In Defence of October

Study the lessons of the Russian Revolution

About us 1917 Live

[ဂန္ထဝင်] In Defence Of October

၁၉၃၂ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်နေ့၊ ကိုပင်ဟေဂင် (ဒိန်းမတ်) မှာ လီယွန် ထရော့စကီး မိန့်ခွန်းတခု ပြောခဲ့တယ်။ အောက်တိုဘာ တော်လှန်ရေး၁၅နှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့ခြင်းဖြစ်တယ်။ အောက်တိုဘာ တော်လှန်ရေးကို ခုခံကာကွယ်ရင်း ၁၉၁၇ ရုရှားမှာ အမှန်တကယ် ဖြစ်သွားခဲ့တဲ့ ဖြစ်စဉ်တွေကို သမိုင်းအမှန်ဖြစ်အောင် ဖော်ထုတ်ပြခဲ့တယ်။ စတာလင်ဝါဒီတွေ တင်ပြနေကျ ပုံဖျက်ထားတဲ့ ဗားရှင်းနဲ့ ဆန့်ကျင်ဖက် ဖြစ်နေမယ်။


 ၁၉၃၂ ခုနှစ်၊ နိုဝင်ဘာလ၊ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှာ ပြောခဲ့သော မိန့်ခွန်း

ကိုပင်ဟေဂင်ကို ကျနော် ပထမဆုံး ရောက်ဖူးတာ နိုင်ငံတကာ ဆိုရှယ်လစ် ကွန်းဂရက်(စ်)ကို လာတက်တုန်းက။ ဒီမြို့ရဲ့ ဖော်ရွေလွန်းလှသော အမှတ်တရတွေကို ထွေးပွေ့ပြီး ကျနော် ပြန်သွားခဲ့တယ်။ ဒါတွေဟာ ၂၅ နှစ်ကျော် ကြာသွားခဲ့ပါပြီ။ ဒီကာလမှာ Ore-Sund ရေလက်ကြားနဲ့ ပင်လယ်အဝင်ဝက ရေတွေလည်း အကြိမ်ကြိမ် ပြောင်းလဲ စီးဆင်းသွားခဲ့ပြီ။ ရေတွေပဲ ပြောင်းလဲသွားခဲ့တာ မဟုတ်ဘူး။ စစ်ကြီးက ခေတ်ဟောင်း ဥရောပတိုက်ရဲ့ ကျောရိုးကို ချိုးဖျက်ပစ်ခဲ့ပြီ။ ဥရောပက မြစ်တွေ၊ ပင်လယ်တွေဟာ မနည်းလှတဲ့ သွေးတွေကို လျှော်ပစ်ခဲ့ရတယ်။ လူသားတွေ၊ အထူးသဖြင့် ဥရောပတိုက်က လူသားတွေဟာ ကြမ်းတမ်းလှတဲ့ အခက်အခဲ အမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတယ်၊ ထုသားပေသားကျပြီး ပိုကြမ်းကြုတ်လာခဲ့တယ်။ ပဋိပက္ခတိုင်းဟာ ပိုပိုပြီး ခါးသီးလာခဲ့တယ်။ ကမ္ဘာကြီးဟာ ဧရာမ အပြောင်းအလဲ ခေတ်ကြီးထဲ ချဉ်းနင်း ဝင်ရောက်လာခဲ့ပြီ။ စစ်နဲ့ တော်လှန်ရေးတွေဟာ ဒီခေတ်ရဲ့ အကြီးမားဆုံး ထင်ဟပ်ဖော်ထုတ်ချက်တွေပဲ။ 

ကျနော့် လက်ချာရဲ့ အဓိက အကြောင်းအရာဖြစ်သော တော်လှန်ရေးအကြောင်း မပြောခင် ဒီအစည်းအဝေးကို ကမကထပြုကြသူ ဆိုရှယ် ဒီမိုကရက်တစ် ကျောင်းသား အဖွဲ့အစည်းကို ကျေးဇူးတင်စကား အရင် ပြောလိုပါတယ်။ နိုင်ငံရေး အတိုက်အခံ တယောက်အနေနဲ့ ဒီလက်ချာကို လာပြောပါတယ်။ မှန်ပါတယ်၊ ကျနော့်လက်ချာဟာ နိုင်ငံရေး လမ်းစဉ်တွေကို ဟောပြောဖို့ မဟုတ်ဘူး၊ သမိုင်းဆိုင်ရာ ဖြစ်စဉ်တွေကို သိပ္ပံနည်းကျ ရှင်းလင်းတင်ပြဖို့ ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို အစပိုင်းကတည်းက အလေးထား ပြောလိုပါတယ်။ ဆိုဗီယက် သမ္မတနိုင်ငံ ထွက်ပေါ်လာစေခဲ့တဲ့ တော်လှန်ရေးတရပ်အကြောင်းကို နိုင်ငံရေး ရပ်တည်ချက်တခုခု မကိုင်စွဲဘဲ ပြောဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အဲဒီတော်လှန်ရေး ဖြစ်ရပ်တွေထဲ ပါဝင်ခဲ့စဉ်က ရပ်တည်ခဲ့တဲ့ အလံအောက်မှာပဲ ရပ်တည်ပြီး ဒီကနေ့ လက်ချာကိုလည်း ဟောပြောသွားပါမယ်။ 

(ပထမကမ္ဘာ)စစ်ကြီးမဖြစ်ခင်အထိ ဘော်ရှီဗစ်ပါတီဟာ ဆိုရှယ်ဒီမိုကရက်တစ် အင်တာနေရှင်နယ် အဖွဲ့ဝင် ဖြစ်ခဲ့တယ်။ [1] ၁၉၁၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့မှာ ဂျာမန် ဆိုရှယ် ဒီမိုကရေစီက စစ်အသုံးစရိတ် တောင်းခံခြင်းကို ထောက်ခံမဲပေးခဲ့တယ်။ အဲဒီအချိန်ကစလို့ ဘော်ရှီဗစ် ပါတီက အပြီးအပိုင် လမ်းခွဲထွက်ခဲ့တယ်။ ဘော်ရှီဗစ်ဇင်က ဆိုရှယ်ဒီမိုကရေစီကို မစေ့စပ်တမ်း တရစပ် တိုက်ပွဲဝင်ခဲ့တယ်။ ဒါဆို ဒီအစည်းအဝေး စီစဉ်သူတွေ ကျနော့်ကို ဖိတ်ပြီး လက်ချာပေးခိုင်းတာ မှားသွားပြီလား။ ဒီအချက်နဲ့ပတ်သက်လို့ လက်ချာ ပြီးသွားရင် ပရိသတ်ကပဲ ဆုံးဖြတ်သွားပါလိမ့်မယ်။ ရုရှား တော်လှန်ရေးအကြောင်း ရှင်းလင်းတင်ပြပေးဖို့ လိုလိုလားလား ဖိတ်ကြားလာခြင်းကို ကျနော့်ဘက်က လက်ခံရခြင်း အကြောင်း ပြောရရင် တချက်ပဲ ထောက်ပြ ပါရစေ - ကျနော့်ရဲ့ နိုင်ငံရေးဘဝ ၃၅ နှစ်အတွင်းမှာ ရုရှား တော်လှန်ရေး ပြဿနာက ကျနော့် အတွေး၊ ကျနော့် လုပ်ဆောင်ချက်တွေရဲ့ သီအိုရီပိုင်း၊ လက်တွေ့ပိုင်းဆိုင်ရာ ဝင်ရိုး ဖြစ်နေခဲ့တယ်။ တူရကီမှာ ၄ နှစ်တာ နေခဲ့ရတဲ့ ကာလအတွင်း (စတာလင် ဗျူရိုကရေစီက ထရော့စကီးကို ဆိုဗီယက် ရုရှားမှာ နေထိုင်ခွင့်မပြုဘဲ မောင်းထုတ်ခဲ့လို့ တူရကီမှာ ခိုလှုံခဲ့ရသော ကာလကို ရည်ညွှန်း) အဓိကအားဖြင့် ရုရှား တော်လှန်ရေး ပြဿနာတွေကို သမိုင်းရှုထောင့်ကနေ အကျယ်တဝင့် ရှင်းပြနိုင်ဖို့ပဲ အချိန်ပေးခဲ့တယ်။ ဆိုတော့ ဒီအချက်ဟာ ကျနော့်ကို အောက်တိုဘာ တော်လှန်ရေးရဲ့ မိတ်ဆွေတွေနဲ့ စာနာသူတွေအပြင် ရန်သူတွေကိုလည်း ဒီမတိုင်ခင်က သူတို့အာရုံမစိုက်ခဲ့မိတဲ့ တော်လှန်ရေးရဲ့ ဝိသေသ အတော်များများကို ကောင်းကောင်း နားလည်လာအောင် တစုံတရာ ပံ့ပိုးပေးနိုင်မယ်လို့ မျှော်လင့်ခွင့် ပေးထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်လက်ချာရဲ့ ရည်ရွယ်ချက်က နားလည်လာအောင် ကူညီပေးဖို့ ဖြစ်တယ်။ တော်လှန်ရေးအတွက် ဝါဒဖြန့်ချိရေးလုပ်ဖို့ မရည်ရွယ်သလို တော်လှန်ရေးထဲ ဝင်ပါဖို့လည်း ခင်ဗျားတို့ကို ဆော်ဩမှာ မဟုတ်ဘူး။ တော်လှန်ရေးအကြောင်း ရှင်းလင်း တင်ပြဖို့ပဲ ရည်ရွယ်တယ်။ 

ဒီလက်ချာကို လူမှုဗေဒ အခြေခံ သဘောတရားတချို့နဲ့ စလိုက်ရအောင်။ ဒီအခြေခံ သဘောတရားတွေကို ခင်ဗျားတို့အားလုံး ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်မယ်ဆိုတာ သံသယမရှိပါဘူး။ ဒါပေမယ့် တော်လှန်ရေးလို အင်မတန် ရှုပ်ထွေးနက်နဲတဲ့ ဖြစ်ရပ်တခုကို ချဉ်းကပ်တဲ့အခါ ကျနော်တို့ မှတ်ဉာဏ်တွေကို ပြန်လှုပ်နှိုးပေးရမယ် မဟုတ်လား။ 

သမိုင်းရေး ရုပ်ဝါဒအမြင်

လူ့သမဂ္ဂဆိုတာ ဘဝရှင်သန်ရေးနဲ့ မျိုးဆက်တွေ ဆက်လက်တည်တံ့ရေး တိုက်ပွဲအတွင်း သမိုင်းကြောင်း ရင်းမြစ်ရှိတဲ့ ပူးပေါင်းဆောင်ရွက်ချက် ဖြစ်တယ်။ လူ့အဖွဲ့အစည်းတခုရဲ့ စရိုက်လက္ခဏာကို အဲဒီလူ့အဖွဲ့အစည်းရဲ့ စီးပွားရေးဘဝက ပြဌာန်းပေးတယ်။ စီးပွားရေးဘဝကို ကုန်ထုတ် ပစ္စည်းတွေက ပြဌာန်းပေးတယ်။ 

(means of productive labour ကို ကုန်ထုတ် ပစ္စည်းလို့ ဘာသာပြန်ပါတယ်။ ကုန်ထုတ် ပစ္စည်းလို့ ဆိုရာမှာ instrument of labour လို့ခေါ်တဲ့ ကုန်ထုတ်ကိရိယာနဲ့ raw material လို့ခေါ်တဲ့ ကုန်ကြမ်းဆိုပြီး အဓိက နှစ်ပိုင်း ရှိပါတယ်။ ကျောက်အရိုင်းကို ကုန်ထုတ် ကိရိယာအဖြစ် သုံးခဲ့တဲ့ ခေတ်ကနေ ကျောက်ကို စနစ်တကျ ပြုပြင်စီရင် အသုံးချနိုင်တဲ့ခေတ်၊ ကြေးသတ္တုကို ကုန်ထုတ် ကိရိယာအဖြစ် ပြုပြင်စီရင် သုံးလာနိုင်တဲ့ခေတ်၊ သံကို ကိရိယာ အဖြစ် ပြုပြင်စီရင်သုံးလာတဲ့ ခေတ်ကနေ စက်မှုခေတ်၊ နည်းပညာခေတ်အထိ လူ့အဖွဲ့အစည်း အဆင့်ဆင့် တိုးတက်လာခြင်းဟာ means of production လို့ခေါ်တဲ့ ကုန်ထုတ် ပစ္စည်းတွေ တိုးတက်လာခြင်းကြောင့်သာ ဖြစ်တယ်။ ဒါ့ကြောင့် “လူ့အဖွဲ့အစည်းတခုရဲ့ စရိုက်လက္ခဏာကို အဲဒီလူ့အဖွဲ့အစည်းရဲ့ စီးပွားရေးဘဝက ပြဌာန်းပေးတယ်။ စီးပွားရေးဘဝကို ကုန်ထုတ် ပစ္စည်းတွေက ပြဌာန်းပေးတယ်”လို့ ဆိုခြင်းဖြစ်တယ် -ဘာသာပြန်သူ။)

ကုန်ထုတ် စွမ်းအားစုတွေ ဖွံ့ဖြိုးမှုကို အခြေခံပြီး ကွဲပြားခြားနားသော ခေတ်ကြီးတွေ ပေါ်ထွက်လာခဲ့တယ်။ ဒီလို ခေတ်ကြီးတခုစီတိုင်းမှာ ကုန်ထုတ် စွမ်းအားစု ဖွံ့ဖြိုးမှုနဲ့ ကိုက်ညီသော လူမှုစနစ်တွေ ရှိတယ်။ ဒီကနေ့အချိန်ထိ လူမှုစနစ်တခုစီတိုင်းဟာ သက်ဆိုင်ရာ အုပ်စိုးသူ လူတန်းစားကို ဧရာမ အကျိုးပြုထားကြတာချည်းပဲ။ 

ဒါ့ကြောင့် ဘယ်လူမှုစနစ်မှ ထာဝရ မတည်မြဲဘူးဆိုတာ ရှင်းပါတယ်။ သမိုင်းဖွံ့ဖြိုးမှုအရ လူမှုစနစ်တွေ ပေါ်ထွန်းလာတယ်၊ ပြီးရင် နောက်ထပ် ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားပြုသူတွေ ဖြစ်လာကြတယ်။ “ပေါ်ထွန်းလာတာမှန်သမျှ တနေ့ ဖြိုချခံရမှာပဲ”။ 

ဒါပေမယ့် ဘယ်အုပ်စိုးသူ လူတန်းစားကမှ အေးအေးချမ်းချမ်းနဲ့ အသာတကြည် အာဏာစွန့်ရိုး ထုံးစံမရှိဘူး။ သေရေးရှင်ရေး ပြဿနာတွေမှာ ဆင်ခြင်မှုအခြေခံ ငြင်းချက်တွေက အင်အားအခြေခံ ငြင်းချက်တွေကို ဘယ်တုန်းကမှ အစားမထိုးနိုင်ခဲ့ဘူး။ စိတ်မကောင်း ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် သမိုင်းမှာတော့ ဒီအတိုင်းပဲ။ ဒီကမ္ဘာကြီးကို ကျနော်တို့ ဖန်တီးထားတာ မဟုတ်ဘူး။ ကျနော်တို့ ဘာမှမတတ်နိုင်ဘူး၊ သမိုင်းမှာ ရှိနေတဲ့အတိုင်း လက်ခံရုံပဲ။ 

တော်လှန်ရေးရဲ့ အဓိပ္ပါယ်

တော်လှန်ရေးဆိုတာ လူမှုစနစ် ပြောင်းလဲခြင်းကို ဆိုလိုတယ်။ တော်လှန်ရေးဟာ တိုးတက်သော အခန်းကဏ္ဍ ကုန်ဆုံးသွားပြီဖြစ်တဲ့ လူတန်းစားတရပ် လက်ထဲက အာဏာကို တိုးတက်နေဆဲ အခြားလူတန်းစားတရပ် လက်ထဲ လွှဲပြောင်းပေးတယ်။ သူပုန်ထခြင်းဆိုတာ လူတန်းစား နှစ်ရပ်ကြား အာဏာရရှိရေး တိုက်ပွဲမှာ အပြင်းထန်ဆုံးနဲ့ အခရာကျဆုံး အခိုက်အတန့် ဖြစ်တယ်။ သူပုန်ထတဲ့အခါ အများတကာ့ အများစုသော လူထုကြီးကို စုရုံးဦးဆောင်နိုင်စွမ်းရှိတဲ့ တိုးတက်သော လူတန်းစား တရပ်အပေါ် အခြေခံထားမှသာ တော်လှန်ရေး အောင်ပွဲစစ်စစ် ရနိုင်မယ်၊ စနစ်သစ်တခုကို ထူထောင်နိုင်မယ်။ 

သဘာဝဖြစ်စဉ်တွေနဲ့ မတူတာက တော်လှန်ရေးကို လူတွေက လုပ်ကြတာ၊ လူတွေကနေပဲ တော်လှန်ရေး ဖြစ်ရတာ။ ဒါပေမယ့် တော်လှန်ရေး ဖြစ်စဉ်အတွင်းမှာတော့ လူသားတွေဟာ သူတို့ကိုယ်တိုင် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်မရှိသော လူမှုအခြေအနေတွေရဲ့ လွှမ်းမိုးမှုအောက်ကနေ လုပ်ဆောင်ရတာ ဖြစ်တယ်၊ အတိတ်က လက်ဆင့်ကမ်းပေးလိုက်တဲ့ လူမှုအခြေအနေတွေအောက်မှာ လူသားတွေ လုပ်ဆောင်ကြရတယ်၊ ဒီအခြေအနေတွေကပဲ သူတို့လိုက်လျှောက်ရမယ့် လမ်းကြောင်းကို အထက်စီးဆန်ဆန် ညွှန်ပြပေးတယ်။ ဒါ့ကြောင့်ပဲ (ဒီအကြောင်းကြောင့်သာ) တော်လှန်ရေးတရပ်က တိကျသေချာတဲ့ နိယာမတွေအတိုင်း ဖြစ်နေတာ။

ဒါပေမယ့် လူသားရဲ့ အသိစိတ်ဟာ ပကတိ အခြေအနေတွေကို အပြုခံသက်သက် (passively) ထင်ဟပ်နေတာ မဟုတ်ဘူး။ ပကတိ အခြေအနေတွေကို တက်တက်ကြွကြွ (actively) တုံ့ပြန်နေကျ ဖြစ်တယ်။ တချို့သော အချိန်တွေမှာ ဒီတုံ့ပြန်မှုက ပြင်းထန် အားကောင်းတဲ့ လူထု လက္ခဏာဆောင်သွားတယ်။ အင်အားကြီးခြင်းနဲ့ လုပ်ပိုင်ခွင့်ဆိုသော အတားအဆီးတွေကို ဖြိုချပစ်တယ်။ တကယ်တော့ သမိုင်းဆိုင်ရာ ဖြစ်ရပ်တွေထဲ လူထုကြီး တက်တက်ကြွကြွ ပါဝင်လာခြင်းဟာ တော်လှန်ရေးတရပ်ရဲ့ အရေးအကြီးဆုံး မရှိမဖြစ် အစိတ်အပိုင်းတခုပဲ။  

ဒါပေမယ့် မုန်တိုင်းအထန်ဆုံး လှုပ်ရှားမှုတောင်မှ တော်လှန်ရေးအဆင့်ထိ မတက်လှမ်းနိုင်ဘဲ ဆန္ဒပြပွဲ ဒါမှမဟုတ် ပုန်ကန်မှုအဆင့်မှာတင် တန့်နေနိုင်တယ်။ လူထု အုံကြွမှုကနေ လူတန်းစားတရပ် အုပ်စိုးမှုကို ဖြိုချပစ်ပြီး နောက် လူတန်းစားတရပ် အုပ်စိုးမှုဆီ ဦးတည်သွားရမယ်။ အဲဒီအခါမှပဲ တော်လှန်ရေးတရပ် အောင်ပွဲဆင်နိုင်တယ်။ လူထု အုံကြွမှုဆိုတာ ကိုယ်ဖြစ်စေချင်တိုင်း အချိန်မရွေး ဖန်တီးယူလို့ ရနိုင်တဲ့ အရာတခု မဟုတ်ဘူး။ တော်လှန်ရေးဟာ လူ့အဖွဲ့အစည်း တိုးတက်မှု သမိုင်းအတွင်း ပကတိ ရုပ်အခြေအနေပေါ် မူတည်ပြီး ပေါ်ထွန်းလာရတဲ့ ဖြစ်စဉ်တခု ဖြစ်နေသလိုပဲ၊ လူထုအုံကြွမှုဆိုတာလည်း တော်လှန်ရေး ဖွံ့ဖြိုးမှုအတွင်း ပကတိ ရုပ်အခြေအနေကို မူတည်ပြီး ပေါ်ထွန်းရတဲ့ အစိတ်အပိုင်းတခု ဖြစ်နေတယ်။ ဒါပေမယ့် အုံကြွမှုဖြစ်ဖို့ လိုအပ်သော ရုပ်အခြေအနေတွေ ရှိနေပြီ ဆိုရင် ပါးစပ်အဟောင်းသားနဲ့ အသာထိုင်စောင့်နေလို့ မရဘူး။ ရှိတ်(ခ်)စပီးယား ပြောသလိုပဲ၊ “လူ့ဘဝ အထွေထွေမှာ ဒီရေလို အတက်အကျ ရှိတယ်၊ ဒီရေအတက်ကာလကိုသာ အမိအရ ဖမ်းဆုပ်နိုင်ခဲ့ရင် ကောင်းခြင်း အဖြာဖြာ ရရှိသွားနိုင်တယ်”။ 

ဟောင်းမြည်းပုပ်သိုးနေတဲ့ လူမှုစနစ်တခုကို ဖယ်ရှားပစ်နိုင်ဖို့ဆိုရင် တိုးတက်သော လူတန်းစားဟာ ဒီရေမြင့်သစ် ရောက်လာပြီလား နားလည်ရမယ်၊ ဒီရေမြင့်သစ် ရောက်တာနဲ့ အာဏာသိမ်းယူရေးတာဝန်ကို ထမ်းဆောင်ရမယ်။ ဒီနေရာမှာ သိစိတ်ရှိရှိ တော်လှန်ရေး လုပ်ဆောင်မှု အခန်းကဏ္ဍ ဝင်လာတာပဲ၊ အမျှော်အမြင်ရှိခြင်း နဲ့ ကြိုတင် တွက်ဆနိုင်ခြင်းကို စိတ်အားထက်သန်ခြင်း၊ သတ္တိကောင်းခြင်းနဲ့ ပေါင်းစပ်ပေးရမယ်။ တနည်းဆိုရရင် ဒီနေရာမှာ ပါတီရဲ့ လုပ်ဆောင်မှု အခန်းကဏ္ဍ ဝင်လာတာပဲ။ 

လူတစုရဲ့ အာဏာသိမ်းပွဲ (coup d’état)

တော်လှန်ရေး ပါတီတခုက တိုးတက်သော လူတန်းစားဆိုတဲ့ ပန်းမာလာကို သူ့ကိုယ်ထည်အတွင်း ပေါင်းစည်း ထားတယ်။ သူ့ရဲ့ဝန်းကျင်မှာ မှန်ကန်တဲ့ လမ်းကြောင်းပေါ် သူ့ကိုယ်သူ ဦးတည်နိုင်စွမ်းရှိတဲ့၊ ဖြစ်ရပ်တွေရဲ့ ရစ်ဿမ်နဲ့ တိုးတက်မှုကို သုံးသပ်နိုင်စွမ်းရှိပြီး လူထုရဲ့ ယုံကြည်မှုကို စောစောစီးစီး ရယူထားနိုင်တဲ့ ပါတီတခုမရှိဘဲ အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး အောင်ပွဲ မရနိုင်ဘူး။ ဒါတွေက တော်လှန်ရေး နဲ့ သူပုန်ထခြင်းတို့ရဲ့ ပကတိဘာဝ အကြောင်းအချက်တွေနဲ့ အတ္တဘာဝ အကြောင်းအချက်တွေကြားက အပြန်အလှန် သက်ရောက်နေတဲ့ ဆက်ဆံရေးတွေပဲ။

အငြင်းပွားကြတဲ့အခါ (အထူးသဖြင့် ဘာသာရေးကိစ္စတွေ) သိပ္ပံနည်းကျ အမှန်တရားတခုကို အဓိပ္ပါယ်ကင်းမဲ့တဲ့ အရာတခုဖြစ်သွားအောင် တွန်းပို့ပြီး ပုံဖျက်ပစ်လေ့ရှိကြတယ်။ ဒီလိုမျိုး နည်းလမ်းကို Reductio ad absurdum လို့ ခေါ်ပါတယ်။ ကျနော်တို့ကတော့ အမှန်တရားဆီ ပိုပြီးဘေးကင်းကင်းနဲ့ ချဉ်းကပ်သွားနိုင်အောင် အဓိပ္ပါယ်ကင်းမဲ့ နေတဲ့ အရာကနေပဲ အစပြုရလိမ့်မယ်။ အဓိပ္ပါယ်ကင်းမဲ့နေတဲ့ အရာတွေ မရှိဘူးလို့ ကျနော်တို့ စောဒကမတက်နိုင်ပါဘူး။ လတ်တလော ပူပူနွေးနွေး အဖြစ်ဆုံး၊ ကြမ်းတမ်းခက်တရော်တဲ့ နမူနာတခုနဲ့ စလိုက်ရအောင်။ 

