ့(ဂ်)က တော်လှန်ရေး ခေါင်းဆောင်မှု အယူအဆကို ထည့်သွင်းစဉ်စားခြင်း မရှိခဲ့ဘူးလို့ ငြင်းချက်ထုတ်ကြ တယ်။ ဒီငြင်းချက်မျိုးလောက် အမှန်တရားနဲ့ ဝေးတာ မရှိနိုင်တော့ဘူး၊ သူမ ဘာ့ကြောင့် ဒီလက်ကမ်းစာစောင် ကို ရေးခဲ့ရတယ်၊ သူမ ဘယ်သူတွေကို ဆန့်ကျင် ဝေဖန်ထားတယ်ဆိုတဲ့ အရေးကြီးအချက်ကို လုံးဝ လစ်လျူရှု ထားတယ်။
၁၉၀၅ (ရုရှား) တော်လှန်ရေးရဲ့ စေ့ဆော်အားနဲ့ ဂျာမနီတဝှမ်း သပိတ်လှိုင်းကြီး ဖြတ်သန်းသွားချိန်မှာ အဲဒီ လက်ကမ်းစာစောင်ကို ရိုဆာ ရေးခဲ့ခြင်းဖြစ်တယ်၊ ဂျာမန် အလုပ်သမား လူတန်းစားကြားမှာ အတော် လူသိများခဲ့ တယ်။ အဲဒီကာလ ရုရှားမှာ အလုပ်သမား သမဂ္ဂတွေ အတော် အားနည်းနေသေးတယ်၊ မာ့(က်စ်)ဝါဒ အင်အားစု က လက်တဆုပ်စာပဲ ရှိသေးတယ်၊ ဒါပေမယ့် ဂျာမနီမှာ အလုပ်သမား သမဂ္ဂတွေ ထုနဲ့ထည်နဲ့ ရှိနေပြီး ဆိုရှယ် ဒီမို ကရက်တစ် ပါတီ (SPD)က လူထု အဖွဲ့အစည်းတခု ဖြစ်နေပြီ။ ပြဿနာက ဂျာမနီ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်ပိုင်း နဲ့ SPD ခေါင်းဆောင်တွေက အလိုအလျောက် ရုန်းထလာတဲ့ အဲဒီ သပိတ်တိုက်ပွဲတွေကို တက်တက်ကြွကြွ ဦးဆောင်မှု မပေးခဲ့ဘူး၊ ဘေးကနေ ရပ်ကြည့်နေလိုတဲ့ သဘောထားသာ ပြခဲ့တယ်၊ တခါတရံ အထင်သေးတဲ့ သဘောထားတောင် ပြခဲ့ကြတယ်။
ရိုဆာ လူဇင်ဘာ့(ဂ်)နဲ့ ပါတီရဲ့ တော်လှန်ရေး တောင်ပံက သပိတ်တွေကို အားပေးထောက်ခံခဲ့ပြီး ပါတီက ကြား ဝင်ဦးဆောင်မှုပေးဖို့ လိုအပ်ကြောင်း တင်ပြခဲ့ပေမယ့် SPD ပါတီရဲ့ လက်ယာတောင်ပံပိုင်း ခေါင်းဆောင်တွေက ဒီသပိတ်တွေကို အချိန်မတန်ပဲ ပေါ်လာတာတွေ၊ ရှုံးဖို့ သေချာနေပြီးသားလို့ သတ်မှတ်ခဲ့တယ်။ ဆိုရှယ် ဒီမိုက ရက်တစ် ပါတီ ခေါင်းဆောင်တော်တော်များများက ပါတီက ကြိုတင် ပြင်ဆင် စည်းရုံးထားတဲ့ တိုက်ပွဲတွေမှပဲ အောင်ပွဲရနိုင်မယ်လို့ ဆိုခဲ့ကြတယ်၊ ဒါ့ကြောင့် အောက်ခြေကနေ ဖြစ်ပေါ်လာတဲ့ တခြား လှုပ်ရှားမှုအားလုံးဟာ အခြေခံအားဖြင့် အဓိပ္ပါယ်မရှိဘူး။ အမှန်တကယ်တော့ ဒါဟာ အဲဒီခေါင်းဆောင်တွေက အရင်းရှင်စနစ် ဆန့်ကျင် တော်လှန် တိုက်ပွဲဝင်ရေး အယူအဆကို ကျောခိုင်းသွားကြောင်း ပြလိုက်တာပဲ။
လူဇင်ဘာ့(ဂ်)ရဲ့ Mass Strike လက်ကမ်းစာစောင် ဆန့်ကျင်ဝေဖန်နေတာက အဲဒီ ဆိုရှယ် ဒီမိုကရက်တစ် ခေါင်း ဆောင်တွေပဲ၊ ဘော်ရှီဗစ်တွေကို ဆန့်ကျင်ဝေဖန်နေတာ မဟုတ်ဘူး၊ SPD ရဲ့ အချောင်သမား ခေါင်းဆောင်တွေ ကို ရိုဆာ ဆန့်ကျင် တိုက်ပွဲဝင်နေခဲ့တာ။ သူမရဲ့ ဦးတည်ချက်က ခေါင်းဆောင်မှု လိုအပ်ချက်ကို ပစ်ပယ်ဖို့ မဟုတ် ဘူး၊ အလိုအလျောက် ရုန်းထလာတဲ့ တိုက်ပွဲတွေထဲ ဆိုရှယ် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင်တွေ တက်တက် ကြွကြွ ကြားဝင် ဦးဆောင်မှုပေးဖို့ တွန်းအားပေးဖို့သာ ဖြစ်တယ်၊ ဒီလို တွန်းအားပေးရတဲ့ အကြောင်းရင်းက အဲဒီ လို အလိုအလျောက် ရုန်းထလာတဲ့ တိုက်ပွဲတွေဟာ နိုင်ငံရေး ခေါင်းဆောင်မှုကို လိုအပ်နေလို့ ဖြစ်တယ်။ ရိုဆာ ရေးခဲ့သလိုပဲ -
“ဂျာမနီမှာ လူထု သပိတ်တွေ ပေါက်ကွဲထွက်လာမယ့် အချိန်နဲ့ ပေါ်ပေါက်လာစေမယ့် အကြောင်းတရားကို ကြို တင် သတ်မှတ်နိုင်စွမ်း ဆိုရှယ် ဒီမိုကရေစီမှာ မရှိဘူး၊ မရှိရတဲ့ အကြောင်းက ပါတီ ကွန်ဂရက်တွေမှာ ချမှတ်လိုက် တဲ့ ဆုံးဖြတ်ချက်တွေကနေ သမိုင်းဆိုင်ရာ အခြေအနေတွေကို ဖန်တီးပေးနိုင်စွမ်း ရှိမနေလို့ပဲ။ ဒါပေမယ့် ဆိုရှယ် ဒီမိုကရေစီ လုပ်နိုင်သလို လုပ်ကိုလုပ်ရမယ့်အရာက နိုင်ငံရေး လမ်းကြောင်းတွေ ပေါ်လာတာနဲ့ ရှင်းလင်းအောင် လုပ်ပေးဖို့၊ အဲဒီ နိုင်ငံရေး လမ်းကြောင်းတွေကို ခိုင်မာပြတ်သားပြီး ရှေ့နောက်ညီညွတ်တဲ့ နည်းဗျူဟာတွေအဖြစ် ဖော်ထုတ်ပေးဖို့ပဲ။ လူသားဟာ သမိုင်းဆိုင်ရာ ဖြစ်ရပ်တွေကို ပုံသေနည်းထိုင်ထုတ်နေရင်း မထိန်းကွပ်နိုင်ဘူး၊ ဒါပေမယ့် သမိုင်းဆိုင်ရာ ဖြစ်ရပ်တွေရဲ့ တွက်ချက်ကြည့်လို့ရသော အကျိုးဆက်တွေကို ကြိုမြင်နိုင်တယ်၊ ဒီလို မြင်ထားသလို လူသားရဲ့ လှုပ်ရှားမှု နည်းနာကိုပါ စီမံထားနိုင်တယ်။
တော်လှန်ရေး ပါတီရဲ့ အလုပ်က တင်ကူးသတ်မှတ်ထားတဲ့ အစီအမံတခုကို လူထုဆီ တင်ပို့ပေးပြီး ပါတီရဲ့ဆန္ဒစွဲ အတိုင်း တော်လှန်ရေးကို အချိန်ဇယားကိုက် မောင်းနှင်ပေးဖို့ မဟုတ်ဘူးဆိုတဲ့ အချက်ကို လီနင်နဲ့ လူဇင်ဘာ့(ဂ်) နှစ်ယောက်လုံး သဘောညီခဲ့ကြမှန်း လေးလေးနက်နက် ဆန်းစစ်သုံးသပ်သူတိုင်း တွေ့ရလိမ့်မယ်။ လူထုက သူတို့ ကိုယ်ပိုင်အရှိန်နဲ့ လှုပ်ရှားကြတယ်ဆိုတာကို သူတို့နှစ်ယောက်လုံး နားလည်ခဲ့ကြတယ်၊ လူထု လှုပ်ရှားမှုတွေ ပေါက်ကွဲထွက်လာတဲ့အခါမှာ တော်လှန်ရေးသမားတွေရဲ့ အလုပ်က ဒီလှုပ်ရှားမှုတွေကို မှန်မှန်ကန်ကန် နားလည် ပြီး အရေးတော်ပုံကို ခေါင်းဆောင်မှုပေးဖို့ ကြားဝင်လှုပ်ရှားရေး ဖြစ်တယ်။
ဥပမာအနေနဲ့ ၁၉၀၅ ရုရှား တော်လှန်ရေးအတွင်း ပေါ်ပေါက်ခဲ့တဲ့ အလုပ်သမား ကောင်စီတွေ (ဆိုဗီယက်တွေ) ကို ကြည့်လို့ရတယ်။ အလုပ်သမားထု အာဏာရဲ့ အဆိုပါ ဒေါက်တိုင်အသစ်တွေဟာ ရုရှား အလုပ်သမားထုရဲ့ ဖန် တီးမှုတခု၊ အလုပ်သမား လူတန်းစားရဲ့ တီထွင်ဖန်တီးမှု နဲ့ အလိုအလျောက် ဖြစ်ထွန်းမှုရဲ့ ဖော်ထုတ်ချက်တခု ဖြစ်တယ်။ (အဲဒီကာလ) ရုရှား ပြည်တွင်းမှာရှိနေတဲ့ ဘော်ရှီဗစ်တွေက အလုပ်သမား ဆိုဗီယက်တွေရဲ့ အရေးပါမှု ကို အသိအမှတ်မပြုခဲ့ဘူး၊ ပါတီရဲ့ ထိန်းချုပ်မှုကို နာခံဖို့ ဆိုဗီယက်တွေကို ရာဇသံပေးဖို့တောင် ကြိုးစားခဲ့ကြသေး တယ်။ ဒါပေမယ့် လီနင်က ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တယ်။ (၁၉၀၅၊ နိုဝင်ဘာမှာ ရေးခဲ့တဲ့) အလုပ်သမား ကိုယ်စားလှယ်များ ဆိုဗီယက်နဲ့ ငါတို့တာဝန်များ ဆိုတဲ့ ဆောင်းပါးထဲမှာ လီနင်က အခုလို ရေးထားတယ် -
