Part two of a Burmese translation of "Gandhi: the Myths Behind the Mahatma", by Ravi Mistry.
[Source]
အင်ဒိယ အမျိုးသားရေးလှုပ်ရှားမှုနဲ့ ပက်သက်ပြီး ဂန်ဒီ ကို လူအများက အထင်ကြီးလေးစားကြတယ်။ ကိုလိုနီဆန့်ကျင်ရေးသ မား၊ ငြိမ်းချမ်းရေးရဲ့သင်္ကေတ၊ အမျိုးသားခေါင်းဆောင်ကြီး၊ စသဖြင့် အမွှမ်းတင်ကြတယ်။ သူရဲ့ အကြမ်းမဖက် လှုပ်ရှားမှု ဟာ နယ်ချဲ့ကိုတော်လှန်နိုင်ခဲ့တာပဲ လို့မှတ်ယူထားကြပါတယ်။ ဒါတွေဟာ မှန်ရဲ့လား၊ ဂန်ဒီဟာတကယ်ပဲ နယ်ချဲ့တော်လှန်ရေးသမား လား၊ ငြိမ်းချမ်းရေးသမားလား?
ဂန်ဒီအကြောင်း ဆွေးနွေးကြည့်ပါမယ်။
မဟတ္တမ ကရစ်ချက် ဂန်ဒီ ကို ၁၈၆၉ အောက်တိုဘာ ၂ မှာ ဂူဂျာရက်ပြည်နယ် ထဲက ချမ်းသာကြွယ်ဝတဲ့ မိသားစုတစုကနေ မွေးဖွားခဲ့တယ်။ ၁၃ နှစ်အရွယ်မှာ လက်ထပ်တယ်။ ကျောင်းဆက်တက်တယ်။ နောက်တော့ လန်ဒန်မှာ ဥပဒေပညာသွားသင်လာခဲ့တယ်။
တောင်အာဖရိက နှင့် ဂန်ဒီ
ဘုံဘေမှာ ရှေ့နေအလုပ်နဲ့ သိပ်အဆင်မပြေတဲ့ ဂန်ဒီဟာ တောင်အာဖရိက မှာအလုပ်သွားလုပ်ဖို့ထွက်လာခဲ့တယ်။ နေတယ် ကိုစရောက်ရောက်ခြင်းမှာပဲ တရားရုံးကိုသွားရာမှာ ပြသနာစတက်တယ်။ တရားသူကြီးက သူ့ခေါင်းပေါင်းကိုချွတ်ခိုင်းလို့။ ရထားစီးတော့လည်း ပထမတန်းတွဲမှာသွားထိုင်မိလို့ ရထားပေါ်က နှင်ချခံရပြန်တယ်။ ဒီလို လူမျိုးရေးခွဲခြားမှုတွေကို ဂန်ဒီတယောက်တော်တော်လေး ခံလိုက်ရတယ်။
၁၈၉၃ မှာ 'နေတယ်' ရဲ့ လူဦးရေဟာ ၅၈၄၃၂၆ ရှိပြီး ၊ လူဖြူ တွေ နဲ့ အင်ဒီးယန်း တွေက ၁၄ ရာခိုင်နှုန်းလောက်ပဲ။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကျော်ကျော်ဟာ ဇူးလူး ဒေသခံတွေဖြစ်ကြတယ်။ အရင်းရှင်လူဖြူ တွေက အခြားလူမျိုးစုတွေအပေါ် နှိမ်ချဆက်ဆံတယ်၊ လူမျိုးရေးခွဲခြားထားတယ်။ အင်ဒီယန်းတွေ ပလက်ဖောင်းပေါ်လမ်းမလျှောက်ရ၊ လူဖြူ တွေနဲ့ ဝင်ပေါက် ထွက်ပေါက်တွေ အတူမသုံးရ စသဖြင့် ဖိနှိပ်ထားတယ်။ရထားစီးရင် ပထမတန်းတွဲကို လူဖြူ များသာစီးခွင့်ရှိတယ်။ အရင်းရှင် လူဖြူတွေက မြင့်မြတ်ပြီး အခြားလူမျိုးစုများက နိမ့်ကျ သယောင်ယောင်ပုံဖော်ထားခြင်းဖြစ်တယ်။
ဖိနှိပ်ချုပ်ခြယ်မှုများကတဖြည်းဖြည်း ဆိုးသထက် ဆိုးနေခဲ့တယ်။ အင်ဒီးယန်း များက လူဖြူ စီးပွားရေး ဝေစုကို ခြိမ်းခြောက်လာမည်ကို အရင်းရှင်လူဖြူ များကစိုးရိမ်နေကြတယ်။ဂန်ဒီဟာ ထိုခွဲခြားမှု ဖိနှိမ်မှုတို့ကို လက်တွေ့ကြုံလာခဲ့ရသူပါပဲ။ သို့ရာတွင် ဂန်ဒီ က နယ်ချဲ့အရင်းရှင်များကို ဆန့်ကျင်ပြီး တန်းတူအခွင့်အရေးတောင်းရန် အစီအစဉ် မရှိပေ။ အရင်းရှင် လူဖြူများနှင့် ပလဲနံ ပသင့်အောင်ပေါင်းပြီး အင်ဒီယန် ဘူဇွာ တို့၏ အကျိုးစီးပွားအတွက် လုပ်ရန်သာ ရှေးရှု တယ်။ သူကိုယ်တိုင်ကလည်း ကြေးရတက် ဘူဇွာ ပင်မဟုတ်ပေလော။
'လူယဉ်ကျေးများအတွက် တန်းတူအခွင့်အရေး' ဆိုတဲ့အမြင်ကို လက်ကိုင်ထားတဲ့ ဂန်ဒီဟာ အင်ဒိယ ဘူဇွာ တွေနဲ့ အလုပ်သမားတွေကို ခွဲခြားပစ်ဖို့ လုံးပမ်းခဲ့တယ်။ တနည်းအားဖြင့် သူနဲ့ အပေါင်းအပါ ဘူဇွာတွေကသာ လူဖြူ များနဲ့ တန်းတူ.အခွင့်အရေးရရှိပြီး အဖိနှိပ်ခံတွေကိုတော့ ဆက်လက်ဖိနှိပ်ထားဖို့ပါပဲ။ ဂန်ဒီဟာ အင်ဒီယန် အလုပ်သမား လူတန်းစားကို 'ကျွန်ုပ်ရဲ့တုံးအ အသုံးမ ကျတဲ့ တောသားတွေ' လို့ပင် ခေါ်ဆိုခဲ့တယ်။ ဒီဇင်ဘာ ၁၈၉၅ မှာဆိုရင် ဂန်ဒီက 'အင်ဒီယ လူထုသည် မဲပြား၏ တန်ဖိုးကို မသိသော ငတုံးငအ များကို မဲစာရင်းတွင် မမြင်ချင်ပါ' ဟုပင် ရေးသားဖော်ပြခဲ့ပါတယ်။