ဖက်ဆစ် သဘောတရားဆရာ တယောက်ဖြစ်တဲ့ (ဟုတ်ပါတယ်၊ အဲလို သဘောတရားဆရာမျိုးလည်း ရှိသေး တယ်) အီတာလျံ စာရေးဆရာ Malaparte က သိပ်မကြာသေးခင်ကပဲ လူတစုရဲ့ အာဏာသိမ်းပွဲ နည်းနာဆိုင်ရာ စာအုပ်တအုပ် ထုတ်ဝေခဲ့တယ်။ ထုံးစံအတိုင်း စာရေးသူက အောက်တိုဘာ အုံကြွမှုကို “စုံစမ်းစစ်ဆေးခြင်း” စာမျက်နှာတွေ မနည်းမနော ဖော်ပြထားတယ်။

၁၉၁၇ ရုရှားရဲ့ လူမှုစီးပွား အခြေအနေတွေ၊ နိုင်ငံရေး အခြေအနေတွေနဲ့ အမြဲချိတ်ဆက်ထားသော လီနင့် “မဟာဗျူဟာ”နဲ့ ဆန့်ကျင်ဖက်အဖြစ်ပုံဖော်ပြီး “ထရော့စကီးရဲ့ နည်းဗျူဟာတွေကို တိုင်းပြည်တခုရဲ့ ယေဘုယျ အခြေအနေတွေက ကန့်သတ်မထားဘူး”လို့ Malaparte က ဆိုထားတယ်။ အဲဒီစာအုပ်ရဲ့ အဓိက သဘောတရားက ဒါပဲ။ Malaparte က သူ့စာအုပ်ထဲမှာ လီနင်နဲ့ ထရော့စကီးကို ဒိုင်ယာလော့(ဂ်)တွေ အများကြီး ပြောခိုင်းထားတယ်။ သဘာဝတရားကြီးက Malaparte တဦးတည်းအလိုကျ ခြယ်လှယ်ခွင့်ပေးထားသလောက် သူဖန်တီးထားတဲ့ ဒိုင်ယာလော့(ဂ်)တွေထဲမှာ လီနင်နဲ့ ထရော့စကီးတို့က နက်ရှိုင်းတဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်းကို ထုတ်ပြကြတယ်။ လူထုအုံကြွမှုတခုဖြစ်ဖို့ လူမှုစီးပွားနဲ့ နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်တွေကို လီနင်က ထည့်သွင်း စဉ်းစားပြရင် Malarparte က သူလုပ်ကြံဖန်တီးထားတဲ့ ထရော့စကီးကို အခုလို ပြောခိုင်းတယ် “ခင်ဗျားရဲ့ မဟာ ဗျူဟာကို အကောင်အထည်ဖော်ဖို့ဆိုရင် တင်ကူးလိုအပ်တဲ့ အခြေအနေတွေ အရမ်းများတာပဲဗျာ၊ လက်နက်ကိုင် သူပုန်ထဖို့ ဘာမှမလိုပါဘူး၊ အုံကြွပုန်ကန်မှုဆိုတာ မိမိကိုယ်တိုင် စွန့်လွှတ်စွန့်စားရခြင်း ဖြစ်တယ်”။ ခင်ဗျားတို့ ကြားတဲ့အတိုင်းပဲ၊ Malaparte ကတော့ “လက်နက်ကိုင် သူပုန်ထဖို့ ဘာမှမလိုပါဘူး”လို့ ပြောထားတယ်။ ဒါဟာ ကျနော်တို့ကို အမှန်တရားဆီ ချဉ်းကပ်နိုင်အောင် ကူညီပေးသွားမယ့် အဓိပ္ပါယ်ကင်းမဲ့နေတဲ့အရာပဲ။ Malaparte က သူ့စာအုပ်ထဲမှာ ထပ်တလဲလဲဆိုထားတယ်၊​ အောက်တိုဘာ တော်လှန်ရေး အောင်ပွဲခံနိုင်ခဲ့တာ လီနင်ရဲ့ မဟာဗျူဟာကြောင့် မဟုတ်ဘူး၊ ထရော့စကီးရဲ့ နည်းဗျူဟာတွေကြောင့်တဲ့။ သူ့စကားတွေအတိုင်း​ဆိုရင် အဲဒီ နည်းဗျူဟာတွေက ဥရောပ တိုင်းပြည်တွေရဲ့ ငြိမ်းချမ်းရေးကို ဒီကနေ့အထိ ခြိမ်းခြောက်နေတုန်းပဲ။ သူ့စကားလုံးအတိုင်း အတိအကျ ကိုးကားဖတ်ပြပါမယ် “လီနင့် မဟာဗျူဟာက ဥရောပ အစိုးရတွေကို လက်ငင်း အန္တရာယ် မကျရောက်စေနိုင်ဘူး။ ဒါပေမယ့် ထရော့စကီးရဲ့ နည်းဗျူဟာတွေကတော့ ဥရောပ အစိုးရတွေကို အမှန်တကယ် အန္တရာယ်ကျစေနိုင်တယ်၊ အမြဲတမ်း ခြိမ်းခြောက်နေတယ်။” သူက အခိုင်အမာ ဥပမာတောင် ထည့်ပေးထားတယ် “ကရင်စကီးနေရာမှာ Poincaré ကို စဉ်းစားကြည့်လိုက်ပါ၊ ၁၉၁၇ အောက်တိုဘာ ဘော်ရှီဗစ် အာဏာသိမ်းပွဲမျိုး အောင်အောင်မြင်မြင် ဖြစ်သွားလိမ့်မယ်”။ ဒီလိုစာအုပ်မျိုးကို ဘာသာစကား အမြောက်အမြား ပြန်ဆိုပြီး အလေး ထားပြောနေကြတာ မယုံနိုင်စရာပါပဲ။ 

[Poincaré (၁၈၆၀-၁၉၃၄) ဆိုတာ ၁၉၁၃-၂၀ ကာလ ပြင်သစ် သမ္မတလုပ်ခဲ့သူ။ ၁၉၁၂၊ ၁၉၂၂-၂၄၊ ၁၉၂၆-၂၉ မှာ ဝန်ကြီးချုပ် လုပ်ခဲ့သူ။ Kerensky (၁၈၈၂-၁၉၇၀)ဆိုတာ ၁၉၁၇ ရုရှားမှာ ဝန်ကြီးချုပ်လုပ်ခဲ့သူ၊ အောက်တိုဘာ တော်လှန်ရေးကနေ ကရင်စကီး အစိုးရကို ဖြုတ်ချခဲ့တယ်။]

သူပုံဖျက်ပြောသလို “ထရော့စကီးရဲ့ နည်းဗျူဟာတွေ”က အခါခပ်သိမ်း ဒီအလုပ်တွေကို အောင်မြင်အောင် လုပ်နိုင်စွမ်း ရှိတယ်ဆိုရင် သမိုင်းဆိုင်ရာ အခြေအနေတွေနဲ့ ချိတ်ဆက်ထားတဲ့ လီနင့် မဟာဗျူဟာ ဖြစ်ပေါ်လာရခြင်း နိယာမကို ရှာနေလည်း အချည်းနှီးသာဖြစ်မယ်။ နောက်ပြီး တော်လှန်ရေးတွေ အောင်ပွဲဆင်နိုင်ဖို့ နည်းပရိယာယ် ပုံသေနည်း အနည်းအပါးပဲ လိုတယ်ဆိုရင် အောင်မြင်ခဲ့တဲ့ တော်လှန်ရေးတွေ ဘာ့ကြောင့် ဒီလောက် ရှားပါးနေရသလဲ။

ဖက်ဆစ် စာရေးဆရာ တင်ဆက်ထားတဲ့ လီနင်နဲ့ ထရော့စကီး ဒိုင်ယာ့လော့(ဂ်)ဟာ အစကနေ အဆုံးတိုင် ပုံသဏ္ဍာန်အရရော အကြောင်းအရာအရပါ ပျင်းရိငြီးငွေ့ဖွယ် လုပ်ဇာတ်တခုဖြစ်နေတယ်။ ဒီလိုလုပ်ဇာတ်တွေက ကမ္ဘာတလွှားမှာ မနည်းလှဘူး။ ဥပမာ မက်ဒရစ်မှာဆိုရင် La Vida del Lenin (လီနင်ရဲ့ ဘဝဇတ်ကြောင်း)ဆိုတဲ့ စာအုပ်တအုပ် ပုံနှိပ်ထုတ်ဝေထားတာရှိတယ်။ Malaparte လီဆည်ရေးသားထားတဲ့ နည်းဗျူဟာ ပုံသေနည်းတွေ ကျနော်နဲ့မဆိုင်သလိုပဲ အဲဒီစာအုပ်လည်း ကျနော်နဲ့ ဘာမှမပတ်သက်ဘူး။ ဒါပေမယ့် အဲဒီစာအုပ်ကို ထရော့စကီးရေးတဲ့ လီနင့်ဘဝဇာတ်ကြောင်းလို့ ဆိုနေကြတယ်။ မက်ဒရစ် အပတ်စဉ်ဂျာနယ်တခုဖြစ်တဲ့ Estampa က ဒီစာအုပ် မထွက်ခင်ကတည်းက အခန်းလိုက် ဖော်ပြလာခဲ့တယ်။ ကျနော် တန်ဖိုးထားလေးစားခဲ့တဲ့ လူတယောက်၊ အခုထိလည်း ကျနော်တို့ ခေတ်ပြိုင်တွေထဲမှာ တခြားသူအားလုံးနဲ့ မယှဉ်သာအောင် ကျနော်တန်ဖိုးထားနေရဆဲ လူတယောက်ရဲ့ဘဝကို ရက်ရက်စက်စက် ဖျက်ဆီးပစ်ထားတဲ့ စာအုပ်ပါ။ 

လူလိမ်တွေကို သူတို့ကြမ္မာအတိုင်း ထားလိုက်ကြပါစို့။ ဘယ်တော့မှ မေ့ပျောက်မသွားနိုင်တဲ့ သူရဲကောင်း ဖိုက်တာ ကား(လ်)လိ(ဘ်)နက်(ခ်)ရဲ့ ဖခင်ကြီး ဝီ(လ်)ဟမ် လိ(ဘ်)နက်(ခ်)ပြောခဲ့သလိုပဲ “တော်လှန်ရေး နိုင်ငံရေးသမားတယောက်ဟာ အရေထူဖို့လိုတယ်”။ ဒေါက်တာစတော့(ခ်)မန်းက ပိုပြီးပေါ်ပေါ်ထင်ထင် အကြံပေးခဲ့သေးတယ်။ လူအများစုရဲ့ ထင်မြင်ချက်နဲ့ ဖီလာဆန့်ကျင်လုပ်ကြဖို့ အဆိုပြုသူတယောက်ဟာ ဘောင်းဘီအသစ်အဆန်းတွေ ပြူးပြူးပြဲပြဲ မဝတ်သင့်ဘူး။ ဒီအကြံကောင်း နှစ်ခုကို မှတ်သားပြီး ကျနော်တို့ ရှေ့ဆက်ဆန်းစစ်ကြည့်ရအောင်လား။ 

အောက်တိုဘာ တော်လှန်ရေးရဲ့ အကြောင်းတရားများ

အောက်တိုဘာ တော်လှန်ရေးက တွေးခေါ်စဉ်းစားတတ်တဲ့ လူတယောက်ရဲ့ စိတ်ထဲ ဘယ်လိုမျိုး မေးခွန်းတွေ ဖြစ်ပေါ်စေသလဲ။

  • ဒီတော်လှန်ရေးက ဘာ့ကြောင့် ဖြစ်ခဲ့သလဲ၊ ဘယ်လို ဖြစ်ခဲ့သလဲ။ ပိုပြီးတိတိကျကျမေးရရင် ဥရောပတိုက် အတွင်း ခေတ်နောက်ကျဆုံး တိုင်းပြည်တခုမှာ ပစ္စည်းမဲ့ တော်လှန်ရေး ဘာ့ကြောင့် အောင်ပွဲရခဲ့သလဲ။
  • အောက်တိုဘာ တော်လှန်ရေးရဲ့ အသီးအပွင့်တွေက ဘာတွေလဲ။ ပြီးတော့ နောက်ဆုံးအနေနဲ့
  • အောက်တိုဘာ တော်လှန်ရေးက မှတ်ကျောက်အတင်ခံနိုင်ပြီလား။

 

အောက်တိုဘာ တော်လှန်ရေး ဖြစ်ပွားရခြင်း အကြောင်းတရားတွေနဲ့ပတ်သက်လို့ ပထမမေးခွန်းကို အခုချိန်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြေနိုင်ပါပြီ။ ကျနော့်စာအုပ် History of the Russian Revolution မှာ ဒီအကြောင်းတွေကို အသေးစိတ် ရှင်းပြဖို့ ကြိုးစားထားပါတယ်။ ဒီနေရာမှာတော့ အရေးအကြီးဆုံး နိဂုံးချုပ်ချက်တွေလောက်ပဲ အကြမ်းဖျင်း တင်ပြနိုင်ပါမယ်။

ဆူကြုံနိမ့်မြင့် ဖွံ့ဖြိုးမှု နိယာမ

ဇာဘုရင်စနစ် အုပ်စိုးတဲ့ ရုရှားလို ခေတ်နောက်ကျလွန်းတဲ့ တိုင်းပြည်တခုမှာ အလုပ်သမား လူတန်းစားက ပထမ ဆုံးအနေနဲ့ အာဏာ အရယူနိုင်ခဲ့တဲ့ အချက်ဟာ ကနဦးမှာပဲ ထူးဆန်းသလို ဖြစ်နေမယ်။ အမှန်တကယ်တော့ ဒီ အချက်ဟာ သမိုင်း နိယာမနဲ့ လုံးဝကိုက်ညီနေပါတယ်။ (ရှေ့တန်းရောက် အရင်းရှင် တိုင်းပြည်တွေမှာ အလုပ်သမား လူတန်းစားက အာဏာမရနိုင်သေးခင်) ရုရှား အလုပ်သမားက အာဏာရနိုင်လိမ့်မယ်လို့ ကြိုတင်တွက်ဆနိုင်သလို တကယ်လည်း ကြိုပြီး ခန့်မှန်းထားခဲ့တယ်။ ဒါ့အပြင် တော်လှန်သော မာ့က်စ်ဝါဒီတွေက အဆုံးအဖြတ် တိုက်ပွဲ မရောက်ခင် နှစ်ပေါင်းများစွာကတည်းက သူတို့ရဲ့ မဟာဗျူဟာကို ဒီတွက်ချက်မှုအပေါ်အခြေခံပြီး တည်ဆောက်ထားခဲ့ကြတယ်။ 

ရှေ့တန်းရောက် အရင်းရှင်တိုင်းပြည်တွေမှာ အလုပ်သမား လူတန်းစားက အာဏာမရနိုင်သေးခင် ခေတ်နောက် ကျလွန်းတဲ့ ရုရှားမှာ အလုပ်သမား လူတန်းစားက ပထမဆုံး ဘာ့ကြောင့် အာဏာအရယူနိုင်ခဲ့သလဲဆိုတဲ့ အချက်ကို ပထမဆုံးနဲ့ ယေဘုယျအကျဆုံး ရှင်းလင်းချက်ပေးရရင် -

ရုရှားဟာ ခေတ်နောက်ကျနေဆဲ တိုင်းပြည်တခုဖြစ်တယ်၊ ဒါပေမယ့် သီးခြားတည်ရှိနေတာ မဟုတ်ဘူး၊ ကမ္ဘာ့ စီးပွားရေးရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်တယ်၊​ အရင်းရှင်ကမ္ဘာ့စနစ်ရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ တည်ရှိနေခြင်း ဖြစ်တယ်။ ဒီအဓိပ္ပါယ်နဲ့ လီနင်က ကျစ်ကျစ်လစ်လစ် ထုတ်ဖော်ပြောခဲ့တယ်၊ “သံကွင်းဆက် ချိန်းကြိုးတန်းကြီးရဲ့ အားအနည်းဆုံး ကွင်းဆက်နေရာကနေ ပေါက်ထွက်သွားခဲ့တယ်”ဆိုတဲ့ လီနင့် စကားဟာ ရုရှား တော်လှန်ရေး နဲ့ ပတ်သက်ပြီး ပဟေဠိလို ရှုပ်ထွေးနေတဲ့ အချက်ကို တိုတိုတုတ်တုတ်နဲ့ ရှင်းသွားစေခဲ့တယ်။ 

အကြမ်းဖျင်း ပုံဖော်ကြည့်ရင် -

ကမ္ဘာ့အရင်းရှင်နယ်ချဲ့စနစ် ပဋိပက္ခတွေရဲ့ အကျိုးဆက်အနေနဲ့ ကမ္ဘာစစ်ကြီးဖြစ်တယ်၊ ဖွံ့ဖြိုးမှုအဆင့် အသီးသီးမှာ ရှိနေကြတဲ့ နိုင်ငံတွေကို ကမ္ဘာစစ် ဝဲဂယက်ကြီးထဲ ဆွဲသွင်းခဲ့တယ်။ ဖွံ့ဖြိုးမှုအဆင့်သာ ဆူကြုံနိမ့်မြင့် ဖြစ်နေပေမယ့် ဒီနိုင်ငံအားလုံးအပေါ် တောင်းဆိုချက်တွေကတော့ အတူတူပဲ။ ဒီတော့ ဖွံ့ဖြိးမှုနောက်ကျဆုံး တိုင်းပြည် တွေအဖို့ စစ်ကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လိုမှ ဆက်ထမ်းမထားနိုင်တော့ဘူး။ ဒီစစ်တလင်းကနေ မဖြစ်မနေ ဆုတ်ခွာဖို့ ဖြစ်လာတာကတော့ ရုရှား။ ဒါပေမယ့် ဒီလို စစ်တလင်းနဲ့ ကင်းရှင်းသွားနိုင်အောင် ရုရှားလူထုက အုပ်စိုးသူ လူတန်းစားတွေကို ဖြိုချပစ်ခဲ့ရတယ်။ ကမ္ဘာစစ် သံကွင်းဆက် ချိန်းကြိုးတန်းကြီးဟာ ဒီလိုနည်းနဲ့ အား အနည်းဆုံး ကွင်းဆက်ကနေ ပြတ်ထွက်သွားခဲ့ခြင်း ဖြစ်တယ်။ 

စစ်ဆိုတာ ငလျင်ထလှုပ်လိုက်သလို ပြင်ပကနေ ဖြစ်ပေါ်လာတဲ့ ကပ်ဆိုးတစ်ခု မဟုတ်ဘူး၊​ အဘိုးကြီး ကလော့ (စ်)ဝစ်(တ်ဇ်)* ပြောခဲ့သလိုပဲ နိုင်ငံရေးကို တခြားနည်းတွေနဲ့ ဆက်လုပ်ခြင်းသာ ဖြစ်တယ်။ ပြီးခဲ့တဲ့ စစ်ပွဲကြီးဟာ ဆိုရင် အရင်းရှင်နယ်ချဲ့စနစ်ရဲ့ “ငြိမ်းချမ်းရေး”ကာလ တိမ်းညွှတ်မှု အင်အားတွေကို ပိုပြီးရုန့်ရင်းကြမ်းတမ်းစွာ ထုတ်ဖော်ပြခဲ့ခြင်းသာ ဖြစ်တယ်။ အထွေထွေ ကုန်ထုတ်စွမ်းအားစုတွေ ပိုပြီးတိုးတက်မြင့်မားလာလေ ကမ္ဘာ့ဈေး ကွက်ပေါ်မှာ ပြိုင်ဆိုင်မှု ပိုပြင်းထန်လာလေ၊ အရင်းရှင်နယ်ချဲ့ပါဝါတွေကြား ပဋိပက္ခတွေ ပိုပြင်းထန်လာလေဖြစ်သလို စစ်လက်နက်တွေလည်း မိုက်မိုက်ကန်းကန်းနဲ့ ပိုတပ်ဆင်လာကြလေဖြစ်တယ်၊ ဒီလိုဖြစ်လေ အင်အားချိတဲ့ ပါဝင်သူတွေအဖို့ ပိုပြီးခက်ခဲကြပ်တည်းလေပဲ။ ဒါ့ကြောင့်မို့ ခေတ်နောက်ကျ တိုင်းပြည်တွေက စောစောစီးစီး ပြိုလဲသွားတဲ့ စာရင်းမှာ နေရာယူထားခြင်း ဖြစ်တယ်။ ကမ္ဘာ့အရင်းရှင်စနစ် ချိန်းကြိုးတန်းကြီးဟာ အားအနည်းဆုံး ကွင်းဆက်ကနေ ပြတ်တောက်လေ့ရှိတယ်။ 

[*Karl von Clausewitz (၁၇၈၀-၁၈၃၁): ပရပ်ရှား စစ်တပ်အရာရှိ၊ ဟေဂယ်ရဲ့ နောက်လိုက် စစ်ရေး သဘော တရားဆရာ] ဘာသာပြန်သူ

ခြွင်းချက်လို့ဆိုရလောက်အောင် အလွန်အမင်း ဆိုးရွားတဲ့ အခြေအနေတွေ (ဆိုကြပါစို့၊ နမူနာပေးရရင် ပြင်ပကနေ စစ်ရေးကျူးကျော်မှုတွေ တောက်လျှောက်ခံရတာ ဒါမှမဟုတ် ဆိုဗီယက် အစိုးရကိုယ်တိုင်က ပြင်ဆင်လို့ မရနိုင်တဲ့ အမှားတွေ ကျူးလွန်မိတာ) ရဲ့ အကျိုးဆက်အနေနဲ့ အလွန်ကျယ်ပြောတဲ့ ဆိုဗီယက် မြေပေါ်မှာ အရင်းရှင်စနစ် တကျော့ပြန် ပေါ်ထွန်းလာခဲ့မယ်ဆိုရင်လည်း အဲဒီအရင်းရှင်စနစ်ရဲ့ သမိုင်းဆိုင်ရာ ချို့ငဲ့မှုဟာ မလွဲမသွေ ပေါ်ထွက်လာမှာပဲ၊ ဒီလိုပေါ်ထွန်းလာတဲ့ အရင်းရှင်စနစ်ဟာ ၁၉၁၇ အတွင်း အုံကြွပေါက်ကွဲမှုမျိုး ဖြစ်ပေါ်စေခဲ့တဲ့ အလားတူ ပဋိပက္ခတွေရဲ့ သားကောင်ပြန်ဖြစ်ဦးမှာပဲ။ ရုရှားလူ့အဖွဲ့အစည်းကသာ အဲဒီပဋိပက္ခတွေကို သူ့ဝမ်းဗိုက်အတွင်း သန္ဓေလွယ်မထားခဲ့ဘူးဆိုရင် ဘယ်လိုနည်းဗျူဟာ ဖော်မြူလာမျိုးနဲ့မှ အောက်တိုဘာ တော်လှန်ရေးကို မွေးဖွားမပေးနိုင်ဘူး။ နောက်ဆုံးသတ္ထုချလိုက်ရင် တော်လှန်ရေးပါတီဆိုတာ သန္ဓေသားကို သဘာဝမွေးလမ်းကြောင်းအတိုင်း မီးဖွားပေးဖို့ မဖြစ်နိုင်တဲ့အဆုံး ဗိုက်ခွဲမွေးဖို့ ရွေးချယ်လိုက်ရတဲ့ သားဖွားအထူးကုတယောက်ရဲ့ အခန်းကဏ္ဍမျိုးပဲ တောင်းဆိုနိုင်တယ်။ 

ဒီအဆိုကို တစုံတယောက်က အခုလို တုံ့ပြန်ကောင်းတုံ့ပြန်နိုင်တယ် - “ရုရှား လူ့အဖွဲ့အစည်းဟောင်းဟာ ခေတ် နောက်ကျနေဆဲ အရင်းရှင်စနစ် ဖြစ်သလို မွဲတေနုံချာလှတဲ့ လယ်သမား အများစုရှိတဲ့ တိုင်းပြည်တခုလည်း ဖြစ်တယ်၊ သူတို့ရဲ့အထက်မှာ ပဒေသရာဇ် ကပ်ပါး လူတန်းစားနဲ့ ယိုယွင်းပျက်စီးနေတဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်က သရဖူဆောင်းထားတယ်။ ဒါ့ကြောင့် မင်းပြောတဲ့ ယေဘုယျ စဉ်းစားချက်တွေဟာ ရုရှား လူ့အဖွဲ့အစည်းဟောင်း ပြိုကွဲပျက်စီးသွားရခြင်း အကြောင်းတရားကို ပြည့်ပြည့်စုံစုံ ရှင်းပြကောင်း ရှင်းပြနိုင်မယ်။ ဒါပေမယ့် ချိန်းကြိုးတန်းကြီးနဲ့ အားအနည်းဆုံး ကွင်းဆက်လို့ နမူနာပေး တင်စားပြောတဲ့နေရာမှာ တကယ့်ပဟေဠိရဲ့ သော့ချက် ပျောက်နေဆဲဖြစ်တယ်။ တကယ့်ပဟေဠိက အဲဒီလို ခေတ်နောက်ကျနေဆဲ တိုင်းပြည်တခုမှာ ဆိုရှယ်လစ် တော်လှန်ရေးတခု ဘယ်လို အောင်ပွဲခံနိုင်ခဲ့တာလဲ။ တိုင်းပြည်တွေနဲ့ ယဉ်ကျေးမှုတွေ ယိုယွင်းပျက်စီးသွားတယ်၊ အရင် မင်းမူခဲ့တဲ့ လူတန်းစားအဟောင်းတွေ ပြိုကျသွားတယ်၊ ဒါပေမယ့် အစားထိုးဖို့ တိုးတက်တဲ့ လူမှုအင်အားစုက မရှိဘူး။ ဒီလိုနမူနာတွေ သမိုင်းမှာ မနည်းလှပါဘူး။ ရုရှား လူ့အဖွဲ့အစည်းဟောင်း ပြိုကွဲသွားခြင်းဟာ ရုရှားကို ဆိုရှယ်လစ် နိုင်ငံတခု မဖြစ်စေဘဲ အရင်းရှင် ကိုလိုနီတခု ဖြစ်သွားစေသင့်တယ်၊၊”