“ပြဿနာကို ဒီလိုပုံဖော်တာ မှားတယ်လို့ ယူဆတယ်၊ ဆုံးဖြတ်ချက်က ဒီလိုပဲ ဖြစ်ရမယ် - အလုပ်သမား ကိုယ် စားလှယ်များ ဆိုဗီယက်နဲ့ ပါတီ နှစ်မျိုးလုံးလို့ ဆုံးဖြတ်ရမယ်။ မေးခွန်းတခုပဲ၊ (အင်မတန် အရေးကြီးတဲ့ မေးခွန်း) ဆိုဗီယက်ရဲ့ အလုပ်နဲ့ ရုရှား ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီရဲ့ အလုပ်တွေကို ဘယ်လို ခွဲခြားထားကြမလဲ၊ ဘယ်လို ပေါင်းစပ်ကြမလဲ။ ဆိုဗီယက်က ပါတီတခုခုကိုပဲ အပြည့်အဝ နာခံရမယ်ဆိုတာမျိုး သွားလုပ်လို့ မဖြစ် ဘူး”။
(ရုရှား ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီဆိုတာ လီနင်တို့ပါတီရဲ့ နာမည်ဖြစ်ပါတယ်၊ အဲဒီအချိန်ထိ ဘော်ရှီဗစ် နဲ့ မင်ရှီဗစ်က ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီတခုတည်းရဲ့ မတူညီတဲ့ အင်အားစုတွေသာ ဖြစ်ပါတယ်။)
အလုပ်သမားထုရဲ့ အာဏာ ဒေါက်တိုင်တွေအဖြစ် အလုပ်သမား လူတန်းစားကိုယ်တိုင် ဖန်တီးထားခဲ့တဲ့ ဆိုဗီ ယက်တွေထဲကို တော်လှန်ရေးသမားတွေ ဝင်သင့်တယ်လို့ လီနင် အသိအမှတ်ပြုခဲ့တယ်၊ ဆိုဗီယက်တွေထဲ ဝင်ပြီး အလုပ်သမားထုကို တော်လှန်ရေး လုပ်ငန်းစဉ်ဘက်ပါလာအောင် စည်းရုံးနိုင်ဖို့ ဖြစ်တယ်။ ဒါဟာ ၁၉၁၇ အောက် တိုဘာ တော်လှန်ရေး အောင်ပွဲခံနိုင်တဲ့အထိ လီနင်တလျှောက်လုံး ကိုင်စွဲထားခဲ့တဲ့ မဟာဗျူဟာဖြစ်ပါတယ်။ ၁၉၁၇ ဧပြီလမှာ ထုတ်ဝေခဲ့တဲ့ လီနင်ရဲ့ ဧပြီ စစ်တမ်းများမှာ လူထုနဲ့ ပတ်သက်လို့ ဘော်ရှီဗစ်တွေရဲ့ အလုပ်ကို သူက အခုလို အနှစ်ချုပ် ဖော်ပြခဲ့တယ် -
“အလုပ်သမား ကိုယ်စားလှယ်များ ဆိုဗီယက်တွေကသာ တော်လှန်ရေး အစိုးရပုံစံ ဖြစ်နိုင်ကြောင်း လူထု သိလာ အောင် လုပ်ရမယ်၊ ဒါ့ကြောင့် ဒီအစိုးရက (၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးအပြီး ပေါ်လာတဲ့ ယာယီအစိုးရကို ရည်ညွှန်း) ဘူဇွာတွေရဲ့ ဩဇာကို နာခံနေသရွေ့ ငါတို့အလုပ်က သူတို့ရဲ့ နည်းနာအမှားတွေကို လူထုရှေ့မှောက် စိတ်ရှည်လက်ရှည်နဲ့ တသတ်မတ်တည်း စနစ်တကျ ရှင်းပြပေးဖို့ ဖြစ်တယ်၊ အထူးသဖြင့် လူထုရဲ့ လက်တွေ့ လိုအပ်ချက်တွေ နဲ့ ကိုက်ညီအောင် ချိန်ညှိထားသော ရှင်းလင်းချက်မျိုး ပေးဖို့ဖြစ်တယ်။”
လူထု တိုက်ပွဲတွေရဲ့ အလိုအလျောက် ပေါက်ကွဲထွက်လာတတ်တဲ့ သဘောသဘာဝကိုသာမက တော်လှန်ရေး သမားတွေက နိုင်ငံရေးအရ ကြားဝင်လှုပ်ရှားဖို့ လိုအပ်ချက်ကို နားလည်ရာမှာပါ လီနင်နဲ့ လူဇင်ဘာ့(ဂ်)တို့ကြား အခြေခံ ကွဲလွဲချက် ရှိမနေကြောင်း ဒီနေရာမှာ တွေ့နိုင်တယ်။
ဒါဖြင့် လီနင်နဲ့ လူဇင်ဘာ့(ဂ်)တို့ကြားမှာ ဘာကွဲလွဲချက်မှ မရှိခဲ့ဘူးလား။ ရှိခဲ့ပါတယ်၊ ဒါပေမယ့် သူမရဲ့ စာအုပ် (Revolutionary Legacy of Rosa Luxemburg) ထဲမှာ Marie Frederiksen တင်ပြထားသလိုပဲ အဲဒီကွဲလွဲချက် တွေက တော်လှန်ရေးတခုမှာ အဖွဲ့အစည်းနဲ့ ခေါင်းဆောင်မှု လိုအပ်သလား မလိုအပ်ဘူးလားဆိုတဲ့ ပြဿနာ မဟုတ်ပါဘူး -
“ရုရှား ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီရဲ့ ၁၉၀၇ ခုနှစ် ကွန်ဂရက်မှာ သဘောထား ကွဲလွဲချက်တခုကို ထုတ် ဖော်ပြခဲ့တယ်၊ ဒီမှာ လူဇင်ဘာ့(ဂ်)က ဘော်ရှီဗစ်တွေဟာ ၁၉၀၅ တော်လှန်ရေးအတွင်း အုံကြွမှုရဲ့ နည်းနာပိုင်း (technical side)ကို အရမ်း ဇောင်းပေးလွန်းတယ်လို့ ဝေဖန်ခဲ့တယ်၊ ဘော်ရှီဗစ်တွေအနေနဲ့ အရေးတော်ပုံကို နိုင်ငံရေး ခေါင်းဆောင်မှုပေးဖို့ကိုသာ အဓိက ဦးစားပေးလုပ်ခဲ့သင့်တယ်လို့ သူမ ယုံကြည်ထားတယ်။ ဒီသဘော ဆို လူဇင်ဘာ့(ဂ်)ရဲ့ တော်လှန်ရေးအပေါ် ရှုမြင်ပုံက (abstract) ယေဘုယျဆန်နေတယ် - လူထုက လှုပ်ရှားလာ မယ်၊ လူထုက လှုပ်ရှားလာတဲ့အခါ ပါတီက မှန်ကန်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် တပ်ဆင်ပေးဖို့ပဲ။ ဂျာမန် ဆိုရှယ် ဒီမိုကရက်တစ် ပါတီအတွင်း သူမရဲ့ အတွေ့အကြုံအရ စည်းရုံးစုစည်းမှုရဲ့ လက်တွေ့မျက်နှာစာကို ဇောင်းပေး ခြင်းဟာ လူထု အရေးတော်ပုံကို နောက်ပြန်ဆွဲထားလိုတဲ့ ကွန်ဆာဗေးတစ် ခေါင်းဆောင်ပိုင်းရဲ့ အထင်ကရ အမှတ်အသား ဖြစ်ခဲ့တယ်။ ဂျာမန် ဆိုရှယ် ဒီမိုကရက်တစ် ပါတီရဲ့ ဗျူရိုကရက်ဆန်တဲ့ လက္ခဏာကို ငြင်းပယ်ရ မယ့်အစား လူဇင်ဘာ့(ဂ်)က စည်းရုံးစုစည်းခြင်းရဲ့ လက်တွေ့ နည်းနာပိုင်း မျက်နှာစာတခုလုံးကို ငြင်းပယ်ခဲ့ တယ်။ လူထု လှုပ်ရှားမှုကိုယ်တိုင်က စည်းရုံးစုစည်းမှုနဲ့ ခေါင်းဆောင်မှု ပြဿနာကို ဖြေရှင်းသွားလိမ့်မယ်လို့ လူ ဇင်ဘာ့(ဂ်) ယုံကြည်ထားခဲ့ပုံပဲ။”