ဂန်ဒီဟာ အင်ဒိယအလုပ်သမားများသာမကပဲ အာဖရီကန်တွေကိုပါ ခွဲခြားဆက်ဆံခဲ့သူဖြစ်တယ်။အင်ဒိယ တို့က အာယန် လူမျိုးမှ ဆင်းသက်လာတာဖြစ်ပြီး အာဖရီကန် တွေထက်မြင့်မြတ်တယ်လို့ သူက မှတ်ယူထားတယ်။ ဂန်ဒီက ဥရောပသားတွေ အင်ဒီယန် တွေအပေါ် ခွဲခြားဆက်ဆံတာဟာ အင်ဒီယန် နဲ့ အာဖရီကန် တွေကို တတန်းတည်း တစားတည်းအဖြစ်မှတ်ယူတာကြောင့်လို့ ယူဆတယ်။ ဒါကြောင့်ပဲ သူ့ရဲ့ လူမျိုးရေးခွဲခြားမှုအမြင်တွေကိုသုံးပြီး အာဖရီကန်တွေကို ခွဲခြားထားချင်ခဲ့တာပါပဲ။
အကြမ်းမဖက်လှုပ်ရှားမှုများ
ဂန်ဒီဟာတောင်အာဖရိကတွင်နေထိုင်နေစဉ် ' အကြမ်းမဖက်လှုပ်ရှားမှုများ ' ကို စတင်ခဲ့ခြင်းဖြစ်တယ်။ အရင်းရှင်အစိုးရ၏ အင်ဒီယန်များအပေါ်ဖိနှိပ်မှုတို့ကိုဆန့်ကျင်ရန်ဖြစ်တယ်။ အရင်းရှင်အစိုးရက အင်ဒီယန် ရွှေ့ပြောင်းနေထိုင်မှုတွေ လုံးဝရပ်တန့်သွားဖို့နဲ့ အသက် ၈ နှစ်အထက် အင်ဒိယ အမျိုးသားတွေရဲ့ လက်ဗွေတွေ ယူထားဖို့ အမိန့်ထုတ်တယ်။ ဒါကိုဆန့်ကျင်တဲ့အနေနဲ့ ဂန်ဒီက ' အကြမ်းမဖက် လှုပ်ရှားမှု' ကို ပထမဆုံးအနေနဲ့ စတင်ခဲ့တယ်။
အင်ဒီယန် အလုပ်သမား ၂၀၀၀ ခန့်ဟာ ထောင်သွင်းအကျဉ်းချခြင်းခံခဲ့ရတယ်။ ဒါပေမဲ့ ဂန်ဒီဟာ သူတို့အပေါ် သစ္စာမရှိခဲ့ဘူး။ အရင်းရှင်အစိုးရနဲ့ သဘောတူညီမှု ခပ်မြန်မြန်ပဲ ယူပစ်လိုက်တယ်။ အင်ဒိယ ဘူဇွာ တွေကို လက်ဗွေမယူခိုင်းဖို့ သဘောတူညီ ခဲ့ကြတယ်။ ထောင်ကျခံစတေးခဲ့ရတဲ့ အလုပ်သမားတွေအတွက် ဘာမှမရခဲ့ဘူး။
အရင်းရှင်အစိုးရရဲ့ဖိနှိပ်မှုတွေ ဆက်လက်တည်တံ့နေခဲ့တယ်။ ကုန်သွယ်ရေး၊ လိုင်စင်၊ ရွှေ့ပြောင်းလုပ်ကိုင်ခွင့် စတာတွေမှာ အင်ဒီယန်တွေအပေါ် ကန့်သတ်ချုပ်ခြယ်မှုတွေ များသထက်များလာခဲ့တယ်။ ဒါ့အပြင် ခရစ်ယာန် ဘာသာရေးနဲ့ မညီတဲ့ လက်ထပ်ပွဲတွေကိုပါပိတ်ပင်ခဲ့တယ်။ ဆင်းရဲသားအလုပ်သမားတွေမှာအိုးအိမ်နေစရာ တရားဝင် မရရှိခဲ့။
ဂန်ဒီဟာ အရင်းရှင်နယ်ချဲ့တို့အပေါ်သစ္စာစောင့်သိမှုကို ပြသရင်း ဥပဒေဘောင်အတွင်းမှ ဘူဇွာများအတွက် အခွင့်အရေး များကိုသာ တောင်းဆိုရင်းအချိန်ကုန်နေခဲ့လေတယ်။
၁၉၁၃ မှာတော့အင်ဒိယအလုပ်သမားတို့ ဆူပူထကြွလာခဲ့တယ်။ဆန္ဒပြသူများနှင့် ရဲများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် ' ဆော်လမွန် ကော်မရှင်' ပေါ်ပေါက်လာခဲ့တယ်။ ခရစ်ယာန်ဘာသာရေးပြင်ပလက်ထပ်မှုများကို ခွင့်ပြု ခြင်း၊ အိုးအိမ် နေထိုင်မှုအတွက် အခွင့်အရေးများ ရရှိခြင်း တို့ ဟာအလုပ်သမားတော်လှန်ရေး၏ ရလဒ်များဖြစ်လာခဲ့တယ်။ သို့သော် အခြားတင်းကျပ်သော ဥပဒေများပြင်ဆင်ပေးမှူတော့ မရှိခဲ့။ မိုင်းတွင်းအလုပ်သမားများက သူတို့၏ ခေါင်းဆောင်သည် ဂန်ဒီမဟုတ်ကြောင်း၊ ဂန်ဒီအတွက် လှုပ်ရှားခဲ့ခြင်းမဟုတ်ကြောင်း ကြေညာခဲ့တယ်။ စင်စစ် ဂန်ဒီရဲ့ အကြမ်းမဖက် လှုပ်ရှားမှု ဟာအလုပ်သမားတို့၏ အင်အားမပါလျှင် အချည်းအနှီး သာမဟုတ်ပေလော။
သို့သော် ဂန်ဒီဟာ အင်ဒိယ သို့ ' ဟီးရိုး' အဖြစ် ပြန်လာခဲ့တယ်။