ဒီငြင်းဆိုချက်ဟာ အတော် စိတ်ဝင်စားစရာ ကောင်းတယ်။ ပြဿနာတစုံလုံးရဲ့ အတွင်းသားအနှစ်သာရဆီ ဦး တည်သွားစေတယ်။ ဒါပေမယ့်လည်း ဒီငြင်းဆိုချက်ဟာ မှားတယ်၊ ဒီငြင်းဆိုချက်မှာ အတွင်းသား ညီညွတ်မျှတမှု ကင်းမဲ့နေတယ်လို့ ပြောနိုင်တယ်။ တဖက်မှာ ဒီငြင်းဆိုချက်က သမိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ခေတ်နောက်ကျနေခြင်း ဖြစ်ရပ်ကို အလွန်အမင်း ပုံကြီးချဲ့ ယူဆခြင်းကနေ အစပြုထားခြင်း ဖြစ်တယ်။ 

လူသားတွေအပါအဝင် သက်ရှိတွေဟာ သူတို့အသက်အရွယ်နဲ့လိုက်ပြီး ဖွံ့ဖြိုးမှု အဆင့်အဆင့်ကို ဖြတ်သန်းသွားကြတယ်။ ပုံမှန်ငါးနှစ်အရွယ် ကလေးတယောက်မှာ သူ့အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်၊ အရွယ်အစားနဲ့ ကိုယ်တွင်း အင်္ဂါဖွံ့ဖြိုးမှုတွေ တွေ့ကြရတယ်။ ဒါပေမယ့် လူသား အသိစိတ် ဖွံ့ဖြိုးမှုကတော့ တမူကွဲတယ်။ လူတဦးချင်း စိတ္တဗေဒရော လူမှု စိတ္တဗေဒရောဟာ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒတို့နဲ့ ကွဲပြားခြားနားနေတယ်။ စိတ္တဗေဒမှာ အလွန်ထူးကဲတဲ့ စုပ်ယူထားနိုင်စွမ်း၊​ အလိုက်သင့် ပြောင်းလဲနိုင်စွမ်း၊​ ပြုလွယ်ပြင်လွယ် ဖြစ်နိုင်စွမ်းတွေ ရှိတယ်။ ဒီအစွမ်းအစတွေ ရှိနေလို့ပဲ လူသားက သူနဲ့ဆွေမျိုးအနီးစပ်ဆုံး လူဝံကြီးတွေထက် ကြီးကျယ်ခမ်းနားတဲ့ အကျိုးကျေးဇူးတွေ ရရှိနေတာ ဖြစ်တယ်။ စုပ်ယူနိုင်စွမ်းကောင်းပြီး အလိုက်သင့် ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိတဲ့ စိတ္တဗေဒဟာ ဇီဝဗေဒ သက်ရှိတွေနဲ့ ကွဲပြားခြားနားပြီး သင်းပင်းစုရုံးနေတတ်တဲ့ သက်ရှိတွေကို အတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်ပုံ ထူးထူးကဲကဲ လိုက်လျောညီထွေပြောင်းလဲနိုင်စွမ်း ရရှိသွားစေတယ်။ ဒါဟာ သမိုင်းဆိုင်ရာ တိုးတက်မှုအတွက် လိုအပ်ချက်တခုလည်း ဖြစ်တယ်။ အမျိုးသားနိုင်ငံတော်တွေ အထူးသဖြင့် အရင်းရှင်နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းမှာ ပုံမှန်ဖြစ်မှုဆိုတာ မရှိသလို တူညီမှုဆိုတာလည်း မရှိဘူး။ နိုင်ငံတခုတည်းရဲ့ ဘဝမှာပဲ မတူညီတဲ့ ယဉ်ကျေးမှု အဆင့်တွေ (တောင်နဲ့မြောက်လို ဆန့်ကျင်ဖက်ဖြစ်နေတဲ့ အဆင့်တွေတောင် ရှိတတ်) ဟာ တခုနဲ့တခု ပူးကပ်ယှက်နွှယ်နေကြတယ်။ 

ပေါင်းစပ်ဖွံ့ဖြိုးခြင်း နိယာမ

သမိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျနေခြင်းဆိုတာ နှိုင်းရသဘော ယူဆချက်တခုဆိုတာ မမေ့သင့်ဘူး။ ခေတ်နောက်ကျ တိုင်းပြည်တွေ ရှိသလို တိုးတက်နေတဲ့ တိုင်းပြည်တွေလည်း ရှိတယ်၊ သူတို့အချင်းချင်းကြားမှာလည်း အပြန်အလှန် လွှမ်းမိုးမှုတွေ ရှိနေတယ်။ တိုးတက်နေတဲ့ တိုင်းပြည်တွေက ခေတ်နောက်ကျနေဆဲ တိုင်းပြည်တွေအပေါ် ဖိအားရှိသလို ခေတ်နောက်ကျနေဆဲ တိုင်းပြည်တွေဘက်မှာလည်း တိုးတက်နေတဲ့ တိုင်းပြည်တွေကို အမီလိုက်ဖို့ လိုအပ်ချက်ရှိတယ်၊ ဒီလိုအမီလိုက်နိုင်အောင် ရှေ့တန်းရောက် တိုင်းပြည်တွေဆီကနေ နည်းပညာနဲ့ သိပ္ပံ အစရှိတဲ့ အရာတွေကို ဆွဲငင်စားသုံးကြတယ်။ ဒီလိုနည်းနဲ့ ပေါင်းစပ်ဖွံ့ဖြိုးခြင်းပုံစံ ပေါ်ထွက်လာတယ် - ခေတ်နောက်ကျနေတဲ့ ဝိသေသတွေကို ကမ္ဘာပေါ်က နောက်ဆုံးပေါ် နည်းပညာတွေ၊ ကမ္ဘာပေါ်က ရှေ့တန်းရောက် အတွေးအခေါ် တွေနဲ့ ပေါင်းစပ်ထားတယ်။ အဆုံးမှာတော့ သမိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကောက်ကျနေဆဲ တိုင်းပြည်တွေဟာ သူတို့ရဲ့ နောက်ကောက်ကျမှုကို ကျော်လွှားသွားနိုင်ဖို့ တခြားတိုင်းပြည်တွေထက် ရှေ့ရောက်အောင် မကြာခဏဆိုသလို တွန်းအားပေးခံရတယ်။ 

လူမှုအသိစိတ်ရဲ့ ပြုလွယ်ပြင်လွယ်ဖြစ်မှုကြောင့် တချို့သော အခြေအနေတွေမှာ အောင်သီးအောင်ပွင့်ရအောင် လုပ်ပေးနိုင်တယ်၊ တဦးချင်း စိတ္တဗေဒနယ်ပယ်မှာတော့ “အငုံ့စိတ်ကို ကျော်လွှားခြင်း”လို့ ခေါ်ကြတယ်။ ဒီအနက် နဲ့ဆိုရရင် အောက်တိုဘာ တော်လှန်ရေးဟာ ရုရှားလူထုက သူတို့ရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှု နိမ့်ပါးနေဆဲ အခြေအနေကို ကျော်လွှားသွားနိုင်အောင် စွမ်းဆောင်ခဲ့တဲ့ သူရဲကောင်းပီသသော လုပ်ရပ်ဖြစ်တယ်။ 

စိတ္တဇဆန်ကောင်းဆန်နိုင်တဲ့ ဒီသမိုင်းဗေဒ အဘိဓမ္မာဆိုင်ရာ ယေဘုယျ အဆိုပြုချက်တွေကနေ အခိုင်အမာ ပြ ဿနာအဖြစ် ဆန်းစစ်ကြည့်ကြပါစို့။ ဆိုလိုတဲ့သဘောက သက်ဝင်လှုပ်ရှားနေတဲ့ ဘောဂဗေဒဆိုင်ရာ အခိုင်အမာ အချက်အလက်တွေနဲ့ ဒီပြဿနာကို ဖော်ထုတ်ကြည့်ရအောင်။ ရုရှားရဲ့ နောက်ကောက်ကျမှုဟာ ၂၀ ရာစု အစပိုင်း မှာ ရှင်းရှင်းလင်းလင်း ထုတ်ဖော်လာခဲ့တယ်၊​ ရုရှားပြည်ထဲက လယ်သမားထုနဲ့ နှိုင်းစာလိုက်ရင် စက်မှုလုပ်ငန်းက မဆိုစလောက်သာ ရှိခဲ့တယ်။ ခြုံပြောရရင် တပြည်လုံး လုပ်အားရဲ့ ကုန်ထုတ်သတ္တိ နိမ့်ပါးနေခြင်းကို ဆိုလိုတာပဲ။ ပထမကမ္ဘာစစ် ဖြစ်ခါနီး ဇာဘရင်ခေတ်ရုရှားရဲ့ နိုင်ငံလုံးဆိုင်ရာ ဝင်ငွေဟာ အဲဒီကာလ အမေရိကန် ပြည်ထောင်စု ဝင်ငွေထက် ရှစ်ဆကနေ ဆယ်ဆလောက် ပိုနည်းခဲ့တယ်။ ဒီတချက်နဲ့တင် ရုရှားရဲ့ အခြေအနေကို မြင်သာတယ်။ “လှိုင်းအကျယ်”ဆိုတဲ့ စကားလုံးကို ခေတ်နောက်ကျမှုနဲ့ ဆက်စပ်ပြီး သုံးစွဲလို့ရမယ်ဆိုရင် ဒီအချက်ဟာ ရုရှားရဲ့ သမိုင်းဆိုင်ရာ နောက်ကောက်ကျမှု “လှိုင်းအကျယ်”ကို ကိန်းဂဏန်းအားဖြင့် ဖော်ထုတ်ပြလိုက်တာပဲ။ 

သို့သော်လည်း တချိန်တည်းမှာ ပေါင်းစပ်ဖွံ့ဖြိုးခြင်း နိယာမက စီးပွားရေးနယ်ပယ်အတွင်း အဆင့်တိုင်းမှာ ရိုးရိုးရှင်းရှင်း ဖြစ်ရပ်အနေနဲ့သာမက ရှုပ်ထွေးတဲ့ ဖြစ်ရပ်အနေနဲ့ပါ ဖော်ထုတ်ပြခဲ့တယ်။ ဟိုင်းဝေးလမ်းကြီးတွေ မရှိသလောက်ဖြစ်နေတဲ့ ရုရှားဟာ ရထားလမ်းမကြီးတွေ ဆောက်လုပ်ပေးခဲ့ရတယ်။ ဥရောပမှာ အရင်းရှင်စနစ်ဆီ မတက်လှမ်းနိုင်ခင် လက်မှုလုပ်ငန်းနဲ့ manufacture ခေါ် အလုပ်ရုံကြီးတွေ အရင်ပေါ်ထွန်းခဲ့တယ်။ ရုရှားမှာ အဲဒီအဆင့်တွေ မဖြတ်သန်းခဲ့ရဘဲ စက်ယန္တယားကြီးတွေနဲ့ ကုန်ထုတ်လုပ်ခြင်းဆီ တိုက်ရိုက်တက်လှမ်းသွားခဲ့တယ်။ ကြားအဆင့်တွေကို ကျော်လွှားပြီး အမီလိုက်ဖို့ ကြိုးစားတာဟာ ခေတ်နောက်ကျ တိုင်းပြည်တွေရဲ့ ဖွံ့ဖြိုးမှုပုံစံ ဖြစ်တယ်။ 

လယ်ယာစိုက်ပျိုးရေးက ၁၇ ရာစု အဆင့်မှာပဲ ရှိနေသေးပေမယ့် ရုရှား စက်မှုကဏ္ဍကတော့ မကျယ်ပြန့်ဘူး ဆိုရင်တောင် အမျိုးအစားအားဖြင့် ရှေ့တန်းရောက် တိုင်းပြည်တွေရဲ့ အဆင့်အနေအထားကို ရရှိထားခဲ့တယ်။ မျက်နှာစာတချို့မှာဆိုရင် တိုးတက်နေတဲ့ တိုင်းပြည်တွေထက်ကို ခေါင်းတလုံးပိုသာနေခဲ့တယ်။ အလုပ်သမား ၁၀၀၀ ကျော်ခန့်ပြီး လည်ပတ်နေတဲ့ အမေရိကန် ပြည်ထောင်စုက ဧရာမလုပ်ငန်းကြီးတွေမှာ စက်မှု အလုပ်သ မား စုစုပေါင်းရဲ့ ၁၈% အောက်ပဲ ရှိတယ်၊ ရုရှားမှာ ၄၁%ကျော် ရှိတယ်။ ဒီတချက်နဲ့တင် မြင်သာပါတယ်။ ရုရှားရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနောက်ကျနေခြင်းကို ထုံးစံအတိုင်းမြင်ထားမယ်ဆိုရင် ဒီအချက်ကို နားလည်နိုင်မှာ မဟုတ်ဘူး။ တဖက်ကကြည့်မယ်ဆိုရင်လည်း ဒီအချက်ဟာ ရုရှားရဲ့ နောက်ကောက်ကျမှုကို ချေဖျက်မပစ်ပါဘူး၊​ ခေတ်နောက်ကျမှုကို ဒိုင်ယာလက်တစ်ဆန်ဆန် ပေါင်းဖက်ပေးထားခြင်း ဖြစ်တယ်။ 

ဒီလိုမျိုး ပဋိပက္ခဖြစ်နေတဲ့ လက္ခဏာကို အဲဒီနိုင်ငံရဲ့ လူတန်းစား ဖွဲ့စည်းပုံက သက်သေထူထားတယ်။ ဥရောပရဲ့ ဘဏ္ဍာအရင်းက ရုရှား စီးပွားရေးကို တဟုန်ထိုး စက်မှုထွန်းကားသွားစေခဲ့တယ်။ စက်မှု ဘူဇွာတွေဟာ နေ့ချင်းညချင်း အကြီးစား အရင်းရှင်လက္ခဏာ ဆောင်သွားသလို လူထု ဆန့်ကျင်ရေးအသွင်လည်း ဆောင်သွားခဲ့တယ်။ ဒါ့အပြင် နိုင်ငံခြား စတော့(ခ်)ပိုင်ရှင်တွေဟာ ရုရှားနိုင်ငံရဲ့ ပြင်ပမှာပဲ နေထိုင်ကြတယ်။ အခြားတဖက်မှာတော့ အလုပ်သမားတွေဟာ သဘာဝကျစွာပဲ ရုရှားတွေ ဖြစ်နေတယ်။ နေရှင်နယ် ဇစ်မြစ်မရှိတဲ့ ရုရှား ဘူဇွာတွေဟာ အရေ အတွက်အားဖြင့်လည်း အင်အားနည်းလှပါတယ်၊​ သူတို့နဲ့ ဆန့်ကျင်ဖက် ထိပ်တိုက်တိုးလာတဲ့ ပစ္စည်းမဲ့ လူတန်းစားကတော့ လူထုကြား နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားပြီး အတော်လည်း အားကောင်းတယ်။ 

ခေတ်နောက်ကျနေဆဲ ရုရှားလို တိုင်းပြည်တခုဟာ သူ့ပြိုင်ဖက် နိုင်ငံတွေကို အမီလိုက်ဖို့ တွန်းအားပေးခံရတယ်၊ ဒီလို နိုင်ငံတခုမှာ သူ့ကိုယ်ပိုင် လူမှု ကွန်ဆာဗေးတစ်ဝါဒ ဒါမှမဟုတ် နိုင်ငံရေး ကွန်ဆာဗေးတစ်ဝါဒ ထုတ်လုပ်ဖို့ မစွမ်းနိုင်ဘူး၊ ဒီအချက်ဟာ ပစ္စည်းမဲ့လူတန်းစားရဲ့ တော်လှန်ရေးလက္ခဏာကို ထပ်လောင်းအားကောင်းစေတယ်။ ဥရောပရဲ့ ကွန်ဆာဗေးတစ် အဆန်ဆုံး (အမှန်တော့ တကမ္ဘာလုံးမှာ ကွန်ဆာဗေးတစ် အဖြစ်ဆုံး) နိုင်ငံကို သက် တမ်းအရင့်ဆုံး အရင်းရှင် တိုင်းပြည်တခုဖြစ်တဲ့ အင်္ဂလန်လို့ ယူဆကြတယ်။ ကွန်ဆာဗေးတစ်ဝါဒ အကင်းဆုံး ဥရောပတိုင်းပြည် ပြပါဆိုရင် ရုရှား ဖြစ်နိုင်တယ်။ 

ဒါပေမယ့် နုနယ် ပျိုမြစ်ပြီး ပြတ်သားတဲ့ ရုရှား အလုပ်သမား လူတန်းစားဟာ တနိုင်ငံလုံး အတိုင်းအတာအရဆို လက်တဆုပ်စာပဲ ရှိနေသေးတယ်။ ပစ္စည်းမဲ့ လူတန်းစားရဲ့ တော်လှန်ရေး စွမ်းအားဟာ အလုပ်သမား လူတန်းစား ပြင်ပက မြေကျွန်တပိုင်း လယ်သမားထုနဲ့ အဖိနှိပ်ခံ လူမျိုးစုတွေကြားမှာ အရံအင်အားတွေအဖြစ် ကိန်းဝပ်နေတယ်။

လယ်သမားထု

မြေယာပြဿနာဟာ တော်လှန်ရေးရဲ့ မြေအောက်လွှာ ဖြစ်ခဲ့တယ်။ ခေတ်ဟောင်း ပဒေသရာဇ် သက်ဦးဆံပိုင် ဘုရင်စနစ်ဟာ အသစ်ပေါ်ထွန်းလာတဲ့ အရင်းရှင်စနစ် သွေးစုပ်ခြယ်လှယ်မှု အခြေအနေတွေအောက်မှာ ဘယ်လိုမှ ထမ်းပိုးထားလို့ မရတော့တဲ့ အခြေဆိုက်လာခဲ့တယ်။ လယ်သမားတွေ လုပ်ကိုင်စားသောက်ခွင့်ရှိတဲ့ ကွန်မြူး မြေဧရိယာအကျယ်အဝန်းဟာ ဒက်ဆီယာတင်း သန်း ၁၄၀ လောက်ပဲ ရှိခဲ့တယ်။ ဒါပေမယ့် ဦးရေ ၃၀၀၀၀ လောက်ရှိတဲ့ မြေရှင်ကြီးတွေကတော့ မြေဧရိယာ အကျယ်အဝန်း ဒက်ဆီယာတင်း ၇ သန်းလောက် ပိုင်ဆိုင်နေကြတယ်။ သဘောက လယ်သမား ၁၀ သန်း လုပ်ကိုင်စားသောက်နိုင်တဲ့ မြေဧရိယာ အကျယ်အဝန်းကို မြေရှင်ကြီး ၃၀၀၀၀ လောက်က ပိုင်ဆိုင်ထားခြင်းဖြစ်တယ်။ အဲဒီစာရင်းအင်းတွေက လယ်သမား သူပုန်ထခြင်း လုပ်ငန်းစဉ်တခုကို အဆင်သင့် ပြင်ပေးထားလိုက်တာပဲ။ 

သူကောင်းမျိုးအနွယ် ဘိုကိုရင်က မြူနီစီပယ် ဒူးမားဥက္ကဌဆီကို ၁၉၁၇ ခုနှစ်မှာ စာရေးခဲ့ဖူးတယ် - “ကျနော်ဟာ မြေရှင်တစ်ဦးဖြစ်တယ်၊ ကျနော်ပိုင်ဆိုင်တဲ့ မြေယာတွေ ဆုံးရှုံးသွားရမယ်ဆိုတဲ့ အတွေးမျိုး ခေါင်းထဲတောင် အရောက်မခံနိုင်ဘူး။ ယုံနိုင်စရာမရှိတဲ့ ရည်ရွယ်ချက်တခုအတွက်၊ ဆိုရှယ်လစ်ဒေသနာကို စမ်းသပ်ကြည့်ဖို့ အတွက် ဒီလိုအတွေးမျိုး ခေါင်းထဲအရောက်မခံနိုင်ဘူး။” ဒါပေမယ့် အုပ်စိုးသူ လူတန်းစားတွေ သူတို့ခေါင်းထဲ အရောက်မခံနိုင်တဲ့ အရာတွေကို အကောင်အထည်ဖော်ရတာကိုက တော်လှန်ရေးတွေရဲ့ တာဝန်မဟုတ်ပါလား။ 

၁၉၁၇ ဆောင်းဦးကာလမှာ ရုရှားတပြည်လုံးနီးပါး လယ်သမား သူပုန်ထမှုတွေ တဟုန်းဟုန်းပဲ။ ခေတ်ဟောင်း ရုရှားရဲ့ ဌာနကြီး ၆၄၂ ခုအနက် ၄၈၂ ဌာန (၇၇%)ကို လူထု လှုပ်ရှားမှုကြီးတွေက လွှမ်းမိုးရိုက်ခတ်သွားခဲ့တယ်။ တော်လှန်မီး တောက်ညီးနေတဲ့ ကျေးလက်ဒေသတွေက ရောင်ပြန်ဟပ်အလင်းဟာ သူပုန်ထ မြို့ပြဒေသတွေကို လင်းထင်းသွားစေခဲ့တယ်။

သို့သော်လည်း ခင်ဗျားက အခုလိုငြင်းချက်ထုတ်နိုင်တယ် - မြေရှင်ကြီးတွေကို ဆန့်ကျင်တော်လှန်တဲ့ လယ်သမား စစ်ပွဲဆိုတာ ဘူဇွာ တော်လှန်ရေးရဲ့ စံတော်ဝင် ဝိသေသတစ်ခုသာ ဖြစ်တယ်၊ ပစ္စည်းမဲ့ တော်လှန်ရေး လုံးဝမဟုတ်ဘူးလို့။ 

လုံးဝ မှန်ပါတယ်လို့ ကျနော် ပြန်ပြောမှာပဲ၊​ အတိတ်တုန်းက အဲဒီလို ဖြစ်ခဲ့တာပဲ။ ဒါပေမယ့် သမိုင်းဖွံ့ဖြိုးမှုအရ နောက်ကောက်ကျနေတဲ့ တိုင်းပြည်တစ်ခုမှာ အရင်းရှင်စနစ် ရှင်သန်ကြီးထွားနိုင်စွမ်း မရှိခြင်းကို ဟောဒီအချက်မှာ အတိအလင်း ဖွင့်ထုတ်ပြထားတယ် - လယ်သမား သူပုန်ထမှုတွေဟာ ရုရှား ဘူဇွာ လူတန်းစားကို ရှေ့တိုး တော်လှန်လာအောင် တွန်းမပို့ခဲ့ဘူး၊​ ဆန့်ကျင်ဖက်အနေနဲ့ ဘူဇွာလူတန်းစားကို ဖောက်ပြန်တဲ့ဘက်ဆီပဲ နောက်ပြန်ခေါက်သွားစေခဲ့တယ်။ လယ်သမားထုအနေနဲ့ အလုံးစုံ မပျက်သုဉ်းလိုဘူးဆိုရင် စက်မှု အလုပ်သမား လူတန်းစားနဲ့ လက်တွဲလိုက်ဖို့သာ ရှိတော့တယ်။ အဲဒီအဖိနှိပ်ခံလူတန်းစားကြီးနှစ်ရပ် အတူလက်တွဲ တော်လှန်ရေးကို ဉာဏ်အမြော်အမြင် ကြီးမားတဲ့ လီနင်က ကြိုမြင်နိုင်ခဲ့တယ်၊​ ဒီအတွက်လည်း တော်လှန်ရေး မဖြစ်ခင် ဟို အရင်ကတည်းက လီနင် ကြိုပြင်ခဲ့တယ်။ 