လူထုတိုက်ပွဲတွေရဲ့ အလိုအလျောက် ဖြစ်ထွန်းမှုသဘောကို လီနင် မငြင်းခဲ့သလိုပဲ ရိုဆာ လူဇင်ဘာ့(ဂ်)က ဘော်ရှီ ဗစ်တွေကို ဝေဖန်ချက်တွေ ပေးခဲ့ရင်တောင် နိုင်ငံရေး ခေါင်းဆောင်မှု လိုအပ်ချက်ကို သိမ်းကြုံးပစ်ပယ်ခဲ့တာမျိုး မလုပ်ခဲ့ဘူးဆိုတာ အင်မတန် ထင်ရှားပါတယ်။ တော်လှန်ရေးသမားတွေအနေနဲ့ လူထုတိုက်ပွဲတွေကို ကြားဝင် လှုပ်ရှားရာမှာ စည်းရုံးစုစည်းမှု လက်တွေ့မျက်နှာစာပိုင်းကို ဘယ်အတိုင်းအတာအထိ ဇောင်းပေးသင့်သလဲဆိုတဲ့ အချက်မှာသာ သူတို့နှစ်ဦး ကွဲလွဲခဲ့ကြတယ်။ သို့သော်လည်း ဒီပြဿနာနဲ့ ပတ်သက်လို့ လူဇင်ဘာ့(ဂ်)ရဲ့ အစော ပိုင်း အရေးအသားတွေ မှားခဲ့တယ်၊ ကြားဝင်လှုပ်ရှားခြင်း နဲ့ လူထုကို ကိုယ့်ဘက်ပါလာအောင် စည်းရုံးစုစည်းရ ခြင်း အလုပ်တွေ အထမြောက်ဖို့ဆိုရင် အင်မတန် ရှုပ်ထွေးတဲ့ လက်တွေ့ပိုင်း ပြဿနာတွေ ရှိနေလို့ပဲ။ အရေးကြီး အလုပ်ခွင်တိုင်း၊ ရပ်ကွက်တိုင်းမှာ ကေဒါတွေ အမြစ်တွယ်ထားနိုင်တဲ့ စည်းကမ်းအားကောင်းပြီး သီအိုရီ ခိုင်မာတဲ့ အဖွဲ့အစည်းတခု (ဘော်ရှီဗစ် ပါတီ) ရှိနေခဲ့လို့သာ ရုရှား အလုပ်သမားတွေ အာဏာအရယူနိုင်ခဲ့ခြင်း ဖြစ်တယ်၊ ဒီအချက်ကို အောက်တိုဘာ တော်လှန်ရေး အတွေ့အကြုံက သက်သေပြသွားခဲ့တယ်။ ဒါ့အပြင် သူမဘဝ နိဂုံးပိုင်း မှာ လူဇင်ဘာ့(ဂ်)ကိုယ်တိုင် ဘော်ရှီဗစ်တွေလျှောက်ခဲ့တဲ့ လမ်းအတိုင်း ဂျာမနီမှာ ပါတီတခု တည်ဆောက်ဖို့ ကြိုး စားခဲ့တယ်။
ကျနော်တို့ အဓိကထားတင်ပြခဲ့တဲ့ အချက်တွေကနေ မလွဲမသွေ ရရှိလာမယ့် ကောက်ချက်က အင်မတန် ထူးချွန် ထက်မြက်တဲ့ မာ့(က်စ်)ဝါဒီကြီး နှစ်ယောက်ကြားက အဖွဲ့အစည်းနဲ့ ခေါင်းဆောင်မှု ပြဿနာအပေါ် ကွဲလွဲချက်ကို ပုံကြီးချဲ့ပြောဆိုနေကြခြင်းသာ ဖြစ်တယ်။ ဒီလို ချဲ့ကားပြောဆိုခြင်းရဲ့ ရည်ရွယ်ချက်က အလုပ်သမားထုနဲ့ လူငယ် တွေကို တော်လှန်သော အဘိဓမ္မာအမြင်ကနေ ဝေးကွာသွားအောင် အမှန်တရားကို ပုံဖျက်ပစ်ဖို့ ဖြစ်တယ်၊ အထူး သဖြင့် ခေတ်ပြောင်း ဆိုရှယ်လစ် တော်လှန်ရေးတခု အောင်မြင်ဖို့ မရှိမဖြစ် လိုအပ်ချက်တခုဖြစ်တဲ့ လူထု တော် လှန်ရေး ပါတီကြီးတခု တည်ဆောက်ရေး လိုအပ်ချက်ကို မမြင်နိုင်အောင် တားဆီးပိတ်ပင်လိုခြင်း ဖြစ်တယ်။
ဘော်ရှီဗစ်ဇင်၊ မင်ရှီဗစ်ဇင် နဲ့ ရိုဆာ လူဇင်ဘာ့(ဂ်)
လက်ဝဲဘက်က ‘ရေစီးတွေ’ တော်လှန်သော အဘိဓမ္မာအမြင်ကနေ လမ်းခွဲထွက်သွားတိုင်း သူတို့လုပ်နေတာတွေ က အလုပ်သမား လူတန်းစားရဲ့ အခြေခံ အကျိုးစီးပွားတွေကို သစ္စာဖောက်နေပြီလို့ ဘယ်တုန်းကမှ ပွင့်ပွင့်လင်း လင်း မဝန်ခံခဲ့ဖူးဘူး။ လှုပ်ရှားမှုအတွင်းက ဩဇာတိက္ကမကြီးမားတဲ့ ခေါင်းဆောင်တယောက်ယောက်ကို ရှာမယ်၊ သူ့စကားတွေကို ပုံဖျက်မယ်၊ ချဲ့ကားပြောမယ်၊ ဒီလိုနည်းနဲ့ သူတို့ရဲ့ ချွတ်ခြုံကျမှုကို တရားထူထောင်ပေးဖို့ ဖြစ် တယ်။ ကံမကောင်းစွာပဲ ရိုဆာ လူဇင်ဘာ့(ဂ်)ဟာ အဲဒီလို နည်းလမ်းတွေနဲ့ မကြာခဏ အလွဲသုံးစား အလုပ်ခံရသူ ဖြစ်နေတယ်။ သူမ ပြောခဲ့ရေးခဲ့တာတွေကို အဆက်အစပ်မပါဘဲ လိုသလို ကိုးကားကြတယ် ဒါမှမဟုတ် သူမကိုယ် တိုင် နောင်အခါမှာ ပစ်ပယ်ခဲ့တဲ့ အစောပိုင်း ဝေဖန်ချက်တွေကို မရိုးမသား အသုံးချပြီး သူမကို လီနင်တို့ ဘော်ရှီ ဗစ်တွေနဲ့ အခြေခံအားဖြင့် ဆန့်ကျင့်ဖက်ဖြစ်နေသူအဖြစ် ပုံဖော်တတ်ကြတယ်။
အထူးသဖြင့် လူဇင်ဘာ့(ဂ်)က လီနင်ဝါဒရဲ့ အာဏာရှင်ဆန်သော နည်းလမ်းတွေနဲ့ ဆန့်ကျင်ဖက်အဖြစ် စစ်မှန် သော အလုပ်သမားထု ဒီမိုကရေစီအတွက် ရပ်တည်ခဲ့တယ်ဆိုတဲ့ ယုံတမ်းကို ဖန်တီးထားကြတယ်။ ၁၉၀၄ ခုနှစ် က သူမရေးခဲ့တဲ့ “Organisational Questions of the Russian Social Democracy” ဆိုတဲ့ လက်ကမ်း စာစောင်ထဲက အရေးအသားတွေကို ဆွဲယူပြီး အဲဒီယုံတမ်းကို တည်ဆောက်ထားခြင်း ဖြစ်တယ်၊ ဒီလက်ကမ်းစာ စောင်ထဲမှာ သူမက လီနင်နဲ့ ဘော်ရှီဗစ်တွေကို “အလွန်အကျွံ ဗဟိုချုပ်ကိုင်မှုဝါဒီ”တွေလို့ ပြစ်တင်ဝေဖန်ခဲ့တယ်၊ “ဘလန်းကွီဝါဒ”လို့တောင် ဝေဖန်ရှုတ်ချခဲ့တယ် - လျှို့ဝှက်အစီအမံကို အားကိုးလွန်းတဲ့ လက်တဆုပ်စာ တော် လှန်ရေးသမား အစုလေးတခုက ဆိုရှယ်လစ် တော်လှန်ရေးကို အလုံးစုံ ချုပ်ကိုင်ထားလိုတဲ့ အယူအဆကို ဘလန်း ကွီဝါဒလို့ ဆိုလိုရင်း ဖြစ်တယ်။ အမှန်တော့ လီနင် ဦးတည်ကြိုးပမ်းနေတဲ့ အရာကို အဲဒီကာလတုန်းက လူဇင်ဘာ့ (ဂ်) နားမလည်ခဲ့ဘူး။
သူမရဲ့ အဲဒီကာလ ဝေဖန်ချက်ကို အသုံးချပြီး ရိုဆာ လူဇင်ဘာ့(ဂ်)ကို လီနင်နဲ့ ခွဲထုတ်ဖို့ ကြိုးစားသူတွေဟာ သူမ ရဲ့ အတွေးအခေါ် အမှန်တကယ် ဖြစ်ထွန်းတိုးတက်လာပုံကို လစ်လျူရှုထားကြတယ်။ ဒီလက်ကမ်းစာစောင်ကို ရေးပြီး နှစ်အနည်းငယ်အကြာမှာ လူဇင်ဘာ့(ဂ်)က အဲဒီအမြင်တွေကို စွန့်ပစ်ခဲ့တယ်။ နောင်မှာ ကား(လ်)လိ(ဘ်) နက်နဲ့အတူ စပါတာကပ်(စ်) အဖွဲ့ချုပ်ကို ဂျာမန် ကွန်မြူနစ်ပါတီအဖြစ် ပြောင်းလဲပစ်ရေးကိုပဲ သူမ ဦးတည်ကြိုး စားလာခဲ့တယ်။ ဂျာမန် ကွန်မြူနစ်ပါတီဟာ လီနင် နဲ့ ထရော့စကီးတို့ ခေါင်းဆောင်နေတဲ့ ကွန်မြူနစ် အင်တာနေ ရှင်နယ်ရဲ့ အစိတ်အပိုင်းတခု ဖြစ်လာခဲ့တယ်။ ဒါ့ကြောင့် လူဇင်ဘာ့(ဂ်)ကို လီနင်ဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် နေသူအဖြစ် ပုံဖော်ဖို့ ကြိုးစားတာဟာ လုံးဝ မရိုးသားတာပဲ။
ဒီလိုယုံတမ်း တည်ဆောက်ရတာ အဆင်ပြေချောမွေ့အောင် အဲဒီလက်ဝဲ အုပ်စုတွေကပဲ လီနင်နဲ့ ဘော်ရှီဗစ်တွေ ရဲ့ ရပ်တည်ချက်အမှန်ကို တလွဲပုံဖော်ကြပြန်တယ်။ ဘော်ရှီဗစ်ပါတီကို ငြင်းခုန်ဆွေးနွေးမှုတွေ လုပ်ခွင့်မရှိတဲ့ အဖွဲ့ အစည်းတွင်း ဒီမိုကရေစီ ဆိတ်သုဉ်းနေတဲ့ ဗဟိုချုပ်ကိုင်မှု အားကြီးလွန်းသော လီနင့် ခေါင်းဆောင်မှုအောက်က မိုနိုလစ်သစ် ယန္တယားတခုအဖြစ် ပုံဖော်ကြတယ်။ အမှန်မှာ ဘော်ရှီဗစ် ပါတီသမိုင်းတလျှောက် အဖွဲ့အစည်းတွင်း ဆွေးနွေးငြင်းခုန်မှုတွေမှာ လွတ်လပ်မှု အပြည့်ရှိခဲ့တယ်၊ ကွဲပြားတဲ့ ဆန့်ကျင်ဖက် အမြင်တွေကို လွတ်လပ်စွာ ဆွေးနွေးခဲ့ကြတယ်။