ဂန်ဒီ နှင့် အကြမ်းမဖက်မှု
ဂန်ဒီအကြောင်းပြောဆိုကြရာမှာ လွဲနေတဲ့အချက်က သူဟာ ငြိမ်းချမ်းရေးလိုလားတယ်၊ အကြမ်းမဖက်ဘူးဆိုတဲ့ အချက်ပဲဖြစ်တယ်။ ဒီ ယုံကြည်မှုဟာ အင်ဒိယ နဲ့ အခြားနိုင်ငံတွေမှာ ပြန့်နှံ့ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းတော့ သူဟာ ကိုလိုနီနယ်ချဲ့တွေရဲ့ လူသတ်မှုတွေနဲ့ စစ်မက်တွေကို ထောက်ခံခဲ့သူတယောက်ပဲဖြစ်တယ်။
ဂန်ဒီ တောင်အာဖရိကမှာ ရောက်နေချိန်မှာပဲ ရက်စက်တဲ့ စစ်ပွဲကြီးနှစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဒီစစ်မက်တွေဟာ ဗြိတိန်နယ်ချဲ့တွေ ရဲ့ အကျိုးစီးပွားသက်သက် အတွက်ပဲ ဖြစ်ခဲ့တယ်။ ဒီ စစ် နှစ်ခုစလုံးကို ဂန်ဒီက လှိုက်လှိုက်လှဲလှဲ အားပေးကူညီခဲ့တယ်။ ဒါ့အပြင် ဒီစစ်ပွဲတွေကို အသုံးချပြီး တောင်အာဖရိက မှာ အင်ဒီယန် တွေရဲ့ အရေးပါပုံ (အရင်းရှင်အကျိုးစီးပွားအတွက်) ကို သက်သေပြဖို့ ကြိုးစားခဲ့တယ်။
ထရန့်စဘော မှာရှိတဲ့ ဘိုအာ ( ဒတ်ခ်ျ အာဖရီကန် လယ်သမား) တွေရဲ့မြေဟာ ရွှေကြော ကြီးကြီးမားမားတခု ရှိနေတယ်လို့ နာမည်ကြီးလာတယ်။ ဒါ့အပြင် ဒီတာဂိုဘေး ရထားလမ်းသစ် ပေါ်ပေါက်လာတဲ့အတွက် ဘိုအာတွေက ဗြိတိန်ဆိပ်ကမ်းကို မသုံး ကြတော့ဘူး။ ဂျာမန် နဲ့ အခြားဥရောပ နိုင်ငံတွေရဲ့ ကုန်ထုတ်လုပ်မှုကလည်း ၁၉ ရာစုအကုန်ပိုင်းမှာ အတော်လေး တိုးတက်လာနေတယ်။ ဒီ အခြေအနေတွေဟာ ဗြိတိန်အရင်းရှင်တွေ နဲ့ တောင်အာဖရိက မြေရှင်တွေရဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်လာပြီး ဘိုအာစစ်ပွဲ(ဒုတိယ) ကို စတင်စေခဲ့တယ်။
စစ်က ၁၈၉၉ ခုနစ် အောက်တိုဘာ ၁၁ မှာ စတင်ဖြစ်ပွားတယ်။ ဒီစစ်မှာ ဂန်ဒီဟာ ဗြိတိန်အင်ပါယာ ကို ကူညီဖို့လုပ်ခဲ့တယ်။ သူက 'အင်ဒီယန်တွေဟာ အချုပ်အခြာအာဏာ ကိုကာကွယ်ဖို့ အလွန်စိတ်အားထက်သန်ပါတယ်' လို့ ကိုလိုနီနယ်ချဲ့ခေါင်းဆောင် ချိန်ဘာလိန် ဆီ စာရေးခဲ့တဲ့အထိပဲ။ ဒါ့အပြင် စစ်ရန်ပုံငွေတွေ ကောက်ပေးခြင်းအားဖြင့်လည်း အင်ပါယာဖက်ကရပ်တည်ခဲ့တယ်။ ဂန်ဒီဟာ စစ်ပွဲရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လျစ်လျူရှု ပြီး အင်ပါယာအပေါ် သစ္စာ စောင့်သိခဲ့ပါတယ်။
ဘိုအာပြောက်ကျားစစ် (guerrilla warfare ) တွေ ပေါ်လာတော့ ဗြိတိန်အစိုးရက ထိန်းသိမ်းရေးစခန်းကြီးတွေ တည်ဆောက်ခဲ့တယ်။ ဒီစခန်းတွေထဲမှာ ဘိုအာ ၂၈၀၀၀ လောက်သေဆုံးခဲ့ရတယ်။ ကလေးသူငယ် ၂၂၀၀၀ အပါအဝင်ပေါ့။ ဒါ့အပြင် အာဖရီကန် ၂၀၀၀၀ ခန့် သေဆုံးခဲ့ပါသေးတယ်။ ဒီ အပြစ်မဲ့တဲ့ လူတွေသေဆုံးရတာကို ဂန်ဒီက လုံးဝ ဂရုမစိုက်ခဲ့ပါဘူး။ စစ်နိုင်လို့ ဝမ်းမြောက်ကြောင်းတောင် ဗြိတိန်ဘုရင်မကို ပြောခဲ့ပါသေးတယ်။ စစ်ပွဲမှာ အင်ဒီယန် တွေ ပါဝင်ကူညီခဲ့ကြောင်း အသိအမှတ်ပြုစာထုတ်ခိုင်းခဲ့တဲ့အထိပါပဲ။ ဒါပေမဲ့ အင်ပါယာက အင်ဒီယန်တွေကို ဘာမှမပေးခဲ့ပါဘူး။
ဒါပေမဲ့ ဂန်ဒီဟာ အင်ပါယာကို ဆက်လက် သစ္စာစောင့်နေခဲ့တယ်။ ၁၉၀၆ မှာ ဘန်ဘသာ တော်လှန်ရေး (ဒုတိယ ဇူးလူး စစ်ပွဲ) ကို ဗြိတိန်တွေက ရက်ရက်စက်စက် နှိမ်နှင်းခဲ့ကြတယ်။