ဘူဇွာလူတန်းစားကသာ မြေယာပြဿနာကို သတ္တိရှိရှိ ကိုင်တွယ်ဖြေရှင်းခဲ့တယ်ဆိုရင် ၁၉၁၇ မှာ ရုရှား ပစ္စည်းမဲ့ လူတန်းစားက အာဏာသိမ်းနိုင်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် သမိုင်းစင်မြင့်ပေါ်ကို အလွန်တရာ နောက်ကျပြီးမှ ရောက်ရှိလာတဲ့ ရုရှား ဘူဇွာတွေဟာ အလိုရမ္မက်ကြီးပြီး သတ္တိနည်းတယ်၊ သမိုင်းဇာတ်ခုံပေါ် အလွန်တရာ နောက်ကျပြီးမှ ရောက်လာရတော့ စောစောစီးစီး အိုမင်းရင့်ရော်မှုရဲ့ သားကောင်ဖြစ်ရတယ်။ ဒီလိုဖြစ်နေတဲ့ ဘူဇွာတွေဟာ ပဒေသရာဇ် မြေရှင်ကြီးတွေကို လက်ညှိုးတချက်တောင် မထိုးရဲဘူး။ ဒါတွေကြောင့်ပဲ ပစ္စည်းမဲ့ လူတန်းစားကို အာဏာနှင်းအပ်ခဲ့တယ်၊ ဘူဇွာ လူ့အဖွဲ့အစည်းရဲ့ ကြမ္မာတခုလုံး စီရင်ခြယ်လှယ်ခွင့်ကိုပါ နှင်းအပ်ခဲ့တယ်။ 

ဆိုဗီယက် နိုင်ငံတော် တည်ရှိလာနိုင်အောင် သမိုင်းဆိုင်ရာ သဘာဝချင်း ခြားနားတဲ့ အကြောင်းအချက် နှစ်ခု ပေါင်းဆုံမိဖို့ လိုအပ်ခဲ့တယ်။ အဲဒီနှစ်ချက်ကတော့ (၁) ဘူဇွာ ဖွံ့ဖြိုးမှု အရုဏ်ဦးရဲ့ ဝိသေသဖြစ်သော လယ်သမား စစ်ပွဲ နဲ့ (၂) ဘူဇွာ လှုပ်ရှားမှု ကျဆုံးခန်းကို ကြေညာလိုက်တဲ့ ပစ္စည်းမဲ့ အုံကြွမှုပဲ။ ဒီနေရာမှာ ရုရှား တော်လှန်ရေးရဲ့ ပေါင်းစပ်ဖွံ့ဖြိုးခြင်း ဝိသေသကို တွေ့ရမယ်။ 

ဝက်ဝံကို (လယ်သမားထုကို ရည်ညွှန်း) သူ့နောက်ခြေပေါ် ရပ်ခွင့်ပေးလိုက်တာနဲ့ ဒေါသပုန်ထလာမယ်။ ဒါပေမယ့် ခံပြင်းဒေါသထွက်မှုကို သိစိတ်ရှိရှိ ထုတ်ဖော်ပြနိုင်စွမ်း မရှိဘူး။ ဒီလို လုပ်ပေးနိုင်ဖို့ ခေါင်းဆောင် လိုအပ်တယ်။ သူပုန်ထ လယ်သမားတွေဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပစ္စည်းမဲ့ လူတန်းစားဆိုတဲ့ သစ္စာရှိ ခေါင်းဆောင်ကို တွေ့ရှိသွားခဲ့တယ်။ 

စက်ရုံကြီးတွေနဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေက (၄)သန်းရှိတဲ့ အလုပ်သမားတွေက သန်း(၁၀၀)ကျော် လယ်သမားထုကို ခေါင်းဆောင်သွားခဲ့တယ်။ ဒါဟာ တော်လှန်ရေးအတွင်း ပစ္စည်းမဲ့ လူတန်းစားနဲ့ လယ်သမားထုကြား သဘာဝကျကျ မလွဲမသွေ ထွက်ပေါ်လာခဲ့တဲ့ အပြန်အလှန် ဆက်နွှယ်မှု ဖြစ်ခဲ့တယ်။ 

လူမျိုးစု ပြဿနာ

ပစ္စည်းမဲ့ လူတန်းစားရဲ့ တော်လှန်ရေး စွမ်းအင်တွေ သိုမှီးထားတဲ့ ဒုတိယ အင်အားစုက အဖိနှိပ်ခံ လူမျိုးစုတွေပဲ။ အဖိနှိပ်ခံ လူမျိုးစုတွေထဲမှာ အများတကာ့ အများစုကြီးက လယ်သမားထု ဖြစ်နေပြန်တယ်။ ရုရှားနိုင်ငံရဲ့ သမိုင်း ဆိုင်ရာ နောက်ကောက်ကျမှုနဲ့အတူ တပူးတည်းတွဲပါလာတာက နိုင်ငံတော်ရဲ့ အလွန်အမင်း ဖြန့်ကျက်အုပ်စိုးမှု ဝိသေသ ဖြစ်ပါတယ်။ မော်စကိုဆိုတဲ့ ဗဟိုချက်ကနေ ဘေးအနားသတ်တွေဆီ ဖြန့်ထွက်သွားတဲ့ အမဲဆီစက်ကြီးလို ဖြန့်ထွက် အုပ်စိုးနေတယ်။ အရှေ့ဘက်အခြမ်းမှာ သူ့ထက်ပိုနောက်ကောက်ကျနေဆဲ လူမျိုးစုတွေကို လက်အောက်ခံအဖြစ် သွတ်သွင်းအုပ်ချုပ်တယ်။ ဒီအပေါ် ခြေကုပ်ယူပြီး အနောက်ဘက်တကျောက ပိုပြီးဖွံ့ဖြိုးတဲ့ လူမျိုးစုတွေကို လည်မျိုညှစ် စိုးမိုးတယ်။ မဟာရုရှား လူမျိုး သန်း ၇၀ က လူဦးရေရဲ့ အဓိက အုပ်စုကြီး ဖြစ်နေပြီး တခြား လူမျိုးစုအားလုံး စုစုပေါင်း သန်း ၉၀ နဲ့ ထပ်ပေါင်းထားတယ်။ 

ဒီလိုနည်းနဲ့ အင်ပိုင်ယာကြီး ထွက်ပေါ်လာခဲ့တယ်။ အင်ပိုင်ယာထဲမှာ အုပ်စိုးသူ လူမျိုးစုက လူဦးရေရဲ့ ၄၃%သာ ရှိခဲ့တယ်၊​ ကျန် ၅၇% မှာ ယဉ်ကျေးမှု အဆင့်အတန်း နဲ့ ဥပဒေ အကာအကွယ် ကင်းမဲ့မှု အတိုင်းအဆ အမျိုးမျိုး ကွဲပြားနေတဲ့ လူမျိုးစု အသီးသီး ပါဝင်နေတယ်။ လူမျိုးစု ပြဿနာ ဖိအားဟာ အိမ်နီးချင်း တိုင်းပြည်တွေမှာထက် မယှဉ်သာအောင် ကြမ်းတမ်းလှပါတယ်။ ဒီအခြေအနေဟာ လူမျိုးစု ပြဿနာကို ပေါက်ကွဲအား အလွန်ကြီးမားတဲ့ အင်အားစုကြီးတစ်ခု ဖြစ်စေခဲ့တယ်။ 

ရုရှား လစ်ဘရယ် ဘူဇွာတွေဟာ လူမျိုးစု ပြဿနာမှာပဲဖြစ်ဖြစ်၊​ လယ်ယာမြေပြဿနာမှာပဲဖြစ်ဖြစ် ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှု မဆိုစလောက် လျော့ပါးရုံပဲ လုပ်လိုကြတယ်၊ ဒီထက်ပိုပြီး ဖြေရှင်းလိုခြင်း မရှိခဲ့ဘူး။ မဟာရုရှား ဘူဇွာ လူတန်းစားနဲ့ ဗျူရိုကရေစီရဲ့ အကျိုးစီးပွားတွေကို ထင်ဟပ်နေတဲ့ မီလျူကော့(ဗ်)*နဲ့ ကရင်စကီးတို့ရဲ့ “ဒီမိုကရက်တစ်” အစိုးရတွေဟာ သူတို့တည်ရှိခဲ့တဲ့ ရှစ်လတာအတွင်း အဖိနှိပ်ခံ လူမျိုးစုတွေစိတ်ထဲ အခုလို စွဲထင်ကျန်ခဲ့အောင် လုပ်သွားခဲ့ကြတယ် - “အင်အားသုံးပြီး ယူနိုင်သလောက် ခင်ဗျားတို့ရလိမ့်မယ်”။ 

*Miliukov, Paul (၁၈၅၉ - ၁၉၄၃)။   ။ ရုရှားက အရင်းရှင် ကေဒက်ပါတီ ခေါင်းဆောင်။ ၁၉၁၇ မေလအထိ နိုင်ငံခြားရေး ဝန်ကြီးလုပ်ခဲ့။

ခွဲထွက်လိုတဲ့ လူမျိုးစု လှုပ်ရှားမှုတွေ မလွှဲမသွေ ဖြစ်ပေါ်လာမယ့်အချက်ကို ခပ်စောစောကတည်းက လီနင် အလေးအနက် စဉ်းစားခဲ့တယ်။ ဘော်ရှီဗစ်ပါတီက လူမျိုးစုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ခွဲထွက်ပြီး သီးခြားနိုင်ငံ ထူထောင်ခွင့်)အတွက် နှစ်ပေါင်းများစွာ ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့တယ်။ လူမျိုးစု ပြဿနာအပေါ် ဒီလို ရဲရင့်ပြတ်သားတဲ့ ရပ်တည်ချက်ကြောင့်ပဲ ရုရှား ပစ္စည်းမဲ့ လူတန်းစားက အဖိနှိပ်ခံ လူမျိုးစု ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို တဖြည်းဖြည်းချင်း သိမ်းယူနိုင်ခဲ့တယ်။ လူမျိုးစုတွေရဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုနဲ့ မြေယာလှုပ်ရှားမှုတွေဟာ ဘူဇွာ ဒီမိုကရက်တွေကို ဆန့်ကျင်လာပြီး ပစ္စည်းမဲ့ လူတန်းစားကို အားကောင်းစေခဲ့တယ်၊ အောက်တိုဘာ အုံကြွမှုရေစီးထဲ အားသွန်ခွန်စိုက် ပါဝင်ခဲ့ကြတယ်။ 

စဉ်ဆက်မပြတ် တော်လှန်ရေး (The permanent revolution)

သမိုင်းဖွံ့ဖြိုးမှု နောက်ကောက်ကျနေဆဲ တိုင်းပြည်တစ်ခုမှာ ပစ္စည်းမဲ့တော်လှန်ရေး ဘာ့ကြောင့် အောင်ပွဲရခဲ့သလဲ ဆိုတဲ့ နားလည်ရခက်တဲ့ ပဟေဠိကို အပေါ်မှာ ရှင်းပြခဲ့တဲ့ နည်းလမ်းတွေနဲ့ အဖြေထုတ်ပေးနိုင်တယ်။ 

အရေးတော်ပုံကြီး မဖြစ်ခင် အစောပိုင်းနှစ်တွေကတည်းက တော်လှန်ရေး ဖြစ်ပေါ်မယ့်လမ်းကြောင်းနဲ့ ငယ်ရွယ် ပျိုမြစ်ဆဲ ရုရှား ပစ္စည်းမဲ့ လူတန်းစားရဲ့ သမိုင်းဆိုင်ရာ အခန်းကဏ္ဍကို မာ့(က်စ်)ဝါဒီ တော်လှန်ရေးသမားတွေ ကြိုတင်သုံးသပ်ခဲ့ကြတယ်။ ၁၉၀၅ ခုနှစ်မှာ ကျနော်ရေးခဲ့တဲ့ လက်ရာတစ်ခုထဲက စာပိုဒ်တပိုဒ်ကို ထပ်ပြီးကိုးကားပါရစေ - 

“ပစ္စည်းမဲ့ လူတန်းစားက ရှေ့တန်းရောက် အရင်းရှင် တိုင်းပြည်ထက် ပိုစောပြီး စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးမှု နောက် ကောက်ကျနေဆဲ တိုင်းပြည်တစ်ခုမှာ အရင် အာဏာရနိုင်တယ်။

“ပစ္စည်းမဲ့ လူတန်းစားလက်ထဲ အာဏာလွှဲပေးနိုင်မယ့် (အောင်မြင်တဲ့ တော်လှန်ရေးတရပ်ဆိုရင် မဖြစ်မနေ လွှဲပေးရမယ့်) အခြေအနေတွေကို ရုရှား တော်လှန်ရေးက ဖန်တီးပေးထားတယ်၊ ဘူဇွာ လစ်ဘရယ်ဝါဒ ပေါ်လစီမှာ သူ့အုပ်စိုးမှု အစွမ်းအစကို လက်ကုန်ထုတ်ပြနိုင်တဲ့ အခွင့်အလမ်း မရလိုက်ခင်ကတည်းက ဒီအခြေအနေတွေ ဖန်တီးပေးခဲ့ပြီး ဖြစ်တယ်။ 

“လယ်သမားထုရဲ့ အခြေခံအကျဆုံး တော်လှန်ရေး အကျိုးစီးပွားကို တော်လှန်ရေး တခုလုံးရဲ့ ကြမ္မာနဲ့ တွဲနှောင် ထားတယ်၊​ သဘောက ပစ္စည်းမဲ့ လူတန်းစားရဲ့ ကြမ္မာနဲ့ ပူးချည်ထားတယ်။ ပစ္စည်းမဲ့ လူတန်းစားက အာဏာသိမ်း ယူလိုက်တယ်ဆိုရင်ပဲ​ လယ်သမားထုရဲ့ ရှေ့မှောက်မှာ လွတ်မြောက်ရေး ဖောင်ဆောင်သူ လူတန်းစားအဖြစ် ပေါ်လာလိမ့်မယ်။

“ပစ္စည်းမဲ့ လူတန်းစားက ပြည်သူတရပ်လုံးရဲ့ တော်လှန်ရေး ကိုယ်စားလှယ်အဖြစ်နဲ့ အစိုးရ ဖြစ်လာမယ်၊​ သက်ဦးဆံပိုင် ဘုရင်စနစ်နဲ့ မြေကျွန်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ရာမှာ လူထုတရပ်လုံးက အသိအမှတ်ပြုထားတဲ့ တပ်ဦးအနေနဲ့ အစိုးရဖြစ်လာမယ်။ 

“ပစ္စည်းမဲ့ အစိုးရဟာ စပေါ်လာကတည်းက မြေယာပြဿနာ ဖြေရှင်းရေးကို အခိုင်အမာ ရပ်တည်သွားလိမ့်မယ်၊ ဒီပြဿနာဟာ ရုရှားပြည်က အများတကာ့ အများစုသော လူထုကြီးရဲ့ ကြမ္မာနဲ့ သက်ဆိုင်နေတယ်။”

ဒီကနေ့ ကျနော်တင်ပြနေတဲ့ အောက်တိုဘာ တော်လှန်ရေး သီအိုရီဟာ အရေးတော်ပုံပြီးမှ ဖြစ်ရပ်တွေနဲ့ အံဝင် အောင် ပြန်တည်ဆောက်ထားတာ မဟုတ်ကြောင်း ထင်ရှားစေချင်လို့ ဒီစာပိုဒ်တွေကို အကျယ်တဝင့် ပြန်ကိုးကား လိုက်တာပါ။ အောက်တိုဘာ အုံကြွမှုမတိုင်ခင် နှစ်ပေါင်းများစွာကတည်းက နိုင်ငံရေး သုံးသပ်ချက်အနေနဲ့ ဖော်ထုတ်ထားခဲ့ခြင်း ဖြစ်ပါတယ်။ သီအိုရီတစ်ခုက ရှေ့လာမယ့် ဖြစ်ပေါ်တိုးတက်မှုတွေကို ကြိုမြင်နိုင်အောင် လမ်းပြပေးနိုင်မယ်၊​ အဲဒီဖြစ်ပေါ်တိုးတက်မှုတွေကို ရည်ရွယ်ချက်အတိုင်း လွှမ်းမိုးပေးနိုင်စေမယ်ဆိုရင် တန်းဖိုးရှိတဲ့ သီအိုရီတစ်ခုလို့ ယေဘုယျ ဆိုနိုင်လိမ့်မယ်။ လူမှုသမိုင်း ဦးတည်မှုကို လမ်းပြပေးနိုင်သော လက်နက်တခုအနေနဲ့ မာ့(က်စ်)ဝါဒက တန်းဖိုးဖြတ်လို့မရအောင် အရေးပါနေတာလည်း ဒီအချက်ကြောင့်ပဲလို့ ယေဘုယျသဘော ပြောလို့ရတယ်။ လက်ချာချိန် အကန့်အသတ်ကြောင့် အထက်ပါ ကောက်စာကို အကျယ်တဝင့် ထပ်မရှင်းနိုင်တာ ဝမ်းနည်းပါတယ်။ ဒါ့ကြောင့် ၁၉၀၅ ခုနှစ်က ရေးခဲ့တဲ့ လက်ရာတစ်ခုလုံးကို အကျဉ်းချုပ် ကောက်နှုတ်ချက်နဲ့ပဲ ကျေနပ်ရတော့မယ်။ 

လက်ငင်း တာဝန်တွေအရဆိုရင် ရုရှား တော်လှန်ရေးဟာ ဘူဇွာ တော်လှန်ရေးတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ရုရှား ဘူဇွာ လူတန်းစားဟာ တော်လှန်ရေးနဲ့ ဖီလာဆန့်ကျင်ဖြစ်တယ်။ ဒါ့ကြောင့် တော်လှန်ရေး အောင်ပွဲဟာ ပစ္စည်းမဲ့ လူတန်းစားရဲ့ အောင်ပွဲအနေနဲ့ပဲ ဖြစ်နိုင်တယ်။ ဒါပေမယ့် အောင်ပွဲဆင်လာတဲ့ ပစ္စည်းမဲ့ လူတန်းစားဟာ ဘူဇွာ ဒီမိုကရေစီ လုပ်ငန်းစဉ်မှာတင် ရပ်နေမှာ မဟုတ်ဘူး၊ ဆိုရှယ်လစ် လုပ်ငန်းစဉ်အထိ ဆက်သွားလိမ့်မယ်။ ရုရှား တော်လှန်ရေးဟာ ကမ္ဘာ့ ဆိုရှယ်လစ် တော်လှန်ရေးရဲ့ ပထမခြေလှမ်း ဖြစ်လာလိမ့်မယ်။ 

ဒါဟာ ၁၉၀၅ ခုနှစ်တုန်းက ကျနော် ဖော်ထုတ်ခဲ့တဲ့ စဉ်ဆက်မပြတ် တော်လှန်ရေး သီအိုရီ ဖြစ်ပါတယ်၊ အဲဒီအချိန်ကစလို့ “ထရော့စကီးဝါဒ” ခေါင်းစဉ်တပ်ပြီး အပြင်းထန်ဆုံး ဝေဖန်ခံခဲ့ရတယ်။ 

ဒီထက် ပိုပြီးတိကျအောင် ပြောရရင် ဒါဟာ အဲဒီသီအိုရီရဲ့ အပိုင်းတခုပဲ ဖြစ်ပါတယ်၊​ ကျန်တဲ့ မျက်နှာစာတခြမ်း ရှိသေးတယ်။ ဒီကနေ့ကာလနဲ့ ပိုဟပ်မိတဲ့ အပိုင်းလည်း ဖြစ်တယ်။ ဘယ်လိုပြောလဲဆိုတော့ -

လက်ရှိ ကုန်ထုတ်စွမ်းအားစုတွေဟာ အမျိုးသားနိုင်ငံတော်ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ကြီးထွားသွားခဲ့ပြီ။ အမျိုးသားနိုင်ငံတော် ဘောင်ထဲကနေ ဆိုရှယ်လစ် လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်လို့ မရနိုင်ဘူး။ သီးခြား ဖြစ်နေတဲ့ အလုပ်သမား နိုင်ငံတော်တခုမှာ စီးပွားရေး တိုးတက်မှုတွေ ဘယ့်လောက်ပဲ ကြီးမားပါစေ “တိုင်းပြည် တစ်ခုထဲ ဆိုရှယ်လစ်စနစ် တည်ဆောက်ခြင်း” လုပ်ငန်းစဉ်ဟာ ဓနရှင်ပေါက်စ စိတ်ကူးယဉ်ဝါဒသာ ဖြစ်တယ်။ ဥရောပ ဆိုရှယ်လစ် သမ္မတနိုင်ငံများ ဖက်ဒရေးရှင်းကနေ ကမ္ဘာ့ဆိုရှယ်လစ် သမ္မတနိုင်ငံများ ဖက်ဒရေးရှင်းအထိ ချီတက်မှသာ ဟာမိုနီကျကျ တိုးတက်ဖွံ့ဖြိုးနိုင်မယ့် ဆိုရှယ်လစ် လူ့အဖွဲ့အစည်းကို အမှန်တကယ် ထူထောင်နိုင်မယ်။

ဒီကနေ့ အချိန်မှာ လက်တွေ့ဖြစ်ရပ်တွေက မှတ်ကျောက်တင်ပြီးပြီမို့ ဒီသီအိုရီကို ပုံဖျက်စရာ အကြောင်းတရား သိပ်မတွေ့ရတော့ဘူး။ 

အောက်တိုဘာ တော်လှန်ရေးဖြစ်ဖို့ တင်ကူးလိုအပ်ချက်များ

အခုလို ပြောခဲ့ပြီးတဲ့နောက် ဖက်ဆစ် စာရေးဆရာ Malaparte ကို ပြန်အမှတ်ရဖို့ စိတ်ဝင်စားစရာ ကောင်းသေးလား။ ဖက်ဆစ် စာရေးဆရာက ကျနော့်ကို မဟာဗျူဟာနဲ့ ကင်းလွတ်နေတဲ့ နည်းပရိယာယ်တွေ ဖော်စပ်သူလို့ ဆိုထားတယ်၊​ အဲဒီနည်းပရိယာယ်တွေက မဟာဗျူဟာနဲ့ ကင်းလွတ်နေတဲ့အပြင် လတ္တီကျု၊ လောင်ဂျီကျုအားလုံးမှာ အခါခပ်သိမ်း အသုံးတည့်မယ့် သူပုန်ထခြင်းဆိုင်ရာ ဖော်မြူလာတွေလို့လည်း ဆိုထားခဲ့တယ်။ ကံနုံလှတဲ့ အာဏာသိမ်းခြင်း သဘောတရားဆရာရဲ့ နာမည်ကို အောင်အောင်မြင်မြင် အာဏာသိမ်းခဲ့သူ နာမည်နဲ့ အလွယ်တကူ ခွဲလို့ရတာ တော်သေးတယ်။ ဘယ်သူမှ Malaparte နဲ့ Bonaparte ကို နာမည် မမှားတော့ဘူး။ 

၁၉၁၇ နိုဝင်ဘာ ၇ရက်နေ့မှာ လက်နက်ကိုင် သူပုန်ထမှု မလုပ်ခဲ့ရင် ဆိုဗီယက် နိုင်ငံတော်ဆိုတာ ရှိလာမှာ မဟုတ်ဘူး။ ဒါပေမယ့် လက်နက်ကိုင် သူပုန်ထမှုဆိုတာ မိုးပေါ်က သူ့ဘာသာ ကျလာခဲ့တာ မဟုတ်ဘူး။ အောက်တိုဘာ တော်လှန်ရေး ဖြစ်ပေါ်ဖို့ သမိုင်းရေး လိုအပ်ချက်တွေ တသီကြီး ရှိခဲ့တယ်။ 

  • အုပ်စိုးသူ လူတန်းစားအဟောင်းများ (ပဒေသရာဇ် သက်ဦးဆံပိုင် လူတန်းစား၊​ ဗျူရိုကရေစီ) ဖောက်ပြန် ပျက်စီးလာခြင်း၊
  • လူထုကြား အမြစ်တွယ်မထားနိုင်သော ဘူဇွာ လူတန်းစားရဲ့ နိုင်ငံရေးဆိုင်ရာ အားနည်းမှု၊
  • မြေယာပြဿနာရဲ့ တော်လှန်ရေး လက္ခဏာ၊
  • အဖိနှိပ်ခံ လူမျိုးများ ပြဿနာရဲ့ တော်လှန်ရေး လက္ခဏာ၊
  • ပစ္စည်းမဲ့ လူတန်းစားအပေါ် ကျရောက်နေတဲ့ ကြီးမားလှသော သမိုင်းဆိုင်ရာ လူမှုတာဝန်များ။

အဲဒီလို နဂိုရှိနေပြီးသား အော်ဂဲနစ် အခြေအနေတွေထဲကို အင်မတန် အရေးကြီးလှတဲ့ အခြေအနေတွေ ထပ်ဖြည့် ပေးရဦးမယ် -

  • ၁၉၀၅ တော်လှန်ရေးဟာ အင်မတန်ကြီးကျယ်ခမ်းနားတဲ့ ဘဝကျောင်းတော်ကြီး ဖြစ်ခဲ့တယ်၊ ဒါမှမဟုတ် လီနင် စကားနဲ့ပြောရရင် ၁၉၁၇ တော်လှန်ရေးမတိုင်မီ “ရှေ့ပြေး ပွဲစမ်းကြည့်ခြင်း” ဖြစ်ခဲ့တယ်။ ၁၉၀၅ ခုနှစ်မှာပဲ ပစ္စည်းမဲ့ လူတန်းစား ညီညွတ်ရေး တပ်ဦးရဲ့ အဖွဲ့အစည်း ပုံသဏ္ဍာန်အဖြစ် ဆိုဗီယက်တွေကို ပထမဆုံးအကြိမ် ဖန်တီးခဲ့ကြတယ်။ 