ဘော်ရှီဗစ် ပါတီကို ဝေဖန်ကြတဲ့ ပြုပြင်ရေးဝါဒီတွေ အမှန်တကယ် ဆန့်ကျင်နေတဲ့ အရာက ဘော်ရှီဗစ် ပါတီဟာ ဆွေးနွေးငြင်းခုန်မှုပဲ လုပ်နေတဲ့ ကလပ်တခု မဟုတ်ဘဲ၊ အလုပ်သမား လူတန်းစားထဲက ရှေ့တန်းရောက် အလွှာ တွေရဲ့ တိုက်ပွဲဝင် တော်လှန်ရေး အဖွဲ့အစည်း တခုဖြစ်နေတဲ့ အချက်ပဲ။ ပါတီရဲ့ အလုပ်က လုပ်ငန်းစဉ်၊ နည်းလမ်း နဲ့ နည်းဗျူဟာဆိုင်ရာ ပြဿနာတွေကို ကြည်လင်ရှင်းလင်းအောင် လုပ်ပေးဖို့၊ အရင်းရှင်စနစ် ဖြိုချရေးကို ရည် မှန်းချက်ထား တိုက်ပွဲဝင်တဲ့ စည်းကမ်းခိုင်မာသော ပါတီတခု တည်ဆောက်ဖို့ ဖြစ်တယ်။ ပါတီတွင်းဘဝကို ဒီမို ကရေစီ ဗဟိုဦးစီးမှု အခြေခံမူတွေနဲ့ ထိန်းကျောင်းထားတယ် - ဘယ်ပြဿနာမဆို ပါတီအတွင်း ဆွေးနွေး ငြင်းခုန်မှုတွေ လုပ်ပြီးတာနဲ့ မဲခွဲဆုံးဖြတ်လိမ့်မယ်၊ အများစုသဘောထားနဲ့ ဆုံးဖြတ်လိုက်တဲ့အရာက ပါတီရဲ့ ပေါ် လစီ ဖြစ်လာမယ်။ ဒီအခြေခံကနေ ဒီမိုကရေစီနည်းကျ သဘောတူ ဆုံးဖြတ်ထားတဲ့ အရာတွေကို အဖွဲ့ဝင်အားလုံး က ပိုပြီးကျယ်ပြန့်တဲ့ အလုပ်သမား လှုပ်ရှားမှုအတွင်း အသက်သွင်းပေးနိုင်အောင် ကြိုးစားကြရတယ်။
ဒါဟာ ပြုပြင်ရေးဝါဒီတွေ ရေးခြစ်ထားတဲ့ ပုံပျက်ပန်းပျက် ဘော်ရှီဗစ်ဇင်နဲ့ ဘာမှမဆိုင်ပေ။ သူတို့လိမ်လည်ချက် အရဆိုရင် ဘော်ရှီဗစ်ဇင်ဆိုတာ လျှို့ဝှက်အစီအမံတခု၊ တပါတီတည်းက ကြီးစိုးတဲ့ အာဏာရှင်ပုံစံတခုပဲ ဖြစ်နေ တယ်။ လူဇင်ဘာ့(ဂ်)က လီနင်ကို ဆန့်ကျင်ပြီး ဒီမိုကရေစီဘက်ကနေ ခုခံရပ်တည်ခဲ့သူဆိုတဲ့ အလိမ်အညာနဲ့ ထပ် လောင်း အားဖြည့်လိုက်ကြသေးတယ်။ ဒီလို လိမ်ညာပုံဖျက်ရင်း ၂နှစ်အကြာ ၁၉၀၆ ခုနှစ်မှာ လူဇင်ဘာ့(ဂ်)ရေးခဲ့ တဲ့ Blanquism and Social Democracy ကို ခပ်လွယ်လွယ်ပဲ မျက်ကွယ်ပြုလိုက်ကြတယ်၊ ‘ဘလန်းကွီဝါဒနဲ့ ဆိုရှယ်ဒီမိုကရေစီ’ မှာ လူဇင်ဘာ့(ဂ်)က လီနင်ဘက်ကနေ ခုခံကာကွယ်ခဲ့တယ်၊ ဘလန်းကွီဝါဒီအဖြစ် စွပ်စွဲချက် တွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်၊ မင်ရှီဗစ်တွေရဲ့ အချောင်သမားဝါဒကို တိုက်ခိုက်ခဲ့တယ် -
“ဒီကနေ့ ဘော်ရှီဗစ် ရဲဘော်တွေက ပစ္စည်းမဲ့ အာဏာရှင်စနစ်ကို ပြောတယ်ဆိုရင် သူတို့ဟာ ပစ္စည်းမဲ့ အာဏာ ရှင်စနစ်ကို ခေတ်ဟောင်း ဘလန်းကွီဝါဒ အဓိပ္ပါယ်နဲ့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။ ‘လက်တဆုပ်စာ တော် လှန်ရေးသမားတွေကိုယ်တိုင် အာဏာသိမ်းယူရေး’ကို စိတ်ကူးယဉ်ခဲ့တဲ့ Narodnaya Volya (အခန်းဆက် ဘာသာပြန် ဖော်ပြနေတဲ့ Bolshevism စာအုပ်၊ အခန်း တစ်မှာ ဒီလှုပ်ရှားမှုအကြောင်း အကျယ်တဝင့် တင်ပြထားပါတယ်) ရဲ့ အမှားမျိုး ဘော်ရှီဗစ် ရဲဘော်တွေ တခါမှ မလုပ်ခဲ့ဖူးဘူး။ ဒါနဲ့ဆန့်ကျင်ဖက်အနေနဲ့ ပစ္စည်း မဲ့ လူတန်းစား (တော်လှန်သော လူတန်းစားတရပ်လုံး)က နိုင်ငံတော် အာဏာကို အလုံးစုံ ပိုင်ဆိုင်တဲ့အခါမှ လက် ရှိ တော်လှန်ရေး အောင်ပွဲရလိမ့်မယ်လို့ သူတို့အခိုင်အမာ ဆိုထားတယ်။
“ဘယ်သူက ‘ဘလန်းကွီဝါဒီ’ဖြစ်ပြီး ဘယ်သူက ‘မူရင်း မာ့က်စ်ဝါဒီ’ဖြစ်သလဲဆိုတဲ့ ဝူးဝူးဝါးဝါး ဆူညံသံတွေ၊ ပညာ တတ်ဆန်လိုမှုတွေကို အဆုံးသတ်ဖို့ အချိန်တန်ပြီ။ တကယ်တမ်း ကျမတို့ သိဖို့လိုအပ်နေတာ ရဲဘော် ပလက်ခ နော့(ဗ်)နဲ့ သူ့ရဲ့ မင်ရှီဗစ်ရဲဘော်တွေ အဆိုပြုထောက်ခံထားတဲ့ ဖြစ်နိုင်သမျှ ဒူးမားလွှတ်တော်ကနေပဲ အလုပ်လုပ် ရေး နည်းဗျူဟာက အခုချိန်မှာ မှန်ကန်သလား ဒါမှမဟုတ် ဘော်ရှီဗစ် ရဲဘော်တွေလိုပဲ ကျမတို့ ကျင့်သုံးနေတဲ့ နည်းဗျူဟာက မှန်ကန်သလား - ဘော်ရှီဗစ် ရဲဘော်တွေ အဆိုပြု ထောက်ခံခဲ့တဲ့ နည်းဗျူဟာက လူတန်းစား တိုက်ပွဲ ဗဟိုချက်ဟာ ဒူးမား လွှတ်တော်ရဲ့အပြင်မှာ ရှိတယ်၊ တော်လှန်သော လူထုကြီး တက်တက်ကြွကြွ ရုန်းထ လာတဲ့နေရာမှာ တိုက်ပွဲ ဗဟိုချက်ရှိနေတယ်ဆိုတဲ့ မူကို အခြေခံထားတယ်။ လက်ရှိအချိန်မှာ ဘယ်နည်းဗျူဟာ က မှန်ကန်သလဲ သိဖို့လိုအပ်တယ်။”
ဒီနောက် တနှစ်အကြာ ၁၉၀၇ ခုနှစ်၊ ရုရှား ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီရဲ့ ငါးကြိမ်မြောက် ကွန်ဂရက်မှာ သူမ မိန့်ခွန်းပြောခဲ့တယ်၊ မင်ရှီဗစ်နဲ့ ဘော်ရှီဗစ်တွေ ညီညွတ်ရေး တည်ဆောက်ထားချိန်ဖြစ်လို့ နှစ်ဖက်လုံး ကွန် ဂရက် တက်ရောက်တဲ့ ကွန်ဂရက်ဖြစ်ခဲ့တယ်၊ ဒီကွန်ဂရက်မှာ ပြောခဲ့တဲ့ မိန့်ခွန်းမှာလည်း လူဇင်ဘာ့(ဂ်)က ဘော် ရှီဗစ်တွေဘက်ကနေ ခုခံချေပခဲ့တယ်၊ ဘော်ရှီဗစ်တွေက ‘သဘောထားတင်းမာလွန်းတယ်’၊ အဖွဲ့အစည်းကိစ္စမှာ ‘ကျဉ်းမြောင်းလှတယ်’ဆိုတဲ့ စွပ်စွဲချက်တွေကို လူဇင်ဘာ့(ဂ်)က ဆန့်ကျင်ဝေဖန်သွားခဲ့တယ် -