ဘိုအာတွေ ဗြိတိန်တွေက ဇူးလူးတွေရဲ့ မြေယာတွေကို လုယူခဲ့တယ်။ သူတို့ကို မြေယာပိုင်ဆိုင်မှု နည်းပါးအောင်လုပ်ဆောင်တယ်။ ဇူးလူးတွေကို အရင်းရှင်လက်အောက်က အလုပ်သမားတွေ ဖြစ်လာစေဖို့ ဖိအားပေးတဲ့အနေနဲ့ အခွန်ကောက်တယ်။ ဒီဖိနှိပ်မှုတွေကြောင့် ဇန်ဒီ ကလန် ရဲ့ခေါင်းဆောင် ဘန်ဘသာ က ဗြိတိန်ရဲကင်းတခုကို ဝင်တိုက်ပြီး ဆော်လှန်ရေးစခဲ့တယ်။ ရဲကင်းစစ်သား သုံးယောက်သေဆုံးတယ်။ ဗြိတိန်တွေရဲ့ ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုဟာ ဇူးလူး လေးထောင်ကို သေဆုံးစေခဲ့ တယ်။ ခုနစ်ထောင်လောက်ကို အကျဉ်းချခဲ့တယ်။ အခြားထောင်ပေါင်းများစွာသောလူတွေဟာ အိုးမဲ့အိမ်မဲ့တွေဖြစ်လာပြီး မလွှဲသာမရှောင်သာပဲ အင်ပါယာမိုင်းတွင်းတွေ နဲ့ အခြားစက်မှုလုပ်ငန်းတွေမှာ အလုပ်သမားအဖြစ်ခိုင်းစေခံခဲ့ရတော့တယ်။ ဒါဟာ အရင်းရှင်တွေရဲ့ လိုအင်ကိုဖြည့်ဖို့ စစ်တိုက်တယ်ဆိုတာကို ပိုမိုပေါ်လွင်စေခဲ့ပါတယ်။
ဒီလိုရက်စက်ကြမ်းကြုတ်မှုတွေကို မြင်နေရတာကိုပဲ ဂန်ဒီက အင်ပါယာကို ဆက်လက်အားပေးကူညီတုန်းပါပဲ။ ဇူးလူးတွေသူပုန်ထတာကို သူက အပြစ်တင်ခဲ့ပါသေးတယ်။ ဂန်ဒီရဲ့ရည်ရွယ်ချက်ကတော့ သူတို့အင်ဒီယန် တွေဟာ လူဖြူ တွေနဲ့ တသားတည်း လူယဉ်ကျေးတွေပဲ ဖြစ်ကြောင်း သက်သေပြချင်တာပါပဲ။
၁၉၀၅ မှာဆိုရင် ဂန်ဒီထူထောင်တဲ့သတင်းစာတစောင်ဖြစ်တဲ့ 'အင်ဒီယန်း အမြင်' ဆိုတဲ့သတင်းစာမှာ
' ဇူးလူးတွေကို ဗြိတိန်တွေက သက်ညှာခဲ့ပါတယ်၊ မဖြစ်စလောက်အခွန်အခလေးဟာ သူတို့အတွက် အန္တရာယ်မဖြစ်စေပါဘူး၊ တစ်နှစ်မှာ ရက်နည်းနည်း အလုပ်ပိုလုပ်ရရုံပါပဲ' လို့ ရေးသားဖော်ပြခဲ့တယ်။ ဒါ့အပြင် ဗြိတိန်တွေကို အင်ဒီယန်တွေကအထောက်အပံ့ပေးတာနဲ့ပက်သက်လို့ ဂန်ဒီက 'နေတယ် မှာရှိတဲ့ အင်ဒီယန် တသိန်းလောက်ဟာ စစ်အတွင်းမှာ ထိထိရောက်ရောက်အလုပ်လုပ်နိုင်ကြောင်းသက်သေပြခဲ့ပြီးပါပြီ၊ ဒါပေမဲ့ အင်ဒီယန် တွေဟာ တောင်အာဖရိက ကိုလိုနီမှာ ဘာနိုင်ငံရေး အင်အားမှမရှိဘူးဖြစ်နေပါတယ်၊ အစိုးရအနေနဲ့ ဒီ လျစ်လျူရှု ခံထားရတဲ့ လူအုပ်စု(အင်ဒီယန်) တွေကို နိုင်ငံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ပြောင်းလဲပေးသင့်ပါတယ် ' လို့ ရေးသားခဲ့ပါတယ်။
ဂန်ဒီ၏ ကြောင်သူတော် ဆန်မှု
ပထမကမ္ဘာစစ် ဖြစ်နေတဲ့အချိန်မှာ ဂန်ဒီဟာ လယ်သမားတွေရဲ့ ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့တယ်။ ခီဒါပြည်နယ်ကအလုပ်သမား လယ်သမားတွေကို ၁၉၁၈ မှာ သူပြောခဲ့တာက-
'ငါတို့ ကြိုးစားနေတာဟာ မြေယာအခွန်အခတွေ ဆိုင်းငံ့ထားစေဖို့ သက်သက်အတွက်မဟုတ်ဘူး၊ ပိုပြီးအရေးကြီးတဲ့ကိစ္စရှိသေးတယ်။ ဒါကတော့ ဒီမိုကရေစီ အစိုးရပါပဲ၊ လူတွေဟာနိုးထလာကြပြီး သူတို့ရဲ့အခွင့်အရေးတွေကို နားလည်လာကြပြီ၊ ဒီလိုနားလည်လာရခြင်းဟာ ဆွာရ်ဂ်ျ ရဲ့ အဓိပ္ပါယ်ပဲ'။
၁၉၁၈ အလယ်ပိုင်းလောက်မှာ ခီဒါက ဆန္ဒပြမှူတွေပြီးဆုံးသွားခဲ့တယ်။ အောင်မြင်တယ်လို့လည်းသတ်မှတ်ခဲ့ကြတယ်။ ဆန္ဒပြပွဲတွေ ဖြစ်နေချိန်မှာ ဂန်ဒီကို အစိုးရက ဒေလီ လာဖို့ဖိတ်တယ်။ စစ်ပွဲကိုအကူအညီပေးခိုင်းတယ်။ ဂန်ဒီဟာ လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့ပြန်တယ်။ သူက လယ်သမားတွေဆန္ဒပြတာကိုဦးဆောင်တယ်၊ ဟင်းဆွာရဂ်ျ ကိုရေးတယ်၊ အကြမ်းမဖက်မှုကို တွင်တွင်ပြောဟောတယ်။ ပထမကမ္ဘာစစ် ကိုကျ ထောက်ခံအားပေးတယ်။