 

  • နယ်ချဲ့စစ်ပွဲကြီးက ပဋိပက္ခအားလုံးကို စူးရှပြင်းထန်စေခဲ့တယ်၊​ နောက်ကောက်ကျနေဆဲ လူထုကြီးကို တုံဏှိဘာဝေ အဖြစ်ကနေ ဆွဲရမ်းပစ်လိုက်တယ်၊​ ဒါ့ကြောင့် ရှေ့လာမယ့် အင်မတန် ကြီးကျယ်ခမ်းနားသော ဝရုန်းသုန်းကား အခြေအနေကြီးအတွက် တပ်လှန့်ပြင်ဆင်ပေးခဲ့တယ်။ 

 

ဘော်ရှီဗစ်ပါတီ

ဒီအခြေအနေအားလုံးဟာ တော်လှန်ရေး ပေါက်ကွဲထွက်လာဖို့ အပြည့်အဝ လုံလောက်ပေမယ့် တော်လှန်ရေးမှာ အလုပ်သမား လူတန်းစား အောင်ပွဲရရှိဖို့တော့ မလုံလောက်သေးဘူး။ အလုပ်သမား လူတန်းစား အောင်ပွဲဆင်ဖို့ နောက်အခြေအနေတရပ် လိုအပ်သေးတယ်။ အဲဒါကတော့ -

  • ဘော်ရှီဗစ်ပါတီ

ဒီအခြေအနေကို နောက်ဆုံးမှာ ထားပြောတာဟာ လော့ဂျစ်အစဉ်အတိုင်း ပြောခြင်းသာ ဖြစ်ပါတယ်၊​ ပါတီရဲ့ အရေးပါမှုက နောက်ဆုံးရောက်နေလို့ မဟုတ်ပါဘူး။ 

ကျနော့်အနေနဲ့ တော်လှန်ရေး ပါတီရဲ့ အရေးပါမှုကို အဲ့လို သဘောထားဖို့ အဝေးကြီးပါ။ လစ်ဘရယ် ဘူဇွာတွေက အာဏာကို သိမ်းယူနိုင်တယ်၊ သူတို့မပါခဲ့တဲ့ အရေးတော်ပုံရဲ့ အကျိုးဆက်အနေနဲ့ တကြိမ်မက အာဏာသိမ်းယူနိုင်တယ်။ သူတို့မှာ အဲလို သိမ်းယူနိုင်မယ့် ကိရိယာတန်ဆာပလာတွေလည်း ပိုင်ဆိုင်ထားပြီးသား။ ဒါပေမယ့် အလုပ်သမားထုကျ အဲ့လို အနေအထားမှာ မရှိဘူး။ အလုပ်သမားထုဟာ တလျှောက်လုံး အပေးနဲ့သာ ကျွမ်းဝင်ခဲ့ တယ်၊ ရယူခြင်းနဲ့ မရင်းနှီးဘူး။ သူတို့ အလုပ်လုပ်တယ်၊ နောက်ဆုံးအချိန်အထိ စိတ်ရှည်သည်းခံတယ်၊ မျှော်လင့် စောင့်စားတယ်၊​ ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံးမှ ရုန်းကြွ၊ တိုက်ပွဲဝင်ကြတယ်၊​ အသက်ဆုံးရှုံးကြတယ်၊ အောင်ပွဲကို တခြားလူတန်းစားအတွက် ဆောင်ကျဉ်းပေးတယ်၊​ သူတို့သစ္စာဖောက်ခံရတယ်၊​ ဝမ်းနည်းစိတ်ပျက်သွားကြတယ်၊​ သူတို့ခေါင်းကို ညွှတ်ပြီး အလုပ်ပြန်လုပ်ကြတယ်။ အဲဒါ အုပ်စိုးမှုအဆက်ဆက် အလုပ်သမားလူတန်းစား ဖြတ်သန်းလာတဲ့ သမိုင်းပဲ။ ဒါ့ကြောင့် အလုပ်သမား လူတန်းစားကိုယ်တိုင် အာဏာကို အခိုင်အမာရယူနိုင်ဖို့ အလုပ်သမားထုမှာ ပါတီတရပ် လိုအပ်တယ်၊​ အဲဒီပါတီက တခြားပါတီအားလုံးထက် အတွေးအခေါ် ရှင်းလင်းရတယ်၊​ တော်လှန်ရေး ပိုင်းဖြတ်ချက် ခိုင်မာပြတ်သားရတယ်။ 

ဘော်ရှီဗစ်ပါတီကို လူသားသမိုင်းတလျှောက် အတော်လှန်ဆုံး ပါတီအဖြစ် တကြိမ်မက ညွှန်းခဲ့ကြပြီးပြီ၊ ဒီလို ပြောကြတာ ကြောင်းကျိုးခိုင်လုံမှု ပြည့်စုံတယ်၊ ဒီပါတီဟာ ခေတ်သစ် ရုရှားသမိုင်းကို ကျစ်ကျစ်လစ်လစ် အသက် သွင်းထားတဲ့ ပါတီတစ်ခု ဖြစ်တယ်။ ဒီပါတီရဲ့ ဘဝဟာ သက်ဝင်လှုပ်ရှား ပြောင်းလဲနေခဲ့တယ်။ ဇာဘုရင်စနစ် ဖြိုချရေးကို စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေ တိုးတက်ဖွံ့ဖြိုးဖို့ အခြေခံလိုအပ်ချက်အဖြစ် နားလည်ခဲ့ကြတာ ကြာပြီ။ ဒါပေမယ့် ဒီအလုပ်ကို ကျေပွန်အောင် လုပ်နိုင်မယ့် အင်အားတွေ မလုံလောက်ခဲ့ဘူး။ ဘူဇွာလူတန်းစားက တော်လှန်ရေးကို ကြောက်တယ်။ ပညာတတ်အလွှာကျ လယ်သမားတွေကို ဆော်ဩပြီး ဇာဘုရင်ကို ဖြုတ်ချဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ဒုက္ခဆင်းရဲအပေါင်းနဲ့ ရည်မှန်းချက်တွေကို စုပေါင်းနိဂုံးချုပ်နိုင်စွမ်း မရှိတဲ့ လယ်သမားထုဟာ ပညာတတ်အလွှာရဲ့ ဆော်ဩသံကို တုံ့ပြန်ခြင်း မရှိခဲ့ဘူး။ ဒီအခါ ပညာတတ်အလွှာက သူ့ဘာသာ ဒိုင်းနမိုက်တပ်ဆင်တော့တယ်။ လူငယ်မျိုးဆက်တခုလုံး အဲဒီတိုက်ပွဲမှာ စတေးခဲ့ရတယ်။ 

၁၈၈၇ မတ်လ ၁ရက်နေ့မှာ အလက်ဇန်းဒါး အူလျာနော့ဟာ ခမ်းနားတဲ့ အကြမ်းဖက် လုပ်ကြံရေး အစီအမံတွေထဲက နောက်ဆုံးလုပ်ရပ်ကို အကောင်အထည်ဖော်ခဲ့တယ်။ ဇာဘုရင် အလန်းဇန်းဒါး ၃ ကို လုပ်ကြံရေး ကြိုးပမ်းမှု အရေးနိမ့်သွားခဲ့တယ်။ အူလျာနော့နဲ့ သူ့ရဲဘော်တွေ ကွပ်မျက်ခံခဲ့ရတယ်။ တော်လှန်သော လူတန်းစားတရပ် နေရာကို ဓာတုဗေဒ ပြင်ဆင်မှုနဲ့ အစားထိုးဖို့ ကြိုးပမ်းခြင်းဟာ ရင်နင့်ဖွယ် အဖြစ်နဲ့ နိဂုံးချုပ်ခဲ့ရတယ်။ သူရဲကောင်းအဆန်ဆုံး ပညာတတ်တွေတောင်မှ လူထုမပါရင် ဘာမှမဟုတ်ဘူး။ အူလျာနော့ရဲ့ ညီအရင်းဖြစ်သူ ဗလာဒီမာဟာ နောင်အခါ ရုရှားသမိုင်းမှာ အခမ်းနားဆုံးပုဂ္ဂိုလ် ဖြစ်လာမယ့် လီနင်။ ဗလာဒီမာရဲ့ လူငယ်ဘဝကို အဲဒီအချက်တွေနဲ့ နိဂုံးကောက်ချက်တွေက လွှမ်းမိုးခဲ့တယ်။ ဒါ့ကြောင့် အင်မတန် နုနယ်သေးတဲ့ အရွယ်ကတည်းက သူ့ကိုယ်သူ မာ့(က်စ်)ဝါဒ အုတ်မြစ်ပေါ် အခြေခိုင်အောင် တည်ဆောက်ပြီး အလုပ်သမား လူတန်းစားဘက်ကို မျက်နှာမူခဲ့တယ်။ သူဟာ ကျေးလက်လူမှုဘဝကို တခဏလေးတောင် မျက်ချေအပြတ်မခံဘဲ လယ်သမားထု လွတ်မြောက်ရေးကို အလုပ်သမား လူတန်းစားကတဆင့် ရှာဖွေခဲ့တယ်။ လီနင်ဟာ သူ့ရှေ့မျိုးဆက် တော်လှန်ရေးသမားတွေဆီကနေ စွန့်လွှတ်အနစ်နာခံနိုင်စွမ်းနဲ့ အဆုံးအစွန်အထိ ပိုင်းဖြတ်ချက်ခိုင်မာမှုကို အမွေရရှိထားသူဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မျိုးဆက်သစ် ပညာတတ်လူငယ်တွေ၊ ရှေ့တန်းရောက် အလုပ်သမားတွေရဲ့ ဆရာဖြစ်လာခဲ့တယ်။ အလုပ်သမားတွေဟာ သပိတ်တွေ၊​ လမ်းမပေါ်က တိုက်ပွဲတွေ၊ နယ်နှင်ခံရခြင်းတွေ၊ အကျဉ်းထောင်တွေ ကနေ ထုသားပေသား ကျထားပြီးသား ဖြစ်ပါတယ်။ အကြွင်းမဲ့ သက်ဦးဆံပိုင် ဘုရင်စနစ် အမှောင်ထုကြီးထဲမှာ သူတို့ရဲ့ သမိုင်းရေးလမ်းကြောင်းကို အလင်းပြပေးနိုင်မယ့် မာ့(က်စ်)ဝါဒ မီးအိမ်ကိုသာ အလုပ်သမားထု လိုအပ် နေခဲ့တယ်။ 

ပြည်ပခိုလှုံရသူတွေထဲကနေ ပထမဆုံး မာ့(က်စ်)ဝါဒီ အဖွဲ့တခု ၁၈၈၃ ခုနှစ်မှာ ထွက်ပေါ်ခဲ့တယ်။ ၁၈၈၉ ခုနှစ်၊ တခုသော လျှို့ဝှက်အစည်းအဝေးတခုကနေ ရုရှား ဆိုရှယ်ဒီမိုကရက်တစ် အလုပ်သမား ပါတီကို စတင်ထူထောင်ကြောင်း ကြေညာခဲ့တယ် (အဲဒီတုန်းက ကျနော်တို့အားလုံးဟာ ဆိုရှယ်ဒီမိုကရက်တွေလို့ပဲ နာမည်ခံကြတယ်)။ ၁၉၀၃ ခုနှစ်မှာ ဘော်ရှီဗစ်နဲ့ မင်ရှီဗစ်ရယ်လို့ စကွဲတယ်။ ၁၉၁၂ ခုနှစ်မှာ ဘော်ရှီဗစ် အင်အားစုက သီးခြားလွတ်လပ်တဲ့ ပါတီတခု ဖြစ်လာခဲ့တယ်။ 

၁၂နှစ်တာ (၁၉၀၅-၁၉၁၇) ကာလအတွင်း တိုက်ပွဲတွေမှာ လူ့အဖွဲ့အစည်းရဲ့ လူတန်းစား မက္ကင်းနစ်ကို ဖမ်းဆုပ်မိအောင် သင်ယူခဲ့ကြတယ်။ ဘော်ရှီဗစ်ပါတီက သူ့အင်အားစုတွေကို တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားခြင်းနဲ့ စည်းကမ်းလိုက်နာခြင်းကို အချိုးညီညီ လုပ်တတ်အောင် သင်ပေးခဲ့တယ်။ ဘော်ရှီဗစ်ပါတီရဲ့ တော်လှန်လှုပ်ရှားမှု စည်းကမ်းဟာ သဘောတရားရေး ညီညွတ်မှုအပေါ် အခြေခံထားခြင်း ဖြစ်တယ်၊​ အတူလက်တွဲ တိုက်ပွဲဝင်ခဲ့တဲ့ အစဉ်အလာပေါ် အခြေတည်ထားခြင်း ဖြစ်တယ်။ မှတ်ကျောက်တင် စမ်းသပ်ခံထားတဲ့ ခေါင်းဆောင်မှုအပေါ် ယုံကြည်မှုကို အခြေခံပြီး စည်းကမ်းလိုက်နာကြခြင်းလည်း ဖြစ်တယ်။ 

၁၉၁၇ မှာ အဲဒီလို ပါတီမျိုး ရှိခဲ့တယ်။ တရားဝင် “အများအမြင်”ဆိုတာတွေ၊ ပညာတတ်တွေရဲ့ စာမျက်နှာထက်က ထစ်ချုံးသံတွေကို နည်းနည်းလေးမှ ဂရုမစိုက်ဘဲ လူထု လှုပ်ရှားမှုနဲ့ ချိန်သားကိုက်ဖို့သာ လုပ်ခဲ့တယ်။ စက်ရုံ တွေ၊​ တပ်ရင်းတွေထဲမှာ ဘော်ရှီဗစ်ပါတီက အခိုင်အမာ ခြေကုပ်ယူထားခဲ့တယ်။ ဒီအခြေအနေမှာ လယ်သမားထုက ဘော်ရှီဗစ်ပါတီဘက်ကို မျက်နှာမူလာခဲ့တယ်။ “တိုင်းပြည်”ဆိုတာကို အခွင့်ထူးခံတွေနဲ့ မသတ်မှတ်ဘဲ အများ စုသောလူထုကြီး (အလုပ်သမား၊​ လယ်သမားများ)လို့ နားလည်မယ်ဆိုရင် ဘော်ရှီဗစ်တွေဟာ ၁၉၁၇ခုနှစ်အတွင်း တပြည်လုံးဆိုင်ရာ ရုရှားပါတီကြီး အမှန်တကယ် ဖြစ်လာခဲ့တယ်။ 

၁၉၁၇ စက်တင်ဘာမှာ လီနင်က ပုန်းခိုနေရာကနေ “အကြပ်အတည်းက ရင့်မှည့်ပြီ၊ လက်နက်ကိုင် သူပုန်ထ အုံကြွဖို့ အချိန်ရောက်ပြီ”လို့ အချက်ပေးခဲ့တယ်။ လီနင်ဆော်ဩတာ မှန်ပါတယ်။ အဲဒီအချိန်မှာ အုပ်စိုးသူ လူတန်းစားက စစ်ပွဲ ပြဿနာတွေ၊ မြေယာနဲ့ လွတ်မြောက်ရေး ပြဿနာတွေကို ရင်ဆိုင်နေရပြီ၊ ဒီသပွတ်အူ ပြဿနာတွေကနေ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့ဘူး။ ဘူဇွာ လူတန်းစားလည်း လမ်းပျောက်သွားပြီ။ ဒီမိုကရက် ပါတီတွေ၊​ မင်ရှီဗစ်တွေနဲ့ ဆိုရှယ်ရက်ဗလူရှင်နရီ ပါတီတွေကလည်း နယ်ချဲ့စစ်ပွဲကို ဆက်ထောက်ခံကြတာရယ်၊ ပ​ဒေသရာဇ် လူတန်းစားနဲ့ ဘူဇွာတွေကို အလျှော့ပေး စေ့စပ်တာတွေရယ်ကြောင့် သူတို့ပေါ် ရှိနေသေးတဲ့ လူထုရဲ့ လက်ကျန် ယုံကြည်မှုလေးတွေကို ဖျောက်ဖျက်ပစ်လိုက်တော့တယ်။ နိုးကြားလာတဲ့ စစ်တပ်က သူတို့နဲ့ဘာမှမဆိုင်တဲ့ နယ်ချဲ့ ရည်မှန်းချက်တွေအတွက် ဆက်ပြီးအသေမခံချင်တော့ဘူး။ ဒီမိုကရက်တွေရဲ့ အကြံကို ပစ်ပယ်ပြီး လယ်သမားထုက မြေရှင်ကြီးတွေကို မီးတိုက်မောင်းထုတ်ခဲ့ကြတယ်။ နယ်စွန်နယ်ဖျားက အဖိနှိပ်ခံ လူမျိုးတွေကလည်း ပီထရိုဂရက် မြို့တော်က ဗျူရိုကရေစီကို ဆန့်ကျင်အုံကြွလာခဲ့တယ်။ အခရာအကျဆုံး အလုပ်သမားနဲ့ စစ်သား ဆိုဗီယက်တွေမှာ ဘော်ရှီဗစ်တွေက ဩဇာလွှမ်းထားပြီ။ အနာက မှည့်ပြီ။ ဓားတချက်ပဲ ဖောက်ပေးဖို့ လိုနေတာ။

အဲဒီလို လူမှုအခြေအနေတွေ၊​ နိုင်ငံရေး အခြေအနေတွေအောက်မှာပဲ လက်နက်ကိုင် အုံကြွမှု ဖြစ်နိုင်တယ်။ အဲဒီလို ရင့်မှည့်လာရင် လက်နက်ကိုင် သူပုန်ထမှု မလွှဲမရှောင် ဖြစ်လာမယ်။ ဒါပေမယ့် လက်နက်ကိုင် အုံကြွမှုနဲ့ သွားဆော့လို့တော့ မရဘူး။ ခွဲစိတ်ဓားကို ရမ်းသမ်းသုံးတဲ့ ခွဲစိတ်ဆရာဝန်ဟာ ဒုက္ခရောက်တတ်တယ်။ သူပုန်ထအုံကြွမှုဆိုတာ အနုပညာတရပ် ဖြစ်တယ်။ သူပုန်ထ အုံကြွမှုမှာ သူ့ကိုယ်ပိုင် နိယာမတွေ၊ စည်းမျဉ်းတွေ ရှိတယ်။ 

ဘော်ရှီဗစ်ပါတီဟာ အောက်တိုဘာ သူပုန်ထမှုကြီးရဲ့ ပကတိအရှိတရားတွေကို ခေါင်းအေးအေးနဲ့ တွက်ချက်စဉ်းစားတယ်၊ ခိုင်မာပြင်းထန်တဲ့ ပိုင်းဖြတ်ချက်နဲ့ ရင်ဆိုင်တယ်။ ဒါ့ကြောင့်ပဲ အထိအခိုက် မရှိသလောက်နဲ့ အောင်ပွဲရခဲ့ခြင်း ဖြစ်တယ်။ ဘော်ရှီဗစ်တွေ ဦးဆောင်မှုနဲ့ ဆိုဗီယက်တွေ အောင်ပွဲဆင်ခဲ့တယ်၊ ဒီလိုနဲ့ ဘော်ရှီဗစ်တွေဟာ ကမ္ဘာ့မျက်နှာပြင်ရဲ့ ၆ပုံ၁ပုံလောက် နေရာယူထားတဲ့ တိုင်းပြည်တစ်ခုရဲ့ ခေါင်းဆောင်ပိုင်းကို ရောက်သွားခဲ့တယ်။

ဒီကနေ့ လက်ချာကို နားထောင်နေကြသူ အများစုက ၁၉၁၇ ခုနှစ် နိုင်ငံရေးတွေနဲ့ အလှမ်းဝေးနေပြီလို့ ယူဆရတယ်။ ဒါလည်း ကောင်းပါတယ်။ ဒီကနေ့ လူငယ်မျိုးဆက်ရဲ့ ရှေ့မှာ စိတ်ဝင်စားစရာတွေ အများကြီး ရှိနေတယ်။ လွယ်ကူချင်မှ လွယ်ကူလိမ့်မယ်။ ဒီခန်းမထဲက မျိုးဆက်ဟောင်း ကိုယ်စားလှယ်တွေကတော့ ဘော်ရှီဗစ်တွေ ဦးဆောင်ပြီး အလုပ်သမား လူတန်းစား အာဏာသိမ်းယူခဲ့ခြင်းကို ဘယ်လို လက်ခံခဲ့သလဲဆိုတာ ကောင်းကောင်း မှတ်မိပါလိမ့်မယ် - အထူးအဆန်းတရပ်လို၊ နားလည်မှု လွဲမှားခြင်းတခုလို၊ လက်မခံနိုင်ဖွယ် တုန်လှုပ်ခြောက်ခြား စရာတခုလို။ ဖြစ်လေ့ရှိသလိုပဲ အိပ်မက်ဆိုးတခုက မိုးသောက်ရောင်နီနဲ့အတူ လွင့်ပြယ်သွားမှာလို့ ထင်ခဲ့ကြတယ် ဘော်ရှီဗစ်တွေ ၂၄နာရီပဲ ခံမှာပါ၊ တပတ်ပဲ၊ တလပဲ၊ တနှစ်ပဲ ခံမှာပါလို့ တွက်ခဲ့ကြတယ်။ သူတို့ခန့်မှန်းတဲ့ ကြာချိန် ကို ထပ်ထပ်ပြီးသား တိုးလာခဲ့ရတယ်။ တကမ္ဘာလုံးကအုပ်စိုးသူတွေဟာ ပထမဆုံးပေါ်ထွက်လာတဲ့ အလုပ်သမား နိုင်ငံတော်တခုကို လက်နက်နဲ့ ချေမှုန်းဖို့ ကြိုးပမ်းခဲ့တယ်၊ ပြည်တွင်းစစ်မီးကို မွှေးပေးခဲ့ကြတယ်၊ စစ်တပ်တွေနဲ့ အကြိမ်ကြိမ် ကျူးကျော်ဝင်ရောက်ခဲ့တယ်၊ ပိတ်ဆို့ချေမှုန်းဖို့ အားထုတ်ခဲ့ကြတယ်။ ဒီလိုနဲ့ တနှစ်ပြီးတနှစ် ဖြတ် သန်းသွားခဲ့တယ်။ ဒီလိုဖြတ်သန်းသွားရင်း ဆိုဗီယက် အာဏာ ၁၅နှစ်သက်တမ်းကို သမိုင်းကမ္ဗည်းတင်ထားခဲ့ပြီ။ 

အောက်တိုဘာ တော်လှန်ရေး ဆင်နွှဲခဲ့တာ မှန်ကန်ကြောင်းသက်သေထူနိုင်သလား

တချို့သော ဆန့်ကျင်သူတွေက “သက်သေထူနိုင်တယ်”လို့ ပြောလိမ့်မယ်၊ “အောက်တိုဘာ စွန့်စားမှုဟာ ကျနော်တို့ အတော်များများ ထင်ထားတာထက် ပိုပြီးလေးနက်ကြောင်း သက်သေပြပြီးပြီ။ ‘စွန့်စားမှု’လို့တောင် မဆိုနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက် ကြီးကြီးမားမားရင်းပြီး တိုက်ခဲ့ရတာ အောင်သီးအောင်ပွင့် ဘာတွေ ရခဲ့ပြီလဲဆိုတဲ့ မေးခွန်းကတော့ အားအပြည့်ရှိနေတုန်းပဲ။ တော်လှန်ရေးဖြစ်ခါနီးတုန်းက ဘော်ရှီဗစ်တွေပေးခဲ့တဲ့ ရွှေရောင်ကတိတွေကို ဖြည့်ဆည်းနိုင်ခဲ့ပြီလား။”

စိတ်ကူးနဲ့ပုံဖော်ထားတဲ့ အဆိုပါ ဆန့်ကျင်သူရဲ့ အမေးကို မဖြေခင် ဒီလိုမျိုး မေးခွန်းက အသစ်အဆန်း မဟုတ်ဘူးဆိုတာ အရင်ပြောပါရစေ။ အောက်တိုဘာ တော်လှန်ရေး စတင်မွေးဖွားချိန်ကစပြီး ထပ်ကြပ်မကွာ မေးလာကြတဲ့ မေးခွန်းပဲ။

တော်လှန်ရေး ဖြစ်နေဆဲကာလ ပီထရိဂရက်မှာရှိနေတဲ့ ပြင်သစ်ဂျာနယ်လစ် ကလတ် အန်နေးက ၁၉၁၇ ခုနှစ် အောက်တိုဘာ ၂၇ရက်နေ့မှာ အခုလို ရေးခဲ့တယ် -