“အနောက်ဥရောပ လှုပ်ရှားမှု စွဲကိုင်လာခဲ့တဲ့ တွေးခေါ်စဉ်းစားပုံတွေနဲ့ ရင်းနှီးကျွမ်းဝင်နေခဲ့တဲ့ ပိုလန် ရဲဘော်တွေ အနေနဲ့ [ဘော်ရှီဗစ်တွေရဲ့] ပိုင်းဖြတ်ချက် ခိုင်မာမှုကို ရှင်တို့ထက်ပိုပြီးတော့တောင် အံ့အားသင့်မိနေနိုင်တယ်။ ဒါပေမယ့် သဘောထားကွဲလွဲစရာ လက္ခဏာတွေအားလုံး ဘယ်ကနေ ထွက်ပေါ်လာသလဲ သိကြလား ရဲဘော်တို့။ တခြားတိုင်းပြည်တွေက ပါတီတွင်း ဆက်ဆံရေးတွေနဲ့ ရင်းနှီးကျွမ်းဝင်နေသူဆိုရင် ဒီလိုစရိုက်လက္ခဏာတွေကို တော်တော်ရင်းနှီးနေမယ် - ဒီစရိုက်လက္ခဏာတွေဟာ ပစ္စည်းမဲ့ လူတန်းစားရဲ့ အမှီခိုကင်း လွတ်လပ်သော လူ တန်းစား ပေါ်လစီကို အင်မတန် အားကောင်းနေတဲ့ ဆန့်ကျင်ဖက် လမ်းကြောင်း ရန်ကနေ ခုခံကာကွယ်ပေးရတဲ့ ဆိုရှယ်လစ် လမ်းကြောင်းရဲ့ စိတ်ဓာတ်ရေးရာ စံပြ ဝိသေသလက္ခဏာကို ကိုယ်စားပြုနေခြင်း ဖြစ်တယ်။ (လက် ခုပ်သံများ)
“တင်းမာမှုဆိုတာ တခြားတဖက် အင်အားစုက ဖြစ်ရပ်တွေရဲ့ ဖိအားအောက်မှာ ပုံသဏ္ဍာန်မဲ့ ဂျယ်လီလို လားရာ မျိုးစုံ ဝပ်တွားသွားချိန် တဖက်က ဆိုရှယ် ဒီမိုကရက်တွေရဲ့ နည်းဗျူဟာဆိုင်ရာ ပုံသဏ္ဍာန် ဖြစ်တယ်၊ (လက်ခုပ် သံများ)”
ဒီနေရာမှာ ကောက်ချက်က ရှင်းပါတယ်။ ရိုဆာ လူဇင်ဘာ့(ဂ်)၊ လီနင် နဲ့ ဘော်ရှီဗစ်တွေ ကျန်တာအားလုံးထက် ပိုအလေးထား ရပ်တည်ခဲ့တဲ့အရာက “ပစ္စည်းမဲ့ လူတန်းစားရဲ့ အမှီခိုကင်း လွတ်လပ်သော လူတန်းစား ပေါ်လစီ” သာ ဖြစ်တယ်။ ဘော်ရှီဗစ်ဇင်နဲ့ မင်ရှီဗစ်ဇင်ကြား တိုက်ပွဲမှာ၊ တော်လှန်သော မာ့(က်စ်)ဝါဒနဲ့ ပြုပြင်ရေးဝါဒကြား တိုက်ပွဲမှာ လူဇင်ဘာ့(ဂ်)က ပြုပြင်ရေးဝါဒနဲ့ ဆန့်ကျင်ပြီး လီနင်နဲ့ ဘော်ရှီဗစ်တွေဘက်မှာပဲ အခိုင်အမာ ရပ်တည် ခဲ့တယ်၊ ဒီကနေ့ခေတ် ‘လူဇင်ဘာ့ဂ်ဝါဒီ’ဆိုသူတွေက ဘော်ရှီဗစ်တွေနဲ့ ဆန့်ကျင်ဖက် ပြုပြင်ရေးဝါဒကို သူမရဲ့ အရည်အသွေးအဖြစ် နှင်းအပ်ဖို့ ကြိုးစားလာကြတယ်။ နောင်မှာ လီနင် မှတ်ချက်ပေးခဲ့သလိုပဲ “၁၉၀၇မှာ သူမက လစ်သူအေးနီးယားနဲ့ ပိုလန် ဆိုရှယ် ဒီမိုကရက် ကိုယ်စားလှယ်တယောက်အဖြစ် ရုရှား ဆိုရှယ် ဒီမိုကရက်တစ် လေဘာပါတီရဲ့ လန်ဒန် ကွန်ဂရက်ကို ပါဝင်တက်ရောက်ခဲ့တယ်၊ ရုရှား တော်လှန်ရေးရဲ့ အခြေခံ ပြဿနာအား လုံးမှာ ဘော်ရှီဗစ် အင်အားစုဘက်က ရပ်တည်ထောက်ခံပေးခဲ့တယ်။”
ရိုဆာ လူဇင်ဘာ့(ဂ်)နဲ့ ရုရှား တော်လှန်ရေး
ရိုဆာ လူဇင်ဘာ့(ဂ်)ကို ဘော်ရှီဗစ်တွေနဲ့ ဆန့်ကျင်ဖက်အဖြစ် ပုံဖော်ဖို့ သုံးလေ့ရှိတဲ့ နောက်လက်ရာတခုက သီး သန့်ဆန်ဆန် ရေးထားခဲ့ပြီး သူမတသက်တာမှာ ထုတ်ဝေဖို့ မဆုံးဖြတ်ခဲ့တဲ့ The Russian Revolution (1918) ဆိုတဲ့ အရေးအသားပဲ။ အဲဒီဆောင်းပါးထဲမှာ ရုရှား တော်လှန်ရေးအတွင်း ဘော်ရှီဗစ်တွေရဲ့ လုပ်ဆောင်ချက်တွေ ကို ရိုဆာက အများကြီး ဝေဖန်ထားခဲ့တယ်။ သို့သော်လည်း ‘လူဇင်ဘာ့ဂ်ဝါဒီတွေ’ ခပ်ပေါ့ပေါ့လေး လစ်လျူရှု ထားတဲ့ အချက်က အဲဒီဆောင်းပါးကို ရေးတဲ့အချိန်မှာ လူဇင်ဘာ့(ဂ်)က ထောင်ထဲမှာပဲ ရှိနေသေးတယ်။ ၁၉၁၆ ခုနှစ်ကတည်းက ထောင်ချခံထားရပြီး ရုရှား တော်လှန်ရေး ဖြစ်လာချိန်အထိ သူမ ထောင်ကျနေဆဲ ဖြစ်တယ်။ အောက်တိုဘာ တော်လှန်ရေးနဲ့ ပတ်သက်လို့ သတင်းအချက်အလက် အနည်းအပါးလောက်ပဲ သူမ ရနိုင်ခဲ့တယ်၊ သူမ ကြားသိရသလောက်ကို သီးသန့်သဘော ချရေးထားခဲ့ခြင်း ဖြစ်တယ်။ ၁၉၁၈ ခုနှစ်မှာ ထောင်ကလွတ်တာနဲ့ ထောင်ထဲမှာရေးခဲ့တဲ့ သူမ သုံးသပ်ချက်မှာ ချို့ယွင်းချက်တွေ မလွဲမသွေ ရှိနေမှန်း ရိုဆာ သိခဲ့တယ်၊ ရုရှား တော် လှန်ရေးနဲ့ ပတ်သက်လို့ ထောင်ထဲမှာ ရေးထားသမျှကို ထုတ်ဝေဖို့ သူမ ငြင်းဆန်ခဲ့တယ်။ ထောင်ထဲမှာ ရေးခဲ့တဲ့ ဆောင်းပါးကိုသာ ထုတ်ဝေလိုက်ရင် တော်လှန်ရေးရဲ့ ရန်သူတွေက ပုံဖျက်ပစ်ကြမှာကို သူမ ကောင်းကောင်းနား လည်ခဲ့လို့ ထုတ်ဝေခွင့် မပေးခဲ့ခြင်းဖြစ်တယ်။
၁၉၁၈ နိုဝင်ဘာမှာ ထောင်ကလွတ်ပြီးတဲ့နောက် သူမ အမြင်တွေ မှားခဲ့တယ်၊ မပြည့်စုံတဲ့ သတင်းအချက်အလက် တွေအပေါ် အခြေခံထားခဲ့တယ်လို့ ရိုဆာ ပြောခဲ့တယ်၊ ဒီအကြောင်းကို ရိုဆာ လူဇင်ဘာ့(ဂ်)နဲ့ အင်မတန် ရင်းနှီးခဲ့ တဲ့ ကလရာ ဇက်(ထ်)ကင်းက ပြန်ပြောပြခဲ့တယ်။ ရိုဆာ လူဇင်ဘာ့(ဂ်)က အမှားတခု လုပ်ထားမိရင် မှားသွားမှန်း အသိအမှတ်ပြု လက်ခံနိုင်စွမ်းရှိသူဖြစ်တယ်၊ အောက်တိုဘာ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ရိုဆာ လူဇင်ဘာ့ဂ်ရဲ့ ရပ်တည်ချက်ကို အမြင်မရှင်းစရာ ဘာမှမရှိပေ - အောက်တိုဘာ တော်လှန်ရေးကို သူမ အပြည့်အဝ ထောက်ခံခဲ့ တယ်၊ အောက်တိုဘာ တော်လှန်ရေးကို ခေါင်းဆောင်ခဲ့တဲ့ ဘော်ရှီဗစ်ပါတီကို သူမ အပြည့်အဝ ထောက်ခံခဲ့တယ်။
တကယ်တော့ ၁၉၁၈ ဆောင်းပါးကို ရိုဆာ အသတ်ခံရပြီး သုံးနှစ်အကြာ ၁၉၂၂ ခုနှစ်ကျမှ Paul Levi က ထုတ်ဝေ ခဲ့ခြင်း ဖြစ်တယ်။ ပါတီ စည်းမျဉ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့လို့ ဂျာမန် ကွန်မြူနစ်ပါတီနဲ့ တတိယ အင် တာနေရှင်နယ်ကနေ အထုတ်ခံရပြီးမှ ပေါ(လ်)လဲဗီ ထုတ်ဝေခဲ့ခြင်း ဖြစ်တယ်။ ဒီစာမူတွေကို ထုတ်ဝေဖို့ သူ့ကို ရို ဆာက တခါမှ ခွင့်ပြုချက် မပေးခဲ့ဖူးဘူး၊ ဒီနောက်ခံ အသေးစိတ်တွေကို သတိချပ်ဖို့ အထူးအရေးကြီးတယ်။
သို့သော်လည်း ဒီလက်ရာထဲမှာတောင် ရုရှား တော်လှန်ရေးနဲ့ ဘော်ရှီဗစ်တွေကို အစကနေ အဆုံးတိုင် သူမ အပြည့်အဝ ထောက်ခံခဲ့ကြောင်း တွေ့ရလိမ့်မယ်။ သူမ ဝေဖန်တယ်ဆိုတာလည်း အောက်တိုဘာ တော်လှန်ရေး ကို ပြစ်တင်ရှုတ်ချတာမျိုးထက် ရဲဘော်ရဲဘက်ပုံစံ ဝေဖန်တာမျိုးသာ ဖြစ်တယ်။ လီနင်က အင်မတန် ရက်စက် ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်တခုကို ထူထောင်နေတယ်လို့ သူမ အမှန်တကယ် ယုံကြည်ခဲ့တယ်ဆိုရင် ရိုဆာ က ဘာဖြစ်လို့ အချိန်ကုန်ခံပြီး ဝေဖန်အကြုံပြုချက်တွေ ပေးနေဦးမလဲ။ ဒီလို အချိန်ဖြုန်းနေမယ့်အစား ဘော်ရှီဗစ် တွေကို ဆန့်ကျင်ကြဖို့ပဲ ရုရှား အလုပ်သမားတွေကို ဆော်ဩခဲ့လိမ့်မယ်။ ဒီလို မဖြစ်ခဲ့တာ အင်မတန် ရှင်းပါတယ်။ အဲဒီဆောင်းပါးကို ဟောဒီစကားလုံးတွေနဲ့ ဖွင့်ထားတယ် - “ရုရှား တော်လှန်ရေးဟာ ကမ္ဘာစစ်အတွင်းက အားအ ကြီးဆုံး အရေးတော်ပုံကြီးဖြစ်တယ်”။ အဲဒီဆောင်းပါး ပထမပိုင်းကို သူမ ဘယ်လို အဆုံးသတ်ထားလဲဆိုတော့ -