ခီဒါက ဆန္ဒပြနေတဲ့လယ်သမားဆွေဆီ ဂန်ဒီပြန်လာတယ်။ အင်ပါယာအတွက်စစ်တိုက် ပေးဖို့ ပြောခဲ့တယ်။ ဥရောပစစ်မြေပြင်မှာ သူကိုယ်တိုင်ဦးဆောင်ပြီးတိုက်မယ်လို့တောင် ကြွေးကြော်တဲ့အထိပါပဲ။ လယ်သမား တွေအလွန် စိတ်ရှုပ်ထွေးကုန်ကြတယ်။ သူတို့က ဂန်ဒီ့ကို အကြမ်းမဖက် ဝါဒနဲ့ စစ်တိုက်တာ ဆန့်ကျင်နေကြောင်းပြောတယ်။ ဂန်ဒီက သူလက်နက်မကိုင်ဘူးလို့ ပြန်ချေပခဲ့ပါတယ်။ ဂန်ဒီနဲ့ သူ့နောက်လိုက်တွေဟာ အင်ပါယာအတွက် စစ်သားတွေရဖို့ စစ်သင်တန်းပေးခဲ့ကြတယ်။ သူတို့ လေ့ကျင့်နေတုန်းမှာပဲ ပထမ ကမ္ဘာစစ်ကြီး ပြီးဆုံးခဲ့တယ်။
ဂန်ဒီရဲ့ အကြမ်းမဖက်တော်လှန်ရေး ဟာ လယ်သမားတွေ အလုပ်သမားတွေဆီက လက်နက်ကိုဖြုတ်ချဖို့သက်သက်ပါပဲ။ ၁၉၂၀ - ၂၂ မှာဖြစ်ခဲ့တဲ့ မပူးပေါင်းရေးလှုပ်ရှားမှု မှာဆိုရင် ဂန်ဒီ ရဲ့ သရုပ်မှန်ကို တွေ့နိုင်တယ်။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရဲစခန်း တခုကို မီးရှို့ခဲ့တယ်။ ရဲသား ၂၂ ယောက် သေဆုံးတယ်။ ဒီအချိန်မှာ ဂန်ဒီက လှုပ်ရှားမှုကို ရပ်တန့်ခိုင်းခဲ့တယ်။ အကြမ်းမဖက် ဝါဒကို အသုံးချပြီး လူထုကို လက်နက်ကင်းမဲ့စေခဲ့တာပါပဲ။ ဒီ ကြောင်သူတော်ဆန်မှုကြောင့် လွတ်လပ်ရေးတိုက်ပွဲ အရှိန်အဟုန် တန့်ခဲ့ရတယ်။
ဂန်ဒီဟာ ကိုလိုနီနယ်ချဲ့ ဆန့်ကျင်ရေးမှာ အကြမ်းမဖက်ဝါဒကို တွင်တွင်ပြောဟောတယ်။ ဒါပေမဲ့ ၁၉၄၂ အင်ဒိယ မှမောင်းထုတ်ရေးလှုပ်ရှားမှု မှာကျပြန်တော့ အကြမ်းဖက်ရေး လှုံ့ဆော်ပြန်တယ်။ သူအပါအဝင် ကွန်ဂရက်ပါတီခေါင်းဆောင်တွေ ဖမ်းဆီးခံထား ရတဲ့အချိန်မှာပါ။ သူက လူထုကို အကြမ်းဖက်ရမယ်ဆိုရင်တောင် ဒီလှုပ်ရှားမှုကို မရပ်တန့်ကြဖို့ တိုက်တွန်းခဲ့တယ်။
မဟတ္တမ ဟာ ငြိမ်းချမ်းရေး လိုလားသူ ဆိုတဲ့ အတွေးအခေါ်ဟာ ရယ်ဖွယ်အတိပါပဲ။ သူဟာ အင်ပါယာက ဆင်နွှဲခဲ့တဲ့ စစ်ပွဲကြီး သုံးပွဲကို အားပေးအားမြှောက်လုပ်ခဲ့တယ်။ အကြမ်းမဖက်မှုကို အကြောင်းပြပြီး အင်ဒိယလူထုဆီက လက်နက်ဖြုတ်သိမ်းခဲ့တယ်။ နောက်ဆုံး ၁၉၄၂ မှာကျပြန်တော့ အကြမ်းဖက်ကြဖို့ ပြောပြန်တယ်။
သူကိုယ်တိုင်၁၉၂၀ မှာ ပြောခဲ့တာက
'ကျနော့လောက် ဘယ် အင်ဒီယန်ကမှ ဗြိတိန်အစိုးရနဲ့ မပူးပေါင်းခဲ့ပါဘူး၊ ၂၉နှစ်တာကာလတလျှောက် မှာပေါ့၊ အခြား သူဆိုရင်အစိုးရကို ဆန့်ကျင်တဲ့ သူပုန် ဖြစ်သွားစေနိုင်လောက်တဲ့ အခြေအနေမျိုးမှာပေါ့'
ဟင်းဆွာရဂ်ျ ၊ ဂန်ဒီဝါဒ နှင့် စကြဂရာဟ
၁၉၀၉ မှာ ဂန်ဒီဟာ လန်ဒန်ကနေ တောင်အာဖရိကကို ခရီးသွားနေခဲ့တယ်။ အဲ့ဒီအချိန် သဘောင်္ပေါ်မှာ သူရေးသားခဲ့တဲ့ ဟင်းဆွာရဂ်ျ မှာ သူ့အမြင်တွေကိုဖော်ပြထားတယ်။ ဒီစာအုပ်မှာ ဂန်ဒီဟာ ဗြိတိသျှ တွေရဲ့ ခေတ်သစ် ယဉ်ကျေးမှု ကို ဆန့်ကျင်ခဲ့တယ်။ ဆရာဝန် ၊ ရှေ့နေတွေ၊ စက်ရုံတွေ၊ ရထားလမ်းတွေနဲ့ တည်ဆောက်ထားတဲ့ စက်မှုယဉ်ကျေးမှု ဟာ သူ့အမြင်အရ စေတန်ရဲ့ နိုင်ငံ ဖြစ်တယ်။ ရှေးဟောင်း ယဉ်ကျေးမှုကိုတော့ ဘုရားသခင်ရဲ့နိုင်ငံတော်လို့ခေါ်ဆိုခဲ့တယ်။
အင်ဒိယ ကိုယ်ပိုင်အုပ်ချုပ်ရေး ရလာဖို့ရာ အစိုးရအဖွဲ့မှာ အင်ဒီယန် တွေပဲပါဝင်ရမှာဖြစ်ပြီး လူ့အဖွဲ့အစည်း ကိုလည်း ပုံစံပြောင်း