“maximalist တွေ (အဲဒီကာလတုန်းက ဘော်ရှီဗစ်တွေကို ပြင်သစ်တွေခေါ်တဲ့ နာမည်)က အာဏာသိမ်းလိုက်ပြီ၊ ကြီးကျယ်ခမ်းနားတဲ့ နေ့ရက်တော့ ရောက်လာခဲ့ပြီ။ ငါတို့တတွေကို နှစ်ပေါင်းများစွာ ကတိပေးလာခဲ့တဲ့ ဆိုရှယ်လစ် လောကနိဗ္ဗာန်ကြီးကို ငါကိုယ်တိုင် အကောင်အထည်လိုက် မြင်တွေ့ရတော့မယ်လို့ ငါ့ဘာသာ ပြောနေမိတယ်။ လေးစားအားကျစရာ စွန့်စားခန်းပဲ။ ဒီအခါသမယကို မြင်တွေ့ခွင့်ရတာ အခွင့်ထူးတမျိုးပေါ့။”

ဒီလိုထေ့လုံးငေါ့လုံးတွေ မနည်းမနော ရှိခဲ့ပါတယ်။ သရော်တော်တော် ဂုဏ်ပြုမှုရဲ့နောက်ကွယ်မှာ စစ်မှန်တဲ့ အမုန်းတရားတွေ ဘယ့်လောက်တောင် ပုန်းခိုနေလိုက်သလဲ။ ဟေမန္တနန်းတော်ကို ဝင်သိမ်းပြီး နောက်တမနက်မှာပဲ ဖောက်ပြန်လှတဲ့ ဂျာနယ်လစ်က အေဒင်ဥယျာဉ်ကြီးထဲ ဝင်ခွင့်လက်မှတ်ရဖို့ အပြေးအလွှား မှတ်ပုံတင်ခဲ့တယ်။ တော်လှန်ရေးဖြစ်ခဲ့တာ ၁၅နှစ်ရှိသွားပြီ။ ဒီကနေ့အချိန်ထိ ဆိုဗီယက်မြေက သုခံအလုံးစုံ ပြည့်လျှံနေတဲ့ နိဗ္ဗာန်ဘုံတခု ဖြစ်မလာသေးတဲ့အချက်ကို ငါတို့ရဲ့ရန်သူတွေ နှစ်ထောင်းအားရ ဖြစ်နေကြတယ်။ ဒီလိုဖြစ်မလာမှတော့ ဘာ့ကြောင့် တော်လှန်နေရမှာလဲ၊ ဘာ့ကြောင့် စွန့်လွှတ်စွန့်စားရမှာလဲ။ 

ဆိုဗီယက် အစိုးရစနစ်ရဲ့ အတွင်းပဋိပက္ခတွေ၊ အခက်အခဲတွေ၊​ အမှားအယွင်းတွေ၊​ ချို့တဲ့မှုတွေနဲ့ပတ်သက်လို့ တခြားလူတွေ သိကြတာထက် ကျနော်လည်း မလျော့ဘူးဆိုတာ ထုတ်ပြောပါရစေ။ ကျနော်ကိုယ်တိုင်လည်း ဒီအကြောင်းတွေကို တခါမှ မဖုံးကွယ်ခဲ့ဖူးပါ၊ ကျနော့်ရဲ့ အရေးအသားမှာဖြစ်ဖြစ်၊ မိန့်ခွန်းတွေမှာဖြစ်ဖြစ်။ ကွန်ဆာ့ဗတစ် နိုင်ငံရေးနဲ့ ကွဲပြားခြားနားသော တော်လှန်ရေး နိုင်ငံရေးကို လိမ်ညာဖုံးကွယ်မှု အခြေခံပေါ်မှာ တည်ဆောက်မရနိုင်ဘူးလို့ ကျနော် ယုံကြည်ခဲ့တယ်၊​ အခုလည်း ယုံကြည်နေတုန်းပဲ။ “ပကတိအမှန်ကို ထုတ်ပြောရေး”ဟာ အလုပ်သမား နိုင်ငံတော်ရဲ့ အခရာအကျဆုံး မူ ဖြစ်နေရမယ်။ 

ဒါပေမယ့် ဖန်တီးမှု အလုပ်မှာလိုပဲ ဝေဖန်ရေးမှာလည်း ရှုမြင်ပုံ လိုအပ်တယ်။ အတ္တဝါဒကတော့ အတော် ညံ့ဖျင်းတဲ့ အကြံပေးသမားလိုပဲ၊ အထူးသဖြင့် အင်မတန်ကြီးမားတဲ့ ပြဿနာတွေမှာပေါ့။ အချိန်ကာလတွေကို ပြောတဲ့အခါ သက်ဆိုင်ရာ အလုပ်တာဝန်နဲ့ အပ်စပ်တဲ့ အပိုင်းအခြား ဖြစ်ရမယ်၊ လူတဦးချင်း စိတ်ကူးတည့်သလို ပိုင်းခြားသတ်မှတ်မှုမျိုး ဖြစ်လို့မရဘူး။ ၁၅ နှစ်တဲ့လား။ လူသားတယောက်ရဲ့ ဘဝသက်တမ်းမှာ ဘယ့်လောက် ရှည်ကြာတဲ့ နှစ်အပိုင်းအခြားလဲ။ ဒီကာလအတွင်းမှာ ကျနော်တို့မျိုးဆက်ထဲက မနည်းလှတဲ့လူတွေ ကွယ်လွန်သွားခဲ့ကြပြီ၊​ ကျန်နေသေးတဲ့ သူတွေမှာလည်း ဆံတွေ ဖြူကုန်ကြပြီ။ ဒါပေမယ့်လည်း ဒီ ၁၅ နှစ်ဆိုတာ ပြည်သူတရပ်ရဲ့ ဘဝမှာ ဘာမှမပြောပလောက်တဲ့ အချိန်တခုပဲ။ သမိုင်းဆိုတဲ့ နာရီကြီးပေါ်က အချိန်တမိနစ်သာ။

အရင်းရှင်စနစ်ဟာဆိုရင် အလယ်ခေတ်ကို ဆန့်ကျင်တိုက်ပွဲဝင်ရာမှာ ရာစုနှစ်နဲ့ချီအောင် အချိန်တွေ ကြာခဲ့တယ်။ သိပ္ပံနဲ့နည်းပညာ အဆင့်အတန်း မြင့်မားလာဖို့၊​ ရထားလမ်းကြီးတွေ ဖောက်လုပ်နိုင်ဖို့၊​ လျှပ်စစ်ကို အသုံးပြုနိုင်ဖို့ အရင်းရှင်စနစ်ဟာ ရာစုနှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်။ ဒီနောက် ဘာဆက်ဖြစ်လဲ။ အရင်းရှင်စနစ်က လူသားမျိုးနွယ်ကို ကပ်ဘေးတွေနဲ့ စစ်ပွဲငရဲခန်းတွေဆီ တွန်းပို့ခဲ့တယ်။ 

ဒါပေမယ့် ဆိုရှယ်လစ်စနစ်ကိုတော့ ကမ္ဘာမြေပေါ် နိဗ္ဗာန်ဘုံတည်ဆောက်ဖို့ သူ့ရန်သူတွေ (ဆိုလိုတာက အရင်းရှင်စနစ် ဘက်တော်သားတွေ)က အချိန် ၁၅နှစ်ပဲ ပေးထားတယ်။ ဆယ်စုနှစ်တခုကျော် ကာလအတွင်းမှာ မော်ဒန် တိုးတက်မှုတွေအားလုံး ပြည့်စုံနေရမယ်တဲ့။ ဒီလိုပေးအပ်လာတဲ့ တာဝန်မျိုးကိုတော့ ကျနော်တို့ ဘယ်တုန်းကမှ မယူခဲ့ဘူး။ 

အင်မတန်ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်စဉ်တွေကို ဆီလျော်အပ်စပ်တဲ့ အတိုင်းအထွာတွေနဲ့သာ တိုင်းတာရမယ်။ ဆိုရှယ်လစ် လူ့အဖွဲ့အစည်းက သမ္မာကျမ်းစာလာ ကောင်းကင်ဘုံနဲ့ ဆင်တူမလား ကျနော် မသိဘူး။ ကျနော်တော့ သံသယရှိတယ်။ ဆိုဗီယက် ယူနီယံက ဆိုရှယ်လစ်စနစ်ကို မရောက်သေးဘူး။ ဆိုဗီယက် ယူနီယံရဲ့ အခြေအနေက ကူးပြောင်းနေဆဲ အဆင့်ပဲ၊ ပဋိပက္ခတွေ အပြည့်ရှိနေတယ်၊ အတိတ်က အမွေတွေကို လေးလေးလံလံ ထမ်းပိုးထားရတယ်၊ ဒါ့အပြင် အရင်းရှင် နိုင်ငံတွေက ရန်လိုတဲ့ ဖိအားမျိုးစုံကိုလည်း ကြုံနေရသေးတယ်။ အောက်တိုဘာ တော်လှန်ရေးက လူ့အဖွဲ့အစည်းအသစ်ရဲ့ အခြေခံမူတွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပေးခဲ့တယ်။ ဆိုဗီယက် သမ္မတနိုင်ငံဟာ လူ့အဖွဲ့အစည်းအသစ် တည်ဆောက်ရေး ပထမအဆင့်ကိုပဲ လက်တွေ့ပြခဲ့တာ ဖြစ်တယ်။ အက်ဒီဆင်ရဲ့ ပထမဆုံး မီးလုံးဟာ အတော်ဆိုးရွားခဲ့ပါတယ်။ အနာဂတ်ကို ဘယ်လိုပုံဖော်မလဲ သိနိုင်အောင် အဲဒီလို ကနဦး စမ်းသပ်ချက်တွေကနေ ကျနော်တို့ သင်ယူကြရမယ်။ 

ဒါပေမယ့် ပူဆွေးမှုက သက်ရှိလူသားတွေအပေါ် ဒလဟောစီးဆင်းလာတယ်။ တော်လှန်ရေး အသီးအပွင့်တွေက တော်လှန်ရေးကြောင့် စတေးခဲ့ရတာတွေကို ကာမိရဲ့လား။ ကြွေးကြော်သံဆန်လွန်းတဲ့ အဓိပ္ပါယ်မဲ့ မေးခွန်းပဲ။ သမိုင်းဖြစ်စဉ်တွေကပဲ အရှုံးအမြတ်တွက်ချက်ပြီး လက်ကျန်စားရင်းရှင်းတမ်း ထုတ်ပေးသလိုလို။ အဲသလို မေးကြစတမ်းဆိုရင် ကျနော်တို့လည်း အခုလို မေးလို့ရနိုင်ကောင်းရဲ့ - လူဖြစ်ရတဲ့ ဒုက္ခတွေ၊ အခက်အခဲ အကြပ်အတည်းတွေ ဒီလောက်များလှတာ “လူအဖြစ် မွေးဖွားလာဖို့ တန်ရဲ့လား”။ Heine က ရေးခဲ့တယ် “ဒီမေးခွန်း အဖြေကို ရူးနေသူပဲ စောင့်စားလိမ့်မယ်”။ ဒီလို ပူဆွေးဝမ်းနည်းစရာ ပြန်လည်ဆင်ခြင်မှုတွေကြောင့် လူသားတွေ မွေးဖွားလာခြင်း၊ လူသားအသစ်တွေ မွေးထုတ်ပေးခြင်း နည်းနည်းလေးမှ ရပ်တန့်မသွားခဲ့ပါဘူး။ 

တခါမှမကြုံဖူးအောင် ကမ္ဘာတဝှမ်း အကြပ်ဆိုက်နေတဲ့ ဒီကနေ့ခေတ်မှာတောင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုဟာ အင်မတန် နည်းပါးတဲ့ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ လူထုက သေကြောင်းကြံတဲ့လမ်းကို မရွေးပါဘူး။ သူတို့အပေါ် ပစ်တင်ထားတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်လိုမှ သည်းမခံနိုင်တဲ့အဆုံး တော်လှန်ပုန်ကန်ပြီး လွတ်မြောက်ရာ လမ်းကိုပဲ ရှာဖွေကြတယ်။ 

လူထု အုံကြွမှုကြီးဒဏ် ခံခဲ့ရသူတွေကို သနားပြပြီး ဒေါသထွက်နေကြတာ ဘယ်သူတွေပါလိမ့်။ အရင်းရှင်နယ်ချဲ့ စစ်ပွဲကြီးဒဏ် ခံခဲ့ရအောင် လုပ်ခဲ့သူတွေ ဖြစ်နေတယ်။ နယ်ချဲ့စစ်ကြီးကို ထောပနာပြုခဲ့ကြသူတွေ၊ အနည်းဆုံးတော့ နယ်ချဲ့စစ်ကြီးနဲ့ တသားတည်းဖြစ်ခဲ့သူတွေ။ ဒီတခါတော့ ကျနော်တို့ ပြန်မေးရမယ့်အလှည့်ပဲ၊ "အဲဒီစစ်ကြီးကိုရော မှန်ကန်ကြောင်း သက်သေပြထားနိုင်သလား။ ဒီစစ်ကြီးက ကျနော်တို့ကို ဘာတွေ ပေးခဲ့သလဲ။ ဘာတွေ သင်ကြားသွားခဲ့သလဲ။"

ဖောက်ပြန်ရေးသမား သမိုင်းပညာရှင် Hippolyte Taine က ကြီးကျယ်ခမ်းနားလှတဲ့ ပြင်သစ် တော်လှန်ရေးကြီးကို အတွဲ(၁၁)တွဲရှိတဲ့ စာအုပ်ထူထူကြီးရေးပြီး ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်။ အဲဒီထဲမှာ ဂျက်ကိုဘင်[1] အာဏာရှင်စနစ်နဲ့ ဒီနောက် မရှေးမနှောင်း ကာလတွေမှာ ပြင်သစ်ပြည်သူတွေ ဒုက္ခတွေ ဘယ်လို ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားတယ်။ အဆိုးဆုံးခံခဲ့ရတာကတော့ မြို့နေ အောက်ခြေလူတန်းစားတွေပဲ၊ အဲဒီနင်းပြားသာမန်လူထုက တော်လှန်ရေးမှာ အရဲရင့်ဆုံး ပေးဆပ်တိုက်ပွဲဝင်သွားခဲ့ကြတယ်။ တော်လှန်ရေးကြီး ပြီးသွားတဲ့အခါကျ သူတို့တတွေ/ သူတို့ဇနီးမယားတွေဟာ ပေါင်မုန့်လေးရဖို့အရေး အေးခဲတဲ့ ညတွေမှာ တန်းစီစောင့်ဆိုင်းခဲ့ကြရတယ်၊ ပြီးတော့လည်း အနွေးဓာတ် ကင်းမဲ့နေတဲ့ အိမ်ဂေဟာဆီ လက်ဗလာနဲ့ လှည့်ပြန်ခဲ့ရတယ်။ (ပြင်သစ်) တော်လှန်ရေးကြီး ဖြစ်ပြီးလို့ ဆယ်နှစ်အကြာမှာ ပါရီဟာ အရင်ကထက် ပိုမွဲသွားခဲ့ပြီ။ Taine က (၁၈ရာစု ပြင်သစ်) တော်လှန်ရေးကြီးကို အပျက်သဘော စီရင်ချက်ချတဲ့နေရာမှာ အသေအချာ ရွေးထုတ်ပြီး သူ့သဘောကျ ဖန်တီးရက်ဖောက်ထားတဲ့ အချက်အလက်တွေနဲ့ သက်သေထူသွားတယ်။ ကြည့်စမ်း၊ အခြေခံနင်းပြားတွေဟာ အာဏာရှင်တွေ ဖြစ်ချင်ခဲ့ကြတယ်၊ အခုတော့ ဒုက္ခတွင်းကြီးထဲ ကိုယ့်ဘာသာ တူးဆင်းသွားတာနဲ့ အတူတူ ဖြစ်နေပါရောလား။

[1] ပြင်သစ်တော်လှန်ရေးကြီးတုန်းက ရယ်ဒီကယ် တောင်ပံမှာရှိခဲ့ကြတဲ့ Society of the Friends of the Constitution အဖွဲ့ဝင်တွေကို ဂျက်ကိုဘင်တွေလို့ ခေါ်ခဲ့ကြတယ်။

ဒီထက် ပိုငြီးငွေ့ဖွယ်ကောင်းတဲ့ ကိုယ်ကျင့်တရားဘောင်သွင်း ရေးသားချက်မျိုး စိတ်ကူးကြည့်ဖို့ မလွယ်ဘူး။ ပထမဆုံးပြောလိုတာက၊ တော်လှန်ရေးကြောင့် တိုင်းပြည် ဒုက္ခနွံနစ်ခဲ့ရတယ်ဆိုရင် လူထုကို တော်လှန်ရေးဆီ တွန်းပို့လိုက်တဲ့ အုပ်စိုးသူ လူတန်းစားတွေကိုပဲ အဓိက အပြစ်ဖို့ရမယ်။ ဒုတိယအချက်၊ ပြင်သစ် တော်လှန်ရေးကြီးက ဆာလောင်မွတ်သိပ်ပြီး ပေါင်မုန့်ဖိုတွေရှေ့ ကြိတ်ကြိတ်တိုးနေတဲ့ လူတန်းကြီးအနေနဲ့ အဆုံးသတ်သွားခဲ့တာ မဟုတ်ဘူး။ မော်ဒန် ပြင်သစ် လူ့အဖွဲ့အစည်းတခုလုံး၊ ဒီထက်ပြောရရင် မျက်နှာစာ အတော်များများမှာ မော်ဒန် ယဉ်ကျေးမှုကြီးတခုလုံးကိုက ပြင်သစ် တော်လှန်ရေးကြီးကနေ မွေးဖွားလာခဲ့တာပဲ။

ပြီခဲ့တဲ့ ရာစုနှစ်က ၆၀ စုနှစ်များမှာ ဖြစ်ခဲ့တဲ့ အမေရိကန် ပြည်တွင်းစစ်ကြီးအတွင်း လူပေါင်း ၅၀၀၀၀ ကို သတ်ခဲ့ကြတယ်။ ဒီလိုစတေးခဲ့တာတွေကိုရော မှန်ကန်ကြောင်း တရားထူထောင်ပေးနိုင်သလား။

အမေရိကန် ကျွန်ပိုင်ရှင်တွေ၊ သူတို့နဲ့အတူ တသားတည်း ရပ်တည်ခဲ့ကြတဲ့ ဗြိတိန် အုပ်စိုးသူ လူတန်းစားတွေရဲ့ အမြင်ကကြည့်ရင် မမှန်ဘူး။ နီဂရိုးတွေ ဒါမှမဟုတ် ဗြိတိန် အလုပ်သမားတွေ ရှုထောင့်ကကြည့်ရင် အကြွင်းမဲ့ မှန်တယ်။ ဒါ့အပြင် လူသားမျိုးနွယ် တိုးတက်ဖွံ့ဖြိုးမှု ရှုထောင့်ကကြည့်မယ်ဆိုရင်လည်း ဘာမှ သံသယဝင်စရာ မရှိနိုင်ဘူး၊ အကြွင်းမဲ့ မှန်တယ်။ အဲဒီပြည်တွင်းစစ်ကြီးကနေပဲ အချုပ်အနှောင် ကင်းပြီး တက်ကြွနိုးကြားတဲ့၊ ခေတ်မီနည်းပညာတွေ၊ တောင့်တင်းတဲ့ စီးပွားရေးအင်းအားတွေ ပိုင်ဆိုင်ထားတဲ့ ဒီကနေ့ အမေရိကန် ပြည်ထောင်စုဆိုတာ ဖြစ်ပေါ်လာခဲ့တာ။ အမေရိကန်ဝါဒရဲ့ အဲဒီအောင်မြင်မှု အသီးအပွင့်တွေမှာ လူသားတွေက လူ့ဘောင်သစ်ကို ထူထောင်ကြလိမ့်မယ်။

လူ့အဖွဲ့အစည်းရဲ့ အထွတ်အမြတ်ထားရာ ပိုင်ဆိုင်မှု ဆက်ဆံရေးတွေထဲကို အောက်တိုဘာ တော်လှန်ရေးက နောင်တော် တော်လှန်ရေးတွေ အားလုံးထက် အနက်ရှိုင်းဆုံး ထိုးဖောက်သွားခဲ့တယ်။ လူ့ဘဝနယ်ပယ် အားလုံးမှာ ဒီတော်လှန်ရေးကြီးရဲ့ ဖန်တီးနိုင်စွမ်းတွေ ဖွင့်ထုတ်ပြနိုင်ဖို့ ရှည်လျားလှတဲ့ အချိန်ကာလတခု လိုအပ်ပါတယ်။ လူမှုအပြောင်းအလဲကြီးရဲ့ ယေဘုယျ ဦးတည်ချက်ကတော့ ရှင်းနေပြီးသားပါ၊ ဆိုဗီယက် သမ္မတနိုင်ငံအနေနဲ့ အရင်းရှင် လူတန်းစား ပုတ်ခတ်သူတွေရှေ့ ဦးညွှတ်ပြီး တောင်းပန်စကား ဆိုစရာ ဘာအကြောင်းမှ မရှိဘူး။

စနစ်သစ်တခုကို လူသားမျိုးနွယ် တိုးတက်မှု ရှုထောင့်ကနေ အကဲဖြတ်ကြည့်နိုင်အောင် ပထမဆုံး ဟောဒီ မေးခွန်းကို ဖြေကြည့်ရမယ်၊ "လူမှု တိုးတက်မှုက ဘယ်လိုနည်းနဲ့ ထုတ်ဖော်ပြတတ်သလဲ၊ ဘယ်လိုနည်းနဲ့ တိုင်းတာလို့ ရနိုင်မလဲ"။

အောက်တိုဘာ တော်လှန်ရေး နိဂုံးချုပ်ချက်

အနက်ရှိုင်းဆုံး၊ ဓမ္မဓိဌာန်အကျဆုံးနဲ့ ငြင်းပယ်လို့မရအောင် အခိုင်မာဆုံး စံသတ်မှတ်ချက်က ဒီလိုဆိုတယ် - တိုးတက်မှု ဘယ့်လောက်ရှိသလဲ ဆိုတာကို စုပေါင်း လုပ်အားရဲ့ ကုန်ထုတ်သတ္တိ ဖွံ့ဖြိုးတိုးတက်မှုနဲ့ တိုင်းတာကြည့်နိုင်တယ်။ ဒီရှုထောင့်ကကြည့်မယ်ဆိုရင် အောက်တိုဘာ တော်လှန်ရေးရဲ့ တိုးတက်မှု အတိုင်းအဆကို လက်တွေ့ အခိုင်အမာပြခဲ့ပြီး ဖြစ်တယ်။ ဆိုရှယ်လစ် လူ့အဖွဲ့အစည်းရဲ့ အခြေခံမူအနေနဲ့ တိုတောင်းလှတဲ့ အချိန်တခုအတွင်း တခါမှ မကြားဖူးလောက်အောင် ကုန်ထုတ်လုပ်မှုတွေ စံချိန်တင် တိုးတက်သွားတဲ့အထိ စွမ်းဆောင်နိုင်ကြောင်း သမိုင်းမှာ ပထမဆုံးအကြိမ် လက်တွေ့ပြနိုင်ခဲ့ပြီ။

ရုရှား စက်မှုတိုးတက်မှု curve မျဉ်းကြောင်းကို အညွှန်းကိန်းတချို့နဲ့ အခုလို အကြမ်းဖျင်း ဖော်ပြနိုင်တယ်၊ ပထမ ကမ္ဘာစစ်ကြီး မစခင် ၁၉၁၃ ခုနှစ်ကို စမှတ်အဖြစ် ၁၀၀ သတ်မှတ်လိုက်မယ်။ အောက်တိုဘာ တော်လှန်ရေးအပြီး ပြည်တွင်းစစ် အမြင့်ဆုံးကာလ ၁၉၂၀ ခုနှစ်မှာ စက်မှုလုပ်ငန်း အနိမ့်ဆုံးအဆင့်ကို ရောက်သွားခဲ့တယ်၊ အဲဒီနှစ်မှာ ၂၅ ပဲ ရှိတော့တယ်၊ စစ်ကြီးမတိုင်ခင် ၁၉၁၃ ခုနှစ်ရဲ့ လေးပုံတပုံ အခြေအနေပဲ ကျန်တော့တယ်။ ၁၉၂၅ မှာကျ ၇၅ အထိ တိုးတက်သွားခဲ့တယ်၊ သဘောက စစ်ကြီးမတိုင်ခင် ထုတ်လုပ်မှုရဲ့ လေးပုံသုံးပုံကို ပြန်ရောက်သွားခဲ့တယ်။ ၁၉၂၉ ရောက်တော့ ၂၀၀ အထိ တိုးတက်သွားခဲ့တယ်၊ ၁၉၃၂ ကျ ၃၀၀ အထိ ရောက်ခဲ့တယ်၊ စစ်ကြီး မစခင် ကုန်ထုတ်လုပ်မှုထက် သုံးဆ ပိုတိုးတက်သွားခဲ့တဲ့ သဘောပဲ။