“ဒါ့အပြင် ဘော်ရှီဗစ်တွေ ဒီလိုအာဏာသိမ်းရခြင်းဟာ ဘူဇွာ ဒီမိုကရေစီကို ကာကွယ်ပေးဖို့ မဟုတ်ဘူး၊ ဒီထက် အများကြီး ပိုကျယ်ပြန့်ပြီး ပြည့်စုံတဲ့ တော်လှန်ရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးအဖြစ် ရည်မှန်းချက် ချမှတ်ထားကြတယ်၊ ပစ္စည်းမဲ့ အာဏာရှင်စနစ်က ဆိုရှယ်လစ်စနစ်ကို လက်တွေ့အသက်သွင်းပေးဖို့ ဖြစ်တယ်။ ဒါ့ကြောင့် ဘော်ရှီဗစ်တွေဟာ ရေရှည်ခိုင်မြဲတဲ့ သမိုင်းဆိုင်ရာ အောင်ပွဲရရှိထားတယ်၊ ဆိုရှယ်လစ် စနစ်ဆိုတဲ့ အန္တိ မ ရည်မှန်းချက်ကို လက်တွေ့နိုင်ငံရေးရဲ့ တိုက်ရိုက် လုပ်ငန်းစဉ်အဖြစ် ပထမဆုံးအကြိမ် ကြေညာထားနိုင်ခဲ့ တယ်။
“ပါတီတခုက သမိုင်းဝင် အချိန်တခုမှာ ရဲစွမ်းသတ္တိ၊ တော်လှန်ရေး အမြော်အမြင်ကြီးမားမှုနဲ့ ရှေ့နောက်ညီညွတ်မှု ကို ပေးနိုင်ခဲ့ရင် လီနင်၊ ထရော့စကီးနဲ့ တခြားရဲဘော်တွေအားလုံးက ကောင်းကောင်းကြီး ပေးခဲ့တယ်။ အနောက် ဆိုရှယ် ဒီမိုကရေစီမှာ ဆိတ်သုဉ်းနေတဲ့ တော်လှန်ရေး ဂုဏ်သိက္ခာနဲ့ စွမ်းဆောင်ရည်တွေကို ဘော်ရှီဗစ်တွေက ကိုယ်စားပြု ဖော်ထုတ်ခဲ့တယ်။ ဘော်ရှီဗစ်တွေ ခေါင်းဆောင်တဲ့ အောက်တိုဘာ အုံကြွမှုက ရုရှား တော်လှန်ရေး တခုတည်းကိုပဲ ကယ်တင်ပေးခဲ့တာ မဟုတ်ဘူး၊ နိုင်ငံတကာ ဆိုရှယ်လစ်ဝါဒရဲ့ ဂုဏ်သိက္ခာကိုပါ အဖတ်ဆယ်ပေး ခဲ့တာ။”
ဒီနောက် ဆောင်းပါးကို အခုလို အဆုံးသတ်ထားတယ် -
“ဖြစ်သင့်တာက ဘော်ရှီဗစ် နိုင်ငံရေးရဲ့ အဓိကနဲ့ သာမညကို ခွဲခြားဖို့၊ ပြင်ပန်းသဏ္ဍာနဲ့ အတွင်းသားအနှစ်သာရ ကို ခွဲခြားဖို့ပဲ။ တကမ္ဘာလုံးမှာ အဆုံးအဖြတ် တိုက်ပွဲတွေ ရင်ဆိုင်နေရတဲ့ ဒီကနေ့ကာလမှာ ဆိုရှယ်လစ်ဝါဒရဲ့ အရေးအကြီးဆုံး ပြဿနာက ငါတို့ခေတ်ရဲ့ အရေးပေါ် ပြဿနာဖြစ်ခဲ့တယ်၊ ဖြစ်နေတယ်။ ဒါဟာ ဘယ်နည်းနာ သုံးမလဲဆိုတဲ့ လက်အောက်ခံ ပြဿနာမဟုတ်ဘူး။ ဒါဟာ ပစ္စည်းမဲ့ လူတန်းစားရဲ့ လှုပ်ရှားနိုင်စွမ်း၊ လှုပ်ရှားနိုင်တဲ့ အင်အား၊ ဆိုရှယ်လစ်စနစ်ဆီ အရောက်ချီတက်လိုတဲ့ စိတ်ဓာတ်။ ဒီနေရာမှာ လီနင်၊ ထရော့စကီးနဲ့ သူတို့မိတ် ဆွေတွေက နံပါတ်တစ်ပဲ၊ သူတို့တတွေဟာ ကမ္ဘာ့ ပစ္စည်းမဲ့ လူတန်းစားအတွက် စံနမူဖြစ်အောင် ရှေ့ဆောင်ပြခဲ့ တယ်။ ဒီကနေ့အထိ Hutten ကြုံးဝါးသလို ‘လုပ်ဝံ့ပြီဟေ့’ လို့ ဟစ်ကြွေးနိုင်တာ သူတို့ပဲ ရှိသေးတယ်။
“ဒါဟာ ဘော်ရှီဗစ် ပေါ်လစီမှာ အမြဲတမ်း မရှိမဖြစ် ပါဝင်နေတဲ့ အတွင်းသားဖြစ်တယ်။ ဒီသဘောအရဆိုရင် သူတို့ တော်လှန်ရေးဟာ ဘယ်တော့မှ မသေဆုံးနိုင်တဲ့ သမိုင်းဆိုင်ရာ အလုပ်အကျွေးပြုမှု ဖြစ်တယ်၊ နိုင်ငံတကာ ပစ္စည်း မဲ့ လူတန်းစားရဲ့ တပ်ဦးကနေ ချီတက်ပြီး နိုင်ငံရေးအာဏာကို ဆွတ်ခူးပြခဲ့တယ်၊ ဆိုရှယ်လစ်စနစ် အကောင်အ ထည်ဖော်ရေး လက်တွေ့ပြဿနာကို ဖော်ထုတ်ပေးခဲ့တယ်၊ တကမ္ဘာလုံးက အလုပ်နဲ့ အရင်းကြား ဘယ်သင်းက အနိုင်ရမလဲ ပြဿနာကို သတ္တိအပြည့်နဲ့ ဆွဲထုတ်ခဲ့တယ်။ ရုရှားမှာတော့ ပြဿနာကိုသာ ဖော်ထုတ်နိုင်ခဲ့တယ်။ ရု ရှား တပြည်ထဲမှာပဲ ဖြေရှင်းနိုင်ကောင်းတဲ့ ပြဿနာမဟုတ်ပေ။ ဒီသဘောအရ ကမ္ဘာ့နေရာအသီးသီးရဲ့ အနာဂတ် ကို ‘ဘော်ရှီဗစ်ဇင်’က ပိုင်ဆိုင်ထားတယ်။”
ဂျာမန် တော်လှန်ရေးကသာ ရုရှား တော်လှန်ရေးကို ကယ်တင်နိုင်ခဲ့မယ်
သို့သော်လည်း လူဇင်ဘာ့(ဂ်)ဟာ ရုရှား တော်လှန်ရေးကို ထောက်ခံမှုပေးရုံပဲ ပေးခဲ့တာ မဟုတ်ဘူး။ ဆိုဗီယက် အစိုးရစနစ်မှာ အမှားတွေရှိခဲ့ရင် လီနင်၊ ထရော့စကီးတို့ရဲ့ သဘောတရားတွေကြောင့် ဖြစ်လာတာ မဟုတ်ဘူး၊ သူတို့ရည်ရွယ်ချက်တွေကြောင့် ပေါ်လာတာ မဟုတ်ဘူးဆိုတာ သူမ ကောင်းကောင်း နားလည်ခဲ့တယ်။ ရုရှား တော်လှန်ရေး ထီးတည်းဖြစ်နေခြင်း (isolation) နဲ့ ရုရှား လူ့အဖွဲ့အစည်းရဲ့ ခေတ်နောက်ကျနေဆဲ အခြေအနေ တွေကြောင့် ချို့ယွင်းချက်တွေ ဖြစ်လာခဲ့ရမှန်း သူမ နားလည်ခဲ့တယ်။ (၁၉၁၇ ရုရှားဟာ လယ်သမားအများစု သန်းတရာကျော် ရှိနေတဲ့ ပဒေသရာဇ်တပိုင်း လူ့အဖွဲ့အစည်းအဆင့်မှာပဲ ရှိသေးတယ်။ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန် တို့လို ရှေ့တန်းရောက် အရင်းရှင်တိုင်းပြည်ကြီးတခု မဟုတ်သေးဘူး။ ဒါ့ကြောင့် ‘ခေတ်နောက်ကျနေဆဲ အခြေအ နေတွေ’လို့ ပြောခြင်းဖြစ်တယ်။ ဘာသာပြန်သူ) ဒါ့ကြောင့် အဖြေက ဂျာမန် တော်လှန်ရေး ဆင်နွှဲပြီး ရုရှား တော် လှန်ရေး အထီးတည်းဖြစ်နေခြင်းကို ချိုးဖျက်ပစ်ဖို့ပဲ -