(ခေတ်နောက်ပြန်ဆွဲ) ပစ်ရမယ်လို့ သူကယူဆထားတယ်။ သိပ္ပံပညာရပ်တွေ လေ့လာတာကို ရှုံ့ချထားပြီး ဘာသာရေးစာပေတွေပို့ချမှုကိုသာ အားပေးထားတယ်။
စကြဂရဟ (အကြမ်းမဖက် လှုပ်ရှားရေး) လမ်းစဉ် ကိုလိုက်ရမှာဖြစ်ပြီး လူထုကိုလက်နက်တပ်ဆင်ခြင်းဟာ ဥရောပ နည်းလမ်းဖြစ်တယ်လို့လည်း ဆိုပြန်တယ်။ ဒီလမ်းစဉ်ကို လိုက်ဖို့ရာ ဆင်းရဲမွဲတေမှု နဲ့ လိင်ကင်းရှင်းနေမှုတွေလိုအပ်ကြောင်း ရေးသားထား ခဲ့တယ်။ ဒါမှသာ အနစ်နာခံစတေးဖို့ရာ အကြောက်အလန့်မရှိတဲ့ ခန္ဓာကိုယ် ကိုရရှိလိမ့်မယ်။
သူ့စာအုပ်ထဲက အကြောင်းအရာ တွေဟာ တကယ်တမ်းကျ ရှေ့နောက်မညီဖြစ်နေလေတယ်။ ဘာကြောင့်ဆို ဂန်ဒီဟာ ဗြိတိန် ပညာရေး ကနေ အကျိုးအမြတ်ရရှိထားပြီးသား ရှေ့နေတယောက်ဖြစ်နေလို့ပါပဲ။ ဒါ့အပြင် သဘောင်္တွေ ရထားတွေ ဆိုတာဟာ လည်း သူပဲ တွင်တွင်သုံးစွဲနေတဲ့ ခေတ်သစ် ပစ္စည်းတွေဖြစ်နေတယ်။
ဂန်ဒီဟာ သူ့ရဲ့ အတွေးအခေါ်အယူအဆတွေကို အက်ရှ်ရမ်း လို့ခေါ်တဲ့ ဘာသာရေးစခန်းငယ်တွေထူထောင်ပြီး ဖြန့်ဝေသင်ကြားခဲ့တယ်။ သူ့ရဲ့ စခန်းငယ်တွေမှာ သားသတ်လွတ် အသီးအရွက်သက်သက်ပဲစားဖို့၊ ဆား ထောပတ် စတဲ့ အရာတွေ မသုံးစွဲရ၊ လိင်ဆက်ဆံမှုမရှိရ ၊ ယောက်ျားမိန်းမ အဆောင်ခွဲထားခြင်း၊ စတဲ့ စည်းကမ်းတွေထုတ်ထားတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အစားအသောက်တွေ ခိုးသွင်းစားသုံးတာတွေရှိနေခဲ့တယ်။ အရေးကြီးတဲ့အချက်ကတော့ ဒီစခန်းငယ်တွေဟာ ဥရောပလူချမ်းသာတွေနဲ့ အင်ဒိယ အရင်းရှင်တွေရဲ့ အထောက်အပံ့နဲ့ရပ်တည်နေတာပါပဲ။
ဂန်ဒီနှင့် အင်ဒိယ အမျိုးသားရေး လှုပ်ရှားမှု
ဂန်ဒီဟာ ၁၉၁၀ ဇန်နဝါရီမှာ အင်ဒိယကို ပြန်လည်ရောက်ရှိခဲ့တယ်။ တောင်အာဖရိက မှာ လုပ်ခဲ့တဲ့ လှုပ်ရှားမှုတွေနဲ့ အင်ဒိယ လူ့အဖွဲ့အစည်း အပေါ် သူရဲ့ ဦးဆောင်နိုင်ခဲ့မှုတွေက သူ့ကို အင်ဒိယအမျိုးသား ခေါင်းဆောင်အဖြစ် ရှုမြင်စေခဲ့ပါတယ်။ အင်ဒိယ ဟာ ပထမကမ္ဘာစစ် ပြီးတဲ့နောက်မှာ သယံဇာတတွေ ကုန်ခန်းလာတယ်။ အစိုးရရဲ့ ဖိနှိပ်မှုကလည်း ပိုဆိုးဝါးလာတယ်။ ဒီအခြေအနေတွေက ဂန်ဒီကို စင်ပေါ်တင်ပေးခဲ့တယ်။ သူရဲ့ ဆွာရ်ဂ်ျ ဟာ လူထုရဲ့ ထွက်ပေါက်ဖြစ်လာခဲ့တယ်။
ဗြိတိသျှ အင်ပါယာရဲ့'ဒိုမီနီယွန်' အနေအထားကို အင်ဒိယန် ဘူဇွာတွေကလိုလားကြတယ်။ ဒိုမီနီယွန်ဆိုတာက အင်ပါယာထဲ က လက်အောက်ခံနိုင်ငံတွေထဲမှာ စီးပွားရေး လူမှုရေးအရ အရေးပေးခြင်းခံရတာကိုဆိုလိုတယ်။ ဒီလိုအရေးပေးခံရမှသာ ဘူဇွာ အကျိုးစီးပွားတိုးတက်မှာ ဖြစ်လို့ပဲ။
ဒီအခြင်းအရာတွေဟာ ဂန်ဒီ့ကို နောက်လိုက် နောက်ပါတွေ တိုးပွားလာစေတယ်။ သူရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေဟာ အောက်ခြေလူတန်းစားကို ဆွဲဆောင်နိုင်ခဲ့တယ်။ အခြေခံလူတန်းစားရဲ့ မကျေနပ်ချက်တွေဟာ သူ့ရဲ့လှုပ်ရှားမှုတွေမှာ ဟစ်ကြွေးခွင့်ရခဲ့လို့ပါပဲ။ သူ့ရဲ့ ရိုးရှင်းတဲ့ အဖြူရောင် ဝတ်စုံဟာ လူထုကို ဆွဲဆောင်ခဲ့တယ်။ လူထုဘက်တော်သားအဖြစ် မြင်စေခဲ့ တယ်။
ဒီလိုနဲ့ ထောက်ခံသူများလာတဲ့ ဂန်ဒီဟာ လူထုကို အစိုးရအမိန့်အာဏာတွေဖီဆန်ရေးအတွက် လှုံ့ဆော်ခဲ့တယ်။ သန်းပေါင်းများ စွာသော လူထုရဲ့ ပန်းတိုင်ကတော့ ဂန်ဒီပြောထားတဲ့ ဆွာရဂ်ျ ( ကိုယ်ပိုင်အုပ်ချုပ်ရေး) ပါပဲ။