ဒီပုံကားချပ်ကို နိုင်ငံတကာ အညွှန်းကိန်းတွေနဲ့ ချိန်ထိုးကြည့်လိုက်ရင် ပိုပြီးတော့တောင် ထင်ရှားပေါ်လွင်သွားဦးမယ်။ ၁၉၂၅ နဲ့ ၁၉၃၂ ခုနှစ်အတွင်း ဂျာမနီရဲ့ စက်မှုလုပ်ငန်းဟာ ၁ဆခွဲ ကျုံ့ဝင်သွားခဲ့တယ်။ အမေရိကမှာ နှစ်ဆ သေးကျုံ့သွားခဲ့တယ်။ ဆိုဗီယက် ယူနီယံက လေးဆ ကြီးထွားလာခဲ့တယ်။ ဒီကိန်းဂဏန်း အချက်အလက်တွေက သူတို့ဘာသာ စကားပြောသွားတာပဲ။

ဆိုဗီယက် စီးပွားရေးရဲ့ အဆိုးဘက်ခြမ်းကို ငြင်းဆန်ဖို့/ ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် ကျနော့်မှာ မရှိပါဘူး။ စက်မှု ထုတ်လုပ်ရေး ညွှန်းကိန်းတွေကို စိုက်ပျိုးရေး ကဏ္ဍ အားမကောင်းသေးတဲ့ ဖွံ့ဖြိုးမှု ညွှန်းကိန်းတွေက အုပ်မိုးထားတယ်။ ဆိုလိုတာက စိုက်ပျိုးရေး နယ်ပယ်မှာ ဆိုရှယ်လစ် နည်းလမ်းတွေကို မသုံးနိုင်သေးဘူး၊ ဒါ့အပြင် လုံလောက်တဲ့ ပြင်ဆင်မှုမရှိဘဲ ဗျူရိုကရေစီ နည်းသက်သက်နဲ့ စုပေါင်းလယ်ယာစနစ်ဆီ အမိန့်ပေး ချီတက်နေပြန်တယ်။ ဒီပြဿနာက ကျနော့် လက်ချာရဲ့ နယ်နိမိတ်ကို အများကြီးကျော်သွားတဲ့၊ ကြီးမားတဲ့ ပြဿနာတရပ် ဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အညွှန်းကိန်းတွေကို သံသယနဲ့ ကြည့်ဖို့လိုတယ်။ ဆိုဗီယက် စက်မှုလုပ်ငန်း ကြီးထွားလာခြင်းရဲ့ ရလဒ်တွေဟာ ငြင်းဖျက်လို့မရနိုင်သလို အံ့ဩမှင်သက်ဖို့လည်းကောင်းတယ်၊ ဒါပေမယ့် စီးပွားရေးဘဝရဲ့ အစိတ်အပိုင်း အသီးသီးကြားက အပြန်အလှန် သက်ရောက်မှုတွေ၊ သူတို့ကြား ဆက်နွှယ်မှုရဲ့ ဒိုင်နမ်းမစ်(ခ်) မျှခြေ၊ ဒါနဲ့တဆက်တည်း သူတို့ရဲ့ ကုန်ထုတ်လုပ်မှု စွမ်းပကား၊ အစရှိတဲ့ ရှုထောင့်တွေကနေ ဖော်ပြပါ ရလဒ် အညွှန်းကိန်းတွေကို ဘောဂဗေဒနည်းနဲ့ ဆန်းစစ်ကြည့်ဖို့ လိုအပ်သေးတယ်။ ဒီနေရာမှာ ကြီးမားတဲ့ အခက်အခဲတွေ မလွဲမသွေရှိမှာပဲ၊ ချို့ယွင်းချက် ပြဿနာတွေတောင် ပေါ်လာနိုင်တယ်။ မီနားဗားက ဂျူပီတာရဲ့ ဦးခေါင်းထဲကနေ မွေးဖွားလာသလို ဒါမှမဟုတ်လည်း ပင်လယ်ရေလှိုင်း အမြှုပ်တောထဲကနေ ဗီးနပ်(စ်) ပေါက်ဖွားလာသလို ငါးနှစ်စီမံကိန်းထဲကနေ ဆိုရှယ်လစ်စနစ်ကြီး အတောင်အလက် အစုံအလင်နဲ့ မွေးဖွားလာမှာ မဟုတ်ဘူး။ ဒီမတိုင်ခင် ရှေ့ဆယ်စုနှစ်တွေမှာ တစိုက်မတ်မတ် ကြိုးပမ်းအလုပ်လုပ်ခဲ့ကြရတယ်၊ အမှားတွေ ရှိခဲ့သလို အမှန်တွေလည်း ပြင်ခဲ့ကြတယ်၊ တဖန်ပြန်လည် ဖွဲ့စည်းမှုတွေ လုပ်ခဲ့ရတယ်။ ဒါ့အပြင် ဆိုရှယ်လစ် လူ့ဘောင် တည်ဆောက်တဲ့ အလုပ်ဟာ သူ့သဘာဝအရ အင်တာနေရှင်နယ် အတိုင်းအတာနဲ့ပဲ ပြီးပြည့်စုံတဲ့ အခြေအနေကို ရောက်နိုင်တယ်ဆိုတာ မေ့ထားလို့မဖြစ်ဘူး။ အခုထိ ရရှိထားသမျှ ကုန်ထုတ်လုပ်ငန်း တိုးတက်မှု ရလဒ်တွေကို နိဂုံးချုပ်ချက်ဆွဲကြည့်မယ်ဆိုရင် အစောပိုင်း တွက်ချက်မှုတွေ လွဲမှားခဲ့တာ၊ စီမံကိန်းနဲ့ ဦးတည်ချက် အမှားတွေကိုပဲ လှစ်ဟပြလိမ့်မယ်။ လက်တွေ့ရလဒ်တွေနဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ အချက်ကိုတော့ ဘယ်လိုနည်းနဲ့မှ ငြင်းချေလို့ရမှာ မဟုတ်ဘူး၊ အဲဒီအခိုင်အမာအချက်က ဆိုရှယ်လစ် နည်းလမ်းတွေ အကူအညီနဲ့ စုပေါင်း လေဘာရဲ့ ကုန်ထုတ်သတ္တိကို မကြုံဖူး မကြားဖူးလောက်အောင် မြှင့်တင်ပေးနိုင်တယ်ဆိုတဲ့ အချက်ပဲ။ ကမ္ဘာ့သမိုင်းဆိုင်ရာ အရေးပါမှုရှိတဲ့ ဒီအောင်သီးအောင်ပွင့်ကို ကျနော်တို့ဆီကနေ ဘယ်သူ/ ဘယ်အရာကမှ ဖယ်ရှားမပစ်နိုင်ဘူး။

ဒီအချက်တွေ တင်ပြခဲ့ပြီးပြီမို့ အောက်တိုဘာ တော်လှန်ရေးကြောင့် ရုရှား လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှု ပျက်သုဉ်းသွားခဲ့ရပါတယ်ဆိုတဲ့ ဆူညံသံတွေကို အချိန်ကုန်ခံ ဖြေရှင်းဖို့ မလိုတော့ပါဘူး။ ဂနာမငြိမ် ဖြစ်နေရတဲ့ အုပ်စိုးသူ လူတန်းစားရဲ့ အိမ်ဂေဟာနဲ့ ဧည့်ခန်းဆောင်တွေက ထွက်လာတဲ့ အသံတွေပါ။ ပစ္စည်းမဲ့ လူတန်းစား အုံကြွမှုကနေ ဖြိုချလိုက်တဲ့ ပဒေသရာဇ် ဘူဇွာ "ယဉ်ကျေးမှု"ဆိုတာ တကယ်တမ်းကျ ဆေးရောင်စုံ ပန်းပွားအလှ ဆင်ထားတဲ့ (ဘားဘရစ်ဇင်) အရိုင်းပါပဲ။ အဲဒီ"ယဉ်ကျေးမှု"ဆိုတာနဲ့ ရုရှား ပြည်သူတွေ ထိတွေ့ခွင့်မရခဲ့သလို လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှု ဘဏ္ဍာတိုက်ကြီးထဲ အသစ်ထပ်မံ ဖြည့်ဆည်းပေးခဲ့တာလည်း မရှိသလောက်ပဲ။

ပြည်ပြေး အုပ်စိုးသူအဟောင်းတွေ နားပူအောင် ဇာတ်နာပြကြတဲ့ အဲဒီယဉ်ကျေးမှုဆိုတာနဲ့ ပတ်သက်လို့လည်း မေးခွန်းကို အခုလို အတိအကျ ဖော်ထုတ်ပေးရမယ် - ယဉ်ကျေးမှုတွေ ဖျက်စီးပစ်လိုက်တယ်လို့ ဘယ်အဓိပ္ပါယ်နဲ့ ပြောကြတာလဲ။ လူလက်တဆုပ်စာလေးက ယဉ်ကျေးမှု ဘဏ္ဍာတိုက်ကြီး တခုလုံး မောင်ပိုင်စီးထားတာကို ဖယ်ရှားပစ်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်တခုပဲ ရှိတယ်။ ခေတ်ဟောင်း ရုရှား ယဉ်ကျေးမှုကြီးထဲက ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးရှိတဲ့ ဘယ်တခုကိုမှ မတို့ထိကြပါဘူး။ ဘော်ရှီဗစ် "အရိုင်းကောင်တွေ"က စိတ်ပိုင်းဆိုင်ရာ တိုးတက်မှု အသီးအပွင့်တွေကို မရိုက်ချိုးခဲ့သလို အနုပညာ ဖန်တီးမှုတွေကိုလည်း ဖျက်စီးမပစ်ကြပါဘူး။ ဒါနဲ့ပြောင်းပြန်ပဲ၊ ဘော်ရှီဗစ်တွေက လူသား ဖန်တီးမှု လက်ရာတွေကို စနစ်တကျ စုဆောင်းပြီး သေသေသပ်သပ် နေရာ စီစဉ်ပေးခဲ့ကြတယ်။ အခုဆိုရင် ဘုရင်စနစ်၊ ပဒေသရာဇ် သူကောင်းမျိုးတွေနဲ့ ဘူဇွာ လူတန်းစားရဲ့ ယဉ်ကျေးမှုတွေကို သမိုင်း ပြတိုက်တွေထဲ ဂရုတစိုက် ခင်းကျင်း ပြထားပါတယ်။

လူထုက အဲဒီပြတိုက်တွေဆီ စိတ်ပါလက်ပါ လာကြည့်ကြတယ်။ ဒါပေမယ့် အဲဒီပြတိုက်ထဲမှာ သူတို့ မရှင်သန်ကြဘူး။ လူထုက လေ့လာကြည့်တယ်။ သူတို့ တည်ဆောက်ကြတယ်။ အောက်တိုဘာ တော်လှန်ရေးက ရုရှားပြည်သူတွေ၊ ဇာဘုရင် အုပ်စိုးခဲ့တဲ့ ဒါဇင်ပေါင်းများစွာသော ပြည်သူတွေကို စာရေးစာဖတ် တတ်အောင် သင်ကြားပေးခဲ့တယ်ဆိုတဲ့ တချက်နဲ့တင် အရင်ခေတ်ဟောင်း ရုရှား ယဉ်ကျေးမှုကြီး တစုံလုံးထက် ယဉ်ကျေးမှု အဆင့်အတန်း အဆပေါင်းများစွာ မြင့်မားသွားခဲ့ပြီ။

အောက်တိုဘာ တော်လှန်ရေးကြီးက လက်တဆုပ်စာ ကွက်ကွက်လေးအတွက် ရည်ရွယ်ထားတာမျိုး မဟုတ်ဘဲ လူအားလုံးအတွက် ယဉ်ကျေးမှုအသစ်တခု ထူထောင်နိုင်ရေး အုတ်မြစ်တွေ ချပေးထားတယ်။ ဒါကိုလည်း ကမ္ဘာ့ လူထုကြီးက ခံစားသိရှိပါတယ်။ ဒါ့ကြောင့်လည်း တခါတုန်းက ဇာဘုရင့် ရုရှားကို ရွံမုန်းကြသလောက် ဆိုဗီယက် ယူနီယံကို ကမ္ဘာ့လူထုက စာနာရိုင်းပင်းမှု ရှိနေကြတယ်။

လူသား ဘာသာစကားဟာ ဖြစ်ရပ် အကြောင်းချင်းရာတွေကို အမည်နာမတပ်ပေးတဲ့ နေရာမှာပဲ အစားထိုးလို့ မရတဲ့ ကိရိယာ မဟုတ်ဘူး၊ အဲဒီဖြစ်ရပ် အကြောင်းချင်းရာတွေရဲ့ တန်ဖိုးကို အကဲဖြတ်ကြည့်ရာမှာလည်း ဘာနဲ့မှ မလဲနိုင်တဲ့ ကိရိယာလက်နက်တခု ဖြစ်တယ်။ ရှောင်တခင် ဖြစ်တဲ့အရာတွေ၊ ကြိုကြားကြိုကြား ဖြစ်တဲ့အရာတွေ၊ လူ့ပယောဂကြောင့် ပေါ်လာတတ်တာတွေကို စစ်ထုတ်ပြီး အရေးကြီး အနှစ်သာရအပိုင်း နဲ့ ဝိသေသကျတဲ့ အချင်းအရာတွေကိုပဲ စုပ်ယူပေးတဲ့ လက်နက်ဖြစ်တယ်။ ရုရှားရဲ့ ဖွံ့ဖြိုးတိုးတက်မှု ခေတ်ကြီးနှစ်ခေတ်ကို လူ့ယဉ်ကျေး တိုင်းပြည်ကြီးတွေရဲ့ ဘာသာစကားတွေက ဘယ်လို ခံစားသက်ဝင်မှုနဲ့ ပိုင်းခြားပေးခဲ့သလဲ သတိမူကြည့်ပါ။ ပဒေသရာဇ် ယဉ်ကျေးမှုက ကမ္ဘာ့ရေစီးထဲကို ဇာဘုရင်၊ ကော့ဆက်(ခ်)၊ ပေါ့ဂရမ် (လူနည်းစု လူမျိုးစုတွေ၊ အထူးသဖြင့် ရုရှားမှာဆို ဂျူးလူမျိုးတွေကို ရန်ပြုတိုက်ခိုက်ခြင်း၊ nagaika (Nogai လူမျိုးတွေဆီက ဆင်းသက်လာတဲ့ ကော့ဆက်ခ်တွေရဲ့ လက်စွဲ ကြာပွတ်) အစရှိတဲ့ အရိုင်းအစိုင်းတွေကို ဆောင်ကျဉ်းပေးခဲ့တယ်။ ဒီစကားလုံးတွေကို ခင်ဗျားတို့ ရင်းနှီးပြီးသားပါ၊ ဒီစကားလုံးတွေရဲ့ ဆိုလိုရင်းကိုလည်း သိပြီးဖြစ်ပါတယ်။ အောက်တိုဘာ တော်လှန်ရေးက ကမ္ဘာ့ ဘာသာစကားထဲကို ဘော်ရှီဗစ်၊ ဆိုဗီယက်၊ kolkhoz (စုပေါင်းလယ်ယာ)၊ Gosplan (စီမံကိန်း စီးပွားရေးကို ကြီးကြပ်ကွပ်ကဲပေးတဲ့ ဗဟိုအစိုးရ ကော်မရှင်) အစရှိတဲ့ စကားလုံးတွေကို မိတ်ဆက်ပေးခဲ့တယ်။ ဒီနေရာမှာ လက်တွေ့ဆန်တဲ့ ဘာသာဗေဒက သမိုင်းဆိုင်ရာ တရားရုံးချုပ်ကို ခေါ်ယူ ကျင်းပပြီး စီရင်ချက်ချသွားပါလိမ့်မယ်။

လက်ငင်းတိုင်းတာကြည့်ဖို့ အင်မတန်ခက်ပေမယ့် တော်လှန်ရေးဆိုတာရဲ့ အလေးနက်ဆုံး အဓိပ္ပါယ်ထဲမှာ တော်လှန်ရေးက လူထုရဲ့ စရိုက်လက္ခဏာကို ပုံလောင်းပေးတယ်၊ ခိုင်မာသွားစေတယ် ဆိုတဲ့အချက် ပါဝင်နေတယ်။ ရုရှား လူထုလို့ ဆိုလိုက်တာနဲ့ ထိုင်းမှိုင်း၊ လေးလံတယ်၊ ပူပန်သောကရောက်နေတယ်၊ ယုတ္တိလွန် အချင်းအရာတွေကို ယုံကြည်ကြတယ်လို့ပဲ လူအများက မြင်ထားကြတယ်။ ဒါလည်း အကြောင်းမဲ့ မဟုတ်ဘူး။ ဒီအမြင် ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက အတိတ်သမိုင်းမှာ မြစ်ဖျားခံပါတယ်။ ဒါပေမယ့် (အောက်တိုဘာ) တော်လှန်ရေးကြီးက (ရုရှား) လူထုရဲ့ စရိုက်လက္ခဏာ ဖြစ်ပေါ်မှုမှာ ပြောင်းလဲမှုတွေ ကြီးကြီးမားမား ဖြစ်စေခဲ့တယ်၊ အဲဒီလောက် ကြီးမားကျယ်ပြန့်တဲ့ အပြောင်းအလဲမျိုး အနောက်နိုင်ငံတွေမှာ ဒီကနေ့အချိန်ထိ အသေအချာ စဉ်းစားမကြည့်ဖူးကြသေးဘူး။ အောက်တိုဘာလို တော်လှန်ရေးမျိုး မဖြတ်သန်းရသေးဘဲ အလားတူ ပြောင်းလဲမှုတွေ ဖြစ်နိုင်မတဲ့လား။

ဘဝအတွေ့အကြုံရှိတဲ့ လူတိုင်း လူတိုင်း ကိုယ်သိကျွမ်းဖူးတဲ့ လူငယ်တချို့အကြောင်း ပြန်စဉ်းစားကြည့်လို့ ရပါတယ်။ အရင်က အလွယ်တကူ နားဝင်တတ်ပြီး သူ့ခံစားချက်သူ တက်တက်ကြွကြွ ထုတ်ဖော်တတ်တဲ့ လူငယ်တချို့ အားကြီးလှတဲ့ ကိုယ်ကျင့်တရား တွန်းအားတခုခုရဲ့ လွှမ်းမိုးမှုနဲ့ ရုတ်တရက် ပိုပြင်းထန်လာ၊ ပိုပြီးချင့်ချိန်တတ်လာလို့ မမှတ်မိနိုင်အောင် ပြောင်းလဲသွားတာမျိုး ကြုံရတတ်တယ်။ လူထုတရပ်လုံးရဲ့ တိုးတက် ဖြစ်ထွန်းမှုမှာ အဲသလို ကိုယ်ကျင့်ပိုင်း ပြောင်းလဲမှုတွေကို တော်လှန်ရေးက ဖြစ်ပေါ်စေတယ်။

ဘုရင်အုပ်စိုးမှု၊ ပဒေသရာဇ် လူတန်းစားနဲ့ နယ်ချဲ့စစ်ကို ဆန့်ကျင်ပြီး ငြိမ်းချမ်းရေး၊ မြေယာနဲ့ လူမျိုးစုများ တန်းတူရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဖေဖော်ဝါရီ သူပုန်ထမှုကြီး၊ ဘူဇွာ လူတန်းစားနဲ့ သူ့လက်ဝေခံ ပါတီတွေကို ဖြိုချခဲ့တဲ့ အောက်တိုဘာ သူပုန်ထမှုကြီး၊ ဒီနောက် မိုင် ၅၀၀၀ စစ်မျက်နှာမှာ ဆင်နွှဲခဲ့ရတဲ့ သုံးနှစ်ကြာ ပြည်တွင်းစစ်၊ အရင်းရှင် နိုင်ငံတွေ ဝိုင်းပိတ်ထားခဲ့တဲ့ နှစ်ကာလများ၊ အငတ်ဘေးနဲ့ ကပ်ဘေး ဒုက္ခတွေ ဒင်းကြမ်း ပြည့်နေခဲ့တဲ့ သက္ကရာဇ်များ၊ စီးပွားရေး အဆောက်အအုံတွေ အပြင်းအထန် ထူထောင်ခဲ့ရတဲ့ နှစ်များ၊ မကြုံဖူးခဲ့တဲ့ အခက်အခဲ အသစ်တွေ၊ အတင်းအကြပ် ခြိုးခြံရခြင်းတွေ ....၊ ဒီဖြတ်သန်းမှု အတွေ့အကြုံတွေဟာ ကြမ်းတမ်း ခက်ခဲပေမယ့် ကောင်းမွန်တဲ့ ကျောင်းတော်ကြီး တခုလို ဖြစ်ခဲ့တယ်။ ထုထည်ကောင်းတဲ့ တူတလက်ဟာ ဖန်ချပ်ကို အစိတ်စိတ် အမွှာမွှာ ကွဲကြေစေပေမယ့် သံမဏိကိုတော့ မာကြောစေတယ်။ တော်လှန်ရေးဆိုတဲ့ တူကြီးဟာ လူထုရဲ့ စရိုက်လက္ခဏာ သံမဏိကို ခိုင်မာအားကောင်းသွားစေတယ်။

ဇာဘုရင့်လက်ထက် စစ်ဗိုလ်ချုပ်ဖြစ်ခဲ့တဲ့ Zalweski က လူထု အုံကြွမှုကြီး ဖြစ်ပြီး မရှေးမနှောင်းမှာ မကျေမချမ်းသံနဲ့ အခုလို ရေးခဲ့တယ် - "ဘယ်သူ ယုံမတဲ့လဲ၊ ဒရဝမ်ကနေ တရားသူကြီးချုပ်၊ ဆေးရုံစောင့်က ဆေးရုံ ဒါရိုက်တာ၊ ဆံသဆရာက အစိုးရ အရာရှိ၊ တပ်ကြပ်က ကာချုပ်၊ နေ့စား အလုပ်သမားက မြို့ဝန်၊ သော့ပြင်သမားက စက်ရုံ ဒါရိုက်တာ ... နေ့ချင်းညချင်း ဖြစ်သွားကြမယ်လို့ ဘယ်သူများ ယုံမလဲ။"

"ဒါကို ဘယ်သူတွေ ယုံမတဲ့လဲ"။ အဲသလို မေးခဲ့ပေမယ့် ယုံခဲ့ကြရပါတယ်။ အောက်ခြေတပ်သားတွေက ဗိုလ်ချုပ်ကြီးတွေကို ပုန်ကန်ခြားနားလိုက်တဲ့အခါ၊ မြို့ဝန်တဖြစ်လဲ နေ့စားအလုပ်သမားက ဗျူရိုကရေစီဟောင်းရဲ့ ကန့်လန့်တိုက် ဖီဆန်မှုကို ရိုက်ချိုးပစ်လိုက်တဲ့အခါ၊ စက်ပြင်သမားက ပို့ဆောင်ရေး စနစ်ကို ပဲ့ကိုင်အသက်သွင်းလိုက်တဲ့အခါ၊ ဒါရိုက်တာတဖြစ်လဲ သော့ပြင်သမားက စက်ယန္တယားတွေကို လည်ပတ်မောင်းနှင်စေတဲ့အခါ တခြားလည်း သူတို့ဘာမှ မတတ်နိုင်ခဲ့ပါ၊ ယုံပေးရုံပဲ တတ်နိုင်တော့တယ်။ "ဒါကို ဘယ်တွေများ ယုံမတဲ့လဲ"။ မယုံဘဲနေဖို့ ကြိုက်တဲ့သူ စမ်းကြည့်လိုက်ပါ။

တော်လှန်ရေးနဲ့ သမိုင်းဖြစ်စဉ်အတွင်းက တော်လှန်ရေးရဲ့ အဆင့်နေရာ

အခု ဒီလက်ချာ အဆုံးသတ်အနေနဲ့ အောက်တိုဘာ တော်လှန်ရေးက ရုရှား သမိုင်းမှာသာမက ကမ္ဘာသမိုင်းမှာပါ ဘယ်အဆင့်နေရာက ရှိနေသလဲ ဆန်းစစ်ကြည့်ပါရစေ။ ၁၉၁၇ ခုနှစ်ရဲ့ ရှစ်လတာ ကာလအတွင်း သမိုင်းဆိုင်ရာ မျဉ်းကြီးနှစ်ကြောင်း တခုကိုတခု ယှက်နွှယ် ဖြတ်သန်းသွားကြတယ်။ လွန်ခဲ့သော ရာစုနှစ်တွေက ဟော်လန်၊ အင်္ဂလန်၊ ပြင်သစ်နဲ့ ဥရောပတိုက် နိုင်ငံအားလုံးလောက်မှာ ဆင်နွှဲခဲ့ကြပြီးဖြစ်တဲ့ အရေးတော်ပုံကြီးတွေလို ဘူဇွာ တော်လှန်ရေးတရပ်ကို ရုရှားမှာ ၁၉၁၇ ခုနှစ် ဖေဖော်ဝါရီကျမှ ဆင်နွှဲနိုင်ခဲ့တယ်။ ဖေဖော်ဝါရီ တော်လှန်ရေးအပြီး ရှစ်လအတွင်း ဆင်နွှဲလိုက်တဲ့ အောက်တိုဘာ တော်လှန်ရေးကြီးက အလုပ်သမား လူတန်းစား အုပ်စိုးမှုကို စတင် အုတ်မြစ်ချပေးခဲ့တယ်။ ကမ္ဘာ့ အရင်းရှင်စနစ်ကြီးဟာ ပထမဆုံးအကြိမ် အရေးနိမ့်မှုကြီးကို ရုရှားမြေပေါ်မှာ မရှုမလှ ခံလိုက်ရတယ်။ သံကွင်းဆက် ချိန်းကြိုးကြီးရဲ့ အချိနဲ့ဆုံး ကွင်းဆက်ကနေ ပြတ်ထွက်သွားခဲ့တယ်။ ကွင်းဆက်လေးပဲ ပြုတ်ထွက်သွားတာ မဟုတ်ဘူး၊ သံကွင်းဆက်ချိန်းကြိုးကြီး ပြတ်ထွက်သွားခဲ့တာပါ။