“ရုရှားမှာ ဖြစ်သမျှ အရာအားလုံးကို နားလည်ပေးနိုင်တယ်၊ ဒီအရာတွေက မလွဲမသွေ ပေါ်လာတဲ့ အကြောင်း နဲ့ အကျိုး ချိန်းတန်းကြီးကို ကိုယ်စားပြုထားတယ်၊ ဒီချိန်းတန်းကြီးရဲ့ စမှတ်က ဂျာမန် ပစ္စည်းမဲ့ လူတန်းစား အရေး နိမ့်ခြင်း ဖြစ်ပြီး၊ ဆုံးမှတ်က ရုရှားကို ဂျာမန် နယ်ချဲ့စနစ်က ကျူးကျော်သိမ်းပိုက်ခြင်းပဲ။ ဒီလိုအခြေအနေတွေ ရင် ဆိုင်နေရတဲ့ လီနင်နဲ့ သူ့ရဲဘော်တွေကို အကောင်းဆုံး ဒီမိုကရေစီ၊ စံနမူနာအဖြစ်ထိုက်ဆုံး ပစ္စည်းမဲ့ အာဏာရှင် စနစ်နဲ့ ဆူဖြိုးကြွယ်ဝတဲ့ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ဖန်တီးပြဖို့ မျှော်လင့်ခဲ့ရင် ဆူပါလူသားဆန်တဲ့ အရာတွေ တောင်းဆိုရာ ရောက်လိမ့်မယ်။ သူတို့ရဲ့ ပိုင်းဖြတ်ချက် ခိုင်မာသော တော်လှန်ရေး ရပ်တည်မှု၊ သူတို့ရဲ့ စံပြလုပ် ဆောင်ချက် အင်အား၊ အင်တာနေရှင်နယ် ဆိုရှယ်လစ်ဝါဒအပေါ် ချိုးဖျက်လို့မရအောင် သစ္စာခိုင်မြဲမှုတွေနဲ့ ဒီလို အလွန်တရာ ဆိုးရွား ခက်ခဲလွန်းလှတဲ့ အခြေအနေတွေအောက်မှာ အကျိုးပြုလို့ ဖြစ်နိုင်တာမှန်သမျှ လီနင်နဲ့ သူ့ ရဲဘော်တွေက အကျိုးပြုထားပြီး ဖြစ်တယ်။”
ဆိုဗီယက် ရုရှားကို ‘အာဏာရှင်စနစ်’တခု ဖြစ်တယ်လို့ အကြောင်းပြပြီး မထောက်ခံခဲ့တဲ့ ဂျာမနီက ဆိုရှယ် ဒီမိုက ရက်တစ် ခေါင်းဆောင်တွေကိုလည်း ရိုဆာ လူဇင်ဘာ့(ဂ်)က ပြစ်တင်ရှုတ်ခဲ့သေးတယ် -
“ရုရှားက ဘော်ရှီဗစ် အုပ်စိုးမှုဟာ ပစ္စည်းမဲ့ အာဏာရှင်စနစ်ရဲ့ ပုံပျက်ပန်းပျက် ဖော်ထုတ်ချက်တခုပဲလို့ ဂျာမန် အစိုးရ ဆိုရှယ်လစ်တွေ အော်ဟစ်နေကြပါစေ။ အဲဒီလို ဖြစ်ခဲ့တယ် ဒါမှမဟုတ် ဖြစ်နေတယ်ဆိုရင် ဒါဟာ ဂျာမန် ပစ္စည်းမဲ့ လူတန်းစား ပြုမူချက်ရဲ့ အသီးအပွင့်တခုသာ ဖြစ်တယ်၊ ဂျာမန် ပစ္စည်းမဲ့ လူတန်းစားရဲ့ ပြုမူချက်ကိုယ် တိုင်က ဆိုရှယ်လစ် လူတန်းစားတိုက်ပွဲရဲ့ ပုံပျက်ပန်းပျက် ဖော်ထုတ်ချက်တခု ဖြစ်နေလို့ပဲ။ ကျမတို့အားလုံးဟာ သမိုင်းနိယာမတွေကို လွန်ဆန်လို့ မရဘူး၊ နိုင်ငံတကာ အတိုင်းအတာနဲ့ပဲ လူ့အဖွဲ့အစည်းကို ဆိုရှယ်လစ်စနစ် ထူထောင်ပေးလို့ ရနိုင်တယ်။” [ဆောင်းပါးရေးသူတို့ရဲ့ အထူးပြုချက်]
လူဇင်ဘာ့(ဂ်)ရဲ့ အမြင်တွေကို ပုံဖျက်ပစ်ဖို့ အဆက်အစပ်မပါဘဲ ကောက်စာတကြောင်းတလေကို လိုရာဆွဲ ဖော် ပြတာမျိုး လုပ်မယ့်အစား သူမရဲ့ ဆောင်းပါးတပုဒ်လုံးကို ဖတ်ကြည့်မယ်ဆိုရင် ရိုဆာ လူဇင်ဘာ့(ဂ်)ကို လီနင်၊ ထရော့စကီးတို့နဲ့ ဆန့်ကျင်ဖက်လို့ ဘယ်နည်းနဲ့မှ အဓိပ္ပါယ်ကောက်လို့ မရနိုင်ပေ။ အဓိက ပြဿနာအားလုံးမှာ လူဇင်ဘာ့(ဂ်)က လီနင်နဲ့ သဘောထား တူခဲ့တာချည်းပဲ။ အောက်တိုဘာ တော်လှန်ရေး ဆင်နွှဲခဲ့တဲ့ ပုံစံကိုလည်း သူမ သဘောတူခဲ့တယ်။ နုနယ်သေးတဲ့ ဆိုဗီယက် သမ္မတနိုင်ငံကို ခုခံကာကွယ်ဖို့ လီနင် နဲ့ ထရော့စကီးတို့ လုပ် ဆောင်ခဲ့ရတာတွေကိုလည်း သူမ သဘောတူခဲ့တယ်။ ဒါ့အပြင် စစ်မှန်တဲ့ နိုင်ငံတကာဝါဒီတယောက်အနေနဲ့ ရုရှား တော်လှန်ရေးကို ကယ်တင်ဖို့ (ချေမှုန်းဖို့မဟုတ်) ဂျာမန် တော်လှန်ရေး အောင်မှဖြစ်မယ်ဆိုတာလည်း သူမ နား လည်ခဲ့တယ်။
တိုင်းပြုပြည်ပြု လွှတ်တော်နဲ့ပတ်သက်ပြီး ပြောကြတဲ့ ယုံတမ်း
ကွန်ဆာ့ဗတစ်တွေ၊ ဘူဇွာ လစ်ဘရယ်တွေ၊ ပြုပြင်ရေးဝါဒီတွေနဲ့ လက်ဝဲတချို့က တော်လှန်ရေးအပြီး တိုင်းပြု ပြည်ပြု လွှတ်တော် (Constituent Assembly) ကို ဖျက်သိမ်းလိုက်လို့ ဘော်ရှီဗစ်အစိုးရကို ဝေဖန်ကြတယ်၊ လီနင် နဲ့ ထရော့စကီးတို့က ‘ဒီမိုကရေစီကို ဆန့်ကျင်ပြီး’ ‘အာဏာရှင်ဆန်ကြောင်း’ လက်တွေ့ သက်သေတခုပဲလို့ ဆိုကြ တယ်။ ရိုဆာ လူဇင်ဘာ့(ဂ်) ထောက်ခံသူတွေလို့ နာမည်ခံထားသူတွေကလည်း သူမရဲ့ ၁၉၁၈ ဆောင်းပါးကို ကိုး ကားပြီး ဒီယုံတမ်း ထုတ်လွှင့်ပွဲကြီးကို ဝင်နွှဲကြပြန်တယ် -
“ဒါပေမယ့် တိုင်းပြုပြည်ပြု လွှတ်တော်နဲ့ မဲပေးရွေးကောက်ခွင့် ဥပဒေနဲ့ပဲ ကိစ္စမပြတ်သေးဘူး။ လုပ်သားထုရဲ့ နိုင် ငံရေး လှုပ်ဆောင်မှုနဲ့ ကြံ့ခိုင်သန်စွမ်းတဲ့ ပြည်သူ့ဘဝကို အာမခံချက်ပေးထားသော အရေးအကြီးဆုံး ဒီမိုကရေစီ အခွင့်အရေးတွေ (စာနယ်ဇင်း လွတ်လပ်ခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ စုဝေးခွင့်) ကို ဆိုဗီယက် အစိုးရ ဆန့်ကျင်သူမှန်သမျှ ကျင့်သုံးလို့မရအောင် တားမြစ်ပိတ်ပင်ထားတယ်။”
အောက်တိုဘာ တော်လှန်ရေးအပြီး ဘော်ရှီဗစ်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို ဒီလို ဖော်ပြလိုက်ပြီး ရိုဆာ လူဇင်ဘာ့(ဂ်)ရဲ့ ဆောင်းပါးကို အခုလို ကောက်နှုတ်အသုံးပြုခြင်းအားဖြင့် ‘လူဇင်ဘာ့ဂ်ဝါဒီတွေ’ဟာ အဲဒီခေတ် အခြေအနေရဲ့ အရေးအကြီးဆုံး အချက်ကို လစ်လျူရှုလိုက်တယ်။ တခြားမဟုတ်ဘူး၊ အလုပ်သမားထု အာဏာကို ဖော်ထုတ်ကျင့်သုံးရာ ဒီမိုကရက်တစ် ဒေါက်တိုက်အဖွဲ့အစည်းတွေဖြစ်တဲ့ ဆိုဗီယက်တွေ တည်ရှိနေခြင်းကို လုံးဝ မျက်ကွယ်ပြုလိုက်တာပဲ။
ဘော်ရှီဗစ်တွေဟာ တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူရေးကို သူတို့သမိုင်းတလျှောက်လုံး ထောက်ခံခဲ့ကြသူတွေ ဖြစ်တယ်။ တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာ အနှစ်သာရအားဖြင့် ဘူဇွာ ပါလီမန်တခုပဲ ဖြစ်တယ်၊ တိုင်းပြုပြည် ပြု လွှတ်တော် ခေါ်ယူကျင်းပနိုင်တာဟာ ရုရှား သက်ဦးဆံပိုင်စနစ်နဲ့စာရင် အများကြီး ရှေ့ရောက်တဲ့ ခြေလှမ်း တခုဖြစ်တယ်။ ဒါပေမယ့် တိုင်းပြုပြည်ပြု လွှတ်တော်ကို ဖျက်သိမ်းလိုက်တဲ့ ၁၉၁၈ ရောက်တော့ ဒီလွှတ်တော် ဟာ ရုရှား လူထုကို ကိုယ်စားပြုခြင်း မရှိတော့ဘူး၊ ရုရှား လူထုက ပိုပြီးအဆင့်မြင့်တဲ့ အစိုးရပုံစံတခုဆီ ဦးတည် ချီတက်နေပြီ၊ အလုပ်သမား လူတန်းစား အာဏာကို အခြေပြုထားတဲ့ ဆိုဗီယက် အစိုးရပုံစံကို လူထုက လက်ခံ နေပြီ။ တော်လှန်ရေး ကာလတလျှောက် တဟုန်ထိုး ပြောင်းလဲနေတဲ့ လုပ်သားထုရဲ့ အမြင်တွေကို ဘယ်ဘူဇွာ ပါလီမန်ပုံစံကမှ ဖော်ထုတ်ပေးနိုင်စွမ်း မရှိတော့ဘူး။ ဒါ့ကြောင့် တော်လှန်ရေး ဖြစ်ရပ်တွေရဲ့နောက် ပြတ်ကျန်ခဲ့ တဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ ဖောက်ပြန်သော ဇာဘုရင်စနစ်ရဲ့ အနှစ်သာရကို ခုခံကာကွယ်လိုသူ တန်ပြန် တော်လှန်ရေး အင်အားစုတွေရဲ့ ဗဟိုချက်တခု ဖြစ်လာခဲ့တယ်။