၁၉၁၇ အောက်တိုဘာတော်လှန်ရေး ပေါ်ပေါက်လာပြီးနောက်မှာ နယ်ချဲ့တွေက 'တော်လှန်ရေး' ကိုအလွန်ကြောက်ရွံလာတယ်။ ဒါကြောင့်ပဲ ၁၉၁၉ ရိုးလက်အက်ဥပဒေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဥပဒေအရ အင်ပါယာအစိုးရဟာ လူတယောက်ကို ရုံးတင်စစ်ဆေးခြင်းမရှိဘဲ နှစ်နှစ်အတိုင်းအတာအထိ ဖမ်းဆီးထိန်းသိမ်းခွင့်ရှိနေခဲ့တယ်။ ဂန်ဒီက ရိုးလက်ဥပဒေကိုဆန့်ကျင်တဲ့ 'ရိုးလက် စကြဂရာဟ' လှုပ်ရှားမှုကိုစတင်ခဲ့ပါတယ်။ ဆန္ဒပြပွဲတွေနဲ့အတူ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပေါ်လာခဲ့တယ်။ အလုပ်သမား လယ်သမားတွေက ကိုလိုနီအုပ်ချုပ်ရေး ရဲ့ အမှတ်သင်္ကေတ တွေဖြစ်တဲ့ ရထားလမ်းတွေ ကြေးနန်းတာဝါ တွေကို ဖျက်စီးခဲ့ကြတယ်။ ဒီအချိန်မှာပဲ ဂန်ဒီဟာ ဗြိတိသျှ တွေနဲ့ ပူးပေါင်းလိုက်ပြီး ဒီလှုပ်ရှားမှုတွေကို ရပ်တန့်စေခဲ့ပါတယ်။ ဆန္ဒပြခဲ့သူလူထုဟာ ဖမ်းဆီးခံရ ဒဏ်ရိုက်ခံရနဲ့ ဒုက္ခခံခဲ့ရတယ်။ ဂန်ဒီကတော့ ဒီအပြစ်ပေးမှုတွေနဲ့ပက်သက်ပြီးေုံရငုံနှုတ်ပိတ်နေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ အမျိုးသားရေးလှုပ်ရှားမှုဟာ ပြန်လည်အေးခဲသွားခဲ့တယ်။ ဂန်ဒီက 'အင်ဒိယ အမျိုးသား ကွန်ဂရက်' ကို ထူထောင်ပြီး ပြည်သူကို ချွေးသိပ်ခဲ့လို့ပါပဲ။ ဒီပါတီဟာ တောင်အာရှရဲ့ အဓိက ဘူဇွာအမျိုးသားရေးပါတီပဲ ဖြစ်တယ်။
၁၉၂၀ စက်တင်ဘာမှာ ဂန်ဒီက မပူးပေါင်းရေးလှုပ်ရှားမှု လုပ်ဖို့ပြောလာတယ်။ ဒီအချိန်မှာ ဂန်ဒီဟာ ကွန်ဂရက်ရဲ့ ဥက္ကဌ ဖြစ်လာပါပြီ။ ဒီလှုပ်ရှားမှုမှာ အစိုးရကျောင်းတွေ၊ ရုံးတွေ ကိုသပိတ်မှောက်ခဲ့ကြတယ်။ နိုင်ငံခြားဖြစ်အဝတ်အထည်တွေမသုံးစွဲရေးကိုလည်း လုပ်ဆောင်ခဲ့ကြတယ်။ ဂန်ဒီက သူ့ရဲ့ ဘာသာရေး သန့်စင်မှု အယူအဆအရ အရက်ဆိုင်တွေကိုပါ သပိတ်မှောက်ဖို့ပြောခဲ့ပါတယ်။ လူထုဟာ ဒီညွန်ကြားချက်တွေကို တိတိကျကျ လိုက်နာနိုင်စွမ်းမရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း အခြေခံလူတန်းစားတွေဟာ ဖမ်းဆီးနှိပ်ကွပ်ခံခဲ့ရတာပါပဲ။ တကယ်တမ်းတော့ ဂန်ဒီရဲ့ အစီအစဉ်တွေ လွဲမှားနေလို့ ခုလို အကျိုးတစုံတရာမရဘဲ နှိပ်ကွပ်ခံရတာသာအဖတ်တင်ခဲ့ခြင်းဖြစ်တယ်။
၁၉၂၂ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အလုပ်သမား လယ်သမားထုက ရဲကင်းတခုကို ဝင်စီးခဲ့ကြတယ်။ ဂန်ဒီဟာ အကြမ်းမဖက် ဝါဒကို ပွဲထုတ်လာပြီး ဒီလုပ်ရပ်ကိုရှုတ်ချခဲ့ကာ လှုပ်ရှားမှုကို ရပ်တန့်  စေခဲ့ပါတယ်။ လွတ်လပ်ရေးဟာ ဆယ်စုနှစ်များစွာ နောက်ကျခဲ့ရတယ်။
ဂန်ဒီဟာ နှစ်နှစ်ကြာဖမ်းဆီးခံခဲ့ရပြီး အမျိုးသားရေးလှုပ်ရှားမှုကနေ ခဏတာ ကင်းလွတ်နေခဲ့ပါတယ်။ ၁၉၂၇ မှာ ဂန်ဒီဟာ နိုင်ငံရေးလောကကို ပြန်လည်ခြေ ချခဲ့ပြီး ပါနာဆွာရဂ်ျ ( လွတ်လပ်ရေး အပြည့်အဝ ရယူမှု) ကိုကန့်ကွက်ခဲ့တယ်။ လွတ်လပ်ရေးတောင်း ဆိုမှုကို ၁၉၂၉ ဇန်န၀ါရီ အထိဆိုင်းငံထားခဲ့တယ်။ အစိုးရက ဒိုမီနီယွန်အနေအထားကို ပေးလိမ့်မယ်ဆိုတဲ့ မျှေ၊ာ်လင့်ချက်နဲ့ပါပဲ။ ဒိုမီနီယွန်မရမှသာ လွတ်လပ်ရေးကို ဆက်လက်တောင်းဆိုကြဖို့ စီစဉ်ခဲ့ကြပါတယ်။