အရင်းရှင်စနစ်က ကမ္ဘာ့စနစ်တခုအနေနဲ့ သူ့သက်တမ်းကို ကျော်သွားခဲ့ပြီး ဖြစ်တယ်။ လူသား ဓနဥစ္စာနဲ့ လူသား ပါဝါတွေ မြှင့်တင်ပေးနိုင်ခြင်းဆိုတဲ့ အရေးတကာ့ အရေးအကြီးဆုံး သူ့တာဝန်ကို အရင်းရှင်စနစ်က ဖြည့်ဆည်းပေးနိုင်စွမ်း မရှိတော့ဘူး။ လူသားတွေအနေနဲ့ လက်ရှိရောက်ပြီးသား နေရာမှာပဲ ငြိမ်သက်မနေနိုင်ဘူး။ ကုန်ထုတ်စွမ်းအားစုတွေ အင်တိုက်အားတိုက် တိုးတက်မှုရယ်၊ ကောင်းမွန်တဲ့ စီမံကိန်း၊ ဆိုလိုတာက ဆိုရှယ်လစ်နည်းကျ ကုန်ထုတ်လုပ်မှုနဲ့ ခွဲဝေမှု စနစ်နဲ့သာ လူသားအားလုံး နှစ်လိုဖွယ်ကောင်းတဲ့ လူနေမှု အဆင့်အတန်းကို ရရှိနိုင်မယ်၊ တချိန်တည်းမှာ လူ့အဖွဲ့အစည်းရဲ့ စီးပွားရေးဘဝနဲ့ အဟပ်ညီညီ တန်ဖိုးကြီးမားတဲ့ လွတ်လပ်မှု အရသာကိုလည်း လူသားအားလုံး ခံစားနိုင်မယ်။ လွတ်လပ်မှုကို အဓိပ္ပါယ်နှစ်မျိုးနဲ့ ပြောချင်တယ်၊ ပထမဆုံးအနေနဲ့ လူသားအားလုံးဟာ သူတို့ဘဝရဲ့ အစိတ်အပိုင်း အတော်များများကို ကုန်းရုန်း အလုပ် လုပ်နေရတာနဲ့ပဲ အချိန်မကုန်ရတော့ဘူး။ ဒုတိယအချက်ကတော့ လူသားမျိုးနွယ်အနေနဲ့ ဈေးကွက် ဥပဒေသတွေအပေါ် မှီခိုနေရတဲ့ဘဝက လွတ်မြောက်သွားမယ်၊ ဆိုလိုတာက လူသားထိန်းချုပ်မှုအောက် မရှိဘဲ သူ့သဘောနဲ့သူ ထင်ရာစိုင်းနေတဲ့ အင်အားစုတွေအပေါ် မှီခိုအားထားနေဖို့ မလိုတော့ဘူး။ လူသားက သူ့လက်ထဲမှာ လမ်းပြသံလိုက်အိမ်မြှောက် ဆွဲကိုင်ပြီး စီမံကိန်းနဲ့အညီ စီးပွားရေးစနစ်ကို လွတ်လပ်စွာ တည်ဆောက်သွားလိမ့်မယ်။ ဒီခေတ်မှာတော့ လူ့အဖွဲ့အစည်း ခန္ဓာဗေဒကို X-ray နဲ့ အသေအချာရိုက် ဆန်းစစ်ကြည့်မယ်၊ မြင်ရခက်ခဲခဲ့တဲ့ လူ့အဖွဲ့အစည်း အလုပ်လုပ်ပုံ လျှို့ဝှက်ချက်အားလုံးကို ဖွင့်ထုတ်ပြီး သူ့လုပ်ငန်းဆောင်တာ အားလုံးကို လူသားမျိုးနွယ်ရဲ့ ဆင်ခြင်တုံတရားနဲ့ ဆန္ဒအတိုင်း ပဲ့ကိုင်မောင်းနှင်သွားမယ်။ ဆိုရှယ်လစ်စနစ်က လူသားမျိုးနွယ်ရဲ့ သမိုင်းဆိုင်ရာ တိုးတက်မှုလမ်းကြောင်းမှာ အဆင့်သစ်တခု ဖြစ်လာမယ်လို့ ဒီသဘောနဲ့ ဆိုလိုခြင်း ဖြစ်တယ်။ ကျောက်ပုဆိန်လောက်သာ ကိုင်စွဲထားနိုင်သေးတဲ့ ကျနော်တို့ ဘိုးဘေး ရှေးဦး လူသားရဲ့ ရှေ့မှောက်မှာ သဘာဝကြီး တခုလုံးက လျှို့ဝှက်ဆန်းကြယ်ပြီး ရိုင်းစိုင်းကြမ်းကြုတ်တဲ့ အင်အားစုတွေ ဖြစ်နေခဲ့တယ်။ အဲဒီကနေစလို့ သဘာဝသိပ္ပံ ပညာရပ်တွေနဲ့ လက်တွေ့နည်းပညာဗေဒဟာ လက်ချင်းတွဲ လျှောက်လှမ်းရင်း သဘာဝတရားရဲ့ လျှို့ဝှက်ဆန်းကြယ်လှသော နက်နဲမှုတွေကို လက်ကုန်နှိုက် ဖွင့်ထုတ်ပြလာခဲ့ကြတယ်။ လျှပ်စစ်စွမ်းအင်ကို အသုံးချပြီး ရူပဗေဒ ပညာရှင်က အက်တမ်ရဲ့ နျူကလိယပ်ကို စီရင်ချက်ချလိုက်တယ်။ (ဓာတုဗေဒပညာရှင်တွေရဲ့ ရှေ့ပြေး) အဂ္ဂိရတ်ဆရာတွေ လုံးပမ်းခဲ့ကြဖူးတဲ့ အလုပ်ကို သိပ္ပံက အလွယ်တကူ ဖြေရှင်းပေးနိုင်တော့မယ့် အချိန်ဟာ သိပ်မဝေးတော့ဘူး၊ မြေဩဇာကနေ ရွှေဖြစ်အောင်၊ ရွှေကနေ မြေဩဇာဖြစ်အောင် လုပ်ပေးလာနိုင်လိမ့်မယ်။ သဘာဝအရိုင်းရဲ့ နတ်ဆိုးနဲ့ ဘီလူးကြီးတွေ အုပ်စိုးခဲ့တဲ့ နေရာမှာ ရဲစွမ်းသတ္တိ ပိုကြီးမားပြီး ပြင်းထန်အားကောင်းတဲ့ လူသား စိတ်ဆန္ဒက မင်းမူသွားလိမ့်မယ်။

လူသားဟာ သဘာဝအရိုင်းကို အောင်အောင်မြင်မြင် ဇာတ်ခွံ့မောင်းနှင်လာနိုင်ပြီ ဆိုပေမယ့် လူမှုဆက်ဆံရေးတွေကိုတော့ ပျားတွေလို/ ပုရွက်ဆိတ်တွေလို "မျက်ကန်း" တည်ဆောက်ခဲ့တယ်။ လူသား အဖွဲ့အစည်း ပြဿနာတွေကို တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ နှေးကွေးလေးလံစွာ ချဉ်းကပ်ခဲ့တယ်။

Reformation* ဟာ အသက်မဲ့ အစဉ်အလာတွေ ကြီးစိုးနေတဲ့ နယ်ပယ်ထဲ ဘူဇွာ တသီးပုဂ္ဂလဝါဒ ပထမဆုံး အောင်ပွဲရရှိလာခြင်းကို ကိုယ်စားပြုခဲ့တယ်။ သုံးသပ်ဝေဖန်တဲ့ အတွေးအခေါ်ဟာ ဘုရားကျောင်းတော်ကနေ နိုင်ငံတော်အထိ ရောက်သွားခဲ့တယ်။ သက်ဦးဆံပိုင်စနစ်နဲ့ အလယ်ခေတ် အခွင့်ထူးခံ လူတန်းစားတွေကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း မွေးဖွားလာခဲ့တဲ့ ပြည်သူ့ အချုပ်အခြာအာဏာ အယူအဆ၊ လူတဦးချင်းစီနဲ့ နိုင်ငံသား အခွင့်အရေး အယူအဆတွေဟာ ခိုင်မာအားကောင်းလာခဲ့တယ်။ ဒါ့ကြောင့် ပါလီမန်စနစ် ပေါ်ထွန်းလာခဲ့တယ်။ ဝေဖန်ပိုင်းခြားတတ်တဲ့ အတွေးအခေါ်ဟာ အစိုးရ အုပ်ချုပ်ရေးနယ်ပယ်အထိ ထိုးဖောက်သွားခဲ့တယ်။ ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးဆိုင်ရာ ဆင်ခြင်တုံတရားအခြေပြုဝါဒဟာ တော်လှန်သော ဘူဇွာတွေရဲ့ အမြင့်ဆုံး အောင်မြင်မှု ဖြစ်ခဲ့တယ်။

(*= ဂျွန်ကယ်ဗင်နဲ့ မာတင် လူသာတို့ ခေါင်းဆောင်ခဲ့တဲ့ ၁၆ရာစု ဥရောပ အလယ်ခေတ်နှောင်းပိုင်းက ကတ်သလစ် အာဏာပိုင် ကျောင်းတော်ကို ဆန့်ကျင်တော်လှန်ပြီး ပရိုတက်စတန့်ဂိုဏ်း ပေါ်ထွန်းလာစေတဲ့ လှုပ်ရှားမှု)

ဒါပေမယ့် သဘာဝနဲ့ နိုင်ငံတော်ကြားမှာ စီးပွားရေးဘဝ ခံနေသေးတယ်။ နည်းပညာနဲ့ သိပ္ပံကြောင့် သဘာဝအင်အားတွေ (မြေ၊ ရေ၊ လေ၊ မီး) ရဲ့ ဗိုလ်ကျမှုတွေက လွတ်မြောက်လာတဲ့ လူသားဟာ လူသားအချင်းချင်း ဗိုလ်ကျစိုးမိုးမှုကို ခံနေရတယ်။ လူသားဟာ စက်ယန္တရားရဲ့ အစေအပါးဖြစ်လာဖို့ သဘာဝရဲ့ အစေအပါးဘဝကနေ လွတ်လာခဲ့တယ်၊ ဒီထက်ပိုဆိုးတာက ဝယ်လိုအားနဲ့ ရောင်းလိုအားရဲ့ အစေအပါး ဖြစ်သွားခဲ့တာပဲ။ သမုဒ္ဒရာ ကြမ်းပြင်အထိ ငုပ်ဆင်းသွားနိုင်တဲ့ လူသား၊ ဝေဟင်အထိ ပျံတက်သွားနိုင်တဲ့ လူသား၊ ဆန့်ကျင်ဘက် ဝင်ရိုးစွန်းတွေကလာတဲ့ မမြင်နိုင်သော လှိုင်းတွေကို ပြောင်းလဲပစ်နိုင်တဲ့ လူသား၊ ဒီလောက်တောင် ရဲစွမ်းသတ္တိကြီးမားပြီး ဝင့်ကြွားလှတဲ့ သဘာဝရဲ့ အရှင်သခင် လူသားဟာ သူကိုယ်တိုင် ဖန်တီးထားသော စီးပွားရေးစနစ်ရဲ့ မျက်ကန်း အင်အားစုတွေ စိုးမိုးမှုအောက် ရောက်နေတဲ့ အစေအပါးမျှသာ ဖြစ်နေသေးကြောင်း လက်ရှိကမ္ဘာ့ (အရင်းရှင်စနစ်) အကြပ်အတည်းကြီးက သက်ညှာမှု အလျဉ်းမရှိဘဲ သက်သေပြနေတယ်။ ကျနော်တို့ခေတ်ရဲ့ သမိုင်းရေး တာဝန်က ဈေးကွက်ရဲ့ ထင်ရာစိုင်း အုပ်စိုးမှုကို ဆင်ခြင်တုံတရား အခြေခံသော စီမံကိန်းနဲ့ အစားထိုးဖို့၊ ကုန်ထုတ် စွမ်းအားစုတွေကို ပဲ့ကိုင်ပြီး ဟာမိုနီကျကျ လည်ပတ်သွားစေရင်း လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေကို ကျိုးကျိုးနွံနွံနဲ့ ဖြည့်ဆည်းပေးစေဖို့ ဖြစ်ပါတယ်။ အဲဒီလို လူမှုအခြေခံအသစ်ပေါ်ကပဲ လူသားဟာ နွမ်းနယ်နေတဲ့ သူ့ခြေလက်တွေကို ဆန့်ထုတ်ပစ်နိုင်လိမ့်မယ်၊ လက်ရွေးစင် လူနည်းစုလေးသာ မဟုတ်တော့ဘဲ လူသားအားလုံးက အတွေးအခေါ် နယ်ပယ်မှာလည်း စွမ်းအား အပြည့်ရှိတဲ့ နိုင်ငံသားတွေ ဖြစ်လာကြမယ်။

လူသား အနာဂတ်

ဒါပေမယ့် အဲဒါက လမ်းဆုံး မဟုတ်သေးဘူး။ အစပဲ ရှိသေးတယ်။ လူက သူ့ကိုယ်သူ သက်ရှိလောကရဲ့ သရဖူလို့ သမုတ်တယ်။ အဲဒီလို ဆိုရအောင်လည်း သူ့မှာ အခွင့်အရေး တစုံတရာ ရှိတယ်။ ဒါပေမယ့် ဒီကနေ့ လူသားဟာ ဟိုမို ဆေးပီးယန်း မျိုးစိတ်ရဲ့ နောက်ဆုံးနဲ့ အမြင့်ဆုံး သက်ရှိလို့ ဘယ်သူ ပြောထားသလဲ။ မဟုတ်ပါဘူး၊ ကိုယ်ကာယပိုင်းအရရော စိတ်ပိုင်းအရပါ ပြီးပြည့်စုံဖို့ အဝေးကြီး လိုပါသေးတယ်။ လူသားဟာ ဇီဝဗေဒအရ လိုအပ်ချက်တွေ အများကြီးနဲ့ ပေါက်ဖွားလာတယ်၊ လူသား အတွေးအခေါ်ဟာ အားနည်းနေတုန်းပဲ၊ လူသားဟာ အော်ဂဲနစ် မျှခြေအသစ်တရပ်ကိုလည်း မထုတ်လုပ်ရသေးဘူး။

လူသားမျိုးနွယ်ထဲကနေ အတွေးအခေါ်နဲ့ လုပ်ဆောင်မှုပိုင်း ထူးချွန်ထက်မြက်လှတဲ့ ဧရာမ လူသားတွေ တကြိမ်မက ပေါ်ထွက်ခဲ့ဖူးတယ်ဆိုတာ အမှန်ပါပဲ၊ သူတို့တတွေဟာ တောင်တန်းတွေကြားထဲက အမြင့်ဆုံး တောင်ထွတ်တွေလို သူတို့ခေတ်ပြိုင် လူသားတွေထက် ပိုကြီးကျယ်ခမ်းနားကြတယ်။ အဲရစ်(စ်)တတယ်(လ်)၊ ရှိတ်(ခ်)စပီးယား၊ ဒါဝင်၊ ဘေထိုဗင်၊ ဂါ့ထ၊ မာ့(က်စ်)၊ အက်ဒီဆင်နဲ့ လီနင်တို့လို မဟာလူသားတွေ ပေါ်ထွက်ခဲ့ဖူးလို့ လူသားမျိုးနွယ်အနေနဲ့ ဂုဏ်ယူဝင့်ကြွားခွင့် ရှိပါတယ်။ ဒါပေမယ့် မေးစရာရှိတာက သူတို့လို လူသားတွေ ဘာ့ကြောင့် ဒီလောက် ရှားပါးတာလဲ။ အဓိကကတော့ သူတို့အားလုံးလိုလိုဟာ အလတ်တန်းစားနဲ့ အထက်တန်းစားတွေကနေ ပေါက်ဖွားလာခဲ့ကြသူတွေချည်းပါပဲ။ ရှားရှားပါးပါး ခြွင်းချက်တွေကလွဲရင် အဖိနှိပ်ခံ လူထုကြားက ဂျီးနီးယပ်(စ်) မီးပွားလေးတွေဟာ မီးတောက်အဖြစ် ထမတောက်နိုင်သေးခင်မှာပဲ နင်းချေ ငြိမ်းသတ်ခံကြရတယ်။ ဒါ့အပြင် လူသားတယောက် တိုးတက်ဖွံ့ဖြိုးလာအောင် ဖန်တီး ပျိုးထောင် ပညာသင်ပေးရတဲ့ ဖြစ်စဉ်တွေဟာ အခွင့်အလမ်းပေါ် အဓိကမူတည်နေခဲ့တယ်၊ မူတည်နေတုန်းပဲ၊ သီအိုရီနဲ့ လက်တွေ့က လမ်းပြ ဖော်ဆောင်ပေးတာမျိုး မဟုတ်သေးဘူး၊ လူသား အသိစိတ်နဲ့ လိုအင်ဆန္ဒရဲ့ ပဲ့ပြင်မှုအောက် မရှိဘူး။

မနုဿဗေဒ၊ ဇီဝဗေဒ၊ ဇီဝကမ္မဗေဒနဲ့ စိတ္တဗေဒ ပညာရပ်တွေဟာ လူသားမျိုးနွယ်ရဲ့ ခန္ဓာပိုင်း၊ စိတ်ပိုင်း တိုးတက် ဖွံ့ဖြိုးရေးနဲ့ အလုံးစုံ ပြည့်စုံလာစေရေး တာဝန်တွေကို အပြည့်အဝ အကောင်အထည်ဖော်နိုင်အောင် အသိပညာ အရပ်ရပ်ကို တောင်ပုံရာပုံ စုဆောင်းပေးထားတယ်။ ဆစ်(ဂ်)မန် ဖရွိုက်(ဒ်)ရဲ့ ရှေ့ဆောင်လှုပ်နှိုးမှုနဲ့ စိတ်သရုပ်ခွဲ ပညာရပ်က ကဗျာဆန်ဆန် တင်စားခေါ်ကြတဲ့ "ဝိညာဉ်"ဆိုသော ရေတွင်းကြီးရဲ့ အဖုံးကို ဖွင့်ပေးလိုက်ပြီ။ အဲဒီလို ဖွင့်လိုက်တော့ ဘာတွေ တွေ့လိုက်ရသလဲ။ ကျနော်တို့ရဲ့ အသိစိတ် အတွေးဆိုတာ နက်ရှိုင်းလှသော စိတ်ပိုင်း အင်အားစုများ လုပ်ဆောင်မှုရဲ့ အစိတ်အပိုင်း သေးသေးလေးတခုသာ ဖြစ်နေတယ်။ ကျွမ်းကျင်တဲ့ ရေငုပ်သမားတွေက သမုဒ္ဒရာ ကြမ်းပြင်အထိ ထိုးဆင်းသွားပြီး အံ့ဩဘနန်း ငါးတွေကို ဓာတ်ပုံရိုက် ယူကြတယ်။ လူသား အတွေးအခေါ်က သူ့ရဲ့ စိတ်ပိုင်းရင်းမြစ်တွေဆီ နက်နက်နဲနဲ ထိုးဆင်းသွားပြီး ရှုပ်ထွေးဆန်းပြားလှသော စိတ်ရဲ့ စေ့ဆော်ရေး အင်အားစုတွေကို မီးမောင်းထိုးပြပေးရမယ်၊ ဆင်ခြင်တုံတရားနဲ့ လိုအင်အတိုင်း ပဲ့ကိုင်ပေးရမယ်။

လူသားက သူ့လူ့အဖွဲ့အစည်းရဲ့ ထင်ရာစိုင်း မင်းမူနေသော အင်အားစုတွေကို ဇာတ်ခွံ့စီမံပြီးတာနဲ့ သူ့ကိုယ်သူ ဓာတ်ခွဲဆန်းစစ်တဲ့ အလုပ် စတင်လိမ့်မယ်။ ပထမဆုံးအကြိမ်အဖြစ် လူသားက သူ့ကိုယ်သူ ကုန်ကြမ်းတခုလို ဒါမှမဟုတ် တပိုင်းတစပဲ သွန်းလုပ်ထားရသေးတဲ့ စိတ်ပိုင်း ရုပ်ပိုင်း ထုတ်ကုန်တခုလို သဘောထားလိမ့်မယ်။ ဆိုရှယ်လစ်ဇင်ဆိုတာ လိုအပ်ခြင်း နိယာမတွေ ကြီးစိုးထားတဲ့ လွင်ပြင်ကနေ လွတ်လပ်မှု လွင်ပြင်ဆီ ခုန်ကူးသွားခြင်းလို့ ဆိုရလိမ့်မယ် - ပဋိပက္ခတွေ၊ သဟဇာတမဖြစ်မှုတွေ ဒင်းကြမ်းပြည့်နေတဲ့ ဒီကနေ့ လူသားက ပိုပြီးပျော်ရွှင်ချမ်းမြေ့စရာကောင်းတဲ့ မျိုးနွယ် အသစ်တခု ပေါ်ထွန်းလာဖို့ လမ်းဖွင့်ပေးလိမ့်မယ် ဆိုတဲ့အနက်နဲ့လည်း 'လွတ်လပ်မှု လွင်ပြင်ဆီ ခုန်ကူးသွားခြင်း'လို့ ဆိုနိုင်လိမ့်မယ်။

မေဝတ်မှုန် ဘာသာပြန်သည်

 

23.02.1917
The February Revolution
Strikes and protests erupt on women's day in Petrograd and develop into a mass movement involving hundreds of thousands of workers; within 5 days the workers win over the army and bring down the hated and seemingly omnipotent Tsarist Monarchy.
16.04.1917
Lenin Returns
Lenin returns to Russia and presents his ‘April Theses’ denouncing the Bourgeois Provisional Government and calling for “All Power to the Soviets!”
18.06.1917
The June Days
Following the First All-Russian Congress of Soviets, the reformist leaders called a demonstration to show the strength of "democracy". 400,000 people attended, the vast majority carried banners with Bolshevik slogans.
16.07.1917
The July Days
Spontaneous, armed demonstrations against the Provisional Government erupt in Petrograd. The workers and soldiers are suppressed by force, introducing a period of reaction and making the peaceful development of the revolution impossible.
9.09.1917
The Kornilov Affair
Following the July days, the Bolsheviks were driven underground and the forces of reaction were emboldened. This process culminated in the reactionary forces coalescing around General Kornilov, who attempt to march on Petrograd and crush the revolutionary movement in its entirety.
26.10.1917
The October Revolution
The Provisional Government is overthrown. State power passes to the Soviets on the morningm of 26th October, after the Bolsheviks’ Military Revolutionary Committee seize the city and the cabinet surrenders.
  • V. I. Lenin

    V. I. Lenin

    "The dominating trait of his character, the feature which constituted half his make-up, was his will..."
  • L. Trotsky

    L. Trotsky

    “Astounding speeches, fanfares of orders, the unceasing electrifier of a weakening army.”
  • G. Plekhanov

    G. Plekhanov

    "In the final analysis the brilliant aspects of Plekhanov’s character will endure forever."
  • G. O. Zinoviev

    G. O. Zinoviev

    "Zinoviev has won the reputation of being one of the most remarkable orators – a difficult feat."
  • Y. M. Sverdlov

    Y. M. Sverdlov

    “He did not die on the field of battle, but we are right to see him as a man who gave his life for the cause.”
  • V. Volodarsky

    V. Volodarsky

    “He was always to be seen in the front row, the on-the-spot leader. So, they killed him.”
  • 1
  • 2
  • 3

Reading Guides

  • The 1917 February Revolution

    The 1917 February Revolution

    The February Revolution saw a mass strike develop from below at a furious pace which posed the question of state power within a week of its inception. Workers in Petrograd took to the streets against intolerable bread shortages, the slaughter
  • Lenin Returns in April

    Lenin Returns in April

    This reading guide contains some of Lenin’s most important writings and speeches made in the April period, accompanied by works which provide further details of events at that stage of the Revolution.
  • The June Days 1917

    The June Days 1917

    This reading guide informs the May-June period of the Revolution with analysis, accounts of those who were involved and important speeches and writings of the time.
  • The July Days 1917

    The July Days 1917

    This selection of texts covers the background, events and consequences of the July Days. Next, we will turn our attention to one of those consequences – the Kornilov putsch in late August.
  • The Kornilov affair

    The Kornilov affair

    Kornilov’s failed coup brought the direct action of the masses into play again, and proved to them once and for all that they were the only force in society capable of transforming their own living conditions. For the first time,
  • The October Insurrection 1917

    The October Insurrection 1917

    The following series of articles provides in-depth analyses and first-hand accounts of the events immediately preceding, during and after the greatest event in human history: the October Revolution, in addition to reflections on its aftermath.
  • 1