သူ့ရဲ့တည်ရှိမှုကို သက်ဝင်လှုပ်ရှားနေတဲ့ တော်လှန်ရေး ဖြစ်ရပ်တွေက ကျော်လွန်သွားချိန်ရောက်မှ တိုင်းပြုပြည် ပြု လွှတ်တော် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်တယ်၊ ဒါ့ကြောင့် ဘော်ရှီဗစ် အစိုးရက ဖျက်သိမ်းလိုက်ရခြင်း ဖြစ်တယ်။ တိုင်းပြုပြည်ပြု လွှတ်တော်ကို ဖျက်သိမ်းလိုက်ခြင်းဟာ ဘော်ရှီဗစ်တွေက ဒီမိုကရေစီကို ပယ်ဖျက်လိုက်တာ မ ဟုတ်ဘူး။ ဆိုဗီယက်တွေကနေ ကိုယ်စားပြုထားတဲ့ စစ်မှန်သော အလုပ်သမားထု ဒီမိုကရေစီကို ကာကွယ်လိုက် ခြင်းသာ ဖြစ်တယ်။
‘လူဇင်ဘာ့ဂ်ဝါဒီတွေ’က ရိုဆာ လူဇင်ဘာ့(ဂ်)ကို ဆိုဗီယက် အာဏာနဲ့ ဆန့်ကျင်ဖက် ဘူဇွာ ပါလီမန်စနစ်ဘက်က ခုခံကာကွယ်သူအဖြစ် ပုံဖော်ဖို့ ကြိုးစားကြတယ်။ သို့သော်လည်း ဒါဟာ လုံးဝ မှားပါတယ်။ The Russian Revolution (ဒီစာမူတွေကို သူမ တသက်တာမှာ ဘယ်တုန်းကမှ မထုတ်ဝေခဲ့သလို သူမ ကွယ်လွန်သွားရင် ထုတ် ဝေဖို့လည်း ဘယ်တုန်းကမှ ခွင့်မပေးခဲ့ဘူးဆိုတာ မေ့ထားလို့ မရပေ) ကိုရေးပြီး လအနည်းငယ်အကြာ ၁၉၁၈ နိုဝင်ဘာလထဲမှာ ‘The National Assembly’ လို့ခေါင်းစဉ်တပ်ထားတဲ့ ဆောင်းပါးတပုဒ်ကို သူမ ရေးခဲ့တယ် (ဒီ ဆောင်းပါးကို Die Rote Fahne မှာ ဖော်ပြခဲ့တယ်)။ ၁၉၁၈ နိုဝင်ဘာလထဲ ဂျာမနီမှာ တော်လှန်ရေး ဖြစ်လာခဲ့ တယ်၊ လစ်ဘရယ်တွေနဲ့ ပြုပြင်ရေးဝါဒီတွေက ‘National Assembly’ ကျင်းပဖို့ ပြောလာကြတယ် (‘National Assembly’ ဆိုတာ ရှရှား တော်လှန်ရေးအပြီး ဖျက်သိမ်းလိုက်တဲ့ Constituent Assembly နဲ့ အနှစ်သာရချင်း အတူတူပဲ၊ နာမည်ပဲ ကွဲတာပါ)။ တချိန်တည်းမှာပဲ ဂျာမနီတဝှမ်း အလုပ်သမား ကောင်စီတွေ အလျှိုလျှို ပေါ် ထွက်လာခဲ့တယ် (ရုရှား တော်လှန်ရေးမှာ ပေါ်လာတဲ့ ဆိုဗီယက်တွေလိုမျိုး ဂျာမနီ တော်လှန်ရေးမှာ အလုပ်သ မား ကောင်စီတွေ ပေါ်လာခြင်း ဖြစ်တယ်)။ အဲဒီအခါ ‘တိုင်းပြုပြည်ပြု လွှတ်တော်’နဲ့ ပတ်သက်ပြီး လူဇင်ဘာ့ဂ် က အခုလို ပြောခဲ့တယ် -
“တိုင်းပြုပြည်ပြု လွှတ်တော်ဆိုတာ ဘူဇွာ တော်လှန်ရေးတွေရဲ့ ခေတ်ကုန်သွားပြီဖြစ်တဲ့ အမွေတခုပဲ၊ ပက်တီး ဘူဇွာတွေရဲ့ ‘ညီညွတ်သော ပြည်သူ’ဆိုတဲ့ ထင်ယောင်မှားမှုတွေ၊ ဘူဇွာနိုင်ငံတော်ရဲ့ ‘လွတ်လပ်ခွင့်၊ တန်းတူညီမျှ မှု၊ သွေးစည်းချစ်ကြည်မှု’ဆိုတဲ့ ထင်ယောင်မှားမှုတွေရဲ့ ခေတ်ကာလတုန်းက အနှစ်ဗလာ အခွံတခုသာ ဖြစ်တယ်။
“ဒီကနေ့အချိန်မှာ တိုင်းပြုပြည်ပြု လွှတ်တော်ပုံစံကို ရွေးချယ်ခြင်းဟာ သိသိရက်နဲ့ဖြစ်စေ ဒါမှမဟုတ် မသိလို့ ဖြစ်စေ တော်လှန်ရေးကို ဘူဇွာ တော်လှန်ရေး သမိုင်းအဆင့်ရောက်အောင် ပြန်တွန်းပို့လိုက်ခြင်း ဖြစ်တယ်၊ တိုင်း ပြုပြည်ပြု လွှတ်တော် ခေါ်ယူရေး တိုက်တွန်းနေသူတွေဟာ ဘူဇွာ လူတန်းစားရဲ့ သူလျှိုတွေပဲ ဖြစ်မယ်၊ မဟုတ် ရင်လည်း ပက်တီး ဘူဇွာ အိုင်ဒီအော့လဂျီကို သိစိတ်မရှိဘဲ ထုတ်ဖော်ပြောနေသူပဲ ဖြစ်မယ်။”
ရိုဆာရဲ့ ဒီစကားတွေကို နှောင်းခေတ် ‘လူဇင်ဘာ့ဂ်ဝါဒီတွေ’က လုံးဝ မသိကျိုးကျွံပြုထားကြတယ်။ ဒီလို မသိကျိုး ကျွံပြုထားရတဲ့ အကြောင်းက ထင်ရှားပါတယ် - ရိုဆာက ဘူဇွာ ဒီမိုကရက်တစ် ‘တိုင်းပြုပြည်ပြု လွှတ်တော်’ ဖျက်သိမ်းရေးကို ပြတ်ပြတ်သားသား ဆော်ဩနေလို့ပဲ။ ဒီလို ဆော်ဩနေလို့ ရိုဆာ လူဇင်ဘာ့(ဂ်)က ‘ဒီမိုကရေစီ ကို ဖျက်သိမ်းရေး’ ပြောနေတယ်လို့ ဆိုလိုသလား။ လုံးဝ မဟုတ်ဘူး။ လီနင်နဲ့ ထရော့စကီးတို့ လုပ်ခဲ့သလိုပဲ လူ ဇင်ဘာ့(ဂ်)လည်း အလုပ်သမားထု ဒီမိုကရေစီရဲ့ စစ်မှန်သော ဒေါက်တိုင်အဖွဲ့အစည်းတွေကို ကာကွယ်နေခြင်း ဖြစ်တယ်၊ တိုင်းပြုပြည်ပြု လွှတ်တော် ခေါ်ယူပြီး အလုပ်သမား ကောင်စီတွေ တနည်းဆိုရရင် ဆိုဗီယက်တွေက နေ လမ်းလွဲသွားအောင်၊ ဝေဝါးသွားအောင် လုပ်နေကြလို့ ရိုဆာက ကာကွယ်ခဲ့ခြင်း ဖြစ်တယ်။
စစ်မှန်သော တော်လှန်ရေးပါတီတခု တည်ဆောက်ရေး လိုအပ်ချက်ကို ငြင်းဆန်ကြသူတွေအားလုံး ပုံဖော်ကြသ လို ရိုဆာက ‘အလိုအလျောက် တိုက်ပွဲဝင်ခြင်းရဲ့ ရှေ့နေ’၊ ဘော်ရှီဗစ်ဇင်ရဲ့ ရန်သူ ဖြစ်ဖို့ဝေးစွ၊ လူဇင်ဘာ့(ဂ်)ဟာ ရုရှား တော်လှန်ရေးဘက်မှာ၊ ဘော်ရှီဗစ်တွေရဲ့ ဘက်မှာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ပြီး ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးဆီ ရှေ့ဆက်ချီတက်နိုင်အောင် ရုရှားမှာလို ဂျာမနီမှာ ဆိုရှယ်လစ် တော်လှန်ရေး ဆင်နွှဲဖို့ သူမ စွမ်း အားရှိသရွေ့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ တကယ့် ရိုဆာ လူဇင်ဘာ့(ဂ်)က အဲဒီလိုပါ၊ သူမရဲ့ ဒီတော်လှန်ရေး အမွေကို ငါတို့ တောင်းဆိုရမယ်။ ပုံဖျက်နေကြတဲ့ သူမရဲ့ မိတ်ဆွေအတုတွေကို လီယွန် ထရော့စကီး စကား အတိုင်း ပြောရရင် “ရိုဆာ လူဇင်ဘာ့(ဂ်)ကို လွှတ်လိုက်”။
- ဝင်းစံဖြူ ဘာသာပြန်ပါတယ်