အစိုးရက ဒိုမီနီယွန်အနေအထားကို မပေးအပ်တဲ့အတွက် လွတ်လပ်ရေးလှုပ်ရှားမှုတွေ ပြန်လည်စတင်ခဲ့တယ်။ ဒီလှုပ်ရှားမှုတွေဟာ ဘာသာရေးကင်းလွတ်မှု၊ အပြောင်းအလဲကိုအမှန်တကယ်လိုလားမှုတွေနဲ့ မပြည့်စုံခဲ့ဘူး။ ဒီလိုခေါင်းဆောင်ကောင်းတွေမရှိခဲ့ဘူး။ ဒါကြောင့်ပဲ လွတ်လပ်ရေးလှုပ်ရှားမှုတွေ ဟာ ဖရိုဖရဲဖြစ်လာတယ်။ ဘာသာရေးနဲ့ လူမျိုးရေး အစွန်းရောက်တွေရဲ့ မီးမွှေးမှုတွေကြောင့် ဂိုဏ်းဂဏ ကွဲပြားမှုတွေဖြစ်ပေါ်လာတယ်။ ဒီအခြင်းအရာတွေဟာ ပါကစ္စတန်နဲ့ အင်ဒိယကို ကွဲထွက်သွားစေမယ့် ရှေ့ပြေးနိမိတ်တွေပါပဲ။ ဒီ မီးတွေကို ဂန်ဒီကိုယ်တိုင်လည်း ပါဝင် လေပင့်ခဲ့တယ်။ ဇာတ်မြင့် ဟိန္ဒူ တွေရဲ့ ကိုးကွယ်ယုံကြည်မှုတွေကို ပစားပေးတာမျိုးတွေလုပ်တယ်။ လူတွေကို ဘာသာရေးအရ ခွဲခြားဆက်ဆံခဲ့တယ်။ ဒါကြောင့်ပဲ ကွန်ဂရက်ပါတီဟာ ဇာတ်မြင့် ဟိန္ဒူ တွေ ကြီးစိုးတဲ့ ပါတီဖြစ်ကြောင်းလူတွေသတိထားမိလာပါတယ်။
၁၉၃၅ မှာတော့ အင်ဒိယဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကိုရရှိခဲ့ပါတယ်။ အင်ပါယာအစိုးရရဲ့ချုပ်ကိုင်မှုကတော့ရှိနေတုန်းပါပဲ။ ဒီရလဒ်ဟာ ဂန်ဒီရဲ့ ခေါင်းဆောင်မှုကြောင့်မဟုတ်ဘဲ ဆင်းရဲသားလူထုရဲ့ အဆက်မပြတ် တောင်းဆိုမှု သူပုန်ထမှု ကြောင့်သာဖြစ်တယ်။
အိန္ဒိယမှ ထွက်ခွာရေး (quit india ) လှုပ်ရှားမှုမှာတော့ ဂန်ဒီက လူထုကို ပြတ်ပြတ်သားသား လုပ်ဆောင်ကြဖို့တိုက်တွန်းခဲ့တယ်။ လူထုကို အကြမ်းဖက်ကြဖို့ ဆူပူကြဖို့လှုံ့ဆော်လိုက်တာဖြစ်ပြီး လက်နက်မဲ့လူထုဟာ ဗြိတိသျှ အစိုးရ ရဲ့ ရက်စက်စွာနင်းချေ ခြင်းကိုခံခဲ့ရပါတယ်။ ဂန်ဒီဟာ လက်နက်ကိုင်တော်လှန်ရေးကို ဦးဆောင်ရမယ့်အစား လူထုကို အသေခံခိုင်းခဲ့တာပါ။ ဂန်ဒီက အင်ဒိယဘူဇွာတွေရဲ့လက်ထဲ နိုင်ငံရေးအာဏာ ထည့်ပေးချင်ခဲ့တာပါ။ ဒါပေမဲ့ အလုပ်သမား လယ်သမားတွေအပေါ် ထားတဲ့ သူ့ရဲ့ကြောက်စိတ်က သူ့ကို ကိုလိုနီအစိုးရနဲ့ ပူးပေါင်းသွားစေခဲ့တယ်။ တနည်းအားဖြင့်ပြောရရင် ဂန်ဒီက လူထုကို စတေးခိုင်းပြီး ဘူဇွာတွေလက်ထဲအာဏာထည့်ပေးချင်တယ်၊ လူထုအုံကြွလာရင်တော့ လူထုလက်ထဲအာဏာရသွားမှာ စိုးတဲ့အတွက် ကိုလိုနီအစိုးရနဲ့ ပြန်ပူးပေါင်းပြန်တယ်။ ဒီ လုပ်ရပ်တွေဟာ လွတ်လပ်ရေးကို နှစ်ပေါင်းများစွာ နှောင့်နှေးစေခဲ့ပါတယ်။
ထရော့စကီးက အင်ဒိယအလုပ်သမားတွေကို ပြောခဲ့တာကတော့
'အင်ဒိယန် ဘူဇွာတွေဟာ တော်လှန်ရေးကို ဆင်နွှဲမယ့်သူတွေမဟုတ်၊ သူတို့ဟာ ဗြိတိန်အရင်းရှင်စနစ်အပေါ် မှီခိုနေကြသူတွေဖြစ်တယ်၊ သူတို့ရဲ့ ကြွယ်ဝမှုအတွက်သူတို့တိုက်ခိုက်နေကြတာပဲဖြစ်တယ်။ ဘူဇွာတွေက ဗြိတိန်အစိုးရနဲ့ အဆင်ပြေအောင် ညှိနှိုင်းမှာပါပဲ၊ ဘာတွေပဲ ပေးရပေးရပေါ့။ အပေါ်ပိုင်းကနေ ပြု ပြင်ပေးလာမှာပဲဆိုတဲ့ ယုံကြည်ချက်ကို လူတွေထဲ ရိုက်သွင်းပေးလိမ့်မယ်။ ဒီဘူဇွာတွေရဲ့ ခေါင်းဆောင်ဟာဂန်ဒီပဲဖြစ်တယ်။ ဂန်ဒီဟာ အလုပ်သမားထုရဲ့ ခေါင်းဆောင်အတုအယောင်ပဲ' (ဆက်လက်ဖော်ပြပါမည်)
လင်းကို
(Adapted from 'gandhi: the myths behind the mahatama' by Ravi Mistry)
ကွန်မြူနစ်စာစောင် အတွဲ၁ အမှတ်၁ ပါဆောင်းပါးဖြစ်ပါတယ်။ စာစောင်အပြည့်အစုံကို အောက်ပါလင့်ခ်ကနေ ဆွဲယူဖတ်နိုင်ပါတယ်။ https://my.pcloud.com/publink/